“ပြည်ထောင်စုစစ်စစ်မူ” ကို ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချို
ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ
တင်သွင်းသော “ပြည်ထောင်စုစစ်စစ်မူ”
ကို ရှမ်းပြည်နယ်ဥက္ကဌ စဝ်ခွန်ချိုမှ တင်သွင်းခြင်း
နံပါတ်
(၄) အစီအစဉ်အရ၊ ရှမ်းပြည်နယ် ဥက္ကဌကြီး ဝန်ကြီးသတိုးမဟာသရေ စည်သူ စဝ်ခွန်ချိုက “ဖက်ဒရယ်မူ” ကိုတင်ပြရန်ပါ ခင်ဗျ။ (ဩဘာသံများ)
လေးစားအပ်တဲ့သဘာပတိကြီး
ဝန်ကြီးချုပ်ခင်ဗျား၊
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ
ခင်ဗျား၊ ပြည်နယ်ပေါင်းစုံမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများ နှင့် ပြည်မနိုင်ငံရေးအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်တော်များခင်ဗျား။
ဤနှီးနှောဖလှယ်ပွဲမှာ
ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား၊
စကားပြော ခွင့်ရရှိတဲ့အတွက် များစွာကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခုလို စုံစုံညီညီ စုဝေးကြပြီးတော့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ တင်ပြထားပြီးတဲ့၊ ပြည်ထောင်စု မူ ကိစ္စကို ဆွေးနွေးညှိနှိုင်းကြဖို့အတွက်
ဒီနှီးနှောဖလှယ်ပွဲကြီး
ပေါ်ပေါက်လာရ တာ ကျွန်တော့်အနေနဲ့ အလွန်ဘဲ ဝမ်းသာကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့
ပြည်နယ်များညီညွတ်ရေးကိုယ်စား
ပြည်ထောင်စုမူကိုတင်ပြ
ရန် တာဝန်ပေးအပ်တဲ့အတိုင်း ကျွန်တော်တင်ပြပြောဆိုမည့် အချက်အလက်တွေ ကို နားဆင်ကြရတဲ့ ကိုယ်စားလှယ်များအားလုံးဟာ မိသားစုစိတ်ဓါတ်ဖြင့် ယနေ့ ပေါ်ပေါက်နေတဲ့ ပြည်နယ်များပြဿနာကို အထူးစဉ်းစားဝေဖန်ကြစေလိုပါတယ်။
ကျွန်တော်များကလည်း
ပြည်မရှိ နောင်တောင်ကြီးများကို
ရှင်းလင်းတင်ပြကြ တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိတို့ကြုံတွေ့နေတဲ့ ကြုံတွေ့နေပုံတွေကို တင်ပြ ကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲ့ ပြဿနာတွေကို စဉ်းစားကြတဲ့ အခါမှာလည်း ပြည်ထောင်စုမပြိုကွဲရေး၊ ပြည်ထောင်စုကြီးညီညွတ်ရေး ဆိုတဲ့ အခြေခံမူအပေါ်တည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်။
ပထမဦးစွာ
တင်ပြအစီရင်ခံလိုတာက လက်ရှိပြည်ထောင်စုကြီးဖြစ်ပေါ်လာပုံ
ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအကြောင်း စဉ်းစားလိုက်တိုင်း၊ ပြည် ထောင်စုသားတိုင်း မမေ့သင့်မမေ့ထိုက်တဲ့ အချက်ဟာဖြင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါ ရီလတွင်ကျင်းပခဲ့တဲ့ ပင်လုံညီလာခံကြီးပင် ဖြစ်ပါတယ်။
အဲဒီပင်လုံညီလာခံကြီးဟာ
ယနေ့ပြည်ထောင်စုကြီးကို
ပေါက်ဖွားလာစေရန် အုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန် တော်တို့ ပြည်ထောင်စုသားတွေအပေါ် အနှစ်နှစ်အလလ စိုးမိုး အုပ်ချုပ်လာတဲ့ နယ်ချဲ့အင်္ဂလိပ်လက်အောက်ကနေပြီး
လွတ်လပ်ရေး တောင်းဆိုဖို့အတွက်
ပြည်နယ်ခေါင်းဆောင်များနဲ့
ပြည်မခေါင်းဆောင်တို့က
ညှိနှိုင်းအောင်မြင်လို့
အခုလို လွတ်လပ်တဲ့ ပြည်ထောင်စုတခု ကမ္ဘာ့တိုင်းပြည်များထဲမှာ ပေါ်လွင်လာတဲ့ အတွက် ကျွန်တော်တို့ပင်လုံညီလာခံကြီးဟာ
ပြည်ထောင်စုကြီးရဲ့ အခြေခံအုတ် မြစ်ချခဲ့တဲ့ ညီလာခံကြီးဖြစ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်။
အဲဒီ
ပင်လုံညီလာခံကြီးမှာ ဘာတွေညှိနှိုင်းကြပြီး၊ ဘာတွေအောင်မြင်ခဲ့ကြ သလဲ ဆိုတာကို အကျဉ်းချုပ်အားဖြင့် ဖေါ်ပြရမယ်ဆိုရင် လွတ်လပ်ရေးတောင်း ဆိုတဲ့အခါ ညီညွတ်တဲ့အားဟာ အင်မတန်အရေးကြီးတဲ့အတွက် ပြည်မနဲ့ ကျန်တဲ့ ပြည်နယ်များဟာ ပြည်နယ်များတန်းတူညီအောင် ညှိနှိုင်းပြီး ညီညွတ်ရေးတည် ဆောက်ရမှာမို့ —
(၁)
တန်းတူညီမျှ အခွင့်အရေး ရှိခြင်း၊
(၂)
တောင်တန်းသားဒေသများတွင်
ကိုယ်ပိုင်ပြဌာန်းခွင့်ရှိခြင်း၊
(၃) လွတ်လပ်ရေးရရှိပြီးသည့်နောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း၊
စတဲ့
အခြေခံတရားသုံးရပ်အပေါ်အဓိကထားပြီး
ပြည်ထောင်စုတည်ဆောက်ရေး
ကို သဘောတူခဲ့ကြပါတယ်။
ဒီ
အခြေခံသုံးရပ်ကိုသဘောတူခဲ့တဲ့အတွက်
ကမ္ဘာကျော် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ အဲဒီလို ပြည်နယ်များနဲ့ ပြည်မဟာ တစိတ်ထဲ တဝမ်းထဲ ရှိကြောင်း ပြသနိုင်ခဲ့လို့ဘဲ အင်္ဂလိပ်အစိုးရဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်
ကို လက်လွှတ်လိုက်ရပါတယ်။
ပင်လုံညီလာခံကြီးမှာ
ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် (MR.
REESE WILLIAM) ခေါင်းဆောင်ပြီး၊
ပြည်မ ပြည်နယ် ခေါင်းဆောင်များပါဝင်တဲ့
စုံစမ်း ရေးကော်မတီမှာ အထက်ပါအခြေခံ “မူ” သုံးရပ်အတိုင်း ပြည်မနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ တညီတညွတ်တည်းလည်း သက်သေခံခဲ့ပါတယ်။
အဲဒီလို
တညီတညွတ်ထဲ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်
နယ်ချဲ့သမားရဲ့ သွေးခွဲရေးလုပ်ငန်းဟာ ပျက်ပြယ်သွားပြီး မြန်မာပြည်ရဲ့ လွတ်လပ်ရေးကို အမြန် ဆုံးကမ္ဘာသို့ ကြေညာလာနိုင်ခဲ့ပါတယ်။
၁၉၄၇
ခုနှစ် မေလအတွင်းမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာ ခံမှာလည်းဘဲ လူမျိုးစုတိုင်း တန်းတူရရရှိရေးနဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း
အဲဒီ တန်းတူရေးအပေါ် အခြေခံတဲ့ “ပြည်ထောင်စုစစ်စစ်” ဖြစ်ဖို့လမ်းစဉ်ချမှတ်ခဲ့ ပါတယ်။
လက်ရှိ
အခြေခံဥပဒေကြီးရေးဆွဲကြဖို့ဆိုပြီး
တိုင်းပြည်ပြုလွှတ်တော်မှာ
ပြည်မခေါင်းဆောင်ကြီးများ၊
ကိုယ်စားလှယ်တော်များနဲ့
ပြည်နယ်ခေါင်းဆောင် ကိုယ်စားလှယ်များက ဝိုင်းဝန်းစဉ်းစားကြတဲ့အခါ အနှစ်သာရဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ လမ်းညွန် (၇) ချက်အကျဉ်းချုပ်ကို ဖေါ်ပြခွင့်ပေးစေလိုပါတယ်။ အဲဒါကဘာလဲဆိုရင် —
(၁)
အချုပ်အခြာအာဏာပိုင်တဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမယ်။
(၂)
ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာအပြည့်အစုံရှိသော
ပြည်နယ်များပါဝင်သော ပြည်ထောင်စုဖွဲ့စည်းရမယ်။
(၃)
အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်။
(၄)
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အရုပ်အလတ်အမြတ်မရွေး တန်းတူညီ မျှမှု ရှိစေရမယ်။
(၅)
လူနည်းစုကို အကာအကွယ် ပြုစေရမယ်။
(၆)
ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊
အချုပ်အခြာစိုးမိုးအုပ်ချုပ်ရေးဆိုတာ
ကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရှိစေရမယ်။
(၇) ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ဘောင်တန်းလိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့ နိုင်ငံရေးတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမယ်
ဆိုတဲ့ အဓိက အခြေခံ (၇) ချက်ဖြစ်ပါတယ်။
ဒီအခြေခံများကို
အုတ်မြစ်ချပြီးနောက် ပြည်ထောင်စုသမတမြန်မာနိုင်ငံ
တော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
ရေးဆွဲကြရန် ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ပြသတဲ့အကြောင်း ကိုယ်စားလှယ်တော်များအားလုံး
အသိဖြစ်ပါတယ်။
ဒီအချိန်အခါမှာ
နိုင်ငံရေးအခြေအနေတွေက
ရှုတ်ထွေးပြီး ဗိုလ်ချုပ်အောင် ဆန်းနဲ့တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက်
တပြည်လုံးယူကြုံးမရ ဝမ်းနည်းကြေကွဲဖြစ်နေရတဲ့အချိန်ဖြစ်တော့
လွတ်လပ်ရေး အတွက်ကြိုးပမ်းမှုမှာ စိတ်မချမ်းမသာစရာတွေဖြစ်လာတာကြောင့်မို့၊
ကိုယ့်တိုင်း ပြည်ရဲ့ အခြေကို တိုင်းတပါးက ဝင်ရောက်မစွက်ဖက်နိုင်အောင်၊
ကာကွယ်ကြရမှာ ဘဲဆိုပြီး ခပ်မြန်မြန်နဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ
အခြေခံဥပဒေကို အငြင်းပွား မှု မထားဘဲ အလျင်စလိုလက်ခံလိုက်ခြင်း
ဖြစ်ပါတယ်။ ပင်လုံညီလာခံကြီးက အစပြုပြီး အဆင့်ဆင့်တောင်းဆိုလာကြလို့ လွတ်လပ်ရေးတော့
လက်ဝယ်ရရှိပြီး ပါပြီ၊ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ပင်လုံညီလာခံကြီးရဲ့
အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ချမှတ်ပေးလိုက်တဲ့ လမ်းညွန်နဲ့ ကိုက်ညီတယ် မကိုက်ညီဘူးဆိုတာတွေကို
ကျွန်တော်တို့လျှောက်လာ ခဲ့တဲ့ (၁၄) နှစ်ကျော် ကျော်ခရီးအပေါ်ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်လို့
ယုံကြည်ပါတယ်။
ဒါကြောင့်
ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ပြည်နယ်များရဲ့ လက်ရှိခံစား နေရတဲ့ အခြေအနေတွေကို ယေဘူယျသဘောအားဖြင့်
အကျဉ်းချုပ်တင်ပြပါ ရစေ။ ပြည်နယ်များ၏ လက်ရှိအခြေအနေကို ကျွန်တော်တို့က တင်ပြမှသာ နှီးနှောဖလှယ်ပွဲကို
တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များအားလုံးဟာ ပိုမိုပြည့်စုံစွာ စဉ်းစားဝေဖန်နိုင်လိမ့်မယ်လို့
ယူဆပါတယ်။
ပြည်နယ်များနဲ့
ပြည်နယ်မရရှိသေးတဲ့ လူမျိုးစုဆွေမျိုးရင်းခြာများဟာ လွတ် လပ်ရေးရရှိပြီးတဲ့နောက် ဒီဘက်ကာလမှာ
မိမိကံကြမ္မာကို မိမိတို့ဖန်တီးရမယ် ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပြည့်ပြည့်ဝဝမခံစားရသေးကြောင်း
တွေ့ရှိကြရပါ တယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော့်အပေါ်ဘယ်လိုမှ အထင်မလွဲစေချင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်နယ်များကိုယ်စား ရိုးရိုးသားသား အနေနဲ့ ပြည်နယ်တွေ
ခံစားနေရတာဟာဖြင့် ဘာတွေလည်းဆိုတာ ဖေါ်ပြတာ ဘဲ ဖြစ်ပါတယ်။
ပြည်နယ်တွေအားလုံး
ယုံကြည်ကိုးစားခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးရတော့ မယ်၊ လွတ်လပ်ရေးရပြီးရင်ဖြင့် ဒို့တတွေဟာ
မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက် သောပြည်နယ်များဖြစ်လာအောင် လုပ်နိုင်တော့မယ်၊
တိုးတက်တဲ့ပြည်နယ်တွေ ပေါင်းထားတဲ့ ပြည်ထောင်စုဖြစ်လာတော့မယ်။ ဆိုတာတွေဟာ ကျွန်တော်တို့
ပြည်နယ်သားတွေ၊ လူမျိုးစုများအားလုံး အားလုံးတွေရဲ့ ဝမ်းထဲကိန်းအောင်းပြီး အမျှော်လင့်ကြီး
မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့်
လွတ်လပ်ရေးခေတ် (၁၄) နှစ်ခရီး၊ ပြည်မက နောင်တော်တွေနဲ့ လက်တွေ့လျှောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့
မျှော်လင့်ချက်တွေ၊ ကျွန်တော် တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အပြည့်အဝမရှိမှန်း
သိလာခဲ့ရပါတယ်။ ကျွန် တော်တို့ တိုးတက်ဖွံ့ဖြိုးရေးကို အစွမ်းကုန် ကျွန်တော်တို့မလုပ်ဆောင်နိုင်သေး
ကြောင်း သိသာခံစားနေရပါတယ်။ ဒီလိုမွေးဖွားရာ ဗီဇပါလာတဲ့ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်
အခွင့်အရေးအပြည့်အဝမခံစားလာရတော့၊ ကျွန်တော်တို့ ပြည် ထောင်စုကြီးဟာ ကျွန်တော်တို့ ပြည်နယ်များအပေါ်ကိုယ်စားပြုလာတာ
မဟုတ် တော့ဘဲ၊ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိကကိုယ်စားပြုလာတာ တွေ့မြင်လာကြရပါတယ်။
ပြည်နယ်များကတော့
ပြည်မနဲ့ ညီမျှမှုမရှိခဲ့တဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့၊
တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလို ဘာ ကြောင့်ဖြစ်ခဲ့သလဲဆိုရင် ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ ပြည် နယ်ရသင့်ရထိုက်တဲ့ လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး၊ ရှမ်းပြည် နယ်လူထုအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်လူထုအတွက် ကယားပြည်နယ် ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တနယ်ဖွဲ့စည်းပြီးတော့
တန်းတူ ညီတူ အခြေခံအပေါ်ဖွဲ့စည်းထားခြင်း
မရှိလို့ဘဲလို့ဆိုတာ သက်သေပြနေပါတယ်။ ပင်လုံညီလာခံရဲ့ အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွန်ချက်များကို အဓိကထားပြီး တန်းတူညီတူဖွဲ့စည်း စုပေါင်းရန် အကောင်အထည်ဖော်လာကြ ရင်း ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များ အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရဘဲ ဖြစ်ရမှာပါဘဲ။
အခုတော့
ပြည်မလူထုအတွက် ပြည်နယ်တနယ်ဖွဲ့စည်းရေးကို မကြိုးစားဘဲ ပြည်မအဖြစ်ဆိုပြီးထားလေတော့
ပြည်မရဲ့အခွင့်အာဏာနဲ့
ပြည်ထောင်စုအာ ဏာ ရောထွေးစုပေါင်းပြီး စိုးမိုးအုပ်ချုပ်လာတော့ကာ ပြည်ထောင်စုအဖြစ်က လျော့ကျလာပြီး တပြည်ထောင်စိုးမိုးမှုစနစ်သို့
တရွေ့ရွေ့ ကူးပြောင်းလာတာ တွေ့ရှိရပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျွန်တော်တို့ပြည်နယ် များဟာ တနေ့တခြားတာဝန်ရှိတဲ့ ပြည်မက ပြည်မအစိုးရအပေါ်မှာ သံသယရှိ လာပါတယ်။ ဒီသံသယတွေဟာ ထုနဲ့ထည်နဲ့ ဝင်ဝင်လာလို့ ကနေ့ပြည်နယ်များ ဟာ ပြည်မအပေါ် မကျေမနပ်ဖြစ်တဲ့အကြောင်း
ထုတ်ဖော်လာကြရပါတယ်။ ကနေ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ ပြည်နယ်များရဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်နိုင်မယ့် ပုံစံမျိုး၊ ညီမျှသော ပြည်ထောင်စု စနစ်မျိုး မဟုတ်ကြောင်းကိုလည်း တွေ့မြင်လာခဲ့ကြရပါတယ်။
အခုလို
ကျွန်တော်တင်ပြအစီရင်ခံလိုက်တော့
ပြည်မတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်များက ကျွန်တော့်အပေါ် တမျိုးမျိုး
ထင် ရောင်ထင်မှား ရှိချင်ရှိကြပါလိမ့်မည်။ ဒါပေမယ့် ကနေ့နှီးနှောဖလှယ်ပွဲမှာ မိသားစု စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်နယ်များပြဿနာကို အပြန်အလှန်ညှိ နှိုင်းဆွေးနွေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနှင့် ဆက်လက်တင်ပြပါရစေ။
(၂) လွှတ်တော် (၂)
ရပ် အာဏာတူပေးရေး၊
(၃)
လူမျိုးစုလွှတ်တော်သို့
ပြည်နယ်တိုင်း ပြည်နယ်တိုင်း တူညီသော ကိုယ် စားလှယ်ပေးရေး၊
(၄) ပြည်နယ်များက မိမိဆန္ဒအလျှောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေး၊
ဆိုတဲ့အချက်အပေါ်ပြည်နယ်များညီညွတ်ရေးအဖွဲ့ကတင်ပြထားတဲ့
ပြည်ထောင် စုစနစ်ပုံစံအတိုင်း အခြေခံဥပဒေမျိုးပြင်ဆင်စေခြင်းပါဘဲ။
လေးစားအပ်သော
သဘာပတိကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန် ကြီးများခင်ဗျား၊ ပြည်ထောင်စုကိုယ်စားလှယ်တော်များ၊
ပြည်မနိုင်ငံရေးအဖွဲ့အ
စည်းခေါင်းဆောင်ကိုယ်စားလှယ်တော်များခင်ဗျား၊
ယခု ကျွန်တော်တင်ပြထား တဲ့ အဓိကအချက်ကြီး (၄) ချက်ဖြစ်တဲ့ —
(၁)
ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊
(၂) ပြည်နယ်များလက်ရှိအခြေအနေ၊
(၃) လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
(၄)
ပြည်ထောင်စုဖွဲ့စည်းရေး၊
(၁၄)
နှစ်ကျော်ကျော် ကြုံတွေ့ခံစားလာခဲ့ရတဲ့ ကျွန်တော်တို့ပြည်နယ်များ ရဲ့ အခြေအနေတွေကိုလည်း သိစေလိုပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား
တင်ပြခွင့်ရရှိတာကိုလည်း
အထူးဘဲကျေး ဇူးတင် ဝမ်းမြောက်လှပါတယ်။ အခု ကျွန်တော်တို့ရဲ့ တင်ပြချက်ဟာ လွတ်လပ် ရေး (၁၄) နှစ်တာ လမ်းခရီးရဲ့အတွေ့အကြုံများအရ
ဒီနေ့ ရော့ရဲနေတဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးကို ပြန်လည်ခိုင်မာစွာ တည်ဆောက်နိုင်ရန်အတွက် အထက်ပါ “မူ” အတိုင်း လုပ်ဆောင်နိုင်မှသာ ဖြစ်မြောက်အောင်မြင်လိမ့်မယ်
လို့ အလေးအနက်ယုံကြည်ပြီး တင်ပြရခြင်းဖြစ်ပါတယ်။
ဒါကြောင့်
အခုလို ကျွန်တော်များမိသားတစု မိသားစုစုံလင် နှီးနှောဖလှယ် ပွဲကြီးက ထမြောက်အကောင်အထည်ဖေါ်ပေးတဲ့
ဝန်ကြီးချုပ်ဦးနုကို အထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်း
ပြောပြရင်း ကျွန်တော်တို့ပြည်ထောင်စုကြီးရဲ့
ပြဿ နာများကိုလည်း အထူးဘဲဖြေရှင်းပေးနိုင်ကြပါရန်
တိုက်တွန်းနိုးဆော်မေတ္တာရပ်ခံ
၍ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲပါစေဟု
ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။
(ဩဘာသံများ)။
Comments
Post a Comment