လွတ်လပ်ရေးရပြီးရှုပ်ထွေးလာသော ရှမ်းပြည်နိုင်ငံရေး

လွတ်လပ်ရေးရပြီးရှုပ်ထွေးလာသော ရှမ်းပြည်နိုင်ငံရေး
မောင်မောင်စိုး

‘ဖဆပလ’ အစိုးရသည် ရှမ်းပြည်ရှိ စော်ဘွားများကိုရော ‘ရပလ’၊ ‘ပအမဖ’ အင်အား စုများကိုရော အသုံးချပြီး မိမိဩဇာအာဏာတည်ဆောက်နေသည်ဟူသော စွပ်စွဲချက်များပေါ်လာသည်။ ရှမ်းပြည် နယ်ကောင်စီဥက္ကဌရွေးချယ်ရာတွင် ဝန်ကြီးချုပ်က သဘောမတူလျှင် အပယ်ခံရရာ ပြည်နယ်အမတ်များစု၏ ရွေး ကောက်တင်မြှောက်မှုထက် ပြည်မဝန်ကြီးချုပ်၏ သဘောဆန္ဒက ပိုအရေးကြီးနေပေရာ ဒီမိုကရေစီနည်းလမ်းမကျ ဟုဝေဖန်မှု များရှိလာသည်။ ပြည်မအစိုးရဝန်ကြီးချုပ်သည် ပြည်နယ်ကောင်စီတခုလုံးအား မိမိအလိုကျ ဖြစ်အောင် ဆောင်ရွက်နေသည်ဟု ဝေဖန်သုံးသပ်မှုများရှိလာသည်။

တဖက်ကလည်း ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး ရှမ်းစော်ဘွားများ၏ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ‘ဖဆပလ’က ဆောင်ရွက်ခြင်းမပြုနိုင်သည့်အပေါ် ပဒေသရာဇ် ဆန့်ကျင်ရေးအင်အားစုများက ပြင်းပြင်းထန်ထန်ဆန့် ကျင်လာကြသည်။ အထူးသဖြင့် ‘ပအမဖ’ က ပိုမိုပြင်းထန်စွာ ဆန့်ကျင်လာသည်။ ထို့ပြင် ၁၉၅၂-ခုနှစ် ဒီဇင်ဘာ(၇) ရက်နေ့တွင် အင်းလေးညီညွတ်ရေးအသင်း ( The United Inlay Association- UIA ) ကိုဖွဲ့စည်းခဲ့ပြီး ပဒေသရာဇ် စနစ်မှ ဒီမိုကရေစီပြောင်းလဲသည့်ဖြစ်စဉ်အား အင်းသားများက စိတ်ရောကိုယ်ပါကူညီမည်ဟု ကြေညာခဲ့သည်ကိုတွေ့ ရသည်။ ထို့ပြင် ပဒေသရာဇ်ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့သည့် ‘ရပလ’ သည်လည်း နောက်ပိုင်းတွင် အကွဲကွဲ အပြားပြားဖြစ်လာသည်။ ၁၉၅၂ခုနှစ်မေလ တောင်ကြီး၌ ဦးမြင့်သိန်း ခေါင်းဆောင်သည့် ရှမ်းပြည်နယ် စုံစမ်းရေးကော် မရှင်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲအပြီး ထိုဆန္ဒပြပွဲပါခေါင်းဆောင်များသည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့(ရှမ်းပြည်) ” ပလရ” ကို နမ့်ခမ်းအမတ် ဦးထွန်းမြင့် ဥက္ကဋ္ဌတာဝန်ယူ၍ စတင် ဖွဲ့စည်းခဲ့သည်။

ရှမ်းပြည်နယ်ရှိ အကွဲကွဲအပြားပြားဖြစ်နေသော ထိုအဖွဲ့များကို ပြည်မအစိုးရကို သစ္စာရှိသည့် အဖွဲ့ အစည်းဖြစ်ရန် ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖဆပလအစိုးရ ကာကွယ်ရေးဝန်ကြီးဦးဗဆွေက ရှမ်းစော်ဘွားများ ဦးစီးသည် တစညဖ(တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့)အပါ ရှမ်းပြည်နိုင်ငံရေးအသင်းအဖွဲ့များအား ရန်ကုန်သို့ခေါ်ယူတွေ့ဆုံသည်။

ထို့မှတစညဖ၊ ပလရ၊ ပအမဖ တို့ပါဝင်သည့် ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် ” ရပလဖ” ပေါ်ပေါက်လာသည်။ ပထမဆုံး ဥက္ကဋ္ဌစဝ်ခွန်ချို ၊ အတွင်းရေးမှူးဦးထွန်းအေးတို့ကတာဝန်ယူသည်။သို့သော် ရှမ်းစော်ဘွားများ၏ “တစညဖ” ပါဝင်ခြင်းနှင့် “ရပလဖ” ဖွဲ့စည်းရာတွင် ညှိနှိုင်းမှု မလုံလောက်ခြင်း အပြင် မတူသောနိုင်ငံရေး သဘောထားများကြောင့် “ပအမဖ” က “ရပလဖ” ဖွဲ့စဉ်ကပင် အဖွဲ့ချုပ်က နှုတ်ထွက် သည်။ ၁၉၅၅ ခုနှစ်တွင် စော်ဘွားများကိုဖယ်ရှားပစ်ရန်သာမက စော်ဘွားများကြီးစိုးနေသော ရှမ်းပြည်နယ်ကောင်စီ အား ပြောင်းလဲပစ်ရန် တောင်းဆိုလာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် စော်ဘွားများနှင့်ခံယူချက်မတူသည့် ” ပလရ” အဖွဲ့ ဝင်များသည် “ရပလဖ”မှ ခွဲထွက်၍ ရှမ်းပြည်တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့”ရတတစညဖ” ကို ဖွဲ့စည်းခဲ့သည်။

တချိန်တည်း တွင် ၁၉၅၂ ခုနှစ်ကထဲက ကြေညာခဲ့သော ရှမ်းစော်ဘွားများ အာဏာစွန့်လွှတ်ရေးနှင့်ပတ် သက်၍လည်း ကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။ ရှမ်းစော်ဘွားများဘက်မှထောက်ပြသည်မှာ ရှမ်းပြည်နယ်အစိုးရအ တွက်အခြေခံ ဥပဒေစည်းမျဉ်း မရေးဆွဲရသေးသဖြင့် မည်သူ့အား တရားဝင်အုပ်ချုပ်မှု အာဏာလွှဲပြောင်းပေးရမည် မသိ၍ ရှမ်းပြည်အခြေခံ ဥပဒေ စည်းမျဉ်းရေးဆွဲပြီးသည်အထိ စော်ဘွားများက အာဏာထိမ်းသိမ်းရန်လိုအပ်သည်ဟု ထောက်ပြသည်။ တဖက်ကလည်း စော်ဘွားများအာဏာ မစွန့်လွှတ်လို၍ အကြောင်းပြသည် အချိန်ဆွဲသည်ဟု စွပ်စွဲ ကြသည်။ သို့သော်လက်တွေ့တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးအတွက် စည်းမျဉ်းဥပဒေတရပ် ရေးဆွဲနိုင်ခြင်း မရှိခဲ့။ ရေးဆွဲ နိုင်ရန်လည်း ညီညွတ်မှုမရှိခဲ့ပေ။

ဤသို့မကြေလည်မှုများနှင့် လိပ်ခဲတည်းလည်းဖြစ်နေချိန်တွင် မြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအခန်း (၁၀)၌ ခွင့်ပြုထားသည့်အတိုင်းမြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သီးသန့်ခွဲထွက်ရန် စဉ်းစားဆောင်ရွက်မှုများပေါ်လာ သည်။ ဤစဉ်းစားမှုများသည် ၁၉၅၄-ခုနှစ် စော်ဘွားများကွန်ဖရင့်မှ စတင်ခဲ့သည်ဟုဆိုသည်။ ၁၉၅၆-ခုနှစ် ဒီဇင်ဘာ(၂၇) ရက်တွင် ရှမ်းပြည်နယ်ညီညွတ်ရေးပါတီ(SSUP) အစည်းအဝေးကျင်းပသည်။ ထိုအစည်းအဝေးတွင် ပြည်ထောင် စုမှ ရှမ်းပြည်နယ် ခွဲထွက်ရေးအဆိုကို ဆုံးဖြတ်ကြေညာခဲ့ကြသည်။ SSUP သည် မိုင်းရယ်စော်ဘွားနှင့် မိုင်းရှူး စော်ဘွား ၏လူရင်းများက ဖွဲ့စည်းထားသော ပါတီဟုဆိုကြပါသည်။ သို့သော် ၁၉၅၅-ခုနှစ် ဒီဇင်ဘာ(၂၁)ရက် မိုးနဲတွင် ကျင်းပသော “ရတစညဖ” နယ်လုံးညီလာခံတွင် လဲချားစော်ဘွားက ရှမ်းပြည်သည် ပြည်မ မှခွဲထွက်မည်ဆို သည်မှာ မမှန်ကြောင်း၊ ရှမ်းပြည်နှင့်ပြည်မ ပူးတွဲညီညွတ်ရန်သာ လိုအပ်ကြောင်းပြောဆိုခဲ့သည်။ မိုင်းရယ်အစည်းအ ဝေးမှ ခွဲထွက်ရေးအဆို သတင်းစာတွင်ပါလာပြီးနောက်တွင်လည်း ၎င်းကြေညာချက်သည် “ရတစညဖ” နှင့် မဆိုင် ကြောင်း “ရတစညဖ” ကြေညာချက်ထုတ်ပြန်ရှင်းလင်းခဲ့ပါသည်။

၁၉၅၇ ခုနှစ်တွင် လားရှိုးမြို့တွင် ညောင်ရွှေမဟာဒေဝီ စဝ်ဟိန်ခမ်း၊ မိုင်းရှူးစော်ဘွားစဝ်မန်ဖ၊ တောင်ပိုင်း သိန္နီစော်ဘွားစဝ်ဆေးဟုန်၊ ကျေးသီး မန်စံစော်ဘွား စဝ်ရွှေမှုံတို့တွေ့ဆုံပြီး ရှမ်းပြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရေး ကော်မတီ “ရပညဖ” ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအစည်းအဝေးတွင်လည်း ခွဲထွက်ရေးကို ဆုံးဖြတ်ခဲ့ကြသည်ဟုဆိုပါသည်။ ၁၉၅၇ ခုနှစ် ဖေဖဝါရီလ လားရှိုးမြို့ လူထုဆန္ဒပြပွဲတွင် လူတသောင်းကျော် ကားအစီး ၁၀ဝ ကျော် ပါဝင်ပြီး ရှမ်းလူထု စော်ဘွားများအာဏာ စွန့်ရန် မလိုလားကြောင်း အချက် (၈)ချက်ဖြင့် ဆန္ဒပြခဲ့ကြသည်။ ရှမ်းပြည်နယ်အရေး ဖဆပလ ကိုင်တွယ်ပုံမကြေနပ် သူများလာကြောင်း၊ ရှမ်းပြည်နယ်ခွဲထွက်ရေးကြွေးကြော်သံများနှင့်အတူအမတ်စုစု ပေါင်း(၅၀) ဦးအနက် ပြည်ထောင်စုမှ ခွဲထွက်ရန်ဆန္ဒရှိသူအမတ် (၁၆) ဦးထိရှိလာကြောင်း ဦးလောရုံက နေရှင်းသတင်း စာတွင် ရေးသားခဲ့သည်။

ဤသို့ ရှမ်းပြည်နယ်၌ အမြင်အမျိုးမျိုးကွဲပြားပြီး နိုင်ငံရေးအုပ်စုများကွဲပြားနေချိန် ၁၉၅၈ ခုနှစ်တွင်ပြည်မရှိ အစိုးရအဖွဲ့ကို ခေါင်းဆောင်နေသည့် ဖဆပလ ၂ ခြမ်းကွဲသည်။ ထိုအကွဲအပြဲဂယက်သည် ရှမ်းပြည်အပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ စော်ဘွားများနှင့် စဝ်ခွန်ချို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော “ရတစညဖ” က ဦးနု၏ သန်ရှင်း ဆပလအား ထောက်ခံသည်။ နမ့်ခမ်းဦးထွန်းအေးခေါင်းဆောင်သော “ရပလဖ” ကပဒေသရာဇ်ဆန့်ကျင်ရေး၊ စော်ဘွားအုပ်ချုပ်မှု စနစ်ဆန့်ကျင်ရေးအား ပြင်းပြင်းထန်ထန်ဆက်လှုပ်ရှားပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်း၏ တည်မြဲ ဖဆပလကို ထောက်ခံသည်။ မိုင်းရှူး စော်ဘွားစဝ်မန်ဖခေါင်းဆောင်သည့်”ရပညဖ”ကသူတို့၏မူအတိုင်း ရှမ်းပြည် နယ်ခွဲထွက်ရေးကို ဆက်လက်လှုပ်ရှားသည်။သို့နှင့် ၁၉၅၈-ခုနှစ် အောက်တိုဘာ(၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်နေဝင်းခေါင်း ဆောင်သည့် အိမ်စောင့်အစိုးရတက်လာခဲ့တော့သည်။ အိမ်စောင့်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် ကောင်စီဥက္ကဋ္ဌ အဖြစ် သိန္နီစော်ဘွား စဝ်ဟုန်ဖ ပြောင်းလဲတာဝန်ယူခဲ့သည်။

သို့ဖြစ်ရာ လွတ်လပ်ရေးခေတ် ရှမ်းပြည်နယ်တွင် တွေ့မြင်ရသည်မှာ အစဉ်အလာ ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်ဆန့်ကျင့်သည့် ရှမ်းလူငယ်များ၏ ပဋိပက္ခ သည် ရှမ်းပြည်နယ်တွင်း၏ အဓိကပဋိပက္ခအဖြစ် ပုံပေါ်လာခဲ့ သည်။ နှစ်ဖက်အယူအဆကိုထောက်ခံသည့်အင်အားလည်း မတိမ်းမယိမ်းရှိခဲ့သည်။ ရှမ်းမဟုတ်သည့်ပအို့ဝ်နှင့် အင်းသားစသည့် အခြားတိုင်းရင်းသားများသည် ရှမ်းပဒေသရာဇ် ဆန့်ကျင်ရေးတွင် အားဖြည့်ပါဝင်လာခဲ့သည်။ အဆို ပါအင်အားစုများသည် မိမိရည်မှန်းချက်အား ပုံဖေါ်နိုင်ရန် ပြည်ဖဆပလ အားကိုယူကြရာမှ၎င်း၊ KNDO နှင့်တရုတ်ဖြူ တပ်များ ရှမ်းပြည်တွင်း ဝင်ရောက်လာမှုများကြောင့် ၎င်းရှမ်းပြည်နယ်အရေးတွင် ပြည်မအစိုးရ၏ပါဝင်မှုမြင့်တက်လာ ခဲ့သည်။

ရှမ်းပြည်အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမည်ဟု ရည်ရွယ်ချက်ထားရှိသော် ရှမ်းပြည်အစိုးရသစ်အတွက် အခြေခံ ဥပဒေစည်းမျဉ်းများရေးဆွဲနိုင်ခြင်းမရှိခဲ့ပေ။ ထို့အတူ ပြည်မအစိုးရသည် ရှမ်းပြည်နယ်နှင့်ပတ်သက်၍ မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ထိုအခြေအနေအောက်တွင် ရှမ်းပြည်စော်ဘွားများအာဏာစွန့်ရေးနှင့်အတူ ရှမ်းပြည်နယ် ပြည်ထောင်စုမှ ခွဲထွက်ရေး သို့မဟုတ် ဆက်လက်ပေါင်းစည်းရေးအတွက် မတူညီသောအမြင်နှင့် လှုပ်ရှားမှုများ ပေါ် ပေါက်လာခဲ့သည်။ ထိုအတောအတွင်း ၁၉၅၈-ခုနှစ်တွင် ပြည်မအစိုးရတာဝန်ယူနေသော ဖဆပလ (၂) ခြမ်းကွဲရာမှ ထိုအကွဲအပြဲသည် ရှမ်းပြည်နယ်သို့ပါ ဂယက်ရိုက်လာပြီး ပိုမိုရှုပ်ထွေးလာတော့သည်။ဤသို့သောရှုပ်ထွေးသည့် အခြေအနေအောက်တွင် ၁၉၅၈ ခုနှစ်၌ရှမ်းပြည်နယ်၌ ပထမဆုံးသော ရှမ်းတိုင်း ရင်းသားလက်နက်ကိုင်ပုန်ကန်မှုစတင်ပေါ်ပေါက်လာခဲ့ပေတော့သည်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား