အင်္ဂလိပ် လက်အောက်မှာ ကချင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့သလား

အင်္ဂလိပ် လက်အောက်မှာ ကချင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့သလား
▪️ ယခင်က ကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထော
က်များကို ခန့်ထားပေးသည်။ ( မြန်မာပြည်မတွင် တောအုပ် ၊ သစ်တောဝန်ထောက် ခန့်သကဲ့သို့ ဖြစ်သည်)




▪️ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓား၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။
▪️ ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များကို ပုဂံခေတ်မတိုင်မီကပင် ရှမ်းစော်ဘွားများက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ 
▪️ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များ ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏ အဓိကမြို့တော်ဖြစ်ခဲ့သည်။
▪️ သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် အထက်မြန်မာနိုင်ငံတစ်ခုလုံးကို Division တိုင်း (၄)ခု၊ District ခရိုင် (၁၇)စုဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သည်။ ထိုအထဲတွင် မြောက်ပိုင်းတိုင်းကြီး၏ District ခရိုင် (၅)ခု၌ ဗန်းမော် ခရိုင် ပါဝင်ကာ အရေးပိုင်ဟုခေါ်သော ဗြိတိသျှအရာရှိတစ်ဦးမှ အုပ်ချုပ်သည်။ 

▪️ အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ ၁၈၉၁ခုနှစ်တွင် ဗန်း​မော်ခရိုင် အ​ရေးပိုင်က မြစ်ကြီးနားမြို့ကို တည်​ဆောက်ခဲ့သည်။ ၁၈၉၅တွင် မြစ်ကြီးနားဒေသအား ဗန်းမော်ခရိုင်မှ ခွဲထုတ်၍ မြစ်ကြီးနားခရိုင်အဖြစ် တည်ထောင်ခဲ့ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ် ထူထောင်ကြသည်။ 
▪️ အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ်တွင် မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။ အင်္ဂလိပ်တို့က Kachin Hill Tribes Regulation " ကချင်တောင်တန်း လူမျိုးများ စည်းမျဉ်း" ပြဋ္ဌာန်းကာ " ပူတာအိုတောင်တန်းနယ်ခြား" ခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့သည်။ 

▪️ ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ...... " ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် " ... ပထမဦးဆုံးတောင်းခံခဲ့သည်။ မရခဲ့ပေ။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ် ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ▪️ ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။ စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ "အောင်ပွဲခံ မနော" (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ ရန်ကုန်ရှိ အင်္ဂလိပ် ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။ ထိုပွဲတွင်
ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ... " ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် " ..... ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် "... နင်တို့ ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် မြန်မာ ဗမာ)ကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။ ... "ဟု ပြောခဲ့သည်။ ▪️ တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ...... " ကချင်လွတ်လပ်ရေး" ... တောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။ ▪️ ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ " မြန်မာပြည်မနဲ့အတူ တောင်တန်းဒေသတွေက လွတ်လပ်ရေး လိုချင်သည်" .. ဟု တောင်းဆိုခဲ့ရာ အင်္ဂလန်အစိုးရမှ " ..ပြည်မနဲ့ တောင်တန်းသားတွေ သဘောတူ စာချုပ် ချုပ်ပြီးယူခဲ့" ... ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။ ▪️ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား "ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွား
မည်"ဟု ဆိုသည်။

▪️ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။ 

▪️ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက "....... တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေး Internal Administration တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။" .... ဟု မိန့်ခွန်းပြောဆိုခဲ့သည်။

ယင်း ပင်လုံစာချုပ် ကိုအခြေခံသည့် ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။ 





▪️ ၁၉၄၇ အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း "မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ကချင်ပြည်နယ် ဟုခေါ်ဆိုရမည်။" ဟု ရေးဖွဲ့ထားသည့်အတိုင်း ( ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေက ပြဌာန်းထားသော မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ ) တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ၁၀.၁.၁၉၄၈တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်ဟု သတ်မှတ်ကြသည်။


▪️ ၁၉၆၂နောက်ပိုင်းတွင် " နယ်ခြားဒေသစနစ်" ဖျက်သိမ်းပြီး ၈.၉.၁၉၆၅ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထဲရေးဌာန၏ အမိန့်စာတွင် ကချင်ပြည်နယ်ကို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို ခရိုင်များဖြင့် ဖွဲ့စည်းသည်။ ၂၀၀၄ခုနှစ်တွင် မြစ်ကြီးနားခရိုင်မှ မိုးညှင်း၊မိုးကောင်း ဖားကန့်တို့အား ခွဲထုတ်၍ မိုးညှင်းခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား