ရှမ်းပြည်နယ်အစိုးရအဖွဲ့
ရှမ်းပြည်နယ်အစိုးရအဖွဲ့
၁။ ရှေးခေတ်ရှမ်းလူမျိုးများသည် နယ်မြေအားဖြင့် ကျယ်ဝန်းစွာပြန့်ကျဲနေထိုင်ခဲ့ကြသည်။ အနောက်ဘက်တွင် အာသံ၊ မဏိပူရ၊ အိန္ဒိယနယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့် အရှေ့တောင်ဘက်နှင့် တောင်ဘက်စူးစူးတလျှောက်တွင် ထိုင်းနိုင်ငံမှ မလေးရှား နိုင်ငံအထိ အနှံ့အပြားရောက်ရှိ နေထိုင်ခဲ့ကြသည်။
၂။ မြန်မာဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်ကို စည်းရုံးအုပ်ချုပ်နိုင်ခဲ့ပြီး၊ မိုးနဲမြို့တွင် ဗိုလ်မှူးအဆင့်ရှိ မင်းသားတစ်ဦးထားရှိကာ စော်ဘွားများ၊ စစ်ကဲများမှတစ်ဆင့် အုပ်ချုပ်ခဲ့သည်။ သံလွင်နယ်၊ ကျိုင်းတုံတိုင်အောင် အရှေ့ဘက် ကျိုင်းခမ်းနှင့်မိုင်းလန်း၊ မြောက်ပိုင်းတွင် မိုင်းမခနှင့် သိန္နီ၊ တောင်ပိုင်းဒေသများတွင် မိုင်းပန်နှင့် မောက်မယ်အပါအဝင် ကယားပြည်နယ်စပ်အထိ စိုးမိုးခဲ့ ကြသည်။
၃။ နယ်ချဲ့အင်္ဂလိပ်လက်ထက်တွင် ရှမ်းပြည်နယ်အက်ဥပဒေထုတ်ပြန်ပြီး တရားရေး၊ ရာဇဝတ်မှု နှင့် အခွန်အုပ်ချုပ်မှု အခွင့်အာဏာများကို စော်ဘွားများအား စည်းကမ်းနှင့် သတ်မှတ်အပ်နှင်းခဲ့ သည်။ ရှမ်းပြည်နယ် နယ်ခြားသတ်မှတ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်အစိုးရနှင့် တရုတ်နိုင်ငံတို့ (၂) နိုင်ငံသဘောတူစာချုပ်အရ နမ့်ဝမ်နှင့် ရွှေလီပူးပေါင်းသည့်ဒေသ (သိန္နီမြောက်ဘက်)မှ သံလွင်မြစ် အထိ သံလွင်မြစ်အတိုင်း ကွမ်းလုံနယ်မှ မဲခေါင်မြစ်အရောက် ရှမ်းပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
၄။ ၁၉၄ရခုနှစ်၊ လွတ်လပ်ရေးမရမီကာလအထိ ရှမ်းပြည်နယ်တွင် ရှမ်းပြည်နယ်စော်ဘွားများ ပါဝင်သော ပဒေသရာဇ်ကောင်စီရှိသော်လည်း အုပ်ချုပ်မှုအာဏာမရှိဘဲ အကြံဉာဏ်သာပေးနိုင်ခဲ့ သည်။ အုပ်ချုပ်မှုအာဏာကို နယ်ချဲ့အင်္ဂလိပ်များက ချုပ်ကိုင်ထားပါသည်။ ယင်းကောင်စီကို စော်ဘွားနှင့် ပြည်သူလူထုတို့မှ လိုလားခြင်းမရှိသဖြင့် ပင်လုံမြို့၌ ကျင်းပသည့် ၁၉၄ရခုနှစ်၊ ပထမ အကြိမ် ရှမ်းစော်ဘွားများပဏာမ တွေ့ဆုံဆွေးနွေးပွဲတွင် စော်ဘွားများ၊ ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်ထက်ဝက် ပါဝင်သော ကောင်စီဖွဲ့၍ အုပ်ချုပ်ရန်တောင်းဆိုခဲ့သည်။
၅။ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ပြီး စော်ဘွား (၃၃)ဦး လူထုကိုယ်စားလှယ်(၃၃)ဦးပါဝင်သော ရှမ်းပြည်နယ်ကောင်စီ (သို့မဟုတ်) ရှမ်းပြည်နယ်လွှတ်တော် ကို ရွေးချယ်ပြီး ဖွဲ့စည်းခဲ့ကြသည်။
၆။ ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရရှိပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံတွင် ပဒေသရာဇ် ရှမ်းပြည်နယ်ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများနှင့် ‘‘ဝ’’နယ်မြေများကို ရှမ်းပြည်နယ် ဟုခေါ်တွင် စေခဲ့သည်။
၇။ ၁၉၅၅ ခုနှစ်တွင် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ခမ်းနားကြီးကျယ်သော ရှမ်းပြည်နယ်အမတ်များ၏ညီလာခံခန်းမကြီး ယခုရှမ်းပြည်နယ်(ကျားခေါင်း)ခန်းမကိုဆောက်လုပ် ခဲ့ပြီး ပဉ္စအကြိမ်မြောက် ရှမ်းပြည်နယ်ညီလာခံကို ကျင်းပခဲ့ပါသည်။ ရှမ်းပြည်နယ်ကိုလည်း အောက်ပါအတိုင်း (၆)ခရိုင်ဖွဲ့စည်း၍ (၃၃)မြို့နယ် ပါဝင်ဖွဲ့စည်းခဲ့ပါသည်-
(က) တောင်ကြီးခရိုင် (ခ ) လားရှိုးခရိုင် (ဂ ) ကျိုင်းတုံခရိုင် (ဃ) လွိုင်လင်ခရိုင် (င ) ဟိုပန်ခရိုင် (စ ) ကျောက်မဲခရိုင်
၈။ ၁၉၅၉ခုနှစ် ဧပြီလ(၂၄)ရက်တွင် စော်ဘွားများက မိမိတို့နယ်အတွင်း အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အာဏာများ ကို ရှမ်းပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဖွဲ့ဝင်(၄)ဦးပါဝင်သည့် ရှမ်းပြည်နယ်ဦးစီး အဖွဲ့မှ အုပ်ချုပ်ခဲ့ပါသည်။
၉။ ၁၉၆၂ခုနှစ်၊ မေလ(၉)ရက်နေ့တွင် လက်ရှိအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး အဆင့်ဆင့်သော လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများဖွဲ့စည်းအုပ်ချုပ်ကာ ၁၉၇၂ခုနှစ် စနစ်သစ်အရ ခရိုင်အဆင့်၊ ခရိုင်ခွဲအဆင့် စသည်များကို ဖျက်သိမ်းခဲ့ပါသည်။ ယင်းအချိန်တွင် ရှမ်းပြည်နယ်အတွင်း၌ ရှမ်းပြည်နယ်(တောင်ပိုင်း)(၂၁)မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)(၉)မြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) (၁၆)မြို့နယ် စုစုပေါင်း(၄၆)မြို့နယ် ပါဝင်ဖွဲ့စည်းထားခဲ့ပါသည်။
၁ဝ။ ၁၉၇၄ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးချယ်တင်မြောက်ပွဲများကို (၄)နှစ်(၁)ကြိမ် ပြုလုပ်ကာ အုပ်ချုပ်ခဲ့ကြသည်။ ၁၉၈၈ခုနှစ် အရေးခင်း ပြီး၍ တပ်မတော်အစိုးရ လက်ထက်တွင် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်း ခဲ့ပြီး (၁၅-၁၁-၁၉၉၇)ရက်နေ့မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
၁၁။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ အရ ရှမ်းပြည်နယ်ဟု ပြဌာန်းလိုက် သည့်အတွက် အုပ်ချုပ်ရေးနယ်မြေ တစ်ပေါင်းတစ်စုတည်းဖြစ်လာကာ ၃ဝ-၃-၂ဝ၁၁ ရက်နေ့တွင် တောင်ကြီးမြို့၌ ရုံးစိုက်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဟု ပေါ်ပေါက်လာခဲ့ပါသည်။
Comments
Post a Comment