လူမျိုးနာမည်နဲ့ လုံးစီးတပြည်နယ် တွေ

လွတ်လပ်ရေး ကာလ ၁၉၄၇ -၁၉၄၈ ဝန်းကျင်က အမည်နာမ ဟာ သာမည၊ လွတ်လပ်ရေး ဒီမိုကရေစီရေး ဖက်ဒရယ်ရေး အနှစ်သာရာ အဓိက ဖြစ်တယ်။ ဒါကြောင့် နိုင်ငံ အမည်ရော၊ ပြည်နယ် ( ၃ ) ခု အမည်ရော လူမျိုးနာမည် ပေးတာကို ဘယ်သူမှ ဂရုတစိုက် မတွေးတောခဲ့ကြဘူး
တကယ်တော့ ပင်လုံစာချုပ် ချုပ်နေဆဲကာလမှာ လူမျိုးနာမည်နဲ့ ပြည်နယ်ဆိုလို့ တခုမှ မရှိခဲ့ဘူး။ ပထဝီနာမည်တွေနဲ့ ပြည်နယ်စု ( ကိုလိုနီဖက်ဒရေးရှင်း) တွေတွေသာ ရှိခဲ့တယ်။
ကိုလိုနီဖက်ဒရေးရှင်းလို့ ကင်ပွန်းတပ်ရတာက ရှမ်းဟု ယေဘုယျ ခြုံငုံခေါ်ကြတဲ့ ၃၃ ခုသော မြို့ပြပြည်နယ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး မရခဲ့ကြဘူး။ မရလို့ ၁၉၃၅ မှာ ရှမ်းစော်ဘွားတွေ အင်္ဂလန်အထိ သွားတောင်းတာပေါ့။ ရှမ်း စော်ဘွားတွေရတာ internal affair လို့ ခေါ်တဲ့ ပြည်ထဲရေး စီမံခွင့်ပဲ ရတယ်။စော်ဘွားတွေကို ဗြိတိသျှက ခန့်အပ်ရတာ ဖြစ်တယ်။ ဗြိတိသျှက ဖြုတ်ချနိုင်တယ်။ စော်ဘွား ခန့်စာ ကို က ဆာနဒ် လို့ခေါ် တယ်။ သူတို့မကြိုက်ရင် ပြည်နယ် ကို ဖျက်သိမ်း တခြား ပြည်နယ်နဲ့ ပေါင်းပစ်တယ်။


နောက်ပြီး အင်္ဂလိပ်က ချင်း လုပ်ထုံးလုပ်နည်း ၊ ကချင် လုပ်ထုံးလုပ်နည်း၊ ရှမ်း အက်ဥပဒေတွေ ထုတ်ပြန် ပြီး မတူသော အုပ်ချုပ်ရေး စနစ်တွေနဲ့ တနိုင်ငံ အုပ်ချုပ်ရေး ပုံစံ ၃ မျိုး ပေးထားပေမယ့်၊ mother law ဖြစ်တဲ့ ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်ရေး အက်ဥပဒေ တခု၊ Burma နယ်နိမိတ် တခုအောက်မှာ ၊ ပြည်မကို ဝန်းရံနေတဲ့ နယ်ခြား Frontier ဒေသ တွေ အဖြစ် ရှိခဲ့တယ်။ ဒီအချက်ကို ပင်လုံစာချုပ်ထဲမှာတောင် တိတိကျကျ တွေ့ရတယ်။ ဒါ့အပြင် လွတ်လပ်ရေး အလျှင်အမြန် ရစိမ့်ငှာ၊ ပူးပေါင်းဆောင်ရွက် Co-operation ရန် ညှိနှိုင်း သဘောတူ ကြတယ် ဆိုတာလည်း ပင်လုံစာချုပ်ထဲမှာပဲ ရေးထားတယ်။ သီးခြား နယ်မြေတွေ ပူးပေါင်းတာ မဟုတ်တဲ့ အတွက် ရှိရင်းစွဲ ဒေသတွေကို ပြည်နယ် အဆင့်မြှင့်တင်ရေး၊ အုပ်ချုပ်ရေး ပုံစံ လက်ရှိအတိုင်းထားရေး၊ ဒီမိုကရေစီ အဆင့်မြှင့်တင်ရေး ၊ ဗဟိုအစိုးရက ထောက်ပံ့ရေး တွေ ပါဝင်တဲ့ အနာဂတ်မှာ ပူးပေါင်း အုပ်ချုပ်ရေး ကို ရေးသားထားတယ်။

၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်ရေး အက်ဥပဒေ 1935 Government of Burma Act ကို အောင်ဆန်းအက်တလီ စာချုပ်၊ ပင်လုံစာချုပ်၊ ၁၉၄၇ အခြေခံဥပဒေထဲမှာ ရည်ညွန်းထားပါတယ်။


​ပင်လုံမတိုင်ခင်က ... လူမျိုးနာမည်နဲ​့ "ပြည်နယ်စု " ဆိုလို့ စစ်စစ်ပေါက်ပေါက် ( ရှမ်း ၁) ခုပဲ ရှိတယ်။ ကရင်နီက သီးခြား။ ကျန် နယ်ခြားဒေသတွေဟာ ပြည်နယ် မရဘူး။
၁၉၄၇ ခြေ/ဥမှာ ပင်လုံစာချုပ် (ကချင် ၁ ပြည်နယ်တိုး)၊ ကရင်နီ (၁ ပြည်နယ်ပေါင်း ) ။ စုစုပေါင်း ၃ ပြည်နယ်သာ ဖြစ်လာတယ်။ အနှီ ကရင်နီပြည်နယ်ဟာလည်း ပထဝီပြည်နယ် ၅ ခုကို စုပေါင်းထားတဲ့ ပြည်နယ်စုသာ ဖြစ်တယ်။ ကချင်ပြည်နယ် ဆိုတာလည်း မူလကချင်တောင်တန်းဒေသများကို မြစ်ကြီးနား ဗန်မော်ခခိုင် ထည့်ပေးပြီးမှ ဖြစ်လာတာ။
"ပြည်နယ်စု " တွေထဲမှာ လူမျိုးကွဲ ပထဝီ နာမည်နဲ့ ​ မြို့ပြပြည်နယ် တွေ ရှိတယ်။ "မျိုးကွဲ ပထဝီ ပြည်နယ် အစုအဝေး" ကိိို "လုံးစီး တပြည်နယ် " စနစ်လုပ်ကြတာ စ​ပြီး နာမည်ပြဿနာ တက်တာပဲ။
ဒီလို လူမျိုးနာမည်နဲ့ တပြည်နယ်စနစ်ဟာ ဒီနိုင်ငံမှာပဲရှိတယ်။ ရှိလို့ ပြဿနာတက်တယ်။ ဒီနိုင်ငံအတွင်းရှိ ကချင်၊ ရှမ်း၊ ကိုးကန့်၊ ဝ၊ ကရင်၊ ကရင်နီတွေဟာ ၊ အခြားနိုင်ငံဖက်တွေမှာလည်း ရှိတယ်။ တချို့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကြတယ။


ဒါပေမယ့် လူမျိုးနာမည်နဲ့ "လုံးစီးတပြည်နယ် State " တွေ မရှိဘူး။  ပြည်နယ်အောက် နိမ့်တဲ့ ပထဝီနာမည်နဲ့  Prefecture/ Province / Land အဆင့်ပဲ ရှိတယ်။ လူမျိုးတခုဟာ ဟိုဘက် ဒီဘက်နေကြပေမယ့် ဒီနိုင်ငံမှာတော့ သိပ်အဆာကျယ်ကြတယ်။
လွတ်လပ်ရေးကာလ မှာ နာမည်သစ်တွေ ကြံစည် မနေပဲ ယေဘုယျ အနေနဲ့ ပေးခဲ့တဲ့ သာမည နာမ တွေဟာ ၊ .. ယနေ့တော့ မဘသ အဆိပ်သင့်ပြီး လူမျိုးအမည် ပြည်နယ်မှ မရရင် ခွဲထွက်မယ့် အထိ ဖြစ်လာကြတယ်။
တရုပ်၊ ယိုးဒယား ၊ အိန္ဒိယ၊ ဘင်္ဂလား ဘေးဘီက နိုင်ငံတွေမှာ မိမိလူမျိုးတွေ ဘယ်လို နေကြသလဲ တချက်ကြည့်ပြီး စိတ်ထားတွေ ဖြေလျော့စေချင်တယ်။
ဒါ့အပြင် စာချုပ်နဲ့ ဥပဒေ နဲ့ မသက်ဆိုင်တဲ့ လွှတ်တော်ပြင်ပ ဆွေးနွေးပွဲ၊ ပါတီအစည်းအဝေး မှတ်တမ်း၊ အဆိုပြုလွှာတွေကို စုပေါင်းပြီး ပင်လုံကတိ လုပ်ကြတာဟာ ၊ လေးစားသမှုနဲ့ စဉ်းစားကြရမှာဖြစ်ပေမယ့် လှေနံဓားထစ် ဒါမှ မရရင် ခွဲထွက်မယ် ဆိုတဲ့ အဆင့် ထိ မဖြစ်သင့်ပါဘူး။ အဲဒီလို ဆိုရင် မအလ နဲ့ ဘာထူးတော့မှာလဲး Rule of law ကို မလေးစားရာရောက်ပါတယ်။ အငြင်းပွားစရာတွေ ရှိလာပါမယ်။ ညောင်နှစ်ပင် ညီလာခံမှာ ဆွေးနွေးခဲ့လို့ " ကာချုပ်ဟာ ဒုသမတ နဲ့ ရာထူးအဆင့် အတူတူဖြစ်တယ်။ ပုဒ်မ ၆ ( စ ) ဟာ ခြေ/ဥပါ ပုဒ်မတွေကို မျက်ကွယ်ပြုပြီး တပ်က အချိန်မရွေး အာဏာသိမ်းနိုင်တယ်။ လုပ်ချင်တာ လုပ်နိုင်တယ် " ဆိုတဲ့ အထိ ပရမ်းပတာ above the law ဖြစ်နေတာ ကြည့်ပါ။
ဒီလိုဆိုရင်ဖြင့် နယ်ခြားဧရိယာများ စုံစမ်းရေးကော်မတီ (FACE) မှာ တောင်တန်းဒေသညီညွတ်ရေး ဦးစီးအဖွဲ့ ( SCOUHP) ဥက္ကဌ ညောင်ရွှေစော်ဘွားကြီး စဝ်ရွေသိုက်ပြောတဲ့ အမေရိကန် ဖက်ဒရယ် စနစ်၊ ဗိုလ်ချုပ်အောင်ဆန်း ရေးသားတဲ့ အရှေ့မြောက်နယ်ခြားဒေသ ( North Easteren Frontier Province) တွေ အတိုင်း လုပ်ကြမလား မေးရပါတော့မယ်။
တိုင်း division တွေဟာ နေဝင်းလုပ်တာ မဟုတ်ပဲ၊ တိုင်းပြည်ဟူသော စကားလုံး ကိုယ်တိုင်က တိုင်းနဲ့ ပြည် ရှိနှင့် ပြီးဖြစ်တယ်။ ရှေးမြန်မာ ဘုရင်လက်ထက်ထဲက တိုင်း ၁၀ တိုင်း ရှိတယ်။ အင်္ဂလိပ် လည်း တိုင်း divisionတွေ ခွဲခြား အုပ်ချုပ်တယ်။ ဆရာမ မကြန် မဟာဝန်ရှင်တော်မင်းကြီးခေတ် ( ၁၀ နှစ်) စာအုပ်မှာ division ကို ခရိုင်လို့ လွဲမှားစွာ ဘာသာပြန်ကြတယ် ဆိုတာ သီးခြားရေးပါဦးမယ်
 





ဒီစာရေးရတာ အားနာပေမယ့် အခြားတိုင်းရင်းသားတွေ ရေးသားထားတဲ့ ဖက်ဒရယ်စာတမ်းတွေမှာ အမှားအယွင်းတွေ၊ လိုရာစွဲထားတာတွေ တွေ့ရတယ်။ ဒီဟာတွေကြောင့် ဆူး တွေ ပေါက်နေကြတယ်။ အမှန်တရား ပေါ်အခြေပြုမှ စစ်မှန်တည်မြဲတဲ့ စနစ်တခုရပါမယ်။ ဒါကြောင့် ဒီ အဆိပ် ဆူးတွေ နုတ်ပယ်ရပါမယ်။


--------------
လုံးစီး  ဆိုတဲ့ ကျောက်မျက်ဆိုင်ရာ အခေါ်အဝေါ်ကို နိုင်ငံရေးမှာ အဆန်းအသစ် သုံးတာ ဖေ့ဘုတ်ပေါ်မှာ မြင်ဖူးလို့ အတုယူရေးသားပါတယ်။
--------------
 ပြင်ဆင်ချက် - ပုဒ်မ ၂၀ (စ) ကို ၆ (စ ) ဟု ဖတ်ပါ။ 

▪️ ၂၀၀၈ ခြေဥရဲ့  မင်းမဲ့ စရိုက်  ပုဒ်မ  ၆( စ )  " နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး  " လို့  ဘာမှ တိတိကျကျ မရှိတဲ့ အချက်ကို တပ်တွင်းဝါဒဖြန့်တာမှာ သုံးတယ်။  အခုလို အဏာလုတာဟာ ပုဒ်မ  ၆ ( စ )  ကြောင့် ဆိုရင်  ၊ ပါတီတွေက၂၀၀၈ ခြေဥထဲက ကျန်ပုဒ်မတွေကို ဘယ်လောက်ပဲ လိုက်နာပါစေ၊ ကာချုပ် တယောက် စိတ်ထင်တိုင်း အာဏာလုခွင့် ရှိသလို ဖြစ်နေတယ်။ အမျိုးသား နိုင်ငံရေး ဆိုတာ ဘာလဲ တိတိကျကျ မရှိ။ ဦးဆောင်သည် ဆိုတာ ကာချုပ် ခိုင်းတာမှန်သမျှ လုပ်ကြဖို့လား? တိတိပပ ပြဒါန်းထားတဲ့ UEC လုပ်ပိုင်ခွင့် နဲ့တရားစီရင်ရေး ပုဒ်မတွေကို မလိုက်နာပဲ၊ ဝါးတားတား ရေးထားတဲ့ ပုဒ်မ (၆) ကို စေတလုံးပိုင်ရှင်    လို သုံးမယ် ဆိုတဲ့ သဘောဟာ ၂၀၀၈ ခြေဥရဲ့   မင်းမဲ့ စရိုက်ကို ပြသနေတာပဲ။  

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း