NUG က တိုင်းရင်းသား EAO တွေရဲ့ ဆန္ဒကို မလိုက်လျောလို့ တော်လှန်ရေး ကြာနေတာ။

မင်းသေ။ ။ NUG က တိုင်းရင်းသား EAO တွေရဲ့ ဆန္ဒကို မလိုက်လျောလို့ တော်လှန်ရေး ကြာနေတာ။
မေး။ ။ EAO တွေရဲ့ ဆန္ဒဆိုတာ ဘာလဲ ?
မင်းသေ။ ။ တိုင်းရင်းသားပြည်သူတရပ်လုံးက ဖက်ဒရယ် ဒီမိုကရေစီ လိုချင်တာ မသိဘူးလား နီပိတ်ရဲ့
မေး။ ။ ငါ မေးနေတာ EAO တွေရဲ့ ဆန္ဒ။ မင်းဖြေနေတာ တိုင်းရင်းသားပြည်သူ တခြားစီ
မင်းသေ။ ။ EAO တွေက သူတို့ လူမျိုးကို ကိုယ်စားပြုတယ်။ အတူတူပဲ
မေး။ ။ အဲဒါဆို စောမြရာဇာလင်းရဲ့ ALP က ရခိုင်လူမျိုးကို ကိုယ်စားပြုသလား
မင်းသေ။ ။ အဲ ... ပြုတယ်။ အဲ .. မပြုဘူး ။ ရခိုင်တွေက AA ကို ထောက်ခံနေတာ။ AA က ကိုယ်စားပြုတယ်။
မေး။ ။ အဲဒါဆို ရွေးကောက်ပွဲတွေမှာ မဲပေး တင်မြှောက်တဲ့ AFP , ANP က ရခိုင်ကို ကိုယ်စားမပြုဘူးလား
မင်းသေ။ ။ မပြု ... အဲ .. ပြုတယ်။ ဘယ်လို ပြောရမလဲ .. အဲ

မေး။ ။ ALP နဲ့ ANP က ဖက်ဒရယ်ကို လိုလားတယ်။ AA က ကွန်ဖက်ဒရေးရှင်းတဲ့။ မင်းရေးနေတာတွေက ..ခွဲထွက်ရေးတဲ့။ ရခိုင်နိုင်ငံတော်တဲ့.. ဘယ်ဟာက ရခိုင်ပြည်သူတွေ လိုချင်တာလဲ
မင်းသေ။ ။ AA ပြောတာ အမှန် ပဲ။ ကျန်တဲ့လူတွေက လိမ် ... လိမ် .. အဲ .. နိုင်ငံရေးနည်းလမ်း နဲ့ .. ညာ .. ညာ .. အဲ .. အဝှာ

မေး ။ ။ အဲဒီတော့ NUG က တိုင်းရင်းသားတွေရဲ့ ဆန္ဒကို လိုက်လျောရမယ် ဆိုတော့ ရခိုင်က ဘာလိုချင်တာလဲ တိတိကျကျ ရှိသလား။
မင်းသေ။ ။ ကွန်ဖက်ဒရေးရှင်း ...
မေး ။ ။ ကွန်ဖက်ဒရေးရှင်ဆိုရင် မင်းရေးနေတာ ရခိုင်နိုင်ငံတော် ဖြစ်တော့မယ် ဘာညာ မြှောက်ပင့်နေတာ ဘာကြောင့်လဲ
မင်းသေ။ ။ အဲ .. ဒါက ဟို .. AA က ရက္ခိတလမ်းစဉ်လို့ ဆိုလို့
မေး။ ။ AA က ရက္ခိတလမ်းစဉ်ထဲမှာ ရခိုင်နိုင်ငံတော် တည်ထောင်မယ်လို့ ကြေညာထားသလား
မင်းသေ။ ။ အဲ .. မကြေညာဘူး။ ဒီလိုပဲ ဟိုက ကြား ဒီက ကြားတာ
မေး ။ ။ ဘယ်သူက ပြောသလဲ။ ဗခထွန်းမြတ်နိုင်က ရခိုင်နိုင်ငံတော် တည်ထောင်မယ်လို့ ပြောသလား
မင်းသေ။ ။ ဘယ်သူမှ မပြောလဲ သူတို့ ကံကြမ္မာ သူတို့ ဘာသာ ဖန်တီးခွင့်ရှိတယ်။
မေး။ ။ မိမိကြမ္မာ မိမိဖန်တီးခွင့် ဆိုတာ ဘယ်သူရဲ့ ကြမ္မာလဲ။ မင်း မြှောက်ပေးနေတဲ့ ဘဝလား သူတို့ဘာသာ ဆုံးဖြတ်တဲ့ ဘဝလား။
မင်းသေ။ ။ ရခိုင်တွေလေ ...
မေး။ ။ ရခိုင်တွေ က ၂၀၁၄ မှာ ကျောက်ဖြူမှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပတာ မင်း သိသလား
မင်းသေ။ ။ သိတယ်။ ငါ့ဆရာ ကျော်ဝင်းလည်း တက်တယ်။
မေး။ ။ အဲဒီ ရခိုင်အမျိုးသားညီလာခံ ကို AA က ဗမခ ညိုထွန်းအောင်၊ ဗမက ကျော်ဟန်၊ ALP က စောမြရာဇာလင်း ၊ ANP က အေးမောင် စတဲ့ ရခိုင် အဖွဲ့အစည်း အစုံအလင် တက်တာ သိသလား

မင်းသေ။ ။ သိတယ် ။ တိုတိုနဲ့ လိုရင်းပြောစမ်းပါ
မေး။ ။ ရခိုင်အမျိုးသားညီလာခံ က " ဖက်ဒရယ် ဒီမိုကရေစီ " စနစ်ကို ဦးတည်တယ်လို့ ကန့်ကွက်သူမရှိ အားလုံး ကြေညာတယ်။
မင်းသေ။ ။ အဲ ဒါ ဘာဖြစ် .. အဲ အဲ
မေး။ ။ အဲဒီတော့ ကွန်ဖက်ဒရေးရှင်းတွေ ခွဲထွက်ရေး တွေ နိုင်ငံသစ်တွေကို NUG က လိုက်လျောရမှာလား။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ခိုင်မာစွာ ရပ်တည်ရမှာလား ။

မင်းသေ။ ။ .........


မေး။ ။ ဒါ ရခိုင် တခုပဲ ပြောတာ။ ကျန်တဲ့ တိုင်းရင်းသားတွေ အကြောင်း မပါသေးဘူး။
----- <> ----

မင်းသေ။ ။ ဗခ ထွန်းမြတ်နိုင်က ဝ လို ကွန်ဖက်ဒရေးရှင်းလိုချင်တယ်လို့ ပြောတာ အခြားတရသတွေလည်း စံနမူနာ ယူသင့်တယ်
မေး။ ။ မင်းက တော်လှန်ရေးမှာ NUG ကို မြေကြီးထဲ နစ်ဝင်အောင် ဖိထားပြီး အခြား EAO တွေကို မိုးပေါ် လွင့်ပျံနေအောင် မြှောက်ပေးပြီး မိုးနဲ့မြေ ကွာဝေးအောင် ဆိုက်ဝါးသွင်းနေတာပဲ
မင်းသေ။ ။ ငါက ပါတီစွဲ မရှိဘူ။ အမှန်အတိုင်းပြောတာ နီပိတ်တွေတော့ အနာရှိရင် စပ်ကြလိမ့်မယ်
မေး ။ ။ မင်းက စကော်လာ ခေါ် ပညာတတ်လား
မင်းသေ။ ။ ဟုတ်တယ်။ စာအရေးအသားကို ကြည့်လေ ဟဲဟဲ
မေး။ ။ ဒေါက်တာမောင်မောင်ဆိုရင် ပညာတတ်ပဲ။ နေဝင်းတပည့်လေ။ စာတတ်တိုင်း အမှန်ရေးတာ မဟုတ်ဘူး။ ပညာလို့ မြန်မာစကားအရ အလွယ်ပြောတာ။ တကယ်တော့ မင်းတို့ရှိတာ ဗဟုသုတ ပဲ။ ပညာမဟုတ်ဘူး။ ပညာဆိုတာ အမှားအမှန်ကို ခွဲခြားတတ်ရတယ်။ ပညာတတ် အစစ်ဟာ အမှန် ပြောရဲရတယ်။
မင်းသေ။ ။ ဝ က ကွန်ဖက်ဒရေးရှင်း မဟုတ်လို့လား
မေး။ ။ ဝကို ကွန်ဖက်ဒရေးရှင်း ပါလို့ ဘယ်အချက်ကို ပြောတာလဲ
မင်းသေ။ ။ ၂၀၀၈ ခြေဥထဲမှာ ဝ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးထားတယ်။
မေး။ ။ အဲ့တော့ ၂၀၀၈ ခြေဥထဲ မှာ ကွန်ဖက်ဒရေးရှင်း ပါနေသလား။
မင်းသေ။ ။ ဟုတ်တယ်
မေး။ ။ ၂၀၀၈ ခြေဥထဲမှာ ဝ၊ ကိုးကန့်၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင် ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရတယ်လို့ ပြဒါန်းတယ်။ သူတို့ရော ကွန်ဖက်ဒရေးရှင်း ရနေသလား
မင်းသေ။ ။ ရတယ် ... အဲ .. မရဘူး ..
မေး။ ။ ဟုတ်တယ် မရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး နာမည်ခံပေမယ့် တကယ်မရဘူး။ မရလို့ ကိုးကန့်၊ ပအိုဝ်း၊ ပလောင် တွေက MNDAA ၊ PNLA၊ PFC ၊ TNLA စတဲ့ လနက အဖွဲ့တွေ ထူထောင်ပြီး တော်လှန်နေတာ မဟုတ်လား။
မင်းသေ။ ။ ၂၀၀၈ ခြေဥထဲမှာ မပါပေမယ့် မအလတပ်က အထူးဒေသ (၂ ) ပေးထားတယ်။
မေး။ ။ အထူးဒေသ ဟာ နိုင်ငံရေးအရ ဘာအဆင့်အတန်းမှ မရှိဘူး။ အပစ်ရပ်ထားတာပဲရှိတယ်။ ဒါကြောင့် ဦးပေါက်ယူချမ်းရဲ့ UWSP ပါတီဟာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အစိုးရ မဖြစ်ပဲ EAO ဘဝနဲ့ပဲ ရှိနေတာ ဖြစ်တယ်။ နိုင်ငံတော်ပြန်တမ်းမှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အစိုးရ ဥက္ကဌဟာ UWSP ပါတီက မဟုတ်ပဲ၊ ကြံဖွတ် ပါတီက ဖြစ်နေတယ်။

မင်းသေ။ ။ ၂၀၀၈ ခြေဥအောက်မှာ ဝ မရှိဘူးကွ နားလည်လား
မေး။ ။ အဲဒါဆိုရင် ဝ ဟာ ဘယ်ဥပဒေနဲ့ ကွန်ဖက်ဒရေးရှင်း ရနေပြီလို့ မင်းက ပြောနေတာလဲ
မင်းသေ။ ။ ဗမာတွေရေးတဲ့ ဥပဒေ မလိုဘူး။ ဝပြည်နယ် အခြေခံဥပဒေကို UWSP က ရေးပြီး ဝပြည်နယ်အစိုးရဆိုတာ ရှိတယ်။
​မေး။ ။ ဗမာရေးတဲ့ ဥပဒေ မလိုဘူးဆိုရင် ဘာကြောင့် UWSA က မအလဆီလာပြီး "ဝပြည်နယ် ပေးပါ။ ၂၀၀၈ ခြေဥ ပြင်ပေးပါ" လို့ နပတ အထိ တက်ပြီး တောင်းဆိုနေတာလဲ။ တကယ်တော့ ပြည်ထောင်စု အဆင့် ဥပဒေမှာ ဝ ဟာ ပြည်နယ်တောင်မရသေးဘူး။ မင်းတို့ လော်ဘီတွေဟာ မဟုတ်မမှန် မြှောက်ပင့်နေကြတယ်

မင်းသေ။ ။ ဘာပဲ ပြောပြော ဝ ဟာ တထီးတနန်း လွတ်လပ်နေပြီကွ။ ဖက်ဒရယ်တွေ ဘာတွေ မလိုတော့ဘူး။ ရခိုင်တွေ တအောန်းတွေ ဒါမျိုး အတုယူရမယ်
မေး။ ။ မင်းဟာ စကော်လာ ဖြစ်ပြီး မဟုတ်တာ သိပ်ပြောတာပဲ။ ဝ UWSA ၊ တအာန်း TNLa၊ ကိုးကန့် MNDAA ၊ ရခိုင် AA ကို ဗမာမုန်းစွဲကို ဆွပေးပြီး အိမ်မက်အချိုတွေ ကြွေးပြီး ဗမာနဲ့ ဝေးအောင် မြှောက်ပေးနေတာ သိသာတယ်
မင်းသေ။ ။ သူတို့လည်း ဝ နဲ့ အတူတူပဲ။ ဖက်ဒရယ် မလိုချင်ပါဘူး
မေး။ ။ FPNCC ဆိုတာ မင်းကြားဖူးသလား


မင်းသေ။ ။ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ, ကွာ။ မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့ပါတယ်။ ပန်ခန်းမှာ အမြဲတမ်း အစည်းအဝေးလုပ်တယ်။ ကြေညာချက်တွေ ထုတ်တယ်။ ကချင် KIO၊ ဝ UWSP၊ တအာန်း TNLA၊ ရခိုင် AA ၊ ကိုးကန့် MNDAA ၊ မိုင်းလား NDAA ၊ ရှမ်း SSPP ပါတယ်။ အဲဒါ ဖြစ်သလဲ
မေး။ ။ FPNCC ရဲ့ အရှည်ကို သိသလား
မင်းသေ။ ။ မသိဘူး
မေး။ ။ FNPCC ဆိုတာ Federal Political Negotiation and Consultative Committee လို့ ခေါ်တယ်။ အဲ .....
မင်းသေ။ ။ ဟား ဟား ဟား ငါ သဘောပေါက်ပြီ။ F - Federal ဖက်ဒရယ် တလုံးနဲ့ ဆိတ်ခေါင်းချိတ် ဘာညာ ပြောဦးမလို့လား။ ဒါက နာမည်ပဲ ။ နိုင်ငံရေး ရည်ရွယ်ချက်မှ မဟုတ်တာ။ သူတို့ လိုချင်တာ ကွန်ဖက်ဒရေးရှင်း။
​မေး။ ။ စောစောက ပြောတော့ ဝ က ကွန်ဖက်ဒရေးရှင်း ဖြစ်နေပြီ ဆို ? စကားတွေ ဗလောင်းဗလဲ ပါလား
မင်းသေ။ ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲ မှာတော့ ဝကတော့ လွတ်လပ်ရေး ရနေတာ မျက်မြင်ပဲ။
မေး။ ။ အဲ့တော့ UWSA က အမေရိကန်မှာ သံရုံးရှိသလား။ အမေရိကန်က ဝေးပါတယ် တရုပ်မှာ ဝ သံရုံးရှိသလား
မင်းသေ။ ။ မရှိဘူး ၊ စကားကို ကပ်မပြောနဲ့
မေး ။ ။ လွတ်လပ်ပြီဆို ၊ ထပ်မေးဦးမယ်။ UWSA က အာဆီယံ နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ရှိသလား
မင်းသေ။ ။ မှောင်ခိုလမ်းက .. အဲ .. အဲ
မေး။ ။ လွတ်လပ်ပြီဆို ၊ ထပ်မေးဦးမယ်။ UWSA က တရုပ်ဆီက တရားဝင် လက်နက်ဝယ်လို့ရသလား
မင်းသေ။ ။ အဲ ..
မေး။ ။ အဲဒါကြောင့် စကားလုံးတွေနဲ့ ကြီးကြီးကျယ်ကျယ်တွေ အောက်ခြေလွတ်အောင် မလုပ်ဖို့ပြောနေတာ။ မြေကြီးပေါ်မှာပဲ ဗမာလူမျိုးတွေနဲ့ အတူတူ ခြေလျင်လျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ လမ်း လျှောက်ဖို့ လိုတယ်
မင်းသေ။ ။ ဖက်ဒရယ် မှာ ဗမာလူမျိုးကြီးဝါဒ ရှိနေတယ်။ သူ တို့က ကွန်ဖက်ဒရေးရှင်းကို လိုချင်တာ
မေး။ ။ အဲဒါဆို FNPCC - လို့ မရေးပဲ။ CNPCC - Confederal Political Negotiation and Consultative Committee လို့ ရေးမှာပေါ့
မင်းသေ။ ။ ဒါက နာမည်ပေးထားတာပါ။ မောင်ပြုံးလို့ နာမည်ပေးထားပေမယ့် အမြဲတမ်း ဒေါသထွက်နေသူတွေလည်း ရှိတာပဲ .. ဟဲဟဲ
မေး။ ။ အဲဒါဆို FNPCC ကြေညာချက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ကို နိုင်ငံရေး ဦးတည်ချက်ထားပါတယ် လို့ ဘာကြောင့် ရေးသလဲ
မင်းသေ။ ။ .....
မေး။ ။ ဒါကြောင့်ပြောတာ ဗမာတွေ ညာတယ် ညာတယ် ပြောနေကြတယ်။ မိမိတို့ဟာ ရိုးသားကြရဲ့လား ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ကို တကယ်သွားချင်ရင် အခွင့်အရေးနဲ့ တာဝန်ယူမှု ဟာ တွဲပါလာတယ်။ မင်းလည်း သိသိနဲ့ လိမ်ညာမနေနဲ့။ EAO တွေ အယူအဆ မှားနေရင် ၊ ဖက်ဒရယ် ဒီမိုကရေစီက အံချော်နေရင် ဝေဖန် ထောက်ပြ တည့်မတ်ပေးကြဖို့ လိုတယ်။



-------
Reference

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၏ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများခန့်အပ်ရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် လေးဦးပါဝင်ပြီး တအာင်း (ပလောင်) အမျိုးသားပါတီမှ တစ်ဦးပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်သက်တမ်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ ဦးခွန်ရဲထွေးအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ပင်းတယ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်) ဦးအာကာလင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ကုမ်းကြမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးမြင့်ဆွေ (ခ) လီကျိန်းဖူ၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (ဟိုပန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးညီနပ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် တအာင်း (ပလောင်) အမျိုးသားပါတီမှ (မန်တုံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်-၁ ) တားသိန်းဇော်တို့ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က “ခေါ်တုန်းကလည်း ကျွန်တော်တို့ပါတီနဲ့ ညှိနှိူင်းဆောင်ရွက်တာမရှိဘူး။ ကျွန်တော်တို့ ပါတီသဘောထားမပါဘူး။ ဒါကြောင့် သူ့ကို ပါတီကနေ နှုတ်ထွက်ခွင့်ပေးလိုက်တယ်။ အာဏာသိမ်းတဲ့ကိစ္စကို ကျွန်တော်တို့က အများပြည်သူဆန္ဒအတိုင်း လက်မခံပါဘူး။ သဘောလည်းမတူပါဘူး” ဟု ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၆ ဦးကို ခန့်အပ်တာဝန်ကြောင်း စစ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။ ဦးထွန်းထွန်းဝင်း (နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးအာကာလင်း (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးခွန်ရဲထွေး (ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ တားသိန်းဇော် (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးမြင့်ဆွေ (ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ဦးညီနပ် (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) တို့ကို ခန့်အပ်လိုက်တာပါ။














Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား