ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး

 ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး လို့ ဆိုတယ်။ 

ဟုတ်ပြီ ဘယ်အချက်တွေက ဗမာလူမျိုးကြီးဝါဒလဲ။ 

▪️ နိုင်ငံတကာ တရားဥပဒေ၊ လူ့အခွင့်​အရေး စံနှုန်းတွေက သုံးသပ်တဲ့ စာတမ်းတခုမှ ချမပြနိုင်ဘူး။  ဂုဏ်သရေရှိ နိုင်ငံတကာ အဖွဲ့အစည်းတွေက စနစ်ကျတဲ့ ဆန်းစစ်ချက်လည်း မရှိဘူး။ 

▪️ တိုက်ဖျက်ရမည့် အချက်လက္ခဏာ တိတိပပ မရှိဘူး။  သမိုင်းဦးဘုံမြေစနစ်အရ ရေကြည်ရာ မြက်နုရာ လှည့်လည်တာ၊ မြေရှင်ပဒေသရာဇ်စနစ်အရ  အင်အားကြီးလာရင် နယ်မြေချဲ့ထွင်တာ သဘာဝတရားပဲ။ 

မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် ဘတပြန် ကျားတပြန် နိုင်သူ ယူကြေး လုပ်ခဲ့ပြီးမှ၊ မြေရှင် ပဒေသေရာဇ် ခေတ်နောက်ဆွဲ အာဃာတ၊ မကြေပွဲ နွဲဖို့ စစ်အေး၊ စစ်ပူ နည်းတွေနဲ့ ကြိုးစားနေတဲ့ လူမျိုးတွေဟာ ဒီလို တိကျရေရာမှု မရှိတဲ့ ဝေါဟာရကို လက်နက်သဖွယ် အသုံးချပြီး  နယ်လုပွဲထဲ ထည့်သုံးနေရင်  ရှုပ်ထွေးမှုတွေပဲ ဖြစ်နေလိမ့်မယ်။ ပိုဆိုးတာက ပြည်နယ်အရေး၊ လူမျိုးရေး ဆုံးဖြတ်မယ့် အထက်လွှတ်တော်မှာ  ဗမာ တချိုး၊ အခြား ၇ ချိုး ဆိုရင် “လူနည်းစုများ စုပေါင်း အနိုင်ကျင့်မှု” ကို ဗမာ ခံစားရလိမ့်မယ်။

မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေ 1935 Government of Burma Act  မှာ Second Schedule အထူးပြဒါန်းထားသော ဒေသများ ဆိုပြီး Area in Burma (မြန်မာနိုင်ငံတော်အတွင်း ဧရိယာများ) လို့ တိတိကျကျ ရေးထားပြီး ၁၉၄၆ လွတ်လပ်ရေးစာချုပ် (အောင်ဆန်း အက်တလီ)၊ ၁၉၄၇ အခြေခံဥမှာ ရည်ညွန်းချက် ပေးထားတောင် ...   “Coming together (သီးခြားနိုင်ငံတွေဟာ ပင်လုံမှာ စုပြီး ပြည်ထောင်စုပါတယ်)” လို့ အရှက်မဲ့စွာ ဗြောင်လိမ်နေကြတာ အခြားမဟုတ်ဘူး။ စောစောက ၇ ချိုး ၁ ချိုးနည်းနဲ့ ခွဲထွက်ဖို့ နိဒါန်းပျိုးနေတာ ဖြစ်တယ်။

(စကားချပ်။ ။ ဗမာလူငယ်တွေကို ပါးစပ်ပိတ်တဲ့နည်းက coming together လို့ မအလတပ်က ပြောသလို လိုက်မပြောနဲ့ လို့ ဟန့်ထားတယ်။ မအလ ထမင်းစားတယ်။ ဒါကြောင့် ဆန့်ကျင်သူတွေက ပေါင်မုန့်ပြောင်းစားကြသလား)

ညီနောင်သားချင်း ဆိုတဲ့ သဘောထားတဲ့ ဥပဒေအရ မြန်မာပိုင် ဒေသတွေကို  ခွဲဝေပြီး ပြည်နယ်ဖွဲ့ပေးပြီးခါမှ ခွဲထွက်ရင် နစ်နာတယ်။ ဒီထက်ပိုနစ်နာက ရှမ်းတွေ ဖြစ်တယ်။ ကချင်က ခွဲထွက်ရင် ရှမ်းနီဒေသဟာ အချောင်နစ်နာတယ်။ NUG, CRPH အနေနဲ့ KIO ကို မှီခိုနေရလို့ LPDF တွေဟာ EAO ဆီက လက်-နက် အကူအညီရဖို့   ခိုင်းတိုင်း ဖားပြီး လုပ်မိရင် သမိုင်းတရားခံ ဖြစ်မယ်။ မအလက ဒေါ်စု ပေးကြားလို့ ထွက်ပြီး ကန့်ကွက်ရင် အကုန်ပြိုလဲလိမ့်မယ်။

▪️ ဝေါဟာရတခုကို  မိမိအလိုမကျတိုင်း (ဥပမာ ဗမာပြည်နယ် မဖွဲ့လို့)  ခလုပ်တိုက်လဲရင်တောင် ဗမာလူမျိုးကြီးဝါဒကြောင့်လို့ အပြစ်တင်နေတာဟာ လူမျိုးအချင်းချင်း ခွဲခြား နှိပ်ကွပ်ခြင်း ဖြစ်တယ်။ 

▪️ အင်္ဂလိပ် အုပ်ချုပ်စဉ်ကာလ တလျောက်လုံး ဗမာပြည်နယ် မရှိတဲ့အပြင် ကရင်၊ မွန်၊ ရခိုင်တွေဟာ တိုင်း ၈ တိုင်း အောက်မှာ စွပ်စွဲမှုမရှိပဲ နေခဲ့ပြီးမှ၊ လွတ်လပ်ရေးလည်းရရော ပြည်နယ်မရှိတဲ့ လူမျိုး ၆ ခုဟာ ပြည်နယ်အသီးသီးလည်းရရော ဗမာပြည်နယ်ကိစ္စ အစပျိုးလာတာ ရိုးသားမှု မရှိဘူး။ ပင်လုံစာချုပ် ပင်လုံကတိမှာ ဦးအောင်ဆန်းရော၊ စော်ဘွား ဒူဝါ ရမ်အုပ်တွေရော ဗမာပြည်နယ် ဆိုတာ တခွန်းမှ မပြောကြဘူး။ 

အင်္ဂလိပ်လက်အောက် ဆက်မနေပဲ ပြည်မနဲ့ အတူတူ လွတ်လပ်ရေး ယူရင် ကိုယ်ပိုင်ပြဒါန်းခွင့်ရှိသော ပြည်နယ်များ ဖြစ်ဖို့ပဲ ညွန်ကြားခဲ့တယ်။ နောက်ပြီး ပင်လုံစာချုပ်ဟာ ပြည်နယ် မရှိတဲ့ လူမျိုးတွေ အချင်းချင်း ချုပ်ဆိုတာ ဖြစ်တယ်။ ပြည်နယ်အချင်းချင်း ပူးပေါင်းတဲ့ စာချုပ်မဟုတ်ဘူး။ ဒါကြောင့် ဗမာပြည်နယ်ဆိုတာ ထိုအချိန်က ဘယ်သူမှ မတွေးဘူး။ မိမိလူမျိုး ပြည်နယ်ရဖို့ပဲ တွေးတယ်။ ပြည်နယ်မဲ့ လူမျိုး ၆ မျိုးဟာ ပြည်နယ်ရတော့ နောက်ထပ်တဆင့် တက်ပြီး အပါးဝလာတာဖြစ်တယ်။

▪️ နေဝင်း၊ သန်းရွှေ၊ မအလ စစ်တပ်လုပ်သမျှကို ဗမာလူမျိုးက လုပ်သယောင်  ပြောဆိုနေတာကို ဘုမသိ ဘမသိ ခေါင်းငြိမ့်နေသူတွေဟာ နောင်တချိန်မှာ ဗမာလူမျိုးကို အဲဒီ ပြစ်မှုတွေအတွက်  တရားစွဲလာနိုင်တယ် ဆိုတာ သတိကပ်သင့်တယ်၊ လူမျိုးစုံပါဝင်နေတဲ့ မအလစစ်တပ်က လူတဦးချင်းစီ လုပ်တာကို ဝါးတားတားနဲ့ ခေါင်းခံဖို့ မစဉ်းစားနဲ့။

လက်ရှိမြန်မာပြည် တရားရေးစနစ်ဟာ ပျက်စီးနေလို့ ဒီကိစ္စဟာ ဘာမှ မဖြစ်ဘူး။ နောင်တချိန် ဖက်ဒရယ် တရားရုံးတွေ၊ ပြည်နယ်တရားရုံးတွေမှာလ လွတ်လပ်သော တရားစီရင်ရေးစနစ် ဖြစ်လာမယ်။ အဲဒီအခါ ဖက်ဆစ်၊ နာဇီတွေ ဆိုးယုတ်သမျှ တရားစွဲခံရသလိုပဲ ဗမာလူမျိုးကြီးဝါဒကြောင့် နစ်နာမှုများ ခေါင်းစဉ်နဲ့ တရားစွဲနိုင်တယ်။ လျော်ကြေးတောင်းနိုင်တယ်။ အနည်းဆုံးတော့ အရှက်ကွဲတာပဲ။ ဖက်ဒရယ်မဟုတ်ပဲ သီးခြားသမ္မတနိုင်ငံတွေနဲ့ စုဖွဲတဲ့ ကွန်ဖက်ဒရေးရှင်းဆိုရင် နိုင်ငံတကာ တရားရုံးအထိ ရောက်မယ်။ စစ်အုပ်စုလုပ်သမျှ ဗမာလူမျိုးလုပ်တာ ဆိုတဲ့ လမ်းကြောင်းဟာ အင်မတန် အန္တရာယ်ကြီးတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား