အခြေခံ ဥပဒေ(၆)ခု
မြန်မာနိုင်ငံ၌ အခြေခံ ဥပဒေ(၆)ခု ဖြစ်ထွန်းခဲ့သည်-
(၁) ၁၉၁၉၊ အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ
(၂) ၁၉၃၅၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ
(၃) ၁၉၄၃၊ ဗမာနိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သောဥပဒေ
(၄) ၁၉၄၇၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
(၅) ၁၉၇၄၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၆) ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of India Act 1919)
၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ(The Government of India Act,1919) ကို ဒိုင်အာခီဖွဲ့စည်းပုံ ဥပဒေဟုလည်း ခေါ်ကြသည်။ ဗြိတိသျှတို့ သိမ်းပိုက်ပြီး ချိန်တွင် မြန်မာနိုင်ငံကို အိန္ဒိယလက်အောက်ခံပြည်နယ် တစ်ခုအဖြစ်ထားရှိကာ အုပ်ချုပ်ရာ၌ ဤဥပဒေကို ကျင့်သုံးခဲ့သည်။ ဤဥပဒေကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၌ ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ကျင့်သုံးခဲ့သည်။
ယင်းဥပဒေတွင် အပိုင်း (၆) ပိုင်းရှိသည်။ မူလက ပုဒ်မ ၄၇ ခုဖြင့် ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းတွင် ပုဒ်မများကို ပြင်ဆင် ချက်များဖြင့် ထပ်မံဖြည့်စွက်သည်။ ဘုရင်ခံစနစ်ဖြင့် အုပ်ချုပ်သောဥပဒေဖြစ်ပြီး အိန္ဒိယအစိုးရဖွဲ့စည်းမှု၊ ပြည်နယ်အစိုးရဖွဲ့စည်းမှုနှင့် ပြည်နယ်ဥပဒေပြုကောင်စီ ဖွဲ့စည်းမှု စသည်တို့ပါရှိသည်။
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ The Government of Burma Act, 1935)
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of Burma Act, 1935)ကို ၉၁ ဌာနအုပ်ချုပ်ရေးဥပဒေဟုလည်းခေါ်ကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏လက်အောက်မှခွဲထုတ်၍ သီးခြားအုပ်ချုပ်ရန်အလို့ငှာ ဤဥပဒေကို ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ ယင်းဥပဒေကို ၂-၈-၁၉၃၅ ရက်နေ့တွင် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့ပြီး ၁-၄-၁၉၃၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာတည်သည်။
ဘုရင်ခံစနစ်ဖြင့်အုပ်ချုပ်သော ဥပဒေဖြစ်ပြီး ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ပိုင်းခြားကျင့်သုံးသည်။ အပိုင်း ၁၄ ပိုင်းနှင့် ပုဒ်မ ၁၅၉ ခုပါရှိသည်။ အပိုင်း ၂ တွင် အုပ်ချုပ်ရေး၊ အပိုင်း ၃ နှင့် ၄ တွင် ဥပဒေပြုရေး၊ အပိုင်း ၆ တွင် ဘဏ္ဍာရေး၊ အပိုင်း ၇ တွင် မြန်မာ့မီးရထားဘုတ်အဖွဲ့၊ အပိုင်း ၈ တွင် တရားစီရင်ရေး၊ အပိုင်း ၉ တွင် အမှုထမ်းများကဏ္ဍနှင့် အပိုင်း ၁၁ တွင် အိန္ဒိယနှင့်ဆက်သွယ်ဆောင်ရွက်ရေး တို့ကို ပြဋ္ဌာန်းထားသည်။
လွှတ်တော် ၂ ရပ်ရှိပြီး လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ် သည်။ အထက်လွှတ်တော်၌ ဘုရင်ခံက ရွေးချယ်ခန့်အပ်သော အထက်လွှတ်တော်အမတ် ထက်ဝက်ပါရှိပြီး အောက်လွှတ်တော်၌ ဗြိတိသျှအုပ်ချုပ်ရေးထိပ်တန်းနေရာများအတွက် ရွေးချယ် တာဝန်ပေးသည့်အမတ်များပါရှိသည်။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၃၅ ခုနှစ်ဥပဒေအပေါ် နေရာအတော်များများတွင် မှီငြမ်းပြုခဲ့သည်ဟု အဆိုရှိသည်။
ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၃ ခုနှစ်)
၁၉၄၃ ခုနှစ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်း ပြုလုပ်သော ဥပဒေကို ဂျပန်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ကြသည်။ ယင်းဥပဒေကို ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ (ကောဇာသက္ကရာဇ် ၁၃၀၅ခု၊ ဝါခေါင်လဆန်း ၁ ရက်နေ့)တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ၌ အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၆၄ ခုပါရှိသည်။ အခန်းခေါင်းစဉ်များမှာ နိုင်ငံတော်၊ နိုင်ငံတော် အဓိပတိဝန်ကြီးများအဖွဲ့၊ အတိုင်ပင်ခံလွှတ်တော်၊ ဥပဒေပြုခြင်း၊ ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ၊ တရားရုံးတော်များ၊ ဘာသာ၊ နိုင်ငံတော်ဝန်ထမ်းများ၊ စာရင်းစစ် နှင့် စာရင်းကိုင်၊ လက်နက်ကိုင်စစ်တပ်များ၊ အုပ်ချုပ်မှုစီမံရေးအဖွဲ့တို့ဖြစ်သည်။
၁၉၄၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဒေါက်တာ ဘမော်၊ သခင်မြ၊ ဒေါက်တာသိမ်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ခေါ်ယူကာ ဂျပန်အစိုးရနှင့် ဆွေးနွေးခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်- ဒေါက်တာဘမော်၊ သခင်မြ၊ ဒေါက်တာသိန်းမောင်၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ ဦးဘဝင်း၊ သခင်ဗစိန်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမြဘူး၊ သခင်ကိုယ်တော်မှိုင်း၊ ဦးဆက်၊ ဦးချစ်လှိုင်၊ သခင်နု၊ ဒေါက်တာစံစီဖိုး၊ ဦးအေး၊ ဝတ်လုံ ဦးသိမ်းမောင်၊ ဟင်္သာတဦးမြ၊ ဆာဦးသွင်၊ ဦးကျော်ငြိမ်း (အတွင်းရေးမှူး) တို့ပါဝင်သော ဗမာပြည်လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါ လွတ်လပ်ရေးစီစဉ်မှုအဖွဲ့သည် ဂျပန်အကြံပေးအရာရှိ စစ်ဗိုလ်ချုပ်ကြီး အီဆိုမူယာ၏ လမ်းညွှန်ချက်ဖြင့် ဗမာနိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်း ပြုလုပ်သောဥပဒေ (၁၉၄၃ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံဥပဒေ)ကို ၁၉၄၃ ခုနှစ် ဇူလိုင်လလယ်၌ ရက်ပိုင်းအနည်းငယ်အတွင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤဖွဲ့စည်းပုံဥပဒေသည် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့သည့် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့(ကောဇာသက္ကရာဇ် ၁၃၀၅ ခု ဝါခေါင်လဆန်း (၁) ရက်နေ့) တွင် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခန်း (၁၂)ခန်း၊ ပုဒ်မ (၆၄) ခု ပါဝင်သည့်အတွက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေများအနက် ဤဥပဒေသည်အခန်းနှင့် ပုဒ်မ ပြဋ္ဌာန်းချက်များ အနည်းဆုံးလည်း ဖြစ်သည်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးပါက ကျင့်သုံးနိုင်ရေး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ရန် တိုင်းပြည်ပြုလွှတ်တော်ကို ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ရွေးကောက်တင်မြှောက်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့(ဖဆပလ)သည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အဖွဲ့ ဝင် ၁၁၁ ဦးပါဝင်သော ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ တတိယအကြိမ်မြောက် အစည်းအဝေးက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း)ကို သဘောတူညီခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရရှိခဲ့သော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။ အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခန်းပေါင်း(၁၄) ခန်းနှင့် ပုဒ်မပေါင်း (၂၃၄) ခုပါဝင်သည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့တွင် တော်လှန်ရေးကောင်စီသည် နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ဆိုရှယ်လစ် စနစ်ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အသစ် ရေးဆွဲနိုင်ရန် ဆောင်ရွက် ခဲ့သည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီက အဖွဲ့ဝင် ၉၇ ဦးပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း (၁၆) ခန်းနှင့် ပုဒ်မပေါင်း (၂၀၉) ခု ပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီလာခံသည် ပြီးမြောက်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁ဝ ရက် (ခရစ်နှစ် ၂ဝဝ၈ ခုနှစ်၊ မေလ ၂၉ ရက်) နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည့် ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်းနှင့် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်သည်။
Comments
Post a Comment