စစ်ပြိုင် ငြိမ်းချမ်းရေး ... စစ်မျိုးစစ်နွယ်ဝါဒ .. People's Rule of Law

စစ်ပြိုင် ငြိမ်းချမ်းရေး၊ စစ်မျိုးစစ်နွယ်ဝါဒ၊ People's Rule of Law by People 

ဖက်ဒရယ် ဒီမိုကရေစီရဲ့ ရည်မှန်းချက်ဟာ ... တယောက်နဲ့ တယောက် သေနတ်နဲ့ ထောက်ပြီး  ဟန်ချက်ထိန်းထားရတဲ့  "စစ်ပြိုင် ငြိမ်းချမ်းရေး" ကို ဖျက်သိမ်းပြီ၊း ပြည်သူက ပြဒါန်းသော ဥပဒေက အုပ်ချုပ်တဲ့ People's Rule of Law ကို ထူထောင်ဖို့ပဲ ဖြစ်တယ်။

 ဆင်တူရိုးမှား စကားလုံးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ဆိုပြီး  စစ်အစိုးရအဆက်ဆက်က ပြောလေ့ရှိတယ်။ စစ်အစိုးရတွေ ပြောတဲ့ တရားဥပဒေစိုးမိုးရေး ဟာ စစ်တပ်က ဥပဒေ ပြဒါန်း၊ အဲဒီဥပဒေက ပြည်သူကို စိုးမိုး၊ စစ်တပ်က အဲဒီဥပဒေကို ချိုးဖောက်ခွင့်ရှိတယ်"  ဆိုတဲ့ အခြေခံ ( ပုဒ်မ  -  အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်သည်) ဆိုသော Tamadaw is above the Law  ဖြစ်တယ်။ စစ်မျိုးစစ်နွယ်ဝါဒ ဗီဇ DNA ဖြစ်တယ်။ ဒီဝါဒကြောင့် ...   စစ်တပ်က  ( ၂၀၀၈ အခြေခံဥပဒေကို ပြင်ရုံမကလို့ ဖျက်သိမ်းပြီး အမျိုးသားညီလာခံ အနှစ် ၂၀ ထပ်ကျင်းပ၊ နောက်ထပ် အခြေခံဥပဒေအသစ် တခုကို ရေးဦးတော့) ၊ အဲဒီဥပဒေတွေမှာ မည်သည့် ဘာအာမခံချက်မှ မရှိဘူး။  ဥပဒေပြု/ပြင်/ဖျက် အာဏာဟာ စစ်တပ်လက်ထဲမှာသာ ရှိပြီး၊  () ယနေ့ ပြဒါန်းပေမယ့် နောင် စစ်တပ်က မလိုလားရင် .. စစ်တပ် ၂၅% ကြံ့ဖွတ် ၂၀% PR စစ်အလိုတော်ရိ % နဲ့  ( PR တိုင်းရင်းသားအမည်ခံပါတီက မဲ ) ပေါင်းပြီး ဥပဒေတွေကို လိုတိုး၊ ပိုလျော့ ပြင်လို့ရတယ် () အဲဒီနည်းလမ်းမှ အလုပ်မဖြစ်ရင် နောက်ထပ် စစ်အာဏာသိမ်းလို့ ရတယ်။ စစ်မျိုးစစ်နွယ်ဝါဒ  ရှိနေသရွေ့ စစ်အာဏာသိမ်းမှုဟာ ထပ်ကာ ထပ်ကာ လာဦးမှာပဲ။ 


 



လူအများစုက မအလ
တစုထဲ 
အာဏာမက်လို့ စစ်အာဏာသိမ်းတယ်လို့ ထင်နေကြတယ်။ မအလတစုထဲ  အာဏာမက်တာ မဟုတ်ဘူး။ ၁၉၉၀ ဝန်းကျင်က  DSA စစ်တက္ကသိုလ်တက်မယ့် လူငယ်တွေက " 
စစ်
သားလုပ်ချင်လို့ စစ်တက္ကသိုလ် တက်တာ မဟုတ်ဘူး။  မဝတ ( မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ) နဲ့ စစ်ထောက်လှမ်းရေးတွေ နည်းမျိုးစုံနဲ့ ချမ်းသာနေကြတာ
ကို 
အားကျလို့ စစ်ဗိုလ်ဖြစ်ချင်ကြတာ" တဲ့၊ မိဘတွေက " ငါ့သား စစ်ဗိုလ်ဖြစ်ရင် ချမ်းသာပြီ" ၊ သမီးရှင်တွေကလည်း ဗိုလ်လောင်းရည်းစားဖြစ်စေချင်ကြတယ်။

 သူတို့ဟာ ဦးနေဝင်းလက်ထက်က စစ်ဗိုလ်ဖြစ်ချင်သူတွေနဲ့ ရည်မှန်းချက် မတူဘူး။ ဦးနေဝင်း မဆလခေတ်မှာ စစ်ဗိုလ်ဖြစ်ချင်တာ မှာ ( ကိုလိုနီနယ်ချဲ့နဲ့ တရုတ်ဖြူရန် ကာကွယ်ရေး၊ အများကောင်းစားရေး ဆိုရှယ်လစ်လမ်းစဉ်ကို ကာကွယ်ရေး ) စိတ်ဓာတ်တွေ ပါဝင်တယ်။ ဘိုးဘွား မိဘတွေကလည်း လွတ်လပ်ရေးကြိုးပမ်းမှုကို မှီခဲ့ကြသူတွေ များတယ်။ ဂျပန်ကို ခြုံခိုတိုက်ဖို့ ပျောက်ကြားတပ်ကို ထမင်းပို့၊ သတင်းပို့လောက်တော့ လုပ်ဖူးတဲ့ လူကြီးတွေ ရဲ့ လက်ဖက်ရည်ကြမ်း စကားဝိုင်းတွေကြောင့်  မဆလခေတ် လူငယ်တွေ ဟာ နိုင်ငံအကျိုး ထမ်းရွက်ဖို့ စိတ်အားထက်သန်ကြတယ်။ ၊ (သန်းရွှေခေတ်လို စားဂွင် ဝါးဂွင်တွေမရှိ) မြို့နယ်ကောင်စီဥက္ကဌ စားတယ်ဆိုတာ ခုခေတ်လို ပေါ်တင်မဟုတ်၊ ပစ်စာ အတိုင်ခံရရင် ပြုတ်ဖို့များတယ်။ တချို့မြို့နယ်ကောင်စီဥက္ကဌတွေဟာ အိမ်ပိုင်တောင်မရှိ။ မွဲနေတယ်။


 


သန်းရွှေခေတ်မှာ စပြီး စစ်တက္ကသိုလ်တက်မယ့် လူငယ်တွေဟာ  " မဝတ လောက်ဖြစ်ရင် ချမ်းသာပြီ" ဆိုတဲ့ မက်လုံးကြောင့် ဝင်ကြတာ။ စစ်ဗိုလ်လောင်းဖြစ်ဖို့  ..  စစ်ဗိုလ်ဖြစ်ပြီး ရှေ့တန်းမထွက်ရဖို့  ..  စစ်တပ်က ဘီပိုး စီပိုး လက်မှတ်နဲ့ ထွက်ပြီး ဌာနဆိုင်ရာတွေမှာ မိုးကျရွှေကိုယ် ဖြစ်ဖို့ အကပ်ရှာရတယ်။ လာဘ်ထိုးရတယ်။ ဗိုလ်လောင်းဘဝမှာ ချမ်းသာတဲ့ မယားလောင်း ရရေး ကြိုတင် စီမံရတယ်။ တချို့ ဗိုလ်ကတော် မိဘတွေဆိုရင် အကပ်ရှာ လာဘ်ထိုးရတာနဲ့ စီးပွါးပျက်တယ်။ သူတို့ မျှော်လင့်ချက်ဟာ တခုပဲ။  ဒီလို ရင်းနှီး မြုပ်နှံထားပေမယ့် ထားပေမယ့်  ထင်သလို ဖြစ်မလာဘူး။

သန်းရွှေက ၂၀၀၈ ခြေဥနဲ့ အရှင်ထွက်၊ ဗိုလ်ချုပ်ဟောင်းတွေက ခရိုနီတပိုင်း ကြံ့ဖွတ်တပိုင်း လုပ်ရင်း ကျေနပ်နိုင်စရာ ရှိမယ်၊ ခန်းခြောက်နေတဲ့ ဘက်ဂျက်၊ ပြည်ပကြွေးမှီတွေကို ရှင်းဖို့ နိုင်ငံတကာကို မျက်လှည့်ပြဖို့ သိန်းစိန်ကို ပွဲထုတ်၊ ဒေါ်စုတည်းဟူသော ဆင်ဖြူတော်ကို မှီပြီး ကြံစုတ်ဖို့ စစ်တပိုင်း အရပ်သား အစိုးရကို စင်တင်ပေးတယ်။  နောက်က စားဖို့ ဝါးဖို့ ပါးစပ်ကြီးဖြဲ တန်းစီနေတဲ့ '၉၀ နောက်ပိုင်း စစ်မျိုးဆက်တွေက လုံးဝ မကျေနပ်ဘူး။ စစ်အာဏာပြန်သိမ်းပြီး မဝတ ရွှေခေတ် ရောက်ဖို့ တမ်းတနေတယ်။ 

'၉၀ နောက်ပိုင်း စစ်မျိုးဆက် အထက်ပိုင်းကလည်း သန်းရွှေ ခေတ်ကျန် ခရိုနီတွေက  ဈေးကွက်ကို လက်ဝါးကြီးအုပ်နေတာ မကျေနပ်ကြဘူး။ ဒါကြောင့် '၉၀ နောက်ပိုင်း စစ်မျိုးဆက်တွေဟာ အာဏာရူးရုံမက သူတို့ မိသားစုတွေ စစ်သူဌေး စစ်ခရိုနီလက်သစ် ဖြစ်ဖို့ စစ်အာဏာသိမ်းခြင်းဟာ မရှိမဖြစ် လိုအပ်တယ်။ စစ်အာဏာသိမ်းတိုင်း စစ်အာဏာရှင် မျိုးဆက်သစ်ကို ပူဇော်ပသဖို့ စစ်ခရိနီ၊ တိုင်းရင်းသားခရိုနီတွေဟာ အထုပ်ပြင်ရတယ်။ ဒါပေမယ့် အဲဒီလောက်နဲ့မှ ဗိုက်မဝရင် လုပ်စားကွက်တွေ ထိုးအပ်ရတယ်။ စီးပွါးရေးကျဆင်းလေလေ ဈေးကွက်ကြုံ့ဝင်လေလေ စားခွက်လု ရန်ပွဲက ပြင်းထန်လေလေပဲ။ 

 စစ်မျိုးစစ်နွယ်ဝါဒ  ရှိနေသရွေ့ စစ်အာဏာသိမ်းမှုဟာ ထပ်ကာ ထပ်ကာ လာဦးမှာပဲ။ ဒါကြောင့် စစ်အာဏာရှင်သာမက စစ်မျိုးစစ်နွယ်ဝါဒကို အမြစ်ဖြတ်ဖို့ လိုတယ်။ ဒီတော့ လက်ရှိစစ်တပ်ကို  အမြစ်မလှန်ပဲ၊ အခြေခံဥပဒေအသစ် တခုကို ရေးဦးတော့၊  အဆိုးကျော့ သံသရာက မလွတ်ကင်းဘူး။ ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ၁၉၉၀ ဝန်းကျင် တုံးက ခင်ညွန့် အပစ်ရပ်ရွှေခေတ်ကို ထပ်မံ စိတ်ကူးယဉ်နေရင် အမှားကြီး မှားလိမ့်မယ်။  


၁၉၉၀ ဝန်းကျင်မှာ မဆလခေတ် လက်ဝဲ အရှိန် ကျန်နေသေးတယ်။ ၂၀၁၂ မှာ မဘသ ဝါဒ ဆိုပြီး တကယ့် ဖက်ဆစ် အိုင်ဒီရော်လော်ဂျီကို ပေါ်ပေါ်ထင်ထင် ကူးပြောင်းသွားပြီ။ ၁၉၉၀ ဝန်းကျင်မှာ   "စစ်ပြိုင် ငြိမ်းချမ်း" ဟာ နိုင်ငံရေးရန်သူ NLD စစ်မျက်နှာ၊ စစ်ရေးရန်သူ EAO စစ်မျက်နှာ ခုကို တလှည့်စီ ပူးတုံခွါတုံ ကစားဖို့ ဖြစ်တယ်။ ၂၀၂၂ နောက်ပိုင်းမှာ  နိုင်ငံရေးရန်သူ NLD ဟာ ( NLD ကိုယ်တိုင် နှစ်ခါ သေဖူး ပျဉ်ဖိုး နားလည်သလို / ပြည်သူကလည်း လက်မခံ၊ NLD ၂၀၀၈ အောက် ပြန်ဝင်ချင်ရင် နိုင်ငံရေးအရ ချေမှုန်းပစ်မယ့် အတွင်း အပြင် အုပ်စုတွေက ရှိနေပြန်တယ်။) စစ်တပ်မပါသော ရင်ကြားစေ့ရေး လမ်းကြောင်းကို သွားနေပြီ။ ဒီတော့   စစ်တပ်ဟာ   NLD ကို အလှထားမှာ မဟုတ်ဘူး။ အမြစ်ဖြတ်မှာ။  NLD မရှိရင်  EAO စစ်မျက်နှာကို ဖိလိမ့်မယ်။ အာဏာချည်းသက်သက်ကြောင့် မဟုတ်။ စစ်မျိုးစစ်နွယ် ခရိုနီ လက်သစ်တွေနဲ့ မှီစားစစ်တပ်ကို ကျွေးမွေးဖို့၊ ကျပ်တည်းလာတဲ့ စီးပွါးရေး နည်းပါးလာတဲ့ လုပ်ကွက်တွေက ဒီအခြေအနေကို မုချရောက်လာမှာပဲ    အကြွေးဆပ်ဖို့လည်း လုပ်ကွက်တွေကို ထိုးအပ်ဖို့ လိုကောင်းလိုလိမ်မမယ်


၁၉၉၀ ဝန်းကျင်မှာ  မြန်မာစစ်တပ် ရဲ့ မြန်မာစစ်တပ်ရဲ့  အမြောက်ကြီးတပ်  ခြိမ်းခြောက်မှုက အခရာကျမယ် ထင်တယ်။ ၂၀၂၂ နောက်ပိုင်း မြန်မာစစ်တပ် ရဲ့ စစ်ရေး ဗျူဟာမှာ လေကြောင်းဟာ အဓိက ကျလာတယ်။   EAO တွေ အဖို့ ၁၉၉၀ အတွေးအခေါ်နဲ့ ရပ်တည်လို့ မရတော့တာ ထင်ရှားတယ်။  UWSA မှာ ရှိနေတဲ့ ပုခုံးထမ်း ဒုံးလောက်နဲ့ နယ်မြေကို ကာကွယ်ပြီး   "စစ်ပြိုင် ငြိမ်းချမ်းရေး" ကို ဆက်လက်ထိန်းသိမ်းလို့ မရတော့ဘူး။  မြန်မာစစ်တပ်ဟာ MANPAD လက်လှမ်းမမှီသော အမြင့်အထက်က ပစ်မှတ်ရှာ နည်းပညာ အသစ်တွေနဲ့ ပစ်ချတဲ့ လေယာဉ်တွေ ပိုင်ဆိုင်လာပြီ။ ကြာလေလေ   UWSA ဟာ မြန်မာစစ်တပ် ရဲ့ လေကြောင်းအောက်မှာ အမိန့်နာခံရမယ့် ဘဝရောက်တော့မယ်။ UWSA မှာ လေယာဉ်ပစ် ရေဒါသုံး surface to air missile တွေ ရဖို့ မှောင်ခိုဈေးကွက်မှာ မရှိသလို တရုတ်ကလည်း တဖက်လှည့်နဲ့ ပေးလို့ မရဘူး။  နောက်ပြီး   မြန်မာစစ်တပ် ရဲ့ ဂြိုလ်တုနည်းပညာသုံး ပစ်မှတ် စနစ်တွေ ဒရုန်း တွေ၊ ရန်ကို ကာကွယ်ဖို့ မလွယ်ဘူး။ တရုပ်က EAO တွေနဲ့ အကျိုးစီးပွါးရှိလို့  EAOတွေကို ခြိမ်းခြောက်မယ့် လက်နက်ကို ရောင်းဖို့ စဉ်းစားပေမယ့် ရုရှကတော့ ဒီလို မဟုတ်ဘူး။ မအလနဲ့ ရုရှ ရွှေလမ်း ငွေလမ်းပွင့်နေတာ EAO တွေအဖို့  အိပ်ပျော်မှမှာ မဟုတ်ဘူး။

 ဗကပ ခေတ် UWSA ရဲ့ တောတောင်လျှိုမြောင် အကြား ချီတက်လို့ တိုက်ခဲ့တဲ့ စစ်စွမ်းရည် အတွေ့အကြုံဟာ မလုံလောက်တော့ဘူး။ ဒါအပြင်  အထူးဒေသ () ရဲ့ နယ်မြေဟာ  တရုတ်နယ်စပ် မို့ စစ်တပ်က မပစ်ရဲလို့ လုံခြုံပေမယ့်   "" ပြည်နယ် အကျယ်အဝန်းဟာ တိုးချဲ့ပြီး မြို့ရွာတွေ တိုးပွါးလာရင်  အတွင်းပိုင်းဟာ ဟင်းလင်းပွင့်နေတယ်။ ဒါအပြင် မိုင်းဆက်ခရိုင် ဘက်ခြမ်းကိုလည့် ထည့်တွက်ရင်  မြန်မာစစ်တပ် ရဲ့ လေကြောင်း ခြိမ်းခြောက်မှုကို "ပြည်နယ် အကျယ်အဝန်းရှိသမျှ မကာကွယ်နိုင်တော့ဘူး။

 UWSA ကို နမူနာပြပေမယ့် အခြား EAO တွေဆိုရင် ဒီထက် ဆိုးဖို့ပဲ ရှိတယ်လို့ ပြောချင်တာပါ။ AA ဆိုရင် ဒူးဆစ်ထက်နက်ထဲ ရေထဲ ဆင်းမရတာနဲ့ AA ရေတပ်ထူထောင်ဖို့လည်း စစ်သင်္ဘောဆိုတာမျိုးက ခြုံထဲ ဝှက်ထားလို့ မရ၊ စပိဘုတ်တွေနဲ့ တိုက်ဖို့က မလွယ်။    ကမ်းရိုးတန်းကို ဘယ်လိုမှ ကာကွယ်လို့ မရ။ တဘက်က  မြန်မာစစ်တပ်ဟာ   စက်ယန္တရား နည်းပညာမြင့်  တွေ စုဆောင်းဖို့ အချိန်ရလေလေ၊ EAOတွေဟာ ထုံးဗူးဝ ကျဉ်းသလို  ကာကွယ်နိုင်စွမ်း တဖြည်းဖြည်း ကျဉ်းလာပြီး     "စစ်ပြိုင် ငြိမ်းချမ်းရေး" ဟာ အဆုံးသတ်သွားမယ်။ မအလ နိမိတ်ပြ  ထားသလို BGF ဘဝကို မလွဲမသွေ ရောက်ကြလိမ့်မယ်။



 "စစ်ပြိုင် ငြိမ်းချမ်းရေး" ဟာ  မြစ်ထဲမျောနေတဲ့ ဆင်သေကောင်ပဲ။ ဆင်သေကောင် အပေါ်မှာ ကျီးတကောင်ဟာ အစာရေစာ ဖူလုံပြီ အမှတ်နဲ့ နည်းနည်းစီ ဖဲ့စားရင်း အကြိုက်တွေ့နေတယ်။ ဆင်သေကောင်ဟာ မြစ်ဝကို ရောက်ပြီ။ ကျီးကန်းဟာ မပျံသေး။ NCA ကို ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေတယ်။    ၂၀၀၈ ခြေဥက ပုဒ်မ ၂၆၁ ကို ပြင်ပေးမယ်ဆိုတဲ့ မြစ်ဝရွာက နတ်ကနားပွဲတောင် သွားကြည့်လိုက်သေးတယ်။ ပြီးတော့ ဆင်သေကောင်ပေါ် ပျံလာပြီး အေးဆေး။ ဆင်သေကောင်ဟာ မြစ်ဝက ထွက် ပင်လယ်ထဲ ရောက်နေပြီ။ ကျီးကန်းဟာ မပျံသေး။ ကမ်းခြေကို မြင်နေရတာပဲ  အေးဆေး။ ဆင်သေကောင်ဟာ ကမ်းမမြင် တဲ့ နေရာရောက်ပြီ။    ကျီးကန်းဟာ မပျံသေး။ ကမ်းပေါ် မရောက်လဲ ဒီဆင်သေကောင်ကို စားရင်း တသက် မကုန်ပါဘူးတဲ့။  ဆင်သေကောင်ဟာ ရက်ကြာလို့ ပုပ်၊ ပုပ်ရာက ပျက်၊ ကျီးကန်းဟာ ပျံဖို့ ကြိုးစားပေမယ့် မရတော့ဘူး။ သမုဒ္ဒရာထဲ ရောက်သွားချေပြီ။


 "စစ်ပြိုင် ငြိမ်းချမ်းရေး"     ဆင်သေကောင် ကို   ချက်ချင်းစွန့်လွှတ်ရဲပါမှ  နွေဦးတော်လှန်ရေး တောအုပ်ကို ရောက်မယ်။ အများ ပြည်သူ နည်းတူ ရုန်းကန် ရမယ်။   မှန်ကန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ  People's Rule of Law ကို တည်ဆောက်ရမယ်။ ( အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်သည်) ဆိုသော Tamadaw is above the Law၊   ကာချုပ် တယောက် တက်တိုင်း အာဏာသိမ်းပြီး နောက်လိုက် အငတ်ကျမျိုးဆက်ကို ကျွေးမွေး စစ်ခရိုနီ လက်သစ်မွေး နေတဲ့ စစ်မျိုးစစ်နွယ်ဝါဒ ဗီဇ DNA ၊  သွေးစင်အောင် ဖောက်ထုတ်ပြီး ဖက်ဒရယ် တပ်မတော် တည်ဆောက်ရမယ်။  

တယောက်နဲ့ တယောက် သေနတ်နဲ့ ထောက်ပြီး  ဟန်ချက်ထိန်းထားရတဲ့ စစ်အင်အား အခြေပြု စနစ်ဟာ တိုင်းပြည်ကို မွဲတေစေတယ်။ အမြဲတမ်း စစ်သားတွေဟာ ကုန်ထုတ်လုပ်မှု အင်အား ခန်းခြောက်စေတယ်။ ဒီ မှီစားတွေကို တင်ကြွေးထားရတဲ့ စားရိတ်က နှစ်စဉ် လေလွင့်ဆုံးရှုံးနေတယ်။ ဝါသနာကြောင့်မဟုတ်ပဲ၊ စစ်ပြိုင်အခြေအနေ ကြောင့် လူမျိုးရေးမုန်းတီးမှု သွေးထိုးပြီး စုဆောင်းထားရတဲ့  လူငယ်တွေ ဟာအမြဲတမ်း စစ်သားတွေ ဖြစ်နေတာ ဘယ်မျိုးဆက်အထိ ဆက်ထားကြမလဲ။ ပြည်တွင်းမှာ စီးပွါးမဖြစ်၊  နည်းပညာ သိပ္ပံ ဝိဇ္ဇာ မလိုက်စားနိုင်ပဲ၊ ပြည်ပထွက်ရင် ထွက်၊ မထွက်ရင်  စစ်သားလုပ်နေရတဲ့ လူငယ်တွေ ဘဝ၊ လောင်းကစား လိင် အရက် မူးယစ်ဆေးနဲ့ ထွက်ပေါက်ရှာနေရတဲ့ လူငယ်တွေ ဘဝဟာ လူဖြစ်ရှုံးတာချည်းပဲ။

၁၄၄ မျိုးသော လူမျိုးတမျိုစီး သောင်းချီ သိန်းချီ  အမြဲတမ်း စစ်သားတွေ၊  လူမျိုးစွဲ  အတွင်း နယ်လုစစ်ဖြစ်နေတဲ့  warring states  တွေ ၊  သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတဲ့ လက်နက်ေ မှောင်ခိုက ငွေထွက်ပေါက်နဲ့  သမာအာဇီဝ မဟုတ်သော ငွေရှာနည်းတွေက ဂျာအေး သူ့အမေရိုက်သလို လည်နေတဲ့  .....  အဆိုးကျော့ သံသရာ စက်ဝိုင်းက ဖောက်ထွက်ဖို့ ဆိုတာ၊ ဒေါ်စု ပြောသလို တစုံတရာကို ပေးဆပ်ကြဖို့ လိုတယ်။ စွန့်လွှတ်ကြဖို့ လိုတယ်။ အဲဒီ တစုံတရာက"စစ်ပြိုင် ငြိမ်းချမ်းရေး" ဖြစ်တယ်။  "စစ်ပြိုင် ငြိမ်းချမ်းရေး" ဟာ ရေတိုမှာ အကျိုးရှိခဲ့ပေမယ့် အနာဂတ်မျိုးဆက်တွေ အတွက် ရေရှည်မှာ အကျိုးမရှိဘူး။ "စစ်ပြိုင် ငြိမ်းချမ်းရေးကို ဖျက်သိမ်းပြီး စစ်မျိုးစစ်နွယ်ဝါဒ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူက ပြဒါန်းသော ဥပဒေက အုပ်ချုပ်တဲ့ People's Rule of Law   ကို ထူထောင်ဖို့ လိုတယ်။ 





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား