ဗိုလ်ချုပ်ပြောတဲ့ လူမှုရေး စီးပွါးရေး နိုင်ငံရေး တန်းတူရေး (တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့)

 သရေခေတ္တရာ မှာ စကားတွေ ချဲ့ကားပြီး ပြည်ပျက်ခဲ့တယ်။

▪️ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ "ကရင်တကျပ် ဗမာတကျပ်"။ ကိုလိုနီခေတ်မှာ မျက်နှာဖြူတွေက အခွင့်အရေး တမျိုး၊ မြန်မာတွေက အခွင့်အရေးတမျိုး ရှိတယ်။ ရထားစီးရင် သီးသန့်၊ ကလပ်တက်ရင် သီးသန့်၊ လစာရိက္ခာ မတူ။ ခံစားခွင့် မတူ။ ရာထူးရရှိရေး မတူ။ အခွန်မတူ။ ခွဲခြားထားတယ်။

ဒါကို ဗိုလ်ချုပ်က ကိုယ်တွေ့ခံစားခဲ့ရလို့ ၊ လွတ်လပ်ရေးရရင်ဖြင့် မင်းတို့ ကရင်တွေ ဗမာတွေ စားသလို စားရမယ်၊ ဗမာတွေ ရာထူးရသလို ရရမယ်၊ ဗမာတွေ အခွန်ဆောင်တဲ့ ပမာဏ အတိုင်းဆောင်ရမယ်။ ဗမာတွေကို ထောက်ပံ့ကြေး တ ကျပ်ပေးရင် ကရင်လည်း တကျပ်ရမယ်လို့ ဆိုလိုတယ်။

သခင်နဲ့ ကျွန်လို ခွဲခြားမှု မရှိ၊ တဦးက တဦးကို ကျွန်ပြုမှုမရှိ။ ကိုလိုနီမလုပ်။ မြန်မာ( ဗမာ) အမျိုးသားနဲ့ ကရင်အမျိုးသားဟာ "သခင်" တွေ ဖြစ်တယ်၊ လွတ်လပ်တယ် ဆိုတဲ့ နိုင်ငံရေး အဆင့်အတန်း တူညီတာကို ဆိုလိုတယ်။ အမျိုးသားအချင်းချင်း တန်းတူရေး ဖြစ်တယ်။

▪️ ဒါကို ကရင် တွေက မြန်မာစကား နားမလည်တာလား၊ နားလည်ရက်သားနဲ့ အထအန ကောက်ပြီး လိုရာစွဲတာလား မသိ။

"ကရင်ပြည်နယ် ချက်ချင်းပေး၊ ကရင် တကျပ် ဗမာတကျပ် ချက်ချင်းပြ" တဲ့။ ကရင်တွေက ရှမ်းတွေ ကချင်တွေလို မဟုတ်ဘူး။ အင်္ဂလိပ်စစ်ဗိုလ်တွေ၊ သာသနာပြုတွေ ၊ ကွန်ဆာဗေးတစ်တွေ ဂျင်းထည့်တဲ့ "အင်္ဂလိပ်က သီးခြားလွတ်လပ်ရေး မယ်တဲ့ " ဆိုတဲ့ ကောလဟာဠကို တကယ် ဟုတ်မဟုတ် လေဘာပါတီ အစိုးရကို အထိ တက်ပြီး ကရင်ပြည် တောင်းဆိုခဲ့တာ။ (မရခဲ့ဘူး။ )အခုလော်ဘီတွေ ပြောသလို ဗိုလ်ချုပ်က ၈ ပြည်နယ် သဘောတူတယ် ဆိုရင် အဲဒီထဲက ကရင်ပြည်နယ် ပေးပြီးပြီ။ (မပေးဘူး။ ) မပေးလို့ စောဘဦးကြီးက ဖဆပလက နုတ်ထွက်တာ။

( ဘာကြောင့် ဗိုလ်ချုပ်က မပေးသလဲ ဆိုတာ အကြောင်းရှိတယ်။ ဂျူဗလီဟော မိန့်ခွန်းမှာ လူမျိုးဆိုတာ ဘာလဲ၊ ပြည်နယ် ဖွဲ့တယ် ဆိုတာ ဘာလဲ ရှင်းပြတဲ့ မိန့်ခွန်းရှိတယ် )

▪️ ၈၈ မှာ တောခိုရင်း EAO တဖွဲ့မှာ ခိုလှုံနေရတဲ့ ကာတွန်းဟန်လေးက ဖ

ားလျားပြီး၊ လူမျိုးရေးပြဿနာ ကြီးထွားလာစေတဲ့ ကရင် တကျပ်၊ ဗမာတကျပ် ကာတွန်းကို ရေးဆွဲခဲ့တယ်။



သူက နေဝင်းတပ်ဟာ တိုင်းပြည် သယံဇာတကို တပ်ပိုင်၊ ဦးပိုင်၊ အဘပိုင် လုပ်နေတာကို ပြချင်တာ။ ရိုရိုး မပြပဲ၊ ဗမာတွေကို ဆွဲထည့်တယ်။ ဗမာတွေက ကျန် တရသ တွေဆီက ဖျံကျသလိုလို ရေးဆွဲထားတယ်။

ဒီကာတွန်းကဂယက်ထမယ် ထင်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် နဂိုထဲက အိပ်ရာဝင် ဗမာမုန်း ပုံပြင်တွေ၊ တရသ ဂျင်းသမိုင်းတွေနဲ့ ကြီးလာသူတွေက ဒါကို မြင်တာနဲ့ မစဉ်းစား မဆင်ခြင်ပဲ တခါထဲ စိတ်ထဲ စွဲမြဲသွားကြတယ်။

▪️ ဒီထက် ပိုဆိုးတာက CSO တွေ၊ စာတတ်ပေတတ်တွေက လူနည်းစု အခွင့်အရေး လှုပ်ရှား လုပ်စား ရင်း အရှိန်လွန်ပြီး အလွန်အကျွံ ဇာတ်နာပြကြတယ်။ မြန်မာ လော်ဘီတွေပါ မျက်ရည်ချုပွဲထဲ ဝင်ပြီး ကုန်းဆင်းကြတော့

နဂိုထဲက ငိုချင်ရက် လက်တို့ ဖြစ်နေတဲ့ တရသတွေက

ဗမာပြည်နယ် မဖွဲ့ရင် ၊ ဗိုလ်ချုပ်ပြောတဲ့ စကားကို ဆန့်ကျင်တယ်၊ တန်တူးရေး မရှိဘူး လို့ ဇွတ်အတင်း နိုင်ငံရေး အကြပ်ကိုင် လုပ်ကြတော့တယ်။

▪️ ဗိုလ်ချုပ် ပြောတဲ့ တန်းတူရေး ဆိုတာ ပြည်ထောင်စု အဝှမ်း ပြည်မ မြို့ရွာတွေမှာပါ ယှဉ်တွဲနေထိုင်ကြတဲ့ လူမျိုး အချင်းချင်းတန်းတူရေး၊ လူတန်းစား တန်းတူရေး ဖြစ်တယ်။

အရှိတရားနဲ့ မကိုက်ညီပဲ ဖိနပ်နဲ့ မတော်လို့ ဖနောင့်လှီးပြီး လူမျိုးစွဲ ပြည်နယ်တွေ ဖွဲ့ခိုင်းတဲ့ တန်းတူရေးမဟုတ်ဘူး။

ဗိုလ်ချုပ်ပြောတဲ့ တန်းတူရေး ကို သွားမယ် ဆိုရင် "  ပြည်သူ့ဒီမိုကရေစီ စနစ် "အထိ သွားရမယ်။

ဒီမိုကရေစီသစ် ရမှပဲ ဗိုလ်ချုပ်ပြောတဲ့ တန်းတူရေး ရှိတယ်

----

၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်းခဲ့တဲ့ “လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ နိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်”

(၄) ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည်၊ လူမှုရေးရာ၌ ၎င်း၊ စီးပွါးရေး၌၎င်း၊နိုင်ငံရေး၌၎င်း၊  တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေး နှင့် ဥပဒေသက်ရောက်မှုတို့တွင်ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်ပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့အပြင် 

----

 ဗိုလ်ချုပ် အောင်ဆန်း   "  (၄) ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ တိုင်းသူ ပြည်သား မှန်သမျှသည် လူမှု ရေးရာ၌ လည်းကောင်း၊ စီးပွား ရေးရာ၌ လည်းကောင်း၊ နိုင်ငံရေး၌ လည်းကောင်း တရား မျှတမှု ရှိစေလျက် သည်ကျွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ စီစဉ်တဲ့ အခါမှာ လူမှု ရေးရာ၌ လည်းကောင်း စီးပွား ရေးရာ၌ လည်းကောင်း နိုင်ငံရေး၌ လည်းကောင်း တရား မျှတမှု ရှိအောင် ဖန်တီး ထားရတယ်။ အဓိပ္ပာယ်က လူမှု ရေးရာ၌ တရား မျှတမှု ရှိစေရမည် ဆိုတဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ အလုပ်သမားနှင့် အလုပ်ရှင် ကိစ္စမျိုးတွေ၊ လယ်သမားနှင့် လယ်ရှင် ဆက်ဆံတဲ့ ကိစ္စမျိုးတွေ အစ ရှိသည် အားဖြင့် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံတဲ့ ကိစ္စမျိုးတွေ တယောက်နှင့် တယောက် တန်းတူ အခွင့်အရေး ရအောင် စီမံ ဖန်တီး ပေးထားဖို့ လိုတယ် ဆိုတဲ့ သဘောပါပဲ။

စီးပွားရေး၌ ဆိုလို့ ရှိလျှင် တဖက် စီနင်း အားဖြင့် လုပ်နိုင်တဲ့ အခြေအနေ တွေကို ဖယ်ရှင်း ပြီးတော့ စီးပွားရေး၌ အလုပ်တူလျှင် အဲသည် အတိုင်း အခွင့် အတူတူ ဖြစ်နိုင် သမျှ ဖြစ်အောင် ဆိုတဲ့ သဘောကို စီမံ ဖန်တီး ပေးထားရန် ဖြစ်ပါတယ်။ 

နိုင်ငံရေး မှာလည် တရား မျှတဖို့ လိုတယ်။ နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘယ်သူ ကတော့ဖြင့် မဲ မရထိုက်ဘူး၊ ဘယ်သူ ကတော့ဖြင့် မဲ ရထိုက်တယ် စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေ ရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လို ရာထူး မျိုးကို မရစေ ရဘူး၊ ဘယ်သူက သာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု တွေဟာ နိုင်ငံရေး တရား မျှတမှုကို ထိခိုက်တယ်။

အဲသည်တော့ နိုင်ငံရေးမှာ နိုင်ငံသူ နိုင်ငံသား ဖြစ်တဲ့ သူတိုင်း မိမိတို့ အရည်အချင်းကြောင့် အခွင့်အရေး ရသွား နိုင်ဖို့ ပါပဲ။ အားလုံး ရရင် အားလုံး ရဖို့ သည်သဘောမျိုးနှင့် တရား မျှတမှု ရှိရမယ်


 နောက် အဆင့်အတန်း (Equality of Status.) အဆင့်အတန်း မှာလည်း တူညီရမယ်။ အဆင့်အတန်းမှာ တူညီရမယ် ဆိုတဲ့ သဘော ကတော့ကာ သူဌေးရယ်၊ ဆင်းရဲသားရယ်၊ ဘာရယ် အစ ရှိသဖြင့် သည်လို ကွဲပြား ထားတာ မရှိဘဲနှင့် သူဌေးရယ် ဆင်းရဲသားရယ် ဆိုတာက ပစ္စည်း အခြေအနေ အလျောက် ရှိနေတုန်း ရှိပေမည်။ အဆင့်အတန်းမှာ ဆိုလို့ ရှိရင် တူညီ စေရမယ်။ အဆင့်အတန်းမှာ တူညီ စေရမယ် ဆိုတဲ့ သဘောသာ ကျွန်တော်တို့ နေရာမှာပဲ ဖြစ်ဖြစ် သူဌေး ဆိုရင်တော့ ဘယ်လို ပိုပြီးတော့ အခွင့်အရေး ရမယ်၊ ဆင်းရဲသား ဆိုရင်တော့ ဘယ်လို မရဘူး စသည်ဖြင့် သည်လို မရှိစေ ရဘဲနှင့် အဆင့်အတန်းတွင် အားလုံး ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တူညီ စေရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

နောက် အခွင့်အရေး (Equality of opportunity) အခွင့်အရေ မှာလည်း တန်းတူ ရမယ် ဆိုတဲ့ အဓိပ္ပာယ်က ပညာ သင်ကြား ကြတဲ့ နေရာမှာ ဥပမာ ဆိုရင် ဉာဏ် အရည်အချင်းချင်း အတူတူ ဖြစ်လို့ ရှိလျှင် ဉာဏ်ရှိ သလောက် သူ့ပညာ အလိုက် ရလို့ အခွင့်အရေး ဟာလည်း ရှိသင့်တယ် ဆိုတဲ့ သဘောမျိုးပဲ။ ဆင်းရဲတဲ့ သူတော့ ဆင်းရဲတယ် ဆိုလို့ အခွင့်အရေး မရဘူး၊ ချမ်းသာတဲ့ သူသာလျှင် အခွင့်အရေး ရမယ် ဆိုတဲ့ သည်လို သဘောမျိုး မဟုတ်ဘဲနှင့် အားလုံး အခွင့်အရေးမှာ (Opportunity) အခွင့်အရေး ပေးတဲ့ နေရာမှာ ယူတတ်လျှင် ယူတတ်တဲ့ လူမှန်သမျှ အချုပ်အချယ် မရှိဘဲနှင့် ယူနိုင်တဲ့ အခွင့်အရေး ရှိရမည် ဆိုတဲ့ သဘော တရားသာ ဖြစ်ပါတယ်။ "

နောက် ဥပဒေ သက်ရောက်မှု (Before the Law) ဥပေဒ သက်ရောက်မှုမှာ တူညီရမယ် ဆိုတဲ့ သဘော ကတော့ ဥပဒေ ရှေ့မှောက်၌ ဘယ်သူမဆို သမ္မတပဲ ဖြစ်ဖြစ်၊ တောသားပဲ ဖြစ်ဖြစ်၊ ဥပေဒ စည်းကမ်းကို ဖောက်ဖျက်လို့ ရှိလျှင် ဖောက်ဖျက်တဲ့ အလျောက် အပြစ်ဒဏ် ခံရလိမ့်မည်။ ကောင်းတာကို လုပ်လို့ ရှိရင်လဲ ကောင်းတဲ့ အလျောက် ဥပဒေရဲ့ ချီးမြှင့်ခြင်း ခံရမယ်။ သည်လို ဥပဒေ ရှေ့မှောက်မှာ ဆိုလျှင် ဘယ်သူ မဆို (မင်း) ဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ် ၊ သူဌေး ဖြစ်ဖြစ် အားလုံးဟာ တန်းတူ ဖြစ်ရမယ် ဆိုတဲ့ သဘောပဲ။

အဲသည်လို လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်ကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရား မျှတမှု ရှိစေလျက် အခွင့်အရေး ဥပဒေ သက်ရောက်မှု တို့တွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တူညီ စေရမည့်ပြင် တရား ဥပဒေ နှင့်သော် လည်းကောင်း၊ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာသော် လည်းကောင်း မဆန့်ကျင် သမျှ လွတ်လပ်စွာ ကြံစည် ပိုင်ခွင့်၊ ထုတ်ဖော် ပြောဆို ပိုင်ခွင့်၊ ယုံကြည် ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ် ပိုင်ခွင့်၊ ဝတ်ပြု ပိုင်ခွင့်၊ ပရိယေသန ရှာမှီး ပိုင်ခွင့်၊ စည်းရုံး ပိုင်ခွင့် ပြုမူ ဆောင်ရွက် ပိုင်ခွင့်တို့ ရရှိ တည်မြဲ စေရန် အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိ စေရမည်။

ဒါကတော့ ကျွန်တော်တို့ ပြည်သူ့ လွတ်လပ်ရေး ပါရမည် ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ သည်အထဲမှာ အကျဉ်းရုံးပြီး လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော် ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ် ပိုင်ခွင့်၊ ဝတ်ပြု ပိုင်ခွင့်၊ ပရိယေသန ရှာမှီး ပိုင်ခွင့်၊ စည်းရုံး ပိုင်ခွင့်၊ ပြုမူ ဆောင်ရွက် ပိုင်ခွင့်လို့ ဆိုထား ပါတယ်။ နောက် ကျွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ ဆောင်ရွက် ပိုင်ခွင့်လို့ ဆိုထား ပါတယ်။ 

နောက် ကျွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ အခါ ကျလျှင် သည်ထက် ပိုပြီးတော့ ကျကျနန ရှင်းရှင်းလင်းလင်း ကျွန်တော် ရေးရ ပါလိမ့်မယ်။ အဲသည် အခါ ကျလျှင် ဥပဒေ သဘော ရေးဆွဲ ရှိပါ လိမ့်မယ်။ သည်တော့မှ အကျဉ်းမျှနှင့် ဘယ်လို အခွင့်အရေး မျိုးတွေနှင့် လူတိုင်း လူတိုင်း ရှိထိုက်တဲ့ အခွင့်အရေး မျိုးတွေလဲ ပေးထား ရမယ် ဆိုပြီးတော့ ညွှန်ကြားခြင်းမျှ ဖြစ်ပါတယ်။

အဲဒီလို ညွှန်ကြားတဲ့ နေရာမှ သည်လို လွတ်လပ်မှု တွေကို ပေးတဲ့ နေရာမှာ (Subject to law and public morality) တရား ဥပဒေနှင့် သော်လည်းကောင်း၊ အများ ပြည်သူ တို့၏ စောင်းစည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင် သမျှ ကျွန်တော်တို့ နောက်ကျလို့ ရှိရင် တိုင်းပြည်က လူတွေက တင်မြှောက် လိုက်တဲ့ လွှတ်တော်တို့ အဲသည် လွှတ်တော်က လုပ်ထားတဲ့ ဥပဒေ၊ နောက်ပြီးတော့ ဥပဒေ မလုပ် ပေမယ့် ကျွန်တော်တို့ လူ့ထုံးစံမှာ မလုပ်အပ်တဲ့ သဘောတရားတွေ ရှိသေးတယ်။ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင် သမျှ ဥပမာ ဆိုလို့ ရှိရင် လွတ်လပ်ရေး ရပြီး ဆိုတော့ လွတ်လပ်စွာ ပြုမူ ဆောင်ရွက် ပိုင်ခွင့် ရှိတယ် ဆိုပြီးတော့ လူတယောက် ကနေပြီး ကိုယ်တုံးလုံးနှင့် လမ်းမမှာ သူရှောက်ပြီးတော့ ပြေးချင်တိုင်း ပြေးလို့ မဖြစ်နိုင်ဘူး ဆိုတာဟာ အများ ပြည်သူတို့ စောင့်စည်းအပ်တဲ့ အကျင့် သိက္ခာနှင့် ဆန့်ကျင် နေတယ်။

အမှန် ကတော့ သည်လို သတ်မှတ် ထားတာ မရှိဘူး ဆိုရင် ပြုမူ ဆောင်ရွက် ပိုင်ခွင့် အတိုင်း ဆိုလျှင် ကျွန်တော်တို့ ကြည့်နေ ရမယ်။ ဘာဖြစ် လို့လဲ ဆိုရင် ဘယ်သူ့မှလဲ သွားမထိခိုက်ဘူး။ သူ့ဟာသူ လွတ်လွတ်လပ်လပ်နှင့် ပြုမူ ဆောင်ရွက် ပိုင်ခွင့် အတိုင်း လုပ်တာ ဖြစ်နေတယ်။ သည်လို ဟာမျိုးမှာ အဲသည်လို တရား လွန်လာတဲ့ ကိစ္စမျိုးတွေ ကျတော့ အများ ပြည်သူတို့စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် ဆန့်ကျင်လျှင် ကျွန်တော်တို့ စဉ်းစား ကြည့်ရမယ်။

အဲဒါ ဆန့်ကျင် တယ်လို့ ရှိရင် သည်လို နေရာမျိုးမှာ လွတ်လပ်မှု ဆိုတိုင်း အကယ် လွတ်လပ်မှု မခေါ်နိုင်ဘူး၊ လွတ်လပ်မှုဟာ အမှန်စင်စစ် စည်းကမ်း ရှိမှ လွတ်လပ်မှု ဖြစ်နိုင် တယ်လို့ ကျွန်တော် ယူဆတယ်။

အဲသည်လို စည်းကမ်း သတ်မှတ် ပြီးတော့ လူတိုင်း လွတ်လပ်မှု တွေကို သတ်မှတ် ပေးပါ ဆိုပြီးတော့ သည်အဆိုမှာ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ "  ( ဗိုလ်ချုပ် အောင်ဆန်း )









Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း