Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်"
Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်"
▪️ သမိုင်းဦးဘုံမြေခေတ် ၊ မြေရှင်ပဒေသရာဇ်ခေတ် ၊ ကိုလိုနီအရင်းရှင်ခေတ်၊ ဒီမိုကရေစီခေတ် ဆိုတဲ့ ခေတ် တွေ ခွဲခြားထားတာဟာ စာအုပ်ထဲမှာ မာတိကာစီဖို့ မဟုတ်ဘူး။ ခေတ်တခုချင်းစီမှာ မတူညီသော စံနှုန်းတွေရှိတယ်။
▪️ ဒီနေ့ မြန်မာနိုင်ငံရေးကို ပြောဆိုနေကြသူတွေဟာ ခိုင်မာတဲ့ စံနှုန်း မရှိဘူး။ မအလစစ်တပ်ဟာ မြန်မာ ပဒေသရာဇ်ခေတ်ကို ဒီမိုကရေစီခေတ်ထဲ ဆွဲသွင်းနေတယ်။ အခြားတိုင်းရင်းသားတွေကလည်း ပဒေသရာဇ်ခေတ်က အကြောင်းအရာတွေနဲ့ အမျိုးသားရေး လက္ခဏာတည်ဆောက်နေတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ လူကြားကောင်းအောင် ပြောနေတာ ပဒေသရာဇ်ကွန်ဖက်ဒရေးရှင်းနဲ့ မြေရှင် တွေ နယ်လုပွဲမှာ ခေတ်နောက်ပြန်ဆွဲနေကြတယ်။
▪️ ဒီနေ့ တိုးတက်ပါတယ်ဆိုသော စာတတ်လူငယ်တွေ ဟာလည်း ယဉ်ကျေးမှုတော်လှန်ရေး တို့ zero setting တို့ ခံတွင်းအရသာခံ ပြောနေကြတာ၊ တကယ်တမ်းကျတော့ သူတို့ဟာ ခေတ်နောက်ပြန်ဆွဲ နေတဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်" တွေ ဖြစ်နေတယ်။ မြန်မာ ပဒေသရာဇ်စနစ်ကို အပြစ်တင် ဝေဖန် ရှုတ်ချပြီး ၊ မြန်မာ အမျိုးသားရေး လက္ခဏာ အကုန် ဖြိုချရမယ် ယူဆနေကြတယ်။ ဒါပေမယ့် အခြားတိုင်းရင်းသားတွေရဲ့ ပဒေသရာဇ် လက္ခဏာတွေကို မီးလောင်ရာ လေပင့် အားပေးနေကြတယ်။
▪️ သူတို့ဟာ နိုင်ငံရေး ideology မပိုင်နိုင်ဘူး။ ယဉ်ကျေးမှုတော်လှန်ရေးက ဖြစ်လာတဲ့ လေဟာနယ် တခုကို တပြိုက်နက် အစားထိုးဖို့ အဆင်သင့် ဖြစ်မနေကြဘူး။ ဒါဟာ အန္တရာယ် ၂ ခုကို ဖိတ်ခေါ်နေတာပဲ။
(၁) အခြားတိုင်းရင်းသားတွေရဲ့ ပဒေသရာဇ် နယ်လု၊ နယ်ဖဲ့၊ နယ်ချဲ့ ပွဲ မှာ proxy အသိမဲ့ လက်ဝေခံ အဖြစ် အသုံးချ ခံရပြီး ၊ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဖျက်ဆီးနှောက်ယှက်ခြင်း။ ( NUG ၊ NUCC ရဲ့ စည်းရုံးရေး ကို ပေါ်လစီအရ တိုက်ခိုက်ခံရခြင်း)
(၂) အခြားတိုင်းရင်းသားတွေရဲ့ ပဒေသရာဇ် ကွန်ဖက်ဒရေးရှင်းကို အကြောင်းပြပြီး စစ်ကောင်စီ အတွက် "ပြည်ထောင်စုမပြိုကွဲရေး " ခေါင်းစဉ်နဲ့ စည်းရုံးရေး ကို သွယ်ဝိုက် အားပေးမိခြင်း..( ဗိုလ်နေဝင်းခေတ်က ၈ ပြည်နယ် ရှမ်းမူ ကြောင့် လူထုနဲ့ တပ်တွင်း ထောက်ခံမှုရသွားတယ်။)
▪️ မြန်မာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက် ရွေ့လျားရမယ့် အစား၊ အခြားတိုင်းရင်သားတွေရဲ့ မြေရှင်ပဒေသရာဇ် နယ်လု၊ နယ်ဖဲ့၊ နယ်ချဲ့ မှုကို ကာကွယ်ရန် အလို့ငှါ မြန်မာတို့ရဲ့ ခေတ်ဟောင်း သမိုင်းကို ပြန်လည်ဖော်ထုတ် ပြီး ကာကွယ်လာရတယ်။ တကယ်တော့ မြေရှင်ပဒေသရာဇ် သမိုင်းဟာ သမိုင်းသုတေသန နေရာမှာသာ ရှိသင့်တယ်။ သမိုင်းသင်တာ မအ, အောင် ဆိုပေမယ့်၊ နိုင်ငံရေး လက်နက်တခု အဖြစ် အသုံးချစရာ မဟုတ်ဘူး။
ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ၁၉၄၇ ကို ခေတ်သစ်ဖက်ဒရယ် ဒီမိုကရေစီ သမိုင်း စမှတ်အဖြစ် သဘော မထားနိုင်ရင်၊ မယုံကြည်ရင်၊ နောက်ထပ် ပို၍ ကြီးမားသော ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ခွဲထွက်ရေး ၊ နိုင်ငံသစ် ဆိုတဲ့ နိုင်ငံရေး မီးရှူးမီးပန်းတွေဟာ အမွှေဇယား သာဖြစ်ပြီး ခွင့်သာခိုက် မလိုက်မိရင်တော့ " ဖွတ်မရ၊ ဓားမဆုံး" နောင်တ ကျန်ရစ်လိမ့်မယ်။
Comments
Post a Comment