အမေရိကန် ပြည်တွင်းစစ်

 အမေရိကန် ပြည်တွင်းစစ် (Hla Soe Wai)

မနေ့က မစ္စစ်စပီ ပြည်နယ် လွှတ်တော်မှ နှစ်ပေါင်း ၁၂၆ နှစ် နီးပါး လွှင့်ထူလာခဲ့တဲ့ ကွန်ဖဒရေးရှင်း အလံကို ဖြုတ်ချဖို့ မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။ နိုင်ငံတဝှမ်းလုံး ရှိ ကွန်ဖဒရေးရှင်း အထိမ်းအမှတ် ရုပ်ထုများကို ဖြိုလှဲလာနေချိန်မှာ ယခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်က အဆိုပါ ရုပ်ထုများ ဖျက်ဆီးသူတွေကို ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဖလော်ရီဒါ ရှိ ဆမ်တာ စီရင်စု တွင် သူရဲ့ မဲဆွယ်ပွဲကို “White Power’ လို့ ကြွေးကြော်ပြီး ရောက်လာကြတဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း တွစ်တာကနေ ထုတ်ဖေါ်ရေးသားလာပြီး နောက်ပိုင်းမှာ ပြင်းထန်စွာ ရှုတ်ချခံလာရတဲ့ အတွက် ပို့စ်ကို ပြန်ဖြုတ်သွားခဲ့ပါတယ်။

CBS သတင်းဌာနရဲ့ စစ်တမ်းများအရ တိုင်းပြည်တွင် အခြေအနေများ ကောင်းမွန်ဆဲဟု ဆိုသူ ၅% သာ ရှိသည်ဟူသော အနေအထား တွင် ဒေါ်နယ် ထရန့် အဖို့ သူရဲ့ ဝှက်ဖဲ race card ကို ထုတ်သုံးလာပါတယ်။

အမေရိကန်တို့ ရဲ့ နှစ်ပေါင်း ၁၅၀ နီးပါး ဝါဒဖြန့်မှုတွေနဲ့ ဖုံးကွယ်ထားခဲ့တဲ့ အကျည်းတန်လှတဲ့ ကွန်ဖဒရေးရှင်း ဆိုတာကို တင်ပြလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့လျှောက်ပြီး ဒေါ်နယ် ထရန့် မဲဆွယ်ပွဲတွေမှာ ဒီလို ပြဿနာမျိုးက ကြုံလာရဖို့ ရှိနေတာကြောင့် မသိသေးသူများ သိထားဖို့ လိုပါတယ်။

ကွန်ဖဒရေးရှင်း ဆိုတာကတော့ အမေရိကန် ပြည်တွင်းစစ်ပွဲကြီး ဖြစ်မလာမီ လူမည်းများအား ကျွန်ပြုရေးကို ထောက်ခံခဲ့တဲ့ ပြည်နယ်များ အစုအဝေး ပဲ ဖြစ်ပါတယ်။

ကွန်ဖဒရိတ် မူဝါဒကတော့ အဓိက အားဖြင့် ‘လူတိုင်းအား ဘုရားသခင်မှ တန်းတူညီမျှစွာ ဖန်ဆင်းပေးခဲ့ခြင်း မဟုတ်” ဟူသော သဘောတရားကို အခြေပြုပြီး မိမိတို့ လူဖြူများသည်သာ မြင့်မြတ်သူများ ဖြစ်၍ လူမည်းများကို ကျွန်အဖြစ် ဆက်ဆံရမည်ဟု ဆိုလိုပါတယ်။ ကမ္ဘာရဲ့ အခြားဒေသတွေမှာ ကျွန်စနစ်ဖျက်သိမ်းရေး မအောင်မမြင် ဖြစ်လာရမှုများ နဲ့ လူမျိုးနွယ်စုဆိုင်ရာ သိပ္ပံဓမ္မတရား အသစ်များ ထုတ်ပြန်လာမှု ကြောင့် ရဲတင်းလာပြီး ကျွန်စနစ် သက်တမ်း ရှည်ရေး အတွက် ရီပတ်ဘလီကင် အစိုးရမျိုးနဲ့ အုပ်ချုပ်မှ ဖြစ်မယ်ဆိုပြီး ရဲတင်းလာကြပါတယ်။

ထို့အတွက် ကွန်ဖဒရိတ်ပြည်နယ်များ စုပေါင်းပြီး အမေရိကန် ပြည်မကြီးကနေ ခွဲထွက်ဖို့ ကြိုးစားလာကြပါတယ်။ ကျွန်စနစ် တိုက်ဖျက်ရေး ဆောင်ပုဒ် နဲ့ ပါတီကို ကိုယ်စားပြုတဲ့ အေဘရာဟင် လင်ကွန်း ကို သမ္မတအဖြစ် ရွေးကောက်တင်မြှင့်လိုက်ခြင်းက အခုလို ခွဲထွက်ဖို့ လတ်တလော အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ၁၈၆၀ ဒီဇင်ဘာ မှ ၁၈၆၁ ဧပြီလ ငါးလ အတွင်း မှာပဲ တောင်ကာရိုလိုင်းနား ပြည်နယ်က ဦးဆောင်ပြီး ပြည်နယ် ၇ ခု ခွဲထွက်သွားခဲ့ပါတယ်။

ဧပြီလ အတွင်းမှာ ပြည်တွင်း စစ်ပွဲကြီး မီးဟုန်းဟုန်းတောက်လောင်လာခဲ့ပြီး နောက်ထပ် ပြည်နယ် လေးခု ထပ်မံ ခွဲထွက်သွားခဲ့ပြန်ပါတယ်။ သို့သော် ကျွန်များ ဆက်လက်ရှိနေဆဲ ပြည်နယ် လေးခုကတော့ ဗဟိုအစိုးရ အပေါ် ဆက်လက် သစ္စာခံထားဆဲ ဖြစ်ပါတယ်။ ဒီလို ခွဲထွက်မှု ကို ဖွဲ့စည်းပုံမှာ အသိအမှတ်ပြုမထားတာကြောင့် ခွဲထွက်ရင် စစ်ဖြစ်ဖို့ပဲ ရှိတယ်ဆိုတာကို သိသိကြီးနဲ့ လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ချက်ခြင်းဆိုသလိုပဲ ဗဟိုအစိုးရ ခံတပ်များ၊ လက်နက်သိုလှောင်ရာ စခန်းများကို သိမ်းပိုက်လိုက်ကြပြီး၊ အမေရိကန် နဲ့ ဥရောပတခွင် ပြဲပြဲစင်အောင် လက်နက်တွေ လိုက်လံ ဝယ်ယူ စုဆောင်းလာကြပါတယ်။

ဂျက်ဖာဆန် ရဲ့ လွတ်လပ်ရေး ကြေငြာစာတမ်းပါ အချက်များကို ကိုးကားပြီး မိမိတို့ ရဲ့ ဒေါ်လာ ၄ ဘီလီယံ တန် ပိုင်ဆိုင်မှုများကို အဆုံးရှုံး မခံနိုင်ဟု မစ္စစပီ ပြည်နယ်က အကြောင်းပြလာခဲ့ပါတယ်။ ဒီတန်ဘိုးက ကျွန်များကို ပစ္စည်းဥစ္စာ အဖြစ် သတ်မှတ်ကာ ငွေတန်ဖိုး ဖြတ်ပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

၁၈၆၁ ဖေဖေါ်ဝါရီ လ အတွင်းမှာ မွန်ဂိုမာရီ၊ အယ်လာဘာမား နဲ့ အခြား ခွဲထွက်တဲ့ ပြည်နယ် ခုနှစ်ခု ပေါင်းပြီး အဲ့ဒီအချိန်မှာ Confederate States of America (CSA) ဆိုပြီး သီးခြားနိုင်ငံ ထူထောင်ကာ ဂျက်ဖာဆန် ဒေးဗီစ်ကို သမ္မတ အဖြစ် တင်မြှောက်လိုက်ခြင်း ဖြင့် ဗဟို အစိုးရ USA နဲ့ ထိပ်တိုက် တွေ့လာခဲ့ကြပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ တွင် ပြည်နယ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ သီးခြားရပ်တည်ခွင့်ပြုထားသော်လည်း ခွဲထွက်ခြင်းကို အသိအမှတ် ပြုထားခြင်း မရှိပါဘူး။ လင်ကွန်းကတော့ ဘယ်အစိုးရကမှ နိုင်ငံ ပြိုကွဲစေမယ့် ခွဲထွက်ခွင့် ကို လက်ခံ အတည်ပြုကြမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သို့သော် ဖွဲ့စည်းပုံမှာ ကွန်ဂရက်နဲ့ နယ်မြေခံ အစိုးရများက နီဂရိုး ကျွန် ပိုင်ဆိုင်မှု ကို ကာကွယ်ပေးရန် တာဝန်ရှိတယ်ဆိုတာ ပါရှိခဲ့ပါတယ်။

သို့သော် ကွန်ဖဒရိတ် ရဲ့ ဖွဲ့စည်းပုံ မှာ ကျွန် ပိုင်ဆိုင်ရေး ကို ဘယ်လိုနည်းနဲ့မျှ ပြောင်းလဲလို့ မရတဲ့ အပိုဒ်တွေ ထည့်သွင်းပြဌာန်းလာခဲ့ပါတယ်။ မဲပေးပိုင်ခွင့်ကိုလည်း လူဖြူများသာ ဟု ဆိုပြီး ဒီမိုကရေစီကို ကန့်သတ်လာခဲ့ကြပါတယ်။

ထိုသို့ ဖွဲ့စည်းပုံ ရေးဆွဲပြီးတဲ့နောက်မှာ CSA ဒုသမ္မတ အလက်ဇန်းဒါး စတီဖင်က ကျွန်ပိုင်ရှင်များ၏ သမ္မတနိုင်ငံသစ် ကြေငြာစာတမ်းကို ထုတ်ပြန်လိုက်ပြီး တောင်ပိုင်းရှိ ခွဲထွက်ရန် ငြင်းဆန်နေဆဲ ဖြစ်တဲ့ ပြည်နယ် ရှစ်ခုကို သိမ်းသွင်းဖို့ ကြိုးစားလာပါတယ်။

သူရဲ့ ကြေငြာစာတမ်းထဲမှာ နီဂရိုးများအား လူဖြူများနှင့် တန်းတူဟု မည်သည့် အခါမျှ သတ်မှတ်၍ မဖြစ်နိုင်။ ၎င်းတို့အား ကျွန်အဖြစ် ခိုင်းစေရန် သဘာဝ တရားက ရွေးချယ် ပြဌာန်းပေးခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ပါရှိခဲ့ပါတယ်။ အလက်ဇန်ဒါး စတီဖင်ရဲ့ ရုပ်ထုကြီးသည် ယခုတိုင် ကက်ပီတို တောင်ကုန်း မှာ စိုက်ထူးထားဆဲ ဖြစ်ပါတယ်။ အလားတူ ဂျက်ဖာဆန် ဒေးဗီးစ် နဲ့ ဗိုလ်ချုပ်ကြီး ရောဘတ် အီး လီး တို့ရဲ့ ရုပ်ထုများလည်း နိုင်ငံအနှံအပြားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ထိုအချိန်က CSA တွင် လူဦးရေ ၉ သန်း ရှိသည့် အနက် မဲပေးပိုင်ခွင့် ရှိသူ နှင့် စစ်မှုထမ်းရန် အသက်ပြည့်သူ လူဖြူ အမျိုးသား ၁.၅ သန်းသာ ရှိပြီး ကျန်တဲ့ လူဖြူ အမျိုးသမီးများ နဲ့ လူမည်းကျွန်များ အဖို့ နိုင်ငံရေးအရ ဘေးထုတ်ခံထားရပါတယ်။ ထို့အတွက် ၎င်းတို့ရဲ့ စစ်ရေး လှုပ်ရှားမှုများကို နိုင်ငံရေး သဘောတူညီမှု နဲ့ လူထု ထောက်ခံမှု အပိုင်းမှာ အားပျော့နေပါတယ်။

ယူနီယံ လို့ ခေါ်တဲ့ ဗဟိုအစိုးရ မှာတော့ လူဦးရေ ၂၂ သန်းရှိပြီး ကုန်ထုတ်လုပ်မှုပိုင်းမှာလည်း အဆမတန် သာလွန်နေပါတယ်။ ဒီအတွက် CSA အစိုးရ သည် ပုဂ္ဂလိက ကုန်ထုတ်လုပ်မှု ပိုင်းမှာ အတင်းဝင်ရောက် လုပ်ကိုင်လာရပြီး လူထု အားလည်း ၎င်းတို့ အရေးတော်ပုံကို အတင်းအကျပ် ထောက်ခံခိုင်းခဲ့ပါတယ်။

စစ်ပွဲကြီး စတင်ပြီး တနှစ်အကြာမှာ ‌ကွန်ဖဒရိတ် အစိုးရသည် စစ်မှု မထမ်းမနေရ ဥပဒေကို ပထမဆုံးအကြိမ် ပြဌာန်းခဲ့ရပါတယ်။ နီဂရိုးများကို ထည့်သွင်းခဲ့ခြင်း မရှိတာကြောင့် အင်အား များသထက် များအောင်သာ လူဖြူများကို အတင်းအကျပ် အသုံးပြုခဲ့ကြရပါတယ်။ (စစ်ပွဲပြီးဆုံးကာနီး တွင်မှ လူမည်းများကို မဖြစ်မနေ ဆွဲသွင်းလာခဲ့ပါတယ်)၊ စစ်ပွဲပြီးဆုံးချိန်မှာ ကွန်ဖဒရိတ် တပ်မှာ ပါဝင်တဲ့ လူဖြူ စုစုပေါင်း ၈၅% အထိ ရှိလာခဲ့တာ တွေ့ရပါတယ်။ ကျွန်ပိုင်ရှင်များကို စစ်မှုထမ်းခြင်းမှ လွတ်ငြိမ်းခွင့် ပေးခဲ့တာကြောင့် လူချမ်းသာများ၏ စစ်ပွဲကို လူဆင်းရဲများက ဝင်ရောက်တိုက်ခိုက်ပေးနေရပြီဆိုတဲ့ သဘော ဖြစ်လာခဲ့ပါတယ်။

လယ်သမားများကို ချမ်းသာ မပေးခဲ့တာကြောင့် ကွန်ဖဒရိတ်ပြည်နယ်များ တွင် စားနပ်ရိက္ခာ ခေါင်းပါးလာပြီး လူဖြူ စစ်သားများရဲ့ ဇနီးများ ဦးဆောင်တဲ့ အစာရေစာ လုယက်ပွဲကြီးများက နိုင်ငံ အနှံ့ဖြစ် ပွားလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ သမ္မတ ဂျက်ဖာဆန် ဒေးဗီးစ် ရဲ့ အခွန်ဥပဒေ၊ အလုပ်သမား စည်းမျဉ်းများနဲ့ အဆောက်အဦးများကို နိုင်ငံပိုင် သိမ်းယူမှု အစရှိသည်တို့ အပေါ် မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။

ဒီအတွက် အမေရိကန် ပြည်တွင်းစစ်ကြီးသည် လူမည်း ကျွန်စနစ် ရာသက်ပန် အဓွန့်ရှည်ရေး အတွက် ကွန်ဖဒရိတ် ပြည်နယ်များက ပုန်ကန်ခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့ရခြင်းသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်နယ်များ အတွင်းရှိ လူမည်းကျွန်များကလည်း ပုန်ကန်လာကြတဲ့ အတွက် ရှေ့က တိုက် နေသော်လည်း နောက်ပိုင်း ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။

ဤသို့ဖြင့် ၁၈၆၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ရောဘတ် အီးလီး နဲ့ သူရဲ့ ဗာဂျီးနီယား မြောက်ပိုင်း စစ်တပ်ကြီး တခုလုံး ယူနီယံ စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး ယူလီဆီး အက်စ် ဂရန့် ထံ လက်နက်ချလိုက်ခြင်းဖြင့် စစ်ပွဲကြီး အဆုံးသတ်သွားခဲ့ရပါတယ်။ ကွန်ဖဒရိတ် ဖက်မှ လူပေါင်း ၂၅၈,၀၀၀ နဲ့ ယူနီယံ ဖက်မှ ၃၆၀,၀၀၀ ကျဆုံးခဲ့ပါတယ်။

ထိုသို့ ဗဟိုအစိုးရ အား ပုန်ကန်ခဲ့ကြတဲ့ အဆိုပါ အရေးတော်ပုံကြီးတွင် ပါဝင်နေသူများရဲ့ ရုပ်ထုများ ကို အကာအကွယ်ပေးနေမှု နဲ့ လူဖြူများသာ မြင့်မြတ်သည် ဆိုသော အယူအဆကို အားပေးလာမှုသည် နိုင်ငံကို ပြည်တွင်းပြည်ပရန်များမှ အကာအကွယ်ပေးပါမည်။ နိုင်ငံအကျိုးကို ထမ်းရွက်ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုထားသူများ အတွက် မည်သို့မျှ မဖြစ်သင့်တဲ့ လုပ်ရပ်မျိုး ဖြစ်နေပါတယ်။

၂၀၁၇ ခုနှစ် ဗာဂျီးနီယား ရှိ ချားလော့စ်ဗီးလ် တွင် ကွန်ဖဒရိတ် ရုပ်ထုကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ကြောင့် လက်နက်ကိုင် လူဖြူ လူမျိုးကြီး ဝါဒီတွေ ရောက်ရှိလာရာက အရေးအခင်းကြီး စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် လူမျိုးရေး တန်းတူညီမျှမှု ရရှိရေး လှုပ်ရှားလာနေတဲ့ Black Lives Matter (BLM) အဖွဲ့မှ လူဖြူလူမျိုးကြီး ဝါဒ ကို မျိုးစေ့ချပေးခဲ့ကြတဲ့ ကွန်ဖဒရိတ် ပုဂ္ဂိုလ်များရဲ့ ရုပ်ထု အထိမ်းအမှတ်တွေကို ပြစ်မှတ်ထားလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

(၂၀၂၀ ဇွန်လ ၂၁ ရက်နေ့ထုတ် အတ္တလန်တစ် ဂျာနယ် တွင် ပါရှိသည့် ကိုလံဘီယာ တက္ကသိုလ်မှ သမိုင်းပါမောက္ခ စတက်ဖနီ မက္ကာရီ ၏ “The Confederacy was an antidemocratic, centralized state’ မှ အချက်အလက်များကို ကောက်နှုတ်တင်ပြသည်။)

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား