ဗမာလူမျိုးကြီးဝါဒ ဆိုက်ဝါးကို သတိထားကြ
ဗမာလူမျိုးကြီးဝါဒ ဆိုက်ဝါးကို သတိထားကြ
မနှစ်တုန်းက ဗမာ ဖိနှိပ်ရေး သွေးထိုးလှုံ့ဆော်သူတယောက်ရဲ့ စာကို ပြန်ဖတ်မိတယ်။ အဲဒီတုန်းက တော်လှန်ရေးမှာ ပွက်လောရိုက်နေလို့ မဖြေရှင်းနိုင်ခဲ့ဘူး။ တချက်လွတ်သွားတယ်။ လွတ်သွားတဲ့ တချက်ဟာ ဆူးခြုံတောကြီး ဖြစ်နေပြီ။
ငြိမ်းငြိမ်းပြည့်တို့ ဂျင်းမျိုးစေ့ ချတဲ့ အချက်ဟာ စုပေါင်းလိုက်ရင် အခြေခံက တချက်ထဲပဲ။
"ဗမာတွေဟာ စစ်အာဏာရှင် စနစ်ဆီက အကျိုးခံစားနေရတယ်။ ဒါဟာ ဗမာလူမျိုးကြီးဝါဒ ပဲ "... တဲ့။
" မြန်မာစစ်အစိုးရတွေဟာ ဗမာကို အရေးပေးတယ်။ အသာပေးတယ်။ မြန်မာစစ်တပ်လုပ်သမျှ ဗမာမှာ တာဝန်ရှိတယ်။ အို ... အခြားတိုင်းရင်းသားတို့ .. သင်တို့ဟာ ရွာမီးရှို့ခံရ၊ စစ်ဘေးဒဏ်ခံရ၊ ဆင်းရဲ နေကြတယ်။ ဒါတွေကို မြန်မာစစ်တပ် လုပ်တာလို့ ပဲ မမြင်ရဘူး။ ဗမာလူမျိုး လုပ်တာကို မြင်ကြရမယ် ။ အဲဒါ ဗမာလူမျိုးကြီးဝါဒ " ... ပဲ တဲ့။
" မကြာခင်က NLD အရပ်သားအစိုးရ ဖြစ်ခဲ့ဖူးတယ်။ အရပ်သား အစိုးရဟာ စစ်တပ်ကို မထိန်းနိုင်ဘူး။ ဒါပေမယ့် အစိုးရ တာဝန်ရမယ်။ အခြားတိုင်းရင်းသားတွေအပေါ် ပိုကောင်းမလာဘူး။ မြန်မာစစ်တပ်ချည်း မုန်းမနေနဲ့။ ဗမာတွေက မြန်မာစစ်တပ်လုပ်သမျှ အကျိုးခံစားနေတာ။ မြန်မာစစ်တပ်က ဗမာတွေကို ဖိနှိပ်တယ် ပြောပေမယ့်၊ အခြားတိုင်းရင်းသားတွေအပေါ် ပိုမို ဖိနှိပ်တယ်။ အဲဒါ ဗမာလူမျိုးကြီးဝါဒ" ... ပဲ တဲ့။
" မြန်မာစစ်တပ်ကို တိုက်သလို ဗမာလူမျိုးကိုလည်း ခေါင်းမဖော်နိုင်အောင် ချိုးနှိမ်ထားရမယ် ၊ ဗမာတွေထဲကပဲ ဒီတာဝန်ကို ယူရမယ်။ အဲဒီလိုလုပ်တဲ့ ဗမာဟာ စင်ကြယ်တယ်။ မလုပ်တဲ့ ဗမာဟာ ညစ်ထေးတယ်။ ဆိုပြီး ဂျင်းထည့်တယ်။ " .. ပဲ ။
ဥပမာ တစ်။ ဘာသာရေးအရ သက်သတ်လွတ်စားကြတယ် ။ အသားမစားရင် ကိုယ်ခန္ဓာ စင်ကြယ်တယ်။ တရားရလွယ်တယ်လို့ ထင်သူတွေ ရှိတယ်။ ဒါ့အပြင် တချို့က အစွန်းရောက် အယူအဆ ရှိတယ်။ " ငါတို့ အသားစားလို့ တိရစ္ဆာန်တွေ သေကြတယ်။ ငါတို့မှာ အပြစ်ရှိတယ် ။ ဒါကြောင့် အသားရှောင်တယ်" လို့ ဆိုကြတယ်။ ဒေဝဒတ်က သံဃာတိုင်း ဒီလို အကျင့်ကို ကျင့်ဖို့ တင်ပြတယ်။ မြတ်စွာဘုရားက ပယ်ချတယ်။ မြတ်စွာဘုရားရဲ့ ဝါဒက " စေတနာသည် ကံ ဖြစ်တယ်။ သေစေလိုသော စေတနာမရှိရင် ပါဏာတိပါတာကံ မမြောက် " ဟူ၏။ " အသားစား၍ အဟာရတည်းဟူသော အကျိုးကို ခံစားရတယ်။ ဒါကြောင့် အသားစားသူဟာ တံငါသည်၊ သားသတ်သမား၊ ပျားဖွပ်သမား ရဲ့ အကုသိုလ်အမှုကို အလိုတူ အလိုပါ ကျူးလွန်တယ်။ အကျိုးခံစားရလို့ အကုသိုလ်အမှုကို ပြုသူအဖြစ် ပူးတွဲ သတ်မှတ်တယ်" ဆိုတဲ့ အစွန်းရောက် ဝါဒဟာ ငြိမ်းငြိမ်းပြည့်အရင် ဒေဝဒတ်က ပြောခဲ့ပြီးသား ဖြစ်တယ်။
နောက်တခု ဥပမာ ပေးဦးမယ်။ ယနေ့ ဝပြည်နယ် က မြို့ကြီးတွေဟာ ချမ်းသာ ကြွယ်ဝနေတယ်။ အနယ်နယ်အရပ်ရပ်က သွားရောက် အလုပ်လုပ်ကြတယ်။ လူအပေါင်းဟာ အကျိုးခံစားနေကြတယ်။ အဲဒီ ဝပြည်နယ်ဟာ တချိန်က ဘိန်းစိုက် ဘိန်းချက် ရောင်းကြတဲ့ ဒေသကြီး ဖြစ်တယ်။ အမေရိကန် မူးယစ်ဌာနက ဝင်ရောက်အရေးယူမှာ စိုးလို့ မြန်မာစစ်အစိုးရ ထီးရိပ်ခိုပြီး ၁၀၀ ဖိုး ထုတ်၊ ၁ ကျပ်ဖိုး မီးရှို့တဲ့ နည်းတဲ့ ချမ်းသာလာတယ်။ လူသားမျိုးနွယ်ကို အညွှန့်တုံးစေတဲ့ ပြစ်မှုကြီးအတွက် ယနေ့ အကျိုးခံစားနေတဲ့ ဝ အရပ်သားတွေ၊ အနယ်နယ်က ရွေ့ပြောင်း အလုပ်လုပ်သူတွေ မှာ တာဝန်ရှိသလား။ ဖြေကြည့်ပါ။ ဘိန်းဘုရင် ခွန်ဆာရဲ့ ပြစ်မှုကြောင့် ငရဲကျရင် သူ့နယ်က ရှမ်းတွေ အကုန်လုံး ငရဲကျမှာလား ဖြေကြည့်ပါ။
" ပြည်သူ ကိုယ်စားမပြုတဲ့ အစိုးရတွေ ဘုရင်တွေ လုပ်ခဲ့သမျှ အဲဒီလူမျိုးဟာ အကျိုးခံစားရလို့၊ အဲဒီလူမျိုးမှာ အပြစ်ရှိတယ်။ " လို့ ပြောတာ ကောက်ကျစ်တဲ့ အရေးအသား ဖြစ်တယ်။ ပဒေသရာဇ်ခေတ် ၊ အာဏာရှင်ခေတ်မှာ ပြည်သူဟာ ကျွန်ပဲ။ ပေးတာယူ၊ ကျွေးတာ စားရတဲ့ ဘဝကို အကျိုးခံစားရတယ် လို့ ပြောတာ အတော်ပဲ လူမဆန်တဲ့ စကားဖြစ်တယ်။
ဒါ့အပြင် " လူမျိုး တမျိုးထဲက သီးသန့် တာဝန်ခံရမယ် " ဆိုတာ ပိုပြီး လူမဆန်တဲ့ စွပ်စွဲချက် ဖြစ်တယ်။ အဲဒီ ကျွန်တွေဟာ အရှင်သခင် တွေကို တားမြစ်ခွင့်လည်း မရှိဘူး။ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ဘဝတွေကို နောက်ထပ် မကောင်းတဲ့ဝါဒ လက်ခံထားသူတွေလို့ အပြစ်တင်စွပ်စွဲချက်ဟာ အတော်နာကျည်း စက်ဆုပ်စရာ ဖြစ်တယ်။
နောက် သာဓကတခုကို မေးပါရစေ။ ဂျီနိုဆိုက်အမှု အစိုးရနဲ့ "သီးသန့် လူမျိုး တမျိုး " မှာပဲ တာဝန်ရှိသလား။ ၂၀၁၂ မှာ ရိုဟင်ဂျာ ခလေး ၂ ယောက်ပဲ မွေးခွင့် ရှိတဲ့ ဒေသန္တရ အမိန့် နဲ့ တူးချိုင်းပေါ်လစီ ကို မီဒီယာတချို့က ဒေါ်အောင်ဆန်းစုကြည်ကို သဘောထား မေးတယ်။ သူမက ကန့်ကွက်တယ်။ ရခိုင်အမျိုးသားANP ပါတီက ဒီအကွက်ကို နင်းပြီး ရခိုင်အချုပ်အခြာ အာဏာ ပျက်သုဉ်းပါမယ် ဆိုပြီး ရခိုင်လူထုကို စည်းရုံးတယ်။ တောင်ကုတ်မြို့ ၂၀၁၅ မဲဆွယ်ပွဲ မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဒေါနဲ့ မောနဲ့ အဲဒီလို ဟောပြောတာ သတင်းမှာ တွေ့ရတယ်။ ရခိုင် လူမျိုးရေး ဘာသာရေး ပြင်းထန်လာတယ်။ ၂၀၁၄ မှာ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ ကျင်းပတယ်။ သမတ ဦးသိန်းစိန်က ရခိုင်ပါတီ၊ ရခိုင်လူမှုအဖွဲ့ တွေသာမက ALP ၊ AA လက်နက်ကိုင်တွေပါ တက်ခွင့်ပေးတယ်။ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်မှူးချုပ်ဟောင်း အောင်မင်း၊ ဗိုလ်ချုပ်ကြီး ဟောင်း ရွှေမန်း တက်ရောက်တယ်။ ရက္ခိတလမ်းစဉ် ချမှတ်တယ်။ ၂၀၁၇ မှာ ရခိုင်ပြည်နယ်မှာ အာဆာက ရဲစခန်းတိုက်တယ်။ ဒေါက်တာအေးမောင်က " အစိုးရ နဲ့ လွှတ်တော်ကို အားကိုး မရ၊ တပ်မတော်ကို အားကိုးတယ်" ဆိုပြီး ကာလုံ အစည်းအဝေ ခေါ်ခိုင်းတယ်။ ပြည်သူ့စစ် ဖွဲ့ပေးဖို့ တောင်းဆိုတယ်။ စစ်တပ်က တပ်မ ၂ ခု လွှတ်တယ်။ နယ်မြေခံ ပြည်သူ့စစ်တွေက စစ်တပ်ကို ကူညီတယ်။ ရိုဟင်ဂျာ ဂျီနိုဆိုက်မှု ဖြစ်တယ်။ အစက ပြန်ကောက်ရရင် တူချိုင်းပေါ်လစီဟာ ဂျိနိုဆိုက် ၄ ချက်ထဲက တချက် (ပုဒ်မ ဃ) ဖြစ်တယ်။ ဂျီနိုဆိုက်အမှုဟာ အစိုးရ နဲ့ "သီးသန့် လူမျိုး တမျိုး " မှာပဲ တာဝန်ရှိသလား။ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်သူ တာဝန်ခံသလဲ၊ ဘယ်သူက ခေါင်းရှောင်နေသလဲ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည် ကျေးရွာ အတွင်း ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတုန်းက ဒေါက်တာအေးမောင်ရဲ့ ဟောပြောမူ > “ ဒေါ်အောင်ဆန်းစုကြည်တို့က တူးချိုင်း ပေါ်လစီကို ကန့်ကွက်တယ်၊ ကျွန်တော်တို့က အတည်ပြုပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ကျွန်တော်တို့က အတည်ပြုပါတယ်၊ ဦးဥာဏ်ဝင်းက ကန့်ကွက်တယ်။ အဲဒီလို ( မူဆလင်အားပေးသူ ) ပုဂ္ဂိုလ်တွေရဲ့ လက်အောက်ခံ ပြည်နယ်အစိုးရဖြစ်ရင် ရခိုင်တို့ရဲ့ အချုပ်အခြာအာဏာသည် အလွန့် အလွန် စိုးရိမ်ဖွယ်ရာရှိတယ် " ( ဒေါက်တာအေးမောင် )
စစ်အာဏာရှင် ဖြစ်တည်မှုဟာ လူမျိုးပေါင်းစုံမှာ တာဝန်ရှိတယ်။ စစ်အာဏာရှင် ရဲ့ သက်ရောက်မှု ခံစားရတာ လူမျိုးစုံ ပြည်သူတွေ ဖြစ်တယ်။ သီးသန့် လူမျိုး တမျိုးကို အပြစ်ပုံချလို့ မရသလို၊ သီးသန့် လူမျိုးကပဲ ကောင်းဆိုး ခံစားရတာ မဟုတ်ဘူ။ အဲဒီလို လူမျိုးရေး ခွဲခြားတဲ့ အမြင်ဟာ ယုတ်ညံ့တယ်။
အင်္ဂလိပ်က မြင်္နမာပြည်ကို နှစ်တရာကျော် အုပ်ချုပ်တယ်။ ရုံးသုံးစာကို အင်္ဂလိပ်လို ပြောင်းလဲတယ်။ ပင်လုံစာချုပ်ကို အင်္ဂလိပ်လို ချုပ်ဆိုတယ်။ တဲအိမ်တွေပဲရှိတဲ့ ရန်ကုန်ကို ပင်လယ်ဆိပ်ကမ်းမြို့တည်တယ်။ ကားလမ်း ရထားလမ်းတွေ ဖောက်တယ်။ အင်္ဂလိပ် က ခရစ်ယန်သာသနာပြုတယ်။ အဲဒါတွေ လုပ်တုန်းက အဘယ်သော အခြားတိုင်းရင်းသားမှ "အင်္ဂလိပ်လူမျိုးကြီး ဝါဒ" လို့ မဆို။ အင်္ဂလိပ် အက္ခရာကိုတောင် စာပေလုပ်တဲ့ လူမျိုးတွေရှိတယ်။ အခြားတိုင်းရင်းသားမှ " လူမျိုးကြီး ဝါဒ" လို့ မပြော။
ပထဝီအနေအထား အပေါ် အင်္ဂလိပ်က စီမံတဲ့အတိုင်း ပြည်မက တိုးတက်လာတယ်။ စော်ဘွား ဒူဝါးတွေ ကိုယ်ပိုင်အုပ်ရတယ်လည်း ပြောသေး ပြည်သူတွေ မွဲတေနေတာပဲ။ အဲဒီထဲက ပြည်မနဲ့ နယ်ခြားဒေသဟာ ဆင်းရဲချမ်းသာ ကွဲပြားနေတာပါ။ ပထဝီအနေအထားအရ မွဲတာကို ဗမာကြောင့် မွဲသယောင် သွေးထိုးနေကြတယ်။ ငြိမ်းငြိမ်းပြည့်တို့ ပြောပုံက " ကိုလိုနီခေတ်မှာ နယ်ခြားဒေသ တွေက ပြည်သူတွေဟာ ချမ်းသာပြီး၊ လွတ်လပ်ရေးရမှ ဗမာကြောင့် မွဲ" နေသလိုလို ဂျင်းထည့်ကြတယ်။
ဗမာတွေ အကျိုးခံစား ရတာ စီမံ အုပ်ချုပ်မှု ညံ့ဖျင်းတဲ့ စစ်အစိုးရတွေကြောင့် မဟုတ်။ ရှေးပဝေသဏီထဲက စိုက်ပျိုးမြေ ကျယ်ပြန့်ပြီး မြေပြန့် ပထဝီမှာ လမ်းပန်းကောင်းမွန် ရာသီဥတုမျှတ လို့ ဖြစ်တယ်။ တိုင်းရင်းသားဒေသက သယံဇာတ ဆိုတာ သူခိုးဈေးနဲ့ ဖြတ်ပြီး တရသလက်နက်ကိုင် နဲ့ မြန်မာစစ်တပ် နဲ့ ဝေစားခဲ့ကြတာပဲ။ သယံဇာတ ရောင်းရငွေကို အကျိုးခံစားရတာ လက်နက်ကိုင်ပြီး စီးပွါးရှာနေကြသူပဲ။ အဝေမတည့်ရင် ထချဖို့ မအလတပ်ရော EAO တွေပါ မှောင်ခိုဈေးက မတန်တဆ လက်နက်ဝယ်ပြီး ငွေဖြုန်းတီးနေကြတယ်။ အခြားတရသတွေကိုတော့ အရိယာသူတော်စင်ပမာ ပုံဖော်ပြီး ဗမာကို သူခိုးသူယုတ် လို့ ပုံဖော်နေတာ အဂတိလိုက်စားမှု ဖြစ်တယ်။ တချို့သော EAO တွေဟာ ယနေ့အထိ မအလနဲ့ ဆွေးနွေးပြီး ဝေစု ခွဲဖို့ ညှိနေကြတာ အမြင်ပဲ ... လက်နက်မဲ့ ဗမာလူထု ကို ဗမာလူမျိုးကြီး ဝါဒလို့ စွပ်စွဲပြီး ၊ လက်နက်ရှိ မအလစစ်ဖိနပ် လျက်နေကြတာကို ငြိမ်းငြိမ်းပြည့်တို့ အုပ်စု မပြောရဲ။ လက်နက်မဲ့ ဗမာပြည်သူ နဲ့ ပြည်သူ့အစိုးရကို ဘာလုပ်စမ်း ညာလုပ်စမ်း ဩဇာပေးပြီး၊ မအလနဲ့ တွေ့ရင် စစ်ယူနီဖောင်း မဝတ်ရဲတဲ့ အထိ အပိုးကျိုးနေတဲ့ တရသခေါင်းဆောင် တွေဟာ မြေနိမ့်ရာ လှံ မစိုက်သင့်ပါ။
၂၀၀၄-၂၀၀၇ အထိ NLD ( သူတို့အခေါ် ဗမာပါတီ) က ဆန့်ကျင် သပိတ်မှောက်ခဲ့တဲ့ " ၂၀၀၈ ခြေဥ ရေးဆွဲနေတဲ့ အမျိုးသား ညီလာခံကို တက်ရောက် အိမ်ဖြည့်ပေးခဲ့ကြတဲ့" အခြားတိုင်းရင်းသားပါတီတွေ၊ EAO တွေ၊ ၂၀၁၅ မှာ NLD က " EAO အားလုံးသဘောတူပါမှ လက်မှတ်ထိုးသင့်ကြောင်း ၊ တကွဲတပြား လက်မှတ်မထိုးသင့်ဘူး လို့ အကြံပြုခဲ့" တာကို ဥပေက္ခာပြုပြီး NCA လက်မှတ်ထိုးတဲ့ EAO တွေဟာ ...... ၂၀၁၀ မှ ၂၀၂၂ အတွင်း လူမျိုးစုံ ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ..... တာဝန်ရှိပါတယ်။ တာဝန်ခံသင့်ပါတယ်။ EAO တွေနဲ့ မြန်မာစစ်တပ် လက်ဝါးရိုက်ပြီး အကျိုးခံစားနေတာပါ။ ဒီအကျိုးဆက်ကြောင့် မြန်မာပြည်မှာ လူ့မလိုင်လူတန်းစား ၊ သူဌေးသူကြွယ်လူတန်းစားဟာ ဘယ်သူမျိုးတွေလဲ မျက်မြင်ဒိဌ ကြည့်မြင်နိုင်ပါတယ်။
မြင်အောင် ကြည့်စမ်းပါ။ ရန်ကုန် မန်းလေး မှာ (အုပ်စိုးသူကို ပြည်သူက ရွေးချယ်ခွင့် မရှိတဲ့ စစ်အာဏာရှင် ဖြစ်တည်မှုကြောင့် ) ချမ်းသာနေတာ အောက်ခြေလူထု မဟုတ်ဘူး။ စစ်တပ်နဲ့ ပေါင်းစားနေတဲ့ ဝ ကိုးကန့် ရှမ်းတရုတ်တွေ ချည်းပဲ။ မြန်မာပြည်စီးပွါးရေးကို လက်ဝါးအုပ် ဂုတ်သွေးစုပ်နေတာ စစ်ခရိုနီ နဲ့ တိုင်းရင်းသား ခရိုနီတွေပဲ။ မန်းလေးဆိုရင် မြို့ လယ်ခေါင် ဗမာ မရှိတော့ဘူး။ ဗမာတွေ ဘာဖြစ်နေသလဲ သိချင်ရင် အညာ သွားကြည့်။ အခြား တိုင်းရင်းသား ဒေသတွေမှာ မူးယစ်ဆေးတွေ၊ ကာစီနိုတွေ၊ နယ်စပ်ဂိတ်တွေ၊ သစ်ထုတ်၊ ကျောက်တူး ရွှေတူးနဲဲ့ စီးပွားဖြစ်နေချိန်မှာ အညာ ဗမာတွေ ငတ်ပြတ်နေတာ မသိဘူးဆိုရင် နိုင်ငံရေးအကြောင်း မရေးသင့်ဘူး။
ဗမာလူမျိုးကြီး ဝါဒ တိုက်ဖျက်ရေး လို့ ဆိုတယ်။ ဟုတ်ပြီ ဘယ်အချက်တွေက ဗမာလူမျိုးကြီးဝါဒလဲ။ နိုင်ငံတကာ တရားဥပဒေ၊ လူ့အခွင့်အရေး စံနှုန်းတွေက သုံးသပ်တဲ့ စာတမ်းတခုမှ ချမပြနိုင်ဘူး။ ဂုဏ်သရေရှိ နိုင်ငံတကာ အဖွဲ့အစည်းတွေက စနစ်ကျတဲ့ ဆန်းစစ်ချက်လည်း မရှိဘူး။ ဒါတွေ မရှိပဲ လူမျိုးတမျိုးကို စွပ်စွဲတာဟာ နိုင်ငံရေးသမား စစ်စစ်တွေရဲ့ အမူအကျင့် မဟုတ်ဘူး။ လူမျိုးတမျိုးကို မဟုတ်မမှန် နှိမ်ချတဲ့ လူမျိုးရေးမုန်းတီးမှုပဲ။ တချို့ ဗမာကပြားတွေဟာ ဥပဓိရုပ်က ဗမာရုပ် မထွက်တော့ ( ယနေ့ Non-CDM ဖြစ်လာမယ့်) စစ်ဗျူရိုကရက်တွေနဲ့ ထိတွေ့ဆက်ဆံရာ အနှိမ်ခံရတဲ့ အခါ ( ဗမာတွေလည်း အလားတူ ကျွန်သခင် ဆက်ဆံရေးကို ခံစားရတာပဲလို့ မမြင်ပဲ) ငါ့မို့လို့ ဒီလိုခံရတာ ဆိုပြီး အငုံစိတ် ကိန်းအောင်းတတ်တယ်။ ဖက်ဒရယ်ကို တည်ဆောက်ချင်တဲ့ လူတွေမှာ ဒီလို အငုံစိတ်တွေရှိရင် အောင်မြင်စရာ မရှိဘူး။ မြန်မာ (ဗမာ) ဘက်ကလည်း မဟုတ်ရမ်းတရား စွပ်စွဲမှုအပေါ် လက်ခံမှာ မဟုတ်ဘူး။ ချစ်ခြင်းတရား မရပဲ၊ မုန်းခြင်းတွေသာ ရလိမ့်မယ်။
လူမျိုးစုံ ချစ်ကြည်ရေးကို ဗမာမုန်းဝါဒ ဗမာဖိနှိပ်ဝါဒနဲ့ တည်ဆောက်နိုင်မှာ မဟုတ်။ ဒါကို သိပါရက်နဲ့ လုပ်နေတာဟာ ၁၉၆၁ - ၈ ပြည်ထောင်မူ ဇောင်းထကြလို နေဝင်း ဂွင်ထဲ ဝင်ပြီး အာဏာသိမ်းတော့ ဒွိဟအမြင်တွေကြောင့် စိတ်ဝမ်းကွဲ ငါးကြင်းသား မြေခွေးအချီ ခံရတဲ့ ဖြစ်အင်နဲ့ ဆင်တူတယ်။
Comments
Post a Comment