ရှမ်းပြည်နယ်

 ရှမ်းပြည်နယ်၏ အစောပိုင်းသမိုင်းသည် မြန်မာနိုင်ငံအစောပိုင်း သမိုင်းကဲ့သို့ ပုံပြင်ဒဏ္ဍာရီဆန်ကာ နတ်၊ နဂါး၊ ကျားများပါ ပါဝင် ရောနှောနေသည်။ယင်းသို့ ဒဏ္ဍာရီဆန် သော အချက်အလက်များကို ချန်လှပ်၍ မြန်မာရာဇဝင်သမိုင်းများ ကုန်းဘောင်သီပေါ ရာဇဝင်များအရ ဖော်ပြရလျှင် ရှမ်းပြည်ထောင်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကရာဇ်မင်းဟု ဆိုလေသည်။ ထိုကြောင့် "ရှမ်းမင်းအစ၊ ဘိန္နက" ဟုပင် ရေးသားခဲ့ကြ လေသည်။

ထိုရာဇဝင်အရ တကောင်းမင်း အဘိရာဇာ၏ အဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာလာပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက် မလယ်အရပ်၌ စံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသော ဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကို ခေါင်းဆောင်သော ထိုမင်း၏ ညီတော် ဘိန္နာကရာဇ်သည် ရွှေလီမြစ်အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာ ဘက်ကမ်းတွင် မိုင်းမေ ာဟု ခေါ်တွင်သောဒေသ၌ အခြေချကာ ရှမ်းတစ်ဆဲ့ကိုးခရိုင်ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ၊ မိုင်းမောက" ဟုလည်း ဆိုရိုးပြုခဲ့ကြလေသည်။

သမိုင်းသုတေသီများ အထောက်အထား အခိုင်အလုံတွေ့ရသော ပဓာနအချက်အလက်များနှင့် ညီညွတ်သည့် အဆိုများအရမူ ရှမ်းလူမျိုးတို့သည် နန်ချောင် (နန်းကျောက်) ပြည်ကြီးမတည်ဆောက်မီ ခရစ်နှစ် တစ်ရာစု အစပိုင်းလောက်မှ စတင်၍ တရုတ်နိုင်ငံတောင်ပိုင်းဒေသများမှ တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်ဒေသများသို့ တရွေ့ရွေ့ရွေ့ပြောင်း လာခဲ့ရာ နန်ချောင်ပြည်ကြီး စည်ပင်ဖွံ့ဖြိုးနေသည့် ခုနစ် ရာစု လောက်တွင် မိုင်းမောဒေသမှ စတင်၍ ရှမ်းပြည်ထောင်များကို တစ်စတစ်စ တိုးချဲ့တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။

ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်မတိုင်မီအထိ မိုင်းမောသည် နန်ချောင်အား ပဏ္ဏာဆက်သနေခဲ့ရသည်။ အနော်ရထာမင်းသည် နန်ချောင်၏မြို့တော် ယခု ယူနန်ပြည်နယ်ရှိ တာလီဖူသို့အရောက် ရဲမက် စစ်သည် အလုံးအရင်းနှင့် ချီတက်လာသောအခါ နန်ချောင်ပြည့်ရှင်သည် မြန်မာမင်းအား ခန့်ညားခဲ့ရသည်။ ထိုကြောင့် အပြန်ခရီးတွင် မိုင်းမောပြည့်ရှင်သည်လည်း အနော်ရထာမင်းအား သမီးတော် စောမွန်လှကို ဆက်သပြီးလျှင် ခန့်ညားဝပ်စင်းခဲ့လေသည်။

အနော်ရထာမင်း၏ လက်ထက်မှစ၍ စည်ပင်တိုးတက်လာသော ပုဂံပြည်သည် ခရစ်နှစ် ၁၃ ရာစု အလယ်ပိုင်းတွင် တိုင်းပြည်အား အုပ်ချုပ်မင်းလုပ်ကြသော ကျစွာမင်း၊ ဥဇနာမင်း၊ နရသီဟပတေ့မင်းတို့၏ လက်ထက်၌ ထိုမင်းတို့ အရည်အချင်းညံ့သဖြင့် ပုဂံပြည်ကြီး ယိမ်းယိုင်လာလေသည်။ ထိုအခါ မော ရှမ်းမင်းတို့သည် မြန်မာမင်းတို့အား မခန့်မညားတော့ချေ။ မြန်မာမင်းက မြို့စားရွာစား ခန့်ထားသော စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းစား ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံပြည်၏ နိုင်ငံရေးအင်အားကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့နှင့် ယင်းတို့၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ လွှမ်းမိုးကြီး စိုးနေခဲ့ကြလေသည်။

တောင်ပိုင်း ရှမ်းပြည်နယ်ဟု ယခုခေါ်ဆိုကြသော ရှမ်းနယ် များသို့ ရှမ်းလူမျိုးများ မပျံ့နှံ့လာမီက ထိုဒေသများ၏ မူလ တိုင်းရင်းသားများသည် ကရင်အနွယ်များဟု ယူဆကြရ၍ ဝ၊ ပလောင်၊ ယင်းသုံးမျိုး (ယင်းနက်၊ ယင်းဆက်၊ ယင်းကျား)၊ တောင်သူနှင့် ပဒေါင်လူမျိုးစုများလည်း ရှိနေသည်။ ထိုနယ်များ ၏ အစောပိုင်း သမိုင်းတွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စကြာဖြင့် တိုင်းခမ်းလှည့်လည်စဉ်က အကြောင်းများလည်း ပါရှိ၍ မြန်မာနိုင်ငံအစောပိုင်း သမိုင်းနှင့် ဒွေးရောယှက်တင် ရှိနေခဲ့လေသည်။ အသေအချာ လေ့လာစိစစ်သည့်အခါ အထက်မြန်မာနိုင်ငံ၌ မောရှမ်းဆက်များ ဖြစ်ကြသော မိုး ကောင်း၊ မိုးညှင်း၊ ကလေးစားတို့ လွှမ်းမိုးနေစဉ် သမယမှ စတင်၍ မြောက်ပိုင်းနယ်များမှ စော်ဘွားအဆက်အနွယ်များကို ပင့် ခေါ်ပြီးလျှင် တောင်ပိုင်းနယ်များ၌ စိုးမိုးစေခဲ့သည်ဟု ယူဆရလေသည်။

မြေလပ်နယ်များရှိ လူမျိုးများဖြစ်ကြသော အင်းသား၊ ဓနု၊ တောင်သူ၊ တောင်ရိုးတို့သည် ထိုဒေသ၏ မူလတိုင်းရင်းသား များ မဟုတ်ချေ။ ယင်းတို့သည် မြန်မာအစုဝင် လူမျိုးများ ဖြစ်ကြပြီးလျှင် အခြားဒေသမှ ကြောင်းကြောင်းတို့ကြောင့် ထိုဒေသများသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။ သို့သော် မြေလပ်နယ်များသည် ပထဝီဝင်အရ ရှမ်းနယ်များနှင့် ပို၍နီးစပ်သဖြင့် မြန်မာတို့သည် ယင်းနယ်များအား ရှမ်းနယ်များကဲ့သို့ ယူဆ ဆက်ဆံခဲ့လေသည်။ မြေလပ်နယ်များမှ မြန်မာများကို ငွေပဏ္ဏာ ဆက်သွင်းရသဖြင့် ထိုနယ်ရှင်များအား ငွေခွန်မှူးများဟု ခေါ်ဆိုကြလေသည်။ 

စစ်ကိုင်း၊ ပင်းယတို့၌ မင်းပြုစိုးမိုးနေခဲ့ကြသော ရှမ်းညီနောင် သုံးဦးတို့၏အဆက်အနွယ်များသည် နောင်အခါ အချင်းချင်း မညီညွတ်သဖြင့် ပင်းယမင်းသည် စစ်ကိုင်းကို တိုက်ရန် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဖျားတွင် အင်အားကြီးမားလျက် ရှိသော မောရှမ်းတို့ကို ဖိတ်ခေါ်သည်။ မောရှမ်းတို့သည် စစ်ကိုင်းကို သာမက ပင်းယကိုပါ တိုက်သဖြင့် နှစ်မြို့လုံးပျက်ရလေသည်။ ၁၃၆၄ ခုနှစ်တွင် စစ်ကိုင်းနှင့် ပင်းယပျက်ပြီးနောက်၌ စစ်ကိုင်းမင်း အသင်္ခယာစောယွန်း၏ မြေးတော်သတိုးမင်းဖျားသည် စစ်ကိုင်းနှင့် ပင်းယကို သိမ်းယူ၍ အင်းဝကို တည်ကာ မင်းပြုသည်။ ထိုမင်းလက်ထက်နှင့် ထိုမင်းအားဆက်ခံသော မင်းကြီးစွာစော်ကဲ၏လက်ထက်တွင် မောရှမ်းတို့ နောက်ထပ်တိုက်ခိုက်လာခြင်းကို ဟန့်တားနိုင်ခဲ့သော်လည်းနောက် ဆက်ခံသော မင်းများလက်ထက်တွင်မူ ရှမ်းမင်းတို့ သည် အင်းဝကို ရံဖန်ရံခါ တိုက်လာသည်။ တရုတ်နိုင်ငံ ကိုလည်း သွားရောက်ထိပါးသည်။ အချင်းချင်းလည်း တိုက်ခိုက်ကြလေသည်။

တောင်ငူခေတ်တွင် မြန်မာတို့ ပြန်၍ အင်အားတောင့်လာသည်။ ထိုအချိန်၌ အင်းဝတွင် ရှမ်းမင်း ခုံမှိုင်းငယ် (ခွန်မိုင်းငယ်) စိုးစံနေသည်။ မြန်မာတို့သည် ရှမ်းတို့၏ စိုးမိုးမှုကို တွန်းလှန်ရန် ကြိုးပမ်းလာသည်။ မြန်မာသက္ကရာဇ် ၉ဝ၆ ခုနှစ် (ခရစ် ၁၅၄၄ ခုနှစ်) တွင် တောင်ငူဘုရင် တပင်ရွှေထီးနှင့် ယောက်ဖတော် ဘုရင့်နောင်တို့ ခေါင်းဆောင်သော မွန်-မြန်မာများနှင့် သီပေါစော်ဘွား၊ အင်းဝခုံမှိုင်းငယ်၊ ဗန်းမော်စော်ဘွား၊ မိုးညှင်း စော်ဘွားတို့၏ တပ်များသည် ပြည်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ စော်ဘွားတို့ အရေးနိမ့်ကြလေသည်။

တပင်ရွှေထီးလွန်သောအခါ ဘုရင့်နောင်သည် ဟံသာဝတီ ထီးနန်းကို ဆက်ခံ၍ အင်းဝကို တိုက်ခိုက် အောင်နိုင်ပြီးသည့် နောက်တွင် မြန်မာသက္ကရာဇ် ၉၁၉ ခုနှစ် (ခရစ် ၁၅၅၅-၅၆) မှ စတင်ပြီးလျှင် မြောက်ပိုင်း ရှမ်းပြည်ထောင်တို့ကို သိမ်းသွင်းခဲ့ရာ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသော စော်ဘွားတို့သည် မြန်မာမင်း၏ သစ္စာကို ခံယူကြရသည်။ ထိုနယ်တို့နှင့် အင်းဝကို တရုတ် အစိုးရက မိမိတို့လက်အောက်ခံနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့သဖြင့် ထိုကဲ့သို့ ဘုရင့်နောင်က တိုက်ခိုက် သိမ်းသွင်းသော အခါ တရုတ်အစိုးရနှင့် အရေးပေါ်ခဲ့လေသည်။ ထိုကြောင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ် တောင်ပိုင်းသို့ တိုင်အောင် ချဉ်းနင်းတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့လေသည်။ 

နောက်တစ်နှစ်တွင် ဘုရင့်နောင်၏ တပ်တို့သည် သံလွင်မြစ် အနောက်ဘက်ရှိ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက် စသော စော်ဘွားနယ်များနှင့် ရွာငံ၊ စကား၊ လဲချား၊ သာမိုင်း ခမ်း စသော မြို့စားနယ်များကို သိမ်းသွင်းသည်။ နောက်နှစ်တွင် ဇင်းမယ်၊ လပုန်း၊ ဗြဲ၊ ကျိုင်းရဲနယ်တို့ကို တိုက်ခိုက်သိမ်းပိုက်သည်။

 ယင်းသို့ဖြင့် ခရစ်နှစ် ၁၅၅၆ မှသည် ၁၅၅၈ ခုနှစ်များ အတွင်း ဘုရင့်နောင်သည် မြန်မာနိုင်ငံမြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ဖြစ်သော ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်များ၊ ယိုးဒယားနိုင်ငံ မြောက်ပိုင်းနယ်များကို မြန်မာနိုင်ငံ တော်အတွင်းသို့ ပေါင်းစည်းနိုင်ခဲ့လေသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏လက်နက်နိုင်ငံတော်တွင် ပါဝင်သော ရှမ်းပြည်ထောင်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ယခုအခါ တရုတ်နယ်စပ်ဘက်သို့ ကျရောက်၍ ရှမ်းတရုတ် နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ စည်ခွင်ဟူသော မြောက်ရှမ်း ရှစ်ပြည်ထောင်၊ ထိုနယ်များတွင် ဘုရင့်နောင်၏ မြန်မာရဲမက်များ တည်ထားခဲ့သော စေတီပုထိုးများ အထင်အရှားရှိခဲ့သည်ဟု ရာဇဝင်များ၌ ဖော်ပြသည်။

မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မိုးနဲ၊ သိန္နီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ ကလေး (သောင်သွပ်) နယ်တို့ကို ရှမ်းကိုး စော်ဘွားနယ်များဟု သီးခြားထားပြီးလျှင် ထိုနယ်ရှင် စော်ဘွား များကို စော်ဘွားကြီးများ၏ အစီးအနင်း အဆောင်အရွက်ပေးသည်။ မြန်မာမင်းအဆက်ဆက်တို့ကလည်း ထီးရံ နန်းရံ လက်နက်နိုင်ငံ များအဖြစ် အသိအမှတ်ပြုလေသည်။ ယင်းတို့အပြင် မှန်နန်းရာဇဝင်၌ ဟံသာဝတီ ဆင်ဖြူများရှင်မင်း၏ လက်နက်နိုင်ငံတွင် ပါဝင်သော ပြည်များအဖြစ် အောက်ပါ ရှမ်းနယ်နှင့် ရှမ်းအနွယ် နယ်များကိုလည်း ဖော်ပြသည်။

(၁) ဗန်းမော်၊ (၂) မိုင်းလျဉ်း၊ (၃) မိုင်းကိုင်၊ (၄) မိုင်းပတ်၊ (၅) ရပ်စောက်၊ (၆) နောင်မွန်၊ (၇) ကျိုင်းတုံ၊ (၈) ကျိုင်းရုံး၊ (၉) ကျိုင်းသေဉ်၊ (၁ဝ) မိုင်းလုံခပင်း၊ (၁၁) ဇင်းမယ်၊ (၁၂) လင်းဇင်း၊ (၁၃) မိုင်းစံ၊ (၁၄) အကျော်၊ သို့ မဟုတ် ကျော်ပုဂံ၊ (၁၅) လဝိုက်၊ (၁၆) မျက်နှာမည်း၊ (၁၇) သောက္ကတဲ၊ (၁၈) ပိဿလောက်တို့အပြင် ကလေးနှင့်ကသည်း ဟုန်း ရှမ်းစော်ဘွားတို့၏ မဏိပူရကသည်းပြည်လည်း ပါဝင်လေသည်။

ဘုရင့်နောင်၏ သားတော် နန္ဒဘုရင်လက်ထက်တွင် လက်နက်နိုင်ငံတော် ပြိုအက်၍လာရာ ရှမ်းပြည် နယ်တို့လည်း သီးခြားခွဲထွက်ကြသည်။ သို့သော် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းလက်ထက်တွင် ရှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းနယ်များကို ပြန်လည် သိမ်းသွင်းခဲ့လေသည်။ ညောင်ရမ်းမင်း၏သားတော် အနောက်ဘက်လွန်မင်းနှင့် ထိုမင်း၏ညီတော် သာလွန်မင်းတို့၏ လက်ထက်လွန်ပြီးနောက်တွင် မြန်မာမင်းတို့ အရည်အချင်း ပျော့ညံ့လာသဖြင့် နိုင်ငံတော် ယိမ်းယိုင်လာသည်။ အင်းဝမြို့တွင် မင်းပြုသော ဟံသာဝတီရောက်မင်းဟုလည်း ခေါ်သည့် မဟာဓမ္မရာဇာမင်း လက်ထက်တွင် မွန်တို့အင်အား တောင့်လာ၍ အင်းဝကို တိုက်လာသဖြင့် အင်းဝပျက်သည်။ ထိုအခါ ရှမ်းပြည်နယ်များသည် အင်းဝ၏ဩဇာကို မခံတော့ပေ။ ဇင်းမယ်နယ်သည်လည်း သီးခြားခွဲထွက်လေသည်။ ယိုးဒယားနှင့် မဏိပူရတို့ လည်း မြန်မာနိုင်ငံတွင်းသို့ပင် ဝင်ရောက်တိုက်ခိုက် လုယက်ခြင်း ပြုလေသည်။ 

ယင်းသို့သော အပြိုပြိုအကွဲကွဲ ဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးအမည်ခံ ဦးအောင်ဇေယျသည် ပြန်လည်စုစည်းခဲ့ရာ ရှမ်းပြည်နယ်ကို ပြန်လည်တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။ ယင်းသည်မှစ၍ ကုန်းဘောင်ခေတ်အတွင်းတွင် ရှမ်းပြည်နယ်များ၏လှုပ်ရှားမှုသည် နည်းပါးသွားလေသည်။

 ကုန်းဘောင်ခေတ်အတွင်းမြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်က အင်းဝ ဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် လက်နက်နိုင်ငံတော်ကို တိုင်း ၁၆ တိုင်း ခွဲ၍ ပြထားရာ၌ ရှမ်းနယ်နှင့်ရှမ်းအနွယ်နယ်များကို ဤသို့ ပိုင်းခြား ဖော်ပြထားလေသည်။

၁။ တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက္ကတဲ စသော ၇၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂျွမ်း ယိုးဒယားတို့နေရာ ဒွာရဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (ယိုးဒယား)

၂။ ဗြဲ၊ အနန်း၊ ပရော၊ ကျိုင်းသေည်၊ လပုန်း စသော ၅၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ယွန်း လူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရီဘုဉ္စတိုင်း၊ (ဇင်းမယ်)

၃။ မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာဝရတိုင်း၊

၄။ မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း၊

၅။ မိုင်းလုံး၊ မိုင်းကွန်း၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံငယ် စသော ၁ဝဝ သော မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော လင်းဇင်းလူမျိုးတို့နေရာ စန္ဒပူရိ ဟူသော လဝရဋ္ဌတိုင်း၊ (လော နိုင်ငံ)

၆။ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္နီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ သုံးဆယ်ဟူသော မြို့ကြီး အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့နေရာ ဖြစ်သည့် ကမ္ဗောဇတိုင်း၊

၇။ မိုးတာ၊ မိုးစစ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီ၊ တက် ခေါင်၊ မိုင်းလုံဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ် သည့် ၃ဝ သော ရှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠဝီတိုင်း၊

၈။ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း စသောမြို့ကြီး ကိုးမြို့ဖြင့် တန်ဆာဆင်အပ်သော ရှမ်း တရုတ်လူမျိုးတို့နေရာ၊ မောကိုးခွင်ဟူသော မောရိယတိုင်း၊

၉။ ကတို၊ ဝိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဗန်းမော် ရှမ်းစော်ဘွားတို့နေရာဖြစ်သော စိန့်တိုင်း၊

၁ဝ။ မိုးကုတ်၊ ကျတ်ပြင်၊ ရေလျှံ စသော မြို့လတ်ရွာငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စို့သူကြီးတို့နေရာ ဖြစ်သော မဟိံသကတိုင်း၊

၁၁။ မွေးရည်၊ မည်ကယ်၊ ငစင်ကျယ်စသော မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ကသည်းကုလားဟုန်း စော်ဘွားတို့နေရာ ဖြစ်သော မဏိပူရတိုင်း၊

၁၂။ ကလေး၊ သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်းစသော ၂၇ မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်းဟူ၍ ဖြစ်ပေသည်။

မင်းတုန်းမင်းတရား နတ်ရွာစံပြီးနောက်တွင် ယခု တရုတ်နိုင်ငံအတွင်းရှိ ချေလီခေါ် ကျိုင်းရုံးကြီးနယ်၏ စော်ဘွားခန့် အပ်သည့်အရေးနှင့်စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားသည် စိတ်ဝမ်းကွဲပြားကာ မြန်မာဘုရင် သီပေါမင်းအား ထောင်ထားခြားနားသည်။ ထိုအရေးတွင် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက်စော်ဘွားတို့သည် ကျိုင်းတုံစော်ဘွားနှင့် တစ်စိတ်တစ်ဝမ်းတည်းပြု၍ ပါဝင်ကူညီကြသည်။ ထိုစော်ဘွားစုတို့သည် မင်းတုန်းမင်း၏ တူတော်တစ်ပါးဖြစ်သော လင်းပင်းမင်းသားအား နန်းတင်ရန် ရည်မှန်းခဲ့ကြသည်။ နောင်အခါ မြေလတ် နယ်အချို့ကလည်း ပူးပေါင်းပါဝင်သည်။ လင်းပင်အဖွဲ့သည် မိမိတို့နှင့် စိတ်ဝမ်း မညီသော ညောင်ရွှေကျေးသီး မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်ကြသည်။ မြန်မာတပ်များကလည်း ထောင်ထား ခြားနားမှုကို လိုက်လံနှိပ်ကွပ်သော်လည်း များစွာ အရေးမလှခဲ့ပေ။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်လိုက်လေသည်။

နောင်အခါ လင်းပင်းအဖွဲ့သည်လည်း အားနည်းလာ၍ လင်းပင်မင်းသားကိုယ်တိုင် အညံ့ခံရသည်။ ခရစ် ၁၈၈၇ ခုနှစ်တွင် သံလွင်မြစ်အနောက်ဘက်ရှိ စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြရသည်။ သံလွင်မြစ် အရှေ့ဘက်ရှိ နယ်တစ်နယ်ဖြစ်သော ကျိုင်းတုံသည် ၁၈၉ဝ ပြည့်နှစ်တွင်မှ လက်နက်ချလေသည်။

မောက်မယ်၊ မိုင်းပန်နှင့် ကရင်နီနယ်များနှင့် စပ်လျဉ်း၍ ယိုးဒယားအစိုးရနှင့် ပြဿနာများ ပေါ်သည်။ ၁၈၈၉-၉ဝ ပြည့်နှစ်တွင် အင်္ဂလိပ်နှင့် ယိုးဒယား နှစ်ဦးနှစ်ဘက် အဖွဲ့ဝင်များ ပါဝင်သော ကော်မီရှင်တစ်ခုကို ဖွဲ့စည်း၍ ထိုနယ်များ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ကာ ယိုးဒယားမပိုင်တော့သော အပိုင်းမှ ယိုးဒယား တပ်များကို ရုပ်သိမ်းစေသည်။ ၁၈၉၄-၄၅ ခုနှစ်တွင်လည်း ပြင်သစ်ပိုင် အင်ဒိုချိုင်းနားပြည်နှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကာ ကျိုင်းချိုင်းနယ်အား မဲခေါင်မြစ်ကို နယ်ခြားအဖြစ် ထားပြီးလျှင် မဲခေါင်မြစ်အနောက် ဘက်ကမ်းအပိုင်းကို ကျိုင်းတုံနယ်အတွင်းသို့ သွတ်သွင်း၍ အရှေ့ဘက် ကမ်းအပိုင်းကို အင်ဒိုချိုင်းနားအတွင်းသို့ သွတ်သွင်းသည်။ ကျိုင်းတုံနယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်များကို ၁၈၈၉-၉ဝ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေး ကော်မီရှင်က ပိုင်းခြားသတ်မှတ်ခဲ့လေသည်။

--- 

ရှမ်းပြည်နယ်များသည် မြန်မာမင်းတို့၏ သစ္စာတော်ခံနယ်များ ဖြစ်ခဲ့သော်လည်း အစောပိုင်းတွင် စံနစ်တကျ အုပ်ချုပ်ခြင်းကိုမူ မခံခဲ့ရပေ။ သို့သော် ရှမ်းနယ်များက မြန်မာမင်းတို့အား အခွန်ပဏ္ဏာများကိုမူ ဆက်သခဲ့ရရာ ဆက်သမြဲအခွန်ပဏ္ဏာ များကို ရွှေ၊ ငွေ၊ အသန့်သစ်စေး၊မြင်း၊ သိုး၊ ကတိုး၊အောင်း၊ ဖဲ၊ ဇာပယင်း၊ မော်ယော၊ ကတ္တီပါ မှိုင်းလုံး၊ ခဲမ၊ ဖယောင်း၊ ဆင်စွယ်၊ ကြေး၊ သံ၊ ကျောက်မျိုး၊ ထည်မျိုး၊ အုပ်မျိုးတို့အပြင်၊ သစ်သီး၊ ပန်းကံ့ကော်၊ သဇင်ပန်းမျိုးတို့ကိုလည်း အချို့နယ်များက ဆက်သကြရလေသည်။

သာလွန်မင်းတရားလက်ထက် ခရစ်နှစ် ၁၆၃၇ ခုတွင် နိုင်ငံတော်၏ လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်သီးနှံ၊ ပေးဆောင်ရသည့် အခွန်အတုတ်တို့ကို စစ်ဆေးမှတ်တမ်းတင်ရာ ရှမ်းနယ်များကလည်း စစ်တမ်းများ ပေးရသည်။ ကုန်းဘောင်မင်းဆက် မင်းများတွင် အလောင်းမင်း တရားလက်ထက်မှတစ်ပါး အခြားမင်းများလက်ထက်တွင်လည်း စစ်တမ်းများကို အရေးယူဆောင်ရွက်ကြလေသည်။ အမရပူရ ပထမမြို့တည် နန်းတည် မင်းတရားကြီး (ဘိုးတော်ဘုရား) လက်ထက်တွင် ရှမ်းနယ်များကို အုပ်ချုပ်ပုံမှာ ရှမ်းနယ်ကြီးများတွင် စော်ဘွားထားသည်။ နယ်လတ်များတွင် မြို့စား၊ နယ်ငယ်များတွင် ငွေခွန်မှူးများထားသည်။ မြန်မာနယ်ကြီးများကို အုပ်ချုပ်ရသော ဘုရင်ခံများနှင့် စော်ဘွားအလား တူသည်။ ရှမ်းမြို့စားနှင့် မြန်မာမြို့စား အလားတူလေသည်။ သီပေါမင်းလက်ထက်တွင် ရှမ်းနယ်များအတွက် တပ်ရုံး သုံးရုံးထား၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ရာ ထိုတပ်ရုံးများမှာ သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး မိုးဗြဲတပ်ရုံးဟူ၍ ဖြစ်သည်။ ထိုတပ်ရုံး သုံးရုံးပိုင်နယ်များတွင် စော်ဘွား၊ မြို့စား၊ မြို့ဝန်၊ မြို့အုပ်တို့အပေါ် မြန်မာအရာရှိကြီး သုံးဦးထား၍ အုပ်ချုပ်စေသည်။

ထိုအရာရှိကြီးများသည် စစ်ဗိုလ်များဖြစ်စေ၊ ဝန်ကြီး၊ ဝန်မှူး၊ ဝန်ထောက်ဖြစ်စေ၊ ယင်းတို့နှင့် အဆင့်အတန်းတူ အရာရှိများ ဖြစ်စေ ခန့်ထား၍ ခန့်ထားခံရသူသည် ဆိုင်ရာတပ်ရုံးသို့ သွားရောက်နေထိုင်ရသည်။ မြန်မာ လက်အောက်ခံ ရှမ်းနယ်များ အတော်ကလေးကျယ်သေးစဉ်က ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းသည်ကြီး၊ မိုင်းလျဉ်းကြီးများတွင် တပ်ရုံး၊ တပ်ဦးချုပ် သီးခြားထား၍ အုပ်ချုပ်ခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် မဲခေါင်မြစ် အရှေ့ဘက်ကို လက်လွတ်ရုံမက သံလွင်မြစ် အနောက်ဘက် ရှမ်းနယ်များတွင် တပ်ရုံးများ မထားတော့ချေ။ မန္တလေးမြို့တည် မင်းတုန်းမင်းတရားလက်ထက်တိုင်အောင် ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းချိုင်းနယ်တို့က သုံးနှစ် တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အခွန်ပဏ္ဏာများ ဆက်သမြဲဆက်သခဲ့သော်လည်း သီပေါမင်း လက်ထက်တွင်မူ မဆက်သတော့ချေ။

အထက်တွင် ဖော်ပြခဲ့သော တပ်ရုံးသုံးရုံးသည် မြန်မာမင်းဩဇာခံ ရှမ်းနယ်အားလုံးကို အုပ်ချုပ်ရသည်မဟုတ်ပေ။ တောင်ပိုင်၊ မိုးမိတ်၊ ဝန်းသို၊ သောင်သွပ်၊ကလေးမြို့များတွင် စော်ဘွားထားသော်လည်း ဦးတိုက်ထမ်းမှတ်သား၍ သီးခြားဆင့်ဆို အုပ်ချုပ်သည်။ စော်ဘွား၊ မထားတော့သော မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စသောမြို့များကို မြန်မာမြို့ရွာများတွင် အပါအဝင်ပြု၍ အဝေးမြို့ဝန်များ ခန့်ထားအုပ်ချုပ်လေသည်။

တပ်ရုံးများတွင် သွားရောက်နေထိုင် အုပ်ချုပ်ရသောမြန်မာ အရာရှိကြီးများကို စစ်ကဲတော်ကြီးဟု ခေါ်သည်။ ထိုစစ်ကဲတော်ကြီးများကို ဗိုလ်မှူးတစ်ဦးက တစ်ဖန် အုပ်ချုပ်ရသည်။ ထိုဗိုလ်မှူးများ အုပ်ချုပ်ရာတွင် မင်းညီမင်းသား ဝန်ထောက် များကို ခန့်ထားလေ့ရှိသဖြင့် ဗိုလ်မှူး မင်းသားဟု ခေါ်သည်။ ထိုဗိုလ်မှူး မင်းသားသည် အချက်အချာကျသော မိုးနဲမြို့တွင် ရုံးစိုက်လေသည်။ ဗိုလ်မှူးမင်းသားလက်အောက်တွင် တပ်သား ၁ဝဝဝ ခန့်ပါသော တပ်ရှိ၍ ထိုတပ်ကို စစ်ကဲတော်ကြီး၊ နားခံကြီး၊ ဗိုလ်ဓားရဲ စသော အရာရှိများက ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်ရလေသည်။ စော်ဘွားများလည်း ဓားပိုင်သည်ဖြစ်၍ အမိန့်တော်မခံဘဲ လူသတ်နိုင်သည်။ သို့သော် ဗိုလ်မှူးမင်းသားသည် စော်ဘွားများအထက်က ဖြစ်လေသည်။ စော်ဘွားဟူသည်မှာ ရှမ်းဘာသာဖြင့် 'စဝ်'နှင့် 'ဖ' ဟူသော စကားနှစ်လုံးပေါင်းစပ်ထားခြင်းမှ ဆင်းသက်လာသည်။ 'စဝ်' သည် ပိုင်ဆိုင်သူဟု အဓိပ္ပာယ်ရသည်။ 'စပ်' နှင့် 'ဖ'ကို ပေါင်းစပ်သောအခါ မိုးကောင်းကင်တမျှ မြင့်မြတ်သော ပိုင်ဆိုင်ခြင်း (ပိုင်ရှင်)ဟူ၍ အဓိပ္ပာယ်ဆောင်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ကောင်းကင်တမျှ ပိုင်ဆိုင်သူ (အရှင်)ဟူ၍ ဖြစ်ပေသည်။

မြန်မာမင်းများက စော်ဘွားများအား ပဒေသရာဇ်မင်းငယ်များ အနေနှင့် ခွင့်ပြုခဲ့သဖြင့် စော်ဘွားတို့သည် ပဒေသရာဇ် မင်းငယ်များ၏ အဆောင်အယောင် အစီးအနင်းများကို အသုံးပြုနိုင်ကြပြီးလျှင် ပဒေသရာဇ်မင်းငယ်များကဲ့သို့ ပြုမူနေထိုင်ခဲ့ကြသည်။ စော်ဘွားတို့သည် မိမိတို့၏ရိုက်ရာကို ဆက်ခံရန် သားတော်၊ ညီတော်၊ တူတော်များအနက်မှ သင့်လျော်ရာတစ်ဦးဦးကို ထီးရံနန်းရံအဖြစ် ရွေးချယ်ထား၍ ယင်းကို ကျမိုင်းဟု ခေါ်သည်။ 

ဗြိတိသျှအစိုးရလက်ထက်တွင်မူ ကျမိုင်းအဖြစ် ရွေးချယ်ထားသူကို ဝန်ရှင်တော်မင်းကြီးနှင့် ဘုရင်ခံတို့ သဘောတူညီချက် ရပြီးမှသာလျှင် ခန့်ထားနိုင်လေသည်။

မြန်မာနိုင်ငံသား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ရှမ်းနယ်များအား အိန္ဒိယပြည်နယ် အဖြစ် သိမ်းပိုက်ကြောင်း ဗြိတိသျှအစိုးရ ကျေညာသည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းနယ်များအား အောက်ပါအတိုင်း ပိုင်းခြား အုပ်ချုပ်သည်။

၁။ ရှမ်းပြည်မြောက်ပိုင်း (ရှမ်းပြည် ဥတ္တရတိုင်း ဝန်ရှင်တော်မင်းကြီး လက်အောက်ခံ)

၂။ ရှမ်းပြည်တောင်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်ဝန်နှင့် နိုင်ငံရေးအရာရှိ လက်အောက်ခံ)

၃။ မြေလပ်ပိုင်း (ဒက္ခိဏတိုင်း ဌာနချုပ်နှင့် နိုင်ငံရေး အရာရှိ လက်အောက်ခံ)ဟူ၍ ဖြစ်လေသည်။

၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းနယ်များကို ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်စေရန် ဘုရင်ခံချုပ်က ထုတ်ပြန်ကျေညာသည်။ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မြေလပ်ပဒေသရာဇ် ရှမ်းနယ်များဟူ၍ အောက်ပါအတိုင်း ခွဲခြားပြီးလျှင် နယ်၏အကျယ်အဝန်းကို လိုက်၍ စော်ဘွားမြို့စား၊ နယ်စားများအား အသီးအသီး အုပ်ချုပ်စေသည်။

မြောက်ပိုင်း၌ စော်ဘွားအုပ်ချုပ်သော နယ်များမှာ- (၁) သီပေါနယ် (၄) တောင်သိန္နီနယ် (၂) တောင်ပိုင်နယ် (၅) မိုးမိတ်နယ် (၃) မြောက်သိန္နီနယ် (၆) မိုင်းလွန်းနယ် တို့ဖြစ်ကြလေသည်။

တောင်ပိုင်း၌ စော်ဘွားနယ်များမှာ (၁) ကျိုင်းတုံနယ် (၇) မောက်မယ်နယ် (၂) မိုးနဲနယ် (၈) မိုင်းပန်နယ် (၃) ညောင်ရွှေနယ် (၉) မိုင်းပွန်နယ် (၄) မိုးဗြဲနယ် (၁ဝ) စံကားနယ် (၅) ရပ်စောက်နယ် (၁၁) မိုင်းကိုင်နယ် (၆) လဲချားနယ် တို့ ဖြစ်ကြသည်။

စော်ဘွားနယ်များမှာ နှစ်စားရှိသည်။ စော်ဘွားကြီးနှင့် စော်ဘွားဟု ခွဲထားခြားပြီးလျှင် မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စံကားနယ်နှင့် မိုင်းကိုင်နယ်များသည် ဟော်နန်းမပိုင် ရာဇပလ္လင်နှင့် စော်ဘွားရာထူး ရရှိကြသည်။ အောက်ပါမြို့စားနယ်များသည် တောင်ပိုင်း၌ ပါဝင်ကြလေသည်။

(၁) နန်းခုတ်နောင်မွန်ငယ် (၇) ဘန်းယဉ်နယ် (၂) မိုင်းနောင်နယ် (၈) ဟိုပုန်းနယ် (၃) ဘော်နယ် (၉) စကွယ်နယ် (၄) ကျေးသီးမန်စံနယ် (၁ဝ) သာမိုင်းခမ်းနယ် (၅) ပင်လောင်း (လွယ်လုံနယ်) (၁၁) မိုင်းရှူးနယ် (၆) သထုံ (ဆီဆိုင်နယ်) (၁၂) ပွေးလှနယ်

မြေလပ်ပိုင်းတွင် ရှိကြသော ရွာငံ၊ ပင်းတယ၊ ပင်မှီ၊ ကျုံးနယ်တို့သည် ငွေခွန်မှူးများ အုပ်ချုပ်သောနယ်များ ဖြစ်ကြလေသည်

ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်နယ်သည် မြို့စားနယ်ဖြစ်သည်။ ယခင်က သိန္နီစော်ဘွား လက်အောက်ခံနယ် ဖြစ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ် မတိုင်မီကာလတွင် အကြောင်းကြောင်းတို့ကြောင့် ဗြိတိသျှအစိုးရ မြောက်သိန္နီ စော်ဘွားအား ထိုနယ်ကို အုပ်ချုပ်ခွင့် မပြုတော့ပေ။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင်မူ သီးခြားမြို့စား နယ်တစ်နယ်အဖြစ် ထားရှိခဲ့သည်။ နယ်သူနယ်သားများသည် များသောအားဖြင့် တရုတ်လူမျိုးများသာလျှင် ဖြစ်ကြ၍ မြို့စားသည် ရှမ်းတရုတ်အနွယ် ဖြစ်လေသည်။

နယ်များ၏ အကျယ်အဝန်းသည် အမျိုးမျိုး အစားစားဖြစ်ရာ ကျိုင်းတုံနယ်သည် အကြီးဆုံးဖြစ်၍ စတုရန်းမိုင် ၁၂,ဝဝဝ ကျော် ကျယ်ဝန်းသော်လည်း အငယ်ဆုံးဖြစ်သော ကျုံးနယ်သည် ၂၄ စတုရန်းမိုင်မျှသာ ရှိလေသည်။

 ဗြိတိသျှအစိုးရတို့၏ မြောက်ပိုင်းဌာနချုပ်ရုံးစိုက်မြို့ ဖြစ် သော လားရှိုး၊ တောင်ပိုင်း ဌာနချုပ်ရုံးစိုက်မြို့ ဖြစ်သော တောင်ကြီး၊ နွေရာသီစခန်းမြို့များဖြစ်သော တောင်ပိုင်းမှ ကလောနှင့် လွိုင်လင်မြို့များသည် ပဒေသရာဇ် ရှမ်းနယ်များ အတွင်း တည်ရှိသော်လည်း ဗြိတိသျှအစိုးရ အရာရှိကြီးငယ်များ နေထိုင်ရာမြို့များ ဖြစ်သဖြင့် စော်ဘွား၊ မြို့စားတို့ အုပ်ချုပ်ပိုင်ခွင့် မရှိချေ။ ပြည်မရှိ မြို့ကြီးများကဲ့သို့ မြို့၏ စည်ပင်သာယာရေးကို မြို့ပြကော်မီတီများက အုပ်ချုပ်သည်။ ထိုမြို့များ၏မျူနီစီပယ် ဧရိယာအတွင်း၌ ပြည်မ၏ ရာဇဝတ် ကျင့်ထုံး ဥပဒေများ၊တရားမဥပဒေများဖြင့် ဆိုင်ရာအရာရှိတို့က အုပ်ချုပ်သည်။

 ကျန်ပဒေသရာဇ်နယ်များတွင် နယ်ရှင်စော်ဘွားနှင့် မြို့စားတို့က ဆိုင်ရာနယ်များ၌ ပြည်မ၏ ရာဇဝတ်ကျင့်ထုံး ဥပဒေများ၊ တရားမ ဥပဒေများအပြင် ရှမ်းပြည်ဓလေ့ ဥပဒေများဖြင့် အသီးအသီး စိုးမိုးခဲ့ကြသည်။

မြို့စားနှင့် ငွေခွန်မှူးများသည် တရားမနှင့် ရာဇဝတ် တရားစီရင်ရေး အခွင့်အာဏာတွင် ဒုတိယတန်း တရားသူကြီး အဆင့်အတန်းမျှသာ ရှိသည်။ အချို့စော်ဘွားနယ်ကြီးများတွင် ဆိုင်ရာနယ်ရှင်ကို ကူညီရန် အမတ်ချုပ်ကြီး (ရာဇဝတ်မှု- တရားမအပါအဝင်)၊ တရားရေးရာဌာနအမတ်၊ အခွန်တော် ဌာနအမတ်၊ နယ်ဝန်၊ ငွေတိုက်ဝန် စသည်ဖြင့် လစာရိက္ခာစား အရာရှိများ ခန့်ထားသည်။ ထို့ပြင် ရိုးရာအစဉ်အဆက်အားဖြင့် ခန့် ထားရသည့် ဟိန်၊ ထမုံ၊ ကျယ် စသော သူကြီးအဆင့် အတန်းမျိုး ရှိသည့် ကျေးလက်ပိုင်းမှ အုပ်ချုပ်သူအကြီးအကဲ များလည်း ရှိပေသေးသည်။

၁၉၂၂ ခုနှစ်တွင် ပဒေသရာဇ် ရှမ်းပြည်နယ်စုကို ဖွဲ့စည်း ပြီးနောက် ပဒေသရာဇ်ကောင်စီအဖွဲ့ကို တည်ထောင်သည်။ ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌသည် တောင်ပိုင်းရှမ်းပြည်နယ်၏ ဌာနချုပ်ဝန်ဖြစ်သော ဝန်ရှင်တော်မင်းကြီးဖြစ်၍ ဒုတိယဥက္ကဋ္ဌ သည် မြောက်ပိုင်းဌာနချုပ်ဝန် ဖြစ်သည်။ ယင်းတို့သည် ဗြိတိသျှအစိုးရကို ကိုယ်စားပြုသော အကြီးမြင့်ဆုံး ဗြိတိသျှ အရာရှိကြီးများ ဖြစ်သည်။ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးများ သည် ထိုအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြလေသည်။

 မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေးစံနစ်ဖြင့် ပြောင်းလဲအုပ်ချုပ်သောအခါ ဗြိတိသျှအစိုးရသည် ပဒေသရာဇ် ရှမ်းနယ်များအား မတိုးတက်သေးသော နယ်များအဖြစ် ဆက်လက်ထား ရှိလေသည်။ သို့သော် ရှမ်းနယ်များ အုပ်ချုပ်ရေးအတွက် ပြည်မ၌  ၉၁ ဌာန အုပ်ချုပ်ရေး ရရှိလာသည်အထိ ပြည်မ၏ ငွေကြေးအထောက်အပံ့ကို အမှီ ပြုခဲ့ရလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းသောအခါ ရှမ်းအမျိုးသားတို့သည်လည်း မြန်မာပြည်ဘွား အခြားတိုင်းရင်းသားများနည်းတူ သွေးစည်း ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေး ရအံ့ဆဲဆဲတွင် မသမာသူတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံး ရာ၌ ရှမ်းအမျိုးသား မိုင်းပွန်စော်ဘွားကြီးလည်း ပါဝင်ခဲ့လေသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်များ ပါဝင်သော ရှမ်းပြည်နယ်ကောင်စီအဖြစ်သို့ ကူးပြောင်းသောအချိန်ကာလ သတ်မှတ်နိုင်ခဲ့သော နေ့ထူး နေ့မြတ်ကြီးကို ရှမ်းအမျိုးသား နေ့ဟု ခေါ်တွင်ခဲ့သည်။

လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်ရန် စတင်ပန္နက်ချသော နေရာသည် ရှမ်းပြည်တောင်ပိုင်း၊ လဲချားနယ်ရှိ ပင်လုံမြို့ကလေး ဖြစ်ပေသည်။ ပြည်မခေါင်းဆောင်များနှင့် တောင်တန်းဒေသ ခေါင်းဆောင်များသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် ညီလာခံကျင်းပပြီးလျှင် လွတ်လပ်သော ပြည်ထောင်စုမှမြန်မာနိုင်ငံတော်ကြီး ထူထောင်ရန် သဘောတူကြောင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ လက်မှတ်ရေးထိုးခဲ့ကြရာ ပြည်ထောင်စုစိတ်ဓာတ် ပေါ်ပေါက်ခဲ့သည့် ထိုနေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့လေသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာသောအခါ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထွတ်အထိပ် ပထမဆုံးသမ္မတ အဖြစ် တင်မြှောက်ခဲ့ကြလေသည်။ 

မြန်မာနိုင်ငံ လွတ်လပ်ပြီးသည့်နောက်တွင် အုပ်ချုပ်ပုံစံနစ် ပြောင်းလဲခဲ့ရာ ရှမ်းနယ်များ အုပ်ချုပ်ရေးလည်း ပုံစံပြောင်းခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်နယ်ဟု မခေါ်တွင်တော့ဘဲ ရှမ်းနယ်များတွင် ဝနယ်များကိုပါ ပူးပေါင်းထည့်သွင်းကာ ရှမ်းပြည်နယ်ဟု ခေါ်တွင်စေပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်တစ်ခု အဖြစ်ဖြင့် အခြေခံဥပဒေ အပိုဒ် ၅ အရ သတ်မှတ်ပေးလိုက် လေသည်။

ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်လာပြီးသည့်နောက်တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးအတွက် ရှမ်းပြည်နယ်ကောင်စီ ဟူ၍ ဖွဲ့စည်းကာ အုပ်ချုပ်ရေးအသွင်ပြောင်းလိုက်သည်။ ထိုကောင်စီသည် ပြည်နယ်၏ ပါလီမန်ကလေး ဖြစ်သည်။ ယင်းတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော လူမျိုးစုလွှတ်တော် အမတ် ၂၅ ဦး နှင့် ရှမ်းပြည်နယ်၏ လူဦးရေအလိုက် ပြည်သူ့ လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသော အမတ် ၂၅ ဦး ပါဝင်သည်။ ကောင်စီ၏ ဥက္ကဋ္ဌ၊ သို့မဟုတ် ရှမ်းပြည်နယ် ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်ကောင်စီနှင့် တိုင်ပင်၍ ခန့်အပ်သည်။ ပြည်နယ်ဥက္ကဋ္ဌသည် ပြည်ထောင်စု အစိုးရအဖွဲ့တွင် ရှမ်းပြည်နယ်ဆိုင်ရာ ဝန်ကြီး ဖြစ်လေသည်။ ပြည်နယ်ကောင်စီသည် ပြည်နယ်ဆိုင်ရာ ဥပဒေများကို ပြုစု၍ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စသည်တို့ကို ဆောင်ရွက်ရသည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကိုမူ ပြည်ထောင်စုအစိုးရက ဆောင်ရွက်လေသည်။

ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲစဉ်က ရှမ်းစော်ဘွားများ၏ ပဒေသရာဇ်အာဏာအခွင့်အရေးနှင့် အုပ်ချုပ်ရေးနယ် အပိုင်းအခြားတို့ကို ဗြိတိသျှလက်ထက်ကအတိုင်း ထားရှိခဲ့သည်။ လူမျိုးစုလွှတ်တော်သို့ တင်မြှောက်သော ရှမ်းပြည် အမတ်များကို စော်ဘွားအချင်းချင်း ရွေးကောက်တင်မြှောက်ခွင့်ပြုခဲ့လေသည်။ ထိုကြောင့် ရှမ်းပြည်နယ် အုပ်ချုပ်ရေးသည် နယ်ရှင်စော်ဘွားများသာလျှင် လွှမ်းမိုးကြီးစိုးရာ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးမရမီကလေးတွင် စော်ဘွားကြီးများက ခေါင်းဆောင်၍ စော်ဘွားအသင်းဟူ၍ တည်ထောင်ပြီးလျှင် မြို့စားများ၊ ငွေခွန်မှူးများကိုပါ စော်ဘွားအဆင့်အတန်းသို့ သိမ်းသွင်းခြင်းအလို့ငှာ နယ်ရှင်အားလုံး 'စဝ်ဖလုံ' ဟု ခေါ်တွင်စေရန် သတ်မှတ်ခဲ့လေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်မ၌ ဒီမိုကရေစီနည်းအရ အုပ်ချုပ်လျက်ရှိနေစဉ် ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ် တည်တံ့နေခြင်းသည် ခေတ်နှင့်မလျော်ညီခဲ့ပေ။ ထိုကြောင့် ရှမ်းပြည်နယ်၌ ဒီမိုကရေစီစံနစ်ကို သွတ်သွင်းရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ဆွေးနွေးလာခဲ့ရာ ၁၉၅၂ ခုနှစ် တွင် နယ်ရှင်စော်ဘွားများက အုပ်ချုပ်ရေးအာဏာကို စွန့်လွှတ်ရန် သဘောတူညီခဲ့ကြသော်လည်း အကြောင်းကြောင်းတို့ ကြောင့် အာဏာစွန့်လွှတ်ရေးသည် အကောင်အထည် မပေါ်ခဲ့ပေ။  ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက်၌ နယ်ရှင်စော်ဘွားများသည် အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ကြောင်းကို ထိုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်ကောင်စီက အတည်ပြုလိုက်ခြင်းကြောင့် ပြည်နယ်တွင် ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော ပဒေသရာဇ်စံနစ်ကို ဖြတ်တောက်၍ ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ကို စိုက်ထူလိုက်ကြလေသည်။ 

ယင်းသို့ စော်ဘွားများ အာဏာစွန့်လွှတ်ပြီးနောက်တွင် အောက်ပါအတိုင်း ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များဟူ၍ ပိုင်းခြားပြီးလျှင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစံနစ်များ ထွင်လိုက်လေသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်ပါတို့ ပါဝင်သည်။

၁။ လားရှိုးခရိုင် (၁) မြောက်သိန္နီနယ် (ရုံးစိုက်-လားရှိုးမြို့)  (၂) တောင်သိန္နီနယ်

၂။ ကျောက်မဲခရိုင် (၁) သီပေါနယ် (ရုံးစိုက်-ကျောက်မဲမြို့) (၂) တောင်ပိုင်းနယ် (၃) မိုးမိတ်နယ်

၃။ ရှမ်းပြည်အရှေ့မြောက် (၁) ကိုးကန့်နယ် အထူးခရိုင် (၂) မိုင်းလွန်းနယ် (၃) ဝနယ်များ၊ 

လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်း ပြည်မြောက်ပိုင်းတိုင်းဟူ၍ သတ်မှတ်ကာ အထူးတိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင် စသော အုပ်ချုပ်ရေးအရာရှိများဖြင့် ကြပ်မတ်အုပ်ချုပ်သည်။ လားရှိုးမြို့သည် အထူးတိုင်းမင်းကြီး၏ ရုံးစိုက်မြို့ ဖြစ်လေသည်။ 

ရှမ်းပြည်တောင်ပိုင်း၏ ခရိုင်နှင့်နယ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

၁။ တောင်ကြီးခရိုင် (၁) ညောင်ရွှေနယ် (ရုံးစိုက်-တော်ကြီးမြို့) (၂) ရပ်စောက်နယ် (၃) မိုင်းပွန်နယ် (၄) စံကားနယ် (၅) နန်းခုတ်နယ် (၆) နောင်မွန်နယ် (၇) လွယ်လုံနယ် (၈) သထုံနယ် (ဆီဆိုင်) (၉) ဘန်းယဉ်နယ် (၁ဝ) စကွယ်နယ် (၁၁) ဟိုပုန်းနယ် (၁၂) သာမိုင်းခမ်းနယ် (၁၃) ပွေးလှနယ် (၁၄) ဘော်နယ် (၁၅) ရွာငံနယ် (၁၆) ပင်းတယနယ် (၁၇) ပင်မှီနယ် (၁၈) ကျုံးနယ်

၂။ လွိုင်လင်ခရိုင် (ရုံးစိုက်-လွိုင်လင်မြို့) (၁) မိုးနဲနယ် (၂) မိုင်းပန်နယ် (၃) မောက်မယ်နယ် (၄) မိုင်းကိုင်နယ် (၅) မိုင်းနောင်နယ် (၆) မိုင်းရှုနယ် (၇) ကျေးသီးမန်စံနယ် (၈) လဲချူးနယ် (၉) ရေဦးနယ်

၃။ ရှမ်းပြည်အရှေ့ပိုင်းခရိုင် (၁) ကျိုင်းတုံနယ်ဟူ၍ဖြစ်သည်။ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့ကို ပေါင်းစပ်၍ ရှမ်းပြည်တောင်ပိုင်းတိုင်းဟု သတ်မှတ်ကာ တိုင်းမင်းကြီး တစ်ဦးက ဆိုင်ရာလက်အောက်ခံအရာရှိများနှင့် ကြပ်မတ် အုပ်ချုပ်သည်။ တိုင်းမင်းကြီး၏ရုံးစိုက်မြို့သည် တောင်ကြီး မြို့ဖြစ်၍ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တစ်ခုလုံး၏ မြို့တော်လည်း ဖြစ်လေသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လူမှုရေးတွင် အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိနေသည့် ရှမ်းပြည်မြောက်ပိုင်းမှ ဝနယ်များ၊ ကိုးကန့်နယ်၊ မိုင်းလွန်းနယ်၊ ပန်းဆန်းဒိုင် မြို့စားနယ်တို့ကို နယ်သူ နယ်သားများ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ပြည်ထောင်စုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော နယ်ခြားဒေသအုပ်ချုပ်ရေးသို့ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ လ ၂ ရက်နေ့တွင် ထည့်သွင်းသည် ထိုနည်းတူစွာ ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ (တော်လှန်ရေးကောင်စီ အစိုးရလက်ထက်) တွင် ရှမ်းပြည်အရှေ့ ပိုင်းခရိုင် ကျိုင်းတုံနယ်ကို လည်း နယ်ခြားဒေသ အုပ်ချုပ်ရေးသို့ လွှဲအပ်ပြီးလျှင် ကျိုင်းတုံ ခရိုင်၊ မိုင်းတုံခရိုင်နှင့် တာချီလိပ်ခရိုင်ဟူ၍ ပိုင်းခြားလိုက်လေသည်။

၁၉၆၁ ခုနှစ် နောက်ပိုင်းမှစ၍ ရှမ်းစော်ဘွား အများစုနှင့် ကယားခေါင်းဆောင်များသည် ပြည်မကိုလည်း ပြည်နယ်တစ်ခု အဖြစ် ထားရှိပြီးလျှင် ပြည်ထောင်စု၏ ပြည်နယ်အားလုံးအား တန်းတူအုပ်ချုပ်ပေးရန်ဟူသော '၈ ပြည်နယ် ဖက်ဒရေးရှင်း' မူကို တောင်းဆိုလာကြသည်။ ထိုမူကို ပြည်ထောင်စုအစိုးရ လက်မခံပါက ရှမ်း ပြည်နယ်သည် ပြည်ထောင်စုအတွင်းမှ ခွဲထွက်ရန် ခြိမ်းခြောက် အရေးဆိုလာကြပြီးလျှင် ရှမ်းပြည်နယ်အတွင်း ထကြွပုန်ကန်မှု၊ ဆူပူလှုပ်ရှားမှုများကိုလည်း လှုံ့ဆော်အားပေးလာကြသည်။  

 ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာကို သိမ်းယူလိုက်သည်။  တော်လှန်ရေးကောင်စီအစိုးရသည် သမ္မတကြီးနှင့်တကွ ဝန်ကြီး ချုပ် အမှူးပြုသော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု အား ထိန်းသိမ်းလိုက်သည့်နည်းတူ  '၈ ပြည်နယ် ဖက်ဒရေးရှင်း' မူ ကို ထောက်ခံသော ရှမ်းစော်ဘွား ၃ဝ ကျော်တို့ကိုလည်း ထိန်းသိမ်းလိုက်သည်။

 ရှမ်းပြည်နယ်ကောင်စီကို မတ်လ ၃ ရက်နေ့ တွင် ဖျက်သိမ်းပြီးလျှင် ဦးစီးအဖွဲ့ဝင် ငါးဦးပါဝင်သော ရှမ်း ပြည်နယ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း လိုက်သည်။ ထိုဦးစီးအဖွဲ့သည် ရှမ်းပြည်နယ်ကောင်စီနည်းတူ ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး အဝဝကို ဆောင်ရွက်ရ၍ ထိုအဖွဲ့၏ ဥက္ကဋ္ဌအား ယခင်က ပြည်နယ်ဥက္ကဋ္ဌ၏ အခွင့်အာဏာများကို အပ်နှင်းလိုက်လေသည်။

တော်လှန်ရေးကောင်စီ အစိုးရသည် ပဒေသရာဇ် ရှမ်းပြည်နယ်အဖြစ်မှ ပြည်သူ့ရှမ်းပြည်နယ် ဖြစ်လာရေးအတွက် ရှမ်းပြည်နယ် ကျေးလက်များအထိ ပြည်မနည်းတူ တရားဥပဒေ စိုးမိုးနိုင်ရန် တရားရုံးများ၊တရားသူကြီးများ ခန့်ထားရေး၊ အုပ်ချုပ်ရေးနယ်မြေပိုင်းခြားမှု ပြန်လည် စိစစ်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။ ယခင်က နယ်ပိုင်နယ်၊ မြို့ပိုင်နယ် ဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သော အချို့နယ်များသည် ကျေးရွာသာသာမျှ ရှိသဖြင့် စော်ဘွားတို့အလိုကျ မလိုအပ်ဘဲ ပိုင်းခြားခဲ့ခြင်း ဖြစ်ပေရာ အုပ်ချုပ်ရေးလွယ်ကူစေရန်နှင့် အုပ်ချုပ်ရေး စရိတ်ကျဉ်းစေရန် အချို့နယ်များကို ပူးပေါင်းခြင်း၊ ပြန်လည်ပိုင်းခြား ခြင်းပြုရန် ပြန်လည် စိစစ်ဆောင်ရွက်နေဆဲ ဖြစ်လေသည်။

ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံး ဆက်စပ်လျက်ရှိရာ ၁၉၆ဝ-၆၁ ခုနှစ်အတွင်း မြန်မာ-တရုတ် နယ်နိမိတ်ကို သမိုင်းဝင် မှတ်တမ်းတင်လောက်အောင် နှစ်ပြည်ထောင်အစိုးရတို့ သဘောတူ ပိုင်းခြားသတ်မှတ်လိုက်ပြီးနောက်တွင် ရှမ်းပြည်နယ်၏ နယ်နိမိတ်၌ အပြောင်းအလဲ အနည်းငယ်ရှိခဲ့လေသည်။ မြန်မာ-တရုတ်နယ်နိမိတ် သဘောတူစာချုပ်များအရ ခိုင်လုံသော သက်သေအထောက်အထားများရှိသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသများကို တရုတ်အစိုးရ ပိုင်ကြောင်း မြန်မာအစိုးရက အသိအမှတ်ပြုရသည်။ မိုင်းမောကြီး တြိဂံဒေသအတွက်မူ ထိုဒေသအား တရုတ်တို့က ပြန်၍ သိမ်းလိုက်ပါက ထိုနယ်ကို ဖြတ်သန်းသွားသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ကူးလူးဆက်ဆံမှု လမ်းမကြီးကို အကြောင်းပြု၍ ထိုပြည်နယ်များအား ထိခိုက်ဖွယ်ရာ ရှိသဖြင့် ထိုတြိဂံဒေသကို တရုတ်အစိုးရက မြန်မာအစိုးရသို့ အပြီးအပိုင် လွှဲပြောင်းပေးသည်။ သို့သော် ထိုဒေသနှင့် လဲလှယ်သောအားဖြင့် ရှမ်းပြည်နယ်တွင်ပါဝင်သော ဝနယ်အတွင်းရှိ ပန်းဟုံးနှင့် ပန်းလောင်းဒေသတို့အား မြန်မာအစိုးရက တရုတ်အစိုးရ သို့ လွှဲအပ်ရလေသည်။

နှစ်ပြည်ထောင်အစိုးရတို့ အပြန်အလှန် အလဲအလှယ်ပြုကြသော နယ်မြေများကို ပိုင်းခြားသတ်မှတ်လိုက်ရာ မြန်မာ အစိုးရက ရရှိလိုက်သော မိုင်းမောတြိဂံဒေသ၏ အကျယ်အဝန်းသည် ၈၅ စတုရန်းမိုင်၊ ထိုဒေသနှင့် အလဲအလှယ်ပြုကာ တရုတ်အစိုးရသို့ လွဲအပ်လိုက်ရသော ပန်းဟုံး၊ ပန်လောင်း ဒေသမျာ၏ အကျယ်အဝန်းသည် ၇၃ စတုရန်းမိုင် စသဖြင့် အသီးသီး ဖြစ်ကြလေသည်။

ပန်ဟုံးနှင့် ပန်လောင်းဒေသတို့ကို အလဲအလှယ် ပြုလိုက်ရသဖြင့် ထိုနေရာတွင် ရှမ်းပြည်နယ် နယ် နိမိတ်မျဉ်းကြောင်းသည် အတန်ငယ် ပြောင်းလဲခဲ့သည်။ မိမိတို့၏ နယ်မြေကို တစ်လက်မမျှ အလျှော့မခံလိုသော်လည်း ရှမ်းအမျိုးသားတို့သည် နှစ်ပြည်ထောင်ချစ်ကြည်မှုကို ရှေ့ရှုကာ လွှဲအပ်ရန် သဘောတူညီခဲ့ကြသည်။ မိုင်းမောတြိဂံဒေသသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နှစ်ခုလုံး၌ ပါဝင်နေရာ ဆိုင်ရာအစိတ်အပိုင်းကို ဆိုင်ရာပြည်နယ်က အုပ်ချုပ်လျက် ရှိပေသည်။

တရုတ်အစိုးရသို့ လွှဲအပ်၍ အလဲအလှယ်ပြုကြသောဒေသများမှ တိုင်းရင်းသားလူမျိုးတို့က ထိုဒေသများကို စွန့်ခွာကာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌သာ နေလိုကြသဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသရှိ လူမျိုးစုများနည်းတူ ပန်ဟုံးနှင့်ပန်လောင်းဒေသများမှ လူမျိုးစုများကိုလည်း ယင်းတို့၏ ဆန္ဒအတိုင်း ပြည်ထောင်စုအစိုးရသည် နယ်စပ်အနီး၌ ကျေးရွာအိုးအိမ်များကို သိုက်မြိုက်စွာ ထူထောင်ပေး ရပြီးလျှင် ယင်းတို့၏ အသက်မွေးမှု ဖူလုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးရလေသည်။

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း