ဒီပုံ ဒီနည်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာ ဝေးပါသေးတယ်

 မြန်မာ စစ်တပ် ရော အခြားတရသ ခေါင်းဆောင်တွေရောဟာ  

ပဒေသရာဇ် ခေတ်နောက်ဆွဲ အမျိုးသားရေး၊ ဘာသာရေး သသနာရေး (မဘသ ဝါဒ ) တွေနဲ့ မိမိလူမျိုး အပေါ်  ... သွေးထိုး စည်းရုံးတယ်။

သာမန် စည်းရုံးရေး မဟုတ်ပဲ အသက်စွန့် တိုက်ခိုက်ရမယ့် လက်နက်ကိုင် တော်လှန်ရေးမှာ ပြင်းထန်တဲ့ အကြောင်းပြချက် လိုအပ်တယ်

ဒါကြောင့် မြန်မာကို ရန်သူလို သဘောထားဖို့ " ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး" ဆိုတဲ့ ဂိုက်လိုင်းပုံစံ သွင်းရတယ်။ ပဒေသရာဇ်ခေတ်က သမီးယောက်ဖ ခမည်းခမက်အချင်းချင်း တိုက်တဲ့ စစ်ပွဲတွေ ကို လူမျိုးရေး စစ်ပွဲ ဖြစ်သယောင်ပုံဖော်ပြောကြတယ်။ 

ထိုခေတ်က လူမျိုးဟာ သာမည၊ အရှင်သခင်ဟာ အဓိက ဖြစ်တယ်။ ဘယ်လူမျိုးမဆို ကျွန်တွေပဲ။  ဘုရင့်နောင် တပ်မတော်မှာ မွန်တပ်၊ ရှမ်းတပ်၊ ချင်းတပ်၊ ကချင်တပ်၊ ရခိုင်တပ်တွေပါဝင်ကြတာ လူမျိုးရေးနဲ့ မဆိုင်၊ ပဒေသရာဇ်ဓလေ့သာ ဖြစ်တယ်။

ရာဇဝင် ဟာ ရာဇ - မင်း ၊ ဝံသ - အမျိုး  ဖြစ်တယ်။ မင်းမျိုးတွေရဲ့ မှတ်တမ်းပဲ။ သမိုင်း မဟုတ်ဘူး။ ဒီနိုင်ငံမှာ အဲဒီ  မင်းမျိုး၊ ​ခတ္ထိယအမျိုး တွေကို ခုထိ  လူမျိုးသမိုင်း လုပ်နေကြတယ်။ မင်းမျိုး၊ ​ခတ္ထိယအမျိုး တွေဟာ မျိုးပျက်တွေ ဖြစ်တယ်။ သားပေး သမီးယူ မောင်လှယ် နှမလှယ် သမီးယောက်ဖ ခမည်းခမက်တွေ ဖြစ်တယ်။ အချင်းချင်း သဝဏ်လွှာပို့ရင် " ဦးရီးတော်၊ နောင်တော်၊ ယောက်ဖတော်" စသဖြင့် နှုတ်ဆက်ကြတယ်။ အာဏာအတွက်ဆိုရင် သားအဖချင်းလည်း tတ်တာပဲ။

ပြည်သူတွေကို အသည်သားလို့ ခေါ်တယ်။ နာမည်မှာ "င" တပ်ခေါ်တယ်။ ငါ့ကျွန် လို့ ခေါ်တာ အဲဒီခေတ်က ယဉ်ကျေးမှုပဲ။ ဘုရင့် ဝါးဖက်ကျ ကွမ်းစားရရင် အကောင်ပဲ။ စားကြွင်းစားကျန် ဖက်ခွက်စားရတာ ဂုဏ်ပဲ။ ပြည်သူတွေဟာ တက်လာတဲ့ ဘုရင်တွေကို မွန်ဖြစ်စေ မြန်မာဖြစ်စေ အမှုထမ်းတာပဲ။ မိမိ အရှင်ကို သစ္စာစောင့်တာပဲရှိတယ်။ လူမျိုးရေး မရှိဘူး။

လက်အောက်ခံ ပြည်သူတွေက စစ်တိုက်ချင်သူ တယော​က်မှ မရှိဘူး။ လူမျိုးရေး မုန်းတီးတယ အနိုင်ကျင့်တာလည်း မရှိဘူး အရှင်သခင် ခိုင်းတာ လုပ်ရတဲ့ ကျွန်တွေပဲ။ 

အဲဒီခေတ်မှာ ပုဂံ၊ တောင်ငူ၊ အင်းဝ၊ ပြည်၊ ပဲခူး၊ ပြည်၊ မုတ္တမ၊ သထုံ၊ အင်းဝ၊ ဓညဝတီ၊ မြောက်ဦး စတဲ့ ... ( တမြို့တနိုင်ငံ ဖြစ်နေတဲ့ ) city state မြို့ပြနိုင်ငံတွေ ဖြစ်တယ်။  ဒါကြောင့် ပုဂံမင်းဆက် ၊ အင်းဝမင်းဆက်၊ မြောက်ဦးမင်းဆက်လို့ မြို့အမည်စွဲ နာမည်ပေးကြတာပေါ့။ အခြားလူမျိုးကိုသာမက ကိုယ့်အချင်းချင်းလဲ စစ်တိုက်တာပဲ။ နိုင်တဲ့ ဘုရင်က နယ်မြေသိမ်းတာ တရားတယ် right of conquest လို့ စစ်ဖြစ်တဲ့ နှစ်ဦး နှစ်ဘက်စလုံးက လက်ခံထားကြတယ်။

ဒီ ရာဇဝံသတွေကို ယခုခေတ်မှာ လူမျိူးရေး အတွက် ဆွပေးပြီး လူမျိုးအချင်းချင်း ရန်တိုက်ပေးမယ်၊ ကိုယ့်နယ် သူ့နယ် သွေးထိုးပြီး နယ်လုကြဦးမယ် ဆိုရင် ခေတ်နောက်ပြန်ဆွဲတာပဲ။

" ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး" ဆိုတဲ့ ဂိုက်လိုင်း ဟာ တဖြည်းဖြည်း ကြီးထွားလာတယ်။ ဖက်ဒရယ်ကို ဖျက်ဆီးနေတဲ့ "အတွင်းရန်သဘောထား " ဖြစ်နေတာ တွေ့ရတယ်။ မအလပြုတ်ဖို့ " မတူတာ ခွဲလုပ်၊  တူတာ တွဲလုပ် " ဆိုပေမယ့် စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်က  ပြဒါးတလမ်း သံတလမ်း ဖြစ်နေ ရင် အကွက်ရွေ့တာ ၊ အချောင်နိုက်တာတွေ ဖြစ်လာမှာပဲ။ ဘယ်လိုမှ မညီညွတ်နိုင်ဘူး။

တဖက်က မြန်မာစစ်တပ်ဟာ ပဒေသရာဇ် ရုပ်တု ၃ ခုနဲဲ့ မဘသ ဝါဒ ကို ပုံဖော်နေချိန်မှာ၊ အခြားတရသတွေဘက်ကလည်း အဲဒါကို ( ချေဖျက်မယ့် အိုင်ဒီရော်လော်ဂျီ မရှိပဲ ၊ ပိုမို မီးထိုးပေးမယ့် ... ) သံတူ ကြောင်းကွဲ  တရသ မဘသ ဝါဒတွေကို မြှင့်တင်​ေနတယ်။ လူမျိုးအချင်းချင်း သံသယ စိတ်တွေ ကြီးထွားစေတယ်။ သူတို့ စွပ်စွဲတဲ့ ဗမာလူမျိုးကြီးဝါဒကို လူမျိုးစွဲဝါဒတွေ ကိုင်စွဲပြီး တိုက်ဖျက်မယ် ဆိုတာ မီးတောက်ပေါ် ဓာတ်ဆီလောင်းနေတာပဲ ဖြစ်တယ်။ 

ဒီပုံ ဒီနည်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာ ဝေးပါသေးတယ်

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း