ရွှေချိုးဖြူ၊ စီးယင်းခုခံစစ်၊ ဝိသေသတိုင်းနဲ့ ကွန်မြူနစ်မုန်းတဲ့ ချင်းသူပုန်
ဘိုဘို
ဘီဘီစီမြန်မာပိုင်း
၁၂ ဧပြီ ၂၀၂၁
ဓာတ်ပုံ - လွတ်လပ်ရေးခေတ်က ဟားခါးချင်းမောင်နှံ
ပုဂံခေတ်က ချင်းတွင်းမြစ်ဝှမ်းမှာ နေထိုင်ခဲ့ပြီး ချင်းတောင်နဲ့ ရခိုင်တောင်စဉ်တောင်တန်းတွေမှာ မှီတင်းနေထိုင်လာကြတဲ့ ချင်း မျိုးနွယ်စုတွေဟာ အိန္ဒိယနဲ့ မြန်မာ နယ်စပ်က ဟိမဝန္တာနဲ့ ဆက်နေတဲ့ တောင်တန်းတွေကနေ ပဲခူးရိုးမထိ ဖြန့်ကျက် ကျင်လည် ခဲ့ကြ တဲ့ လူရှိုင်း၊ ဇိုမီး၊ ကူကီး၊ လိုင်၊ အရှို၊ ခူမီး၊ ချိုးစတဲ့ မျိုးနွယ်စုတွေထဲက ဖြစ်ကြပါတယ်။ တိဘက် မြန်မာမျိုးနွယ်စုဝင် နာဂ၊ ကချင် စတဲ့ တခြားလူမျိုးတွေလိုပဲ ချင်းတွေဟာလည်း သမိုင်း တလျှောက် မြန်မာဘုရင်မင်းဆက်တွေရဲ့ အုပ်ချုပ်မှုနဲ့ သိပ်ထိထိစပ်စပ် မရှိခဲ့တဲ့ တောင်ပေါ် မျိုးနွယ်တွေ ဖြစ်ကြပြီး တီးတိန်စော်ဘွားကိုသာ မြန်မာ ဘက်က ချီးမြှောက်တာ ရှိခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဦးဘရှင် က ရေးပါတယ်။
ဓာတ်ပုံ - ရခိုင် ချင်းတောင်တန်းက ချင်းလူကြီးများ
အနိုင်မခံတဲ့ တောင်ပေါ်သား
မြန်မာဘုရင်အုပ်ချုပ်ရေး ချင်းတောင်ပေါ် မသက်ရောက်ခဲ့ပေမယ့် ပုဂံခေတ်က မြန်မာနိုင်ငံအလယ်ပိုင်းကို ထိန်းချုပ်ဖို့ ကန်တူခေါ် ကဒူးလူမျိုးတွေနဲ့ မြန်မာတွေ နယ်လုရာမှာ ချင်းတွေနဲ့ မဟာမိတ်ဖွဲ့ ခဲ့တယ်လို့ ဒေါက်တာသန်းထွန်းက ခေတ်ဟောင်းမြန်မာရာဇဝင်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ပဒေသရာဇ်ခေတ်က ချင်းမျိုးနွယ်တွေဟာ မြေပြန့်က ယောနဲ့ မြန်မာတွေကို ဖမ်းပြီး ငွေနဲ့ရွေးခိုင်းတာတွေ ရှိခဲ့ တယ် ဆိုပြီး သိပ္ပံမောင်ဝက လူပြန်ပေး ဝတ္ထုဆောင်းပါးမှာ ရေးပါတယ်။ ဒါကြောင့် ယောနယ်က မြို့ရွာတွေကို တရုတ်နယ်စပ်က ရှမ်းမြို့ရွာတွေလိုပဲ အလံဦးကင်းဖျား နယ်စပ်စခန်းတွေအဖြစ် မြန်မာ ဘုရင်အုပ်ချုပ်ရေးက သဘောထားခဲ့ပါတယ်။ မြေပြန့်က ဆားနဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင်တချို့အတွက် လဲလှယ်တဲ့ အနေနဲ့ မြန်မာဘုရင်ကို ချင်းတောင်အုပ်တောင်စားတွေက ပျားရည်နဲ့ တခြား တောထွက် ပစ္စည်းတွေ ဆက်သတာကလွဲပြီး တောင်ပေါ် ဒေသတွေမှာ မြန်မာအုပ်ချုပ်ရေး မရောက်ခဲ့ပါဘူး။
တခါ ခရီးကြမ်းတမ်းတဲ့ချင်းတောင်ကို ဖြတ်ပြီး အာသံ၊ မဏိပူရစတဲ့ နိုင်ငံတွေကို သိမ်းပိုက်မှုလည်း မရှိခဲ့တဲ့အတွက် ဟူးကောင်း၊ တနိုင်း က ရှမ်း ကချင်ဒေသ တွေလောက်တောင် မြန်မာ စစ်သည်တွေ ဝင်ထွက်တဲ့ လမ်းကြောင်း ချင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကလေးနယ် အနီး တဝိုက်က ချင်းတွေ နဲ့ မြန်မာ တွေဟာ ဆန်နဲ့ ဆင်စွယ်စတဲ့ ထွက်ကုန်တွေ ဖလှယ်ဖို့ အရောင်းအဝယ် လုပ်ခဲ့ကြပြီး ချင်းရွာ အချင်းချင်း မတည့်လို့ တိုက်ခိုက် ရင် မြန်မာဘက်ကို အကူအညီတောင်းတတ်တယ်လို့ လူထုဦးလှက သောင်းပြောင်းထွေလာ ရေးချင်ရာရာ စာအုပ် မှာ ရေးပါတယ်။ နောက် အလောင်းဘုရား တက်ခါစ က ထီးလင်းစော်ဘွားဟာ နိုင်ငံရေး အရှုပ်အထွေး ကြောင့် ချင်းတောင်ပေါ် တက်ပြေးခဲ့တယ်လို့ စောကြူမောင် က ယောဓလေ့ စာအုပ်မှာ ရေးပါတယ်။
ဓာတ်ပုံ - ချင်းတောင်သိမ်းစစ်ဆင်ရေးခရီးက ဗြိတိသျှစစ်သားများ
ရွှေချိုးဖြူနဲ့ စီးယင်းမျိုးချစ်များ
၁၈၈၅ မှာ အထက်မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ပြီးနောက် အနီးပတ်လည်က မြင်းခွာပုံ တောင်တန်းဒေသတွေကို သိမ်းသွင်းဖို့ ကြိုးစားပါတယ်။ လင်းပင်မင်းသားကို မင်းလောင်းတင်ဖို့ သီပေါမင်းကို ပုန်ကန်ဖို့ ကြံခဲ့တဲ့ ရှမ်းစော်ဘွားအုပ်စုနဲ့ ဗြိတိသျှတပ်တွေ တိုက်ခိုက်ခဲ့သလို ချင်းတွင်းဘက်ကနေ ပုန်ကန်မှုတွေမအောင်မြင်လို့ ပြေးဝင်လာတဲ့ ရွှေချိုးဖြူမင်းသား နာမည်ခံသူကိုလည်း ချင်းတွေက ကာကွယ်ပေးပြီး တက်လာတဲ့ ဗြိတိသျှတပ်တွေကို ပြန်လည်ခုခံခဲ့ပါတယ်။ ကချင်တောင်တန်းဒေသမှာလည်း ဒူးဝါးအကြီးအကဲတွေရဲ့ တွန်းလှန်မှုကို နှစ်ချီနှိမ်နင်းခဲ့ရတဲ့ ဗြိတိသျှတပ်တွေဟာ ချင်းတောင်ကို ငြိမ်ဝပ်အောင် ထိန်းဖို့မှာတော့ အခက်အခဲနဲ့ အရှည်ကြာဆုံး ကြိုးပမ်း ခဲ့ရတာပါ။ မြေပြန့်ဒေသက ခုခံမှုတွေကို သုံးလေးနှစ်နဲ့ ဖြိုခွဲနိုင်ခဲ့ပေမယ့် ချင်းတောင် ဒေသမှာတော့ ၁၈၈၈ ကနေ ၁၈၉၆ ထိ ရှစ်နှစ်ကြာ ခုခံမှုတွေ ရှိခဲ့ပါတယ်။
ဒီထဲက ထင်ရှားတဲ့ ခုခံမှုတခုကတော့ မြောက်ပိုင်းချင်းတောင် တီးတိန်နယ်က ရှာလ်လုမ်းခေါ် ဆီယာလွမ်းခံတပ် ဖြစ်ပါတယ်။ တောင်ပေါ် ကားလမ်းကနေ တောင်ဆင်းလမ်းကျဉ်းကို ခက်ခက်ခဲခဲ ဖဲ့ချိုးဆင်းလာခဲ့ရင် အခုထိ တွေ့နိုင်သေးတဲ့ ဒီခံတပ်ဟောင်းဟာ ၁၈၈၉ ခုနှစ်က စီးယင်း မျိုးနွယ်စု ဝင် ချင်းမျိုးချစ် တို့ရဲ့ ခုခံစစ်ကို ပြနေတဲ့ သက်သေတခု ဖြစ်ပါတယ်။ ဒီခံတပ်မှာ ဖြစ်တဲ့တိုက်ပွဲကြောင့် ဗြိတိသျှ ဘက်က ဗိုလ်ကြီးတယောက်နဲ့ တပ်သား ၃ ယောက် ကျပြီး ၁ဝ ယောက် ဒဏ်ရာရတယ်လို့ ဒေါ်နီနီမြင့်ရဲ့Burma's Struggle against British Imperialism (1885-1895) မှာ ပါရှိပါတယ်။ ဒီတိုက်ပွဲမှာ ဒဏ်ရာရတဲ့ ဗြိတိသျှဆေးတပ်ဗိုလ်ကိုလည်း အမြင့်ဆုံး ဝိတိုရိယ ကြက်ခြေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။
ဓာတ်ပုံ - ကလေးစော်ဘွားနဲ့ အခြွေအရံများ
ဒီတိုက်ပွဲအစ ဇာစ်မြစ်ကတော့ မြန်မာဘုရင်ခန့်ခဲ့တဲ့ ကလေးစော်ဘွားဦးရစ်ကို ဖြုတ်ချပြီး တူဖြစ်သူ မောင်ပါကြီးကို အစားထိုးတဲ့ ဗြိတိသျှတပ်တွေက စီးယင်းခေါင်းဆောင်တွေကို ကလေးကို ဖိတ်ပြီး သူတို့လက်နက်အစွမ်းပြသလို မောင်ပါကြီးကို မတိုက်ခိုက်ဖို့ သတိပေးပါတယ်။ နောက် မဏိပူရကို ပေါက်တဲ့ လမ်းကြောင်းရှာဖို့အတွက် ကူညီဖို့လည်း တောင်းဆိုပါတယ်။ တောင်ပေါ်ကို ဗြိတိသျှ တပ်တွေ မလာစေချင်တဲ့ စီးယင်းတွေက ဒီလမ်းကြောင်းကို မသိကြောင်းနဲ့ သူတို့နယ်ကို ကျော်ပြီး လမ်းပြအဖြစ် ကူနိုင်မယ် မထင် ကြောင်း တုံ့ပြန် ခဲ့ပါ တယ်။ အဲဒီနောက် တောင်ပေါ် တက်လာတဲ့ ဗြိတိသျှ တပ်တွေကို ကလေးမြို့အထွက်က စတိုက်ခိုက်ရာက ချင်းခုခံ စစ်ပွဲကြီး စတင်ခဲ့ပါတယ်။
ဓာတ်ပုံ - ဖလမ်းသွားကားလမ်းဘေးက ရှာလ်လုမ်းခံတပ်လမ်းညွှန်
ဒီတိုက်ပွဲတွေအတွင်း စီးယင်းနဲ့ ကမ်ဟောင်း ချင်းရွာတွေနားမှာ တောင်ယာစိုက်လို့မရအောင် ဗြိတိသျှတပ်တွေက ထိန်းချုပ်သလို ရွာတွေ ကို မီးရှို့ဖျက်ဆီးပစ်ပါတယ်။ တခြားအစွန်အဖျား ဒေသတွေမှာ ခဲခဲယဉ်းယဉ်းတောင်ယာစိုက်ပြီး တော်လှန်ရေးကို အသက်ဆက်နိုင် အောင် စီးယင်းတွေ ကြိုးစားပါတယ်။ ဖြစ်ရပ်တခုမှာဆိုရင် ဗြိတိသျှခံတပ်ကို သွားဖျက်တဲ့ အစ်ကိုဖြစ်သူကို ပစ်သတ်လိုက် တဲ့အတွက် ပါလာတဲ့ နှမက အစ်ကို့အလောင်းနဲ့ သူ့သေနတ်ကို ပြန်ရအောင် သယ်လာတယ်လို့ ဦးလှက ရေးပါတယ်။ တချို့ရွာတွေမှာ ရွာသူကြီး တွေကို ဗြိတိသျှတပ်တွေက သတ်ဖြတ်တာတွေ ရှိသလို တောင်ပေါ် ရောက်နေတဲ့ မြန်မာတွေကလည်း ချင်းတွေနဲ့အတူ ကျူးကျော်လာ သူတွေကို တိုက်ခိုက်ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မြန်မာဘုရင်ကိုကြောက်လို့ ထိုးတယ်ဆိုတဲ့ ပါးရဲဓလေ့
ဒီတိုက်ပွဲတွေဟာ တီးတိန်ကနေ ဖလမ်း၊ ဟားခါး စတဲ့ မြောက်ပိုင်း ချင်းတောင်နဲ့ တောင်ပိုင်း ရခိုင်နဲ့ ဆက်နေတဲ့ မင်းတပ်၊ မတူပီ၊ ပလက်ဝ နယ်တွေထိ ပြန့်နှံ့ခဲ့သလို ယောနယ်ထဲက ဂန့်ဂေါ၊ ထီးလင်း နယ်က ပုန်ကန်မှုတွေနဲ့လည်း ဆက်စပ်ခဲ့ပါတယ်။ ပုန်ကန်မှုကြီး ပြီးသွားပေမယ့် ရွှေချိုးဖြူမင်းသားကို ဗြိတိသျှတပ်တွေ ဖမ်းမမိခဲ့ပါဘူး။ ခုခံသူတွေကို အပြစ်ပေးတဲ့အနေနဲ့ စီးယင်းချင်းဒေသက မျိုးနွယ်စုတွေကို သေနတ်ကိုင်ခွင့်ပိတ်ခဲ့ပြီး သေနတ် အလက် ၄၃ဝဝ ကျော် သိမ်းဆည်းခဲ့တယ်လို့ ဒေါ်နီနီမြင့်က ရေးပါတယ်။ ဒီစစ်ပွဲ အတွင်း နာမည်ကြီးတဲ့ ချင်းခေါင်းဆောင် တွေက တော့ တီးတိန်နယ်မှာ ဗိုလ်ခိုင်ကမ်းနဲ့ ဖလမ်းက ဗိုလ်စွန်ပတ်ခေါ် ကြွမ်ဘိတို့ ဖြစ်ပါ တယ်။ ခုခံတဲ့ တချို့ ချင်းသူကြီးတွေကိုလည်း မြေပြန့် ထောင်တွေပို့ပြီး ချုပ်နှောင်ခဲ့ပါတယ်။ စကော့တလန်ပြည် အီဒင်ဘာရာမြို့က မြို့လယ် တံတားကြီးတစင်းမှာတော့ ချင်း၊ လူရှိုင်းစစ်ဆင် ရေးမှာ ကျဆုံးတဲ့ စကော့တပ်သားတွေကို ဂုဏ်ပြုပြီး သံနဲ့ ရုပ်လုံးထွင်းထု ထားတာကို ခုထိ တွေ့နိုင်ပါတယ်။
ချင်းတောင်တလွှားက ဘာသာစကားစုံတဲ့ ချင်းမျိုးနွယ်စုတွေကို ခက်ခက်ခဲခဲ သိမ်းသွင်းယူပြီးနောက် ချင်းအကြီးအကဲတွေနဲ့ ဗြိတိသျှ ဘက်က အာဏာပိုင်တွေ စေ့စပ်ပြီး ငြိမ်းချမ်းရေးယူကာ တောင်ပေါ် မှာ ဗြိတိသျှ အာဏာစက် စတင်ခဲ့ပါတယ်။ အကြီးအကဲတွေအတွက် ချင်းဓလေ့ အခွန်ကောက်ခံတာကို မပိတ်ပင်သလို နယ်အုပ်ချုပ်ရေးနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း ဝင်မစွက်ဖို့ ဗြိတိသျှဘက်က ကတိ ပေးတယ်လို့ မေရီကယ်လ်ဟန်က ရန်သူမွေးခြင်း၊ မြန်မာပြည်က စစ်နဲ့နိုင်ငံ တည်ဆောက်ခြင်း စာအုပ်မှာ ရေးပါတယ်။ ၁၉၂၇ ထိ မတူပီဘက်ကို ဗြိတိသျှအုပ်ချုပ်ရေး မရောက်ဘူးလို့လည်း သိန်းဖေမြင့်က ဝိသေသတိုင်း သမိုင်းအစ မှာ ရေးပါတယ်။
ဓာတ်ပုံ - ချင်းခေါင်းဆောင်ကြီး တိုက်ရွှန်းခေါ် ဗိုလ်စွန်ပတ်ရုပ်တု
နောက်ပိုင်းမှာတော့ ခရစ်ယာန် သာသနာပြုတွေ တောင်ပေါ်ရောက်လာပြီး ကျောင်းဖွင့်တာ၊ ရောမအက္ခရာနဲ့ ချင်းစာပေတီထွင်တာတွေ ရှိလာသလို တိုက်ခိုက်ရေးကောင်းတဲ့ ချင်းလူငယ်တွေကို ဗြိတိသျှ တပ်တွေအတွက် စတင်သိမ်းသွင်းတာတွေ ရှိလာပါတယ်။ အစပိုင်းက ဖွင့်တဲ့ ကျောင်းတွေမှာ မြန်မာစာသင်ပေးပေမယ့် ၁၉၂ဝ ဝံသာနုလှုပ်ရှားမှု မြေပြန့်မှာ ကြီးထွားလာပြီးနောက် မြန်မာစာ သင်တာကို ရပ်ပစ်ခဲ့ပါတယ်။
အိန္ဒိယ ဘက်ခြမ်း ရောက်သွားတဲ့ လူရှိုင်းနယ်ကတော့ မီဇိုရမ်အဖြစ် လွတ်လပ်ရေးရပြီးနောက်မှာ ပြည်နယ်သီးခြား ဖြစ်လာပါတယ်။ ကူကီး မျိုးနွယ်စုတွေကလည်း မဏိပူရနဲ့ မြန်မာဘက်ခြမ်းမှာ အစဉ် အဆက် နေထိုင်ခဲ့ကြပါတယ်။ ချင်းနဲ့အနွယ်တူတဲ့ နာဂမျိုးနွယ် တွေကိုတော့ ချင်း၊ ကချင်၊ လူရှိုင်းတွေကို သိမ်းသွင်းသလို ဗြိတိသျှသြဇာအောက် ကျရောက်လာအောင် သေချာ စည်းရုံးနိုင်ခြင်း မရှိခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက်မှာတော့ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံကြားမှာ နာဂနယ်တွေ ကွဲပြားသွားခဲ့ပါတယ်။
ဓာတ်ပုံ - ပထမကမ္ဘာစစ်ရန်ပုံငွေလှူတဲ့ တာရွှန်းသူကြီး
ကမ္ဘာစစ်နှစ်စစ်အတွက် ချင်းတပ်များနဲ့ ချင်းသခင်များ
ပထမစစ်ကြီးအတွင်း မြန်မာပြည်ကဖွဲ့တဲ့တပ်တွေကို အခု အီရတ်လို့ ခေါ်တဲ့ မက်ဆိုပိုတေးမီးယား စစ်မြေပြင်နဲ့ ပြင်သစ်စစ်မြေပြင် တွေမှာ အသုံးပြုခဲ့ ပါတယ်။ အများအားဖြင့် အလုပ်သမားတပ်တွေ ဖြစ်ပြီး အသေအပျောက် အကျအဆုံး ရှိခဲ့ပါတယ်။ ဒီစစ်သားတွေကို ကရင်၊ ချင်း လူမျိုးစုတွေက အဓိက စုဆောင်းပြီး မြန်မာလူမျိုးတွေလည်း ပါဝင်ပါတယ်။ ချင်းတောင်ဒေသမှာတော့ စစ်သားစုဆောင်း တာကို လက်မခံလို့ ၁၉၁၇ နဲ့ ၁၉၁၈ မှာ ဟားခါးနဲ့ ကူကီးချင်းတွေရဲ့ ပုန်ကန်မှုတွေ ရှိခဲ့ပြီး နှိမ်နင်းခံခဲ့ရပါတယ်။
ဓာတ်ပုံ - ပြင်သစ်မှာ ကျဆုံးတဲ့ အလုပ်သမားတပ်က ချင်းတပ်သားဂူ
၁၉၁၇ မှာ ချင်းအမျိုးသား တထောင်လောက်ကို အလုပ်သမားတပ်အဖြစ် ပြင်သစ်ကို ပို့သလို စစ်ရန်ပုံငွေ ထည့်တဲ့ ချင်းအကြီးအကဲတွေ ရှိခဲ့ပါတယ်။ နောက်စစ်အတွင်း ဥရောပထိ ရောက်ခဲ့ကြတဲ့ ချင်းစစ်ပြန်တွေကြောင့် တောင်ပေါ်မှာ ပိုပြီး မျက်စိပွင့်လာပါတယ်။ တီးတိန် နယ် ထုတ်လိုင်ရွာမှာ ဖွင့်တဲ့ သာသနာပြုကျောင်းမျိုးတွေကြောင့် ဦးဝမ်ကိုဟောလို ဝန်ထမ်းအငယ်စားတွေ ပေါ်ထွန်းလာပြီး စစ်ပြီးခေတ် ပြည်မနဲ့ ပေါင်းစည်းရေး၊ ချင်းဒေသ တိုးတက်ရေး စတဲ့ ချင်းနိုင်ငံရေးမှာ တက်ကြွသူတွေ မွေးထုတ်ပေးခဲ့ပါတယ်။ မုံရွာ၊ ပခုက္ကူစတဲ့ မြေပြန့်က ကျောင်းတွေ သွားတက်ကြတဲ့ ချင်းလူငယ် တွေလည်း ရှိလာပါတယ်။
တောင်ပိုင်းမှာတော့ ကမ္ဘာစစ်ပြန် သခင်ဝမ်းသူးမောင်က အမျိုးသားကျောင်းကို မင်းတပ်မှာ ဖွင့်ပါတယ်။ တောင်ပိုင်းကို ဗုဒ္ဓဘာသာ ပြန့်ပွားရေးနဲ့အတူ ၁၉၃၃ မှာ ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ဖွဲ့ပြီး တို့ဗမာအစည်းအရုံးနဲ့ လက်တွဲဆောင်ရွက်ပါတယ်။ ၁၉၃၉ က ချင်းတောင်ကို ပြည်မအုပ်ချုပ်ရေးမှာ ထည့်သွင်းဖို့ တောင်းဆိုတဲ့အတွက် ဝမ်းသူးမောင်နဲ့ ချင်းသခင်တွေ ရာဂဏန်းကျော် အဖမ်းခံရပါတယ်။ ဒီအကြောင်း ဇလွန်မှာ မိန့်ခွန်းပြောတဲ့ သခင်အောင်ဆန်းကို ဗြိတိသျှက ဆုငွေငါးကျပ်နဲ့ ဝရမ်းထုတ်ပါတယ်။
တခြားဘက်မှာတော့ ၁၉၂၁ မှာ အမှတ် ၄/ ၂ဝ ချင်းသေနတ်ကိုင်တပ် စဖွဲ့တယ်လို့ စွယ်စုံကျမ်းက ဆိုပါတယ်။ ၁၉၃၇ မှာ အိန္ဒိယက မြန်မာပြည်ခွဲထုတ် ပြီးနောက် သေနတ်ကိုင် တပ်တွေ ဖွဲ့ရာမှာလည်း ချင်းတွေပါဝင်ခဲ့ပြီး ၁၉၄၁ မှာ ချင်းစစ်သား ၁၂၅ဝ ကျော်ရှိတယ်လို့ သိရပါတယ်။ တခြားတောင်တန်း ဒေသ တွေမှာလိုပဲ ချင်းတောင်မှာ ခရစ်ယာန်ဘာသာ ပြန့်ပွားလာပြီးနောက် ဗြိတိသျှအုပ်ချုပ်ရေး ပိုခိုင်မာလာပေမယ့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး ခဲ့ပါတယ်။ သက်နုကျောက် များတဲ့ ချင်းတောင်မှာ လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်းတဲ့အတွက် မဏိပူရဘက်ကို ပေါက်တဲ့ လမ်းလည်း မဖောက်နိုင်ဘဲ စီးပွားရေးတိုးတက်မှု နောက်ကျခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ဝန်ကြီးချုပ် ဦးနုနဲ့အဖွဲ့ ဖလမ်းကို သွားတဲ့အခါ လားတွေ၊ မြင်းပုတွေနဲ့တက်ရတယ်လို့ စာရေးဆရာမ ခင်နှင်းယုက နွေ
နှောင်းရွက်ကျန် ဝတ္ထုမှာ ရေးသား ခဲ့ပါတယ်။
ဓာတ်ပုံ - ဂျပန်ကို တိုက်ခဲ့တဲ့ ချင်းစစ်သည်များ
ဒုတိယကမ္ဘာစစ်အတွင်း ချင်းလဲဗီးတပ်တွေ တိုးချဲ့ဖွဲ့စည်းပြီး စစ်အတွင်း ဂျပန်ကျူးကျော်သူတွေ တောင်ပေါ်မတက်နိုင်အောင် ခုခံ ခဲ့ပါတယ်။ တီးတိန်နယ်က ပေ ရှစ်ထောင်ကျော်မြင့်တဲ့ ကနေဒီ တောင်နားက တိုက်ပွဲတွေဟာ ကမ္ဘာ့အမြင့်ဆုံး ကမ္ဘာစစ်တိုက်ပွဲတွေလို့ သတ်မှတ်ခံခဲ့ရပြီး ခုထိ စစ်ပစ္စည်း အကြွင်းအကျန်တွေ ကျန်နေရစ်ခဲ့ပါတယ်။ ချင်းလူငယ်တချို့ အိန္ဒိယထိသွားပြီး မဟာမိတ်တပ်တွေ ဆီမှာ လေ့ကျင့်သင်ကြားကာ လေထီးစစ်သည်တွေအဖြစ် မြန်မာပြည်ထဲ ပြန်ဝင်တာတွေရှိခဲ့သလို တချို့လည်း ဗိုလ်ချုပ် ဝင်းဂိတ်ရဲ့ တပ်တွေမှာ အမှုထမ်းခဲ့ပါတယ်။ တီးတိန်ဒေသမှာ ဂျပန်ဆီက စစ်သင်တန်းကျောင်းဖွင့်ဖို့ အကူအညီတောင်းပြီး စီဒီအေခေါ် ချင်း ကာကွယ်ရေးတပ်ဖွဲ့ခဲ့တယ်လို့လည်း ဦးဝမ်ကိုဟောက ရေးပါတယ်။ ဒီတပ်ကပဲ ၁၉၄၄ မှာ ရခိုင်နဲ့ မရှေးမနှောင်း ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။
တောင်ပိုင်းမှာတော့ ဦးဝမ်းသူးမောင်၊ သခင်အောင်မင်းတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချိတ်ဆက်ပြီး ချင်းဘီအိုင်အေတပ်တွေ ဖွဲ့ပြီး ဗြိတိသျှကို တိုက်သလို ဖက်ဆစ်တော်လှန်ရေးမှာ ပါခဲ့ပါတယ်။ စစ်ပြီးနောက်မှာလည်း ပြည်သူ့ရဲဘော်တပ်တွေ ချင်းတောင်ပိုင်းမှာ ဖွဲ့ခဲ့ပါတယ်။
ဓာတ်ပုံ - ဒီးဒုတ်ဦးဘချိုတက်တဲ့ ချင်း ဗမာ ချစ်ကြည်ရေးညီလာခံ
ပြည်ထောင်စု ချင်းတပ်များနဲ့ ဝိသေသတိုင်းနိုင်ငံရေး
စစ်ပြီးခေတ်မှာတော့ တောင်ပိုင်းက ဦးဝမ်းသူးမောင်၊ မင်းတပ်က သခင်အောင်မင်းခေါ် သခင်ဖေလိန်း၊ မြောက်ပိုင်းက ဦးဝမ်ကိုဟောနဲ့ ကပ္ပတိန်မန်းတုန်းနှုန်း စတဲ့ ချင်းနိုင်ငံရေးသမားတွေ ပေါ်ထွက် လာပါတယ်။ ၁၉၄၇ မှာ ဦးဝမ်းသူးမောင်နဲ့ မြန်မာဘက်က ဒီးဒုတ် ဦးဘချို ခေါင်းဆောင်တဲ့အဖွဲ့ ယောနယ် ထီးလင်းမြို့မှာ တွေ့ဆုံပြီး လူတသောင်းတက်တဲ့ ညီလာခံ ကျင်းပကာ ချင်း-ဗမာချစ်ကြည်ရေး ကျောက်တိုင်ကို စိုက်ထူပါတယ်။ နောက် ဦးဝမ်ကိုဟောဟာ ဗြိတိသျှတောင်တန်းအုပ်ချုပ်ရေး ဝန်ထမ်း ဖြစ်ပေမယ့် ဖလမ်း၊ ဟားခါးနဲ့ တီးတိန်က ရိုးရာသူကြီးတွေကို ပင်လုံညီလာခံ ခေါ်လာပြီး စာချုပ်မှာ လက်မှတ်ထိုးနိုင်အောင် ကြိုးပမ်းခဲ့ ပါတယ်။ ဒါကြောင့် မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်းအောက်မှာ သူနဲ့ ကချင်က ဦးလဘန်ဂရောင်ကို ဒုတိယတောင်တန်း အတိုင်ပင်ခံ ဝန်ကြီးတွေအဖြစ် ခန့်အပ်ပြီး နု-အက်တလီ စာချုပ်ချုပ်ချိန်မှာလည်း လန်ဒန်ကို ခေါ်သွား ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ချင်းတောင်ရဲ့ ဖွံ့ဖြိုးရေးနောက်ကျမှုကြောင့် ပြည်နယ်မယူဘဲ ဝိသေသတိုင်းသာ ယူခဲ့တယ်လို့ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်က ဆိုပါတယ်။ နယ်ခြားဒေသစုံစမ်းရေး ကော်မရှင်မှာ ထွက်ဆိုရာမှာ ချင်းခေါင်းဆောင်တချို့က ပြည်နယ်၊ ဝိသေသတိုင်းသတ်မှတ်မှုတွေ နားမလည်ိတဲ့အတွက် မဆုံးဖြတ်နိုင်ခဲ့ဘဲ နောက်ဆုံး ပါလီမန်ဆုံးဖြတ်ချက်နဲ့ပဲ ပြည်နယ်မရဘဲ ဝိသေသ တိုင်းသာ ရခဲ့တယ်ဆိုတဲ့ ရေးသား မှု တွေလည်း ရှိပါတယ်။ ဒါကြောင့် ပခုက္ကူ တောင်တန်း နယ်နဲ့ ရခိုင်တောင်တန်းနယ်တွေကို မြောက်ပိုင်းချင်းတောင်နဲ့ ပေါင်းစည်းပြီး ချင်းဝိသေသတိုင်း ဖွဲ့စည်းခဲ့ပါတယ်။ ဦးဝမ်ကိုဟော သံတမန် လောက ရောက်သွားပြီးနောက် ဦးဇာရဲလျန်၊ ဦးရာလ်မှုန်း စတဲ့ ချင်းရေးရာ ဝန်ကြီးတွေ ပေါ်ထွန်းလာပါတယ်။ ဒီဝန်ကြီးတွေဟာ ဂျပန် ခေတ်က ချင်းလဲဗီး တပ်ဖွဲ့ဝင် တွေ ဖြစ်ကြပြီး အိန္ဒိယမှာ ထောက်လှမ်းရေး ပညာ သွားသင်ခဲ့သူလည်း ပါပါတယ်။ နောက် အသက် ၃ဝ ကျော်နဲ့ ဝန်ကြီးဖြစ်ကြသူတွေပါ။ တခါ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးအထိ ပြည်ထောင်စုအစိုးရမှာ တာဝန်ယူခဲ့တဲ့ ဦးရှိန်ထန်းဟာလည်း ပထမကမ္ဘာစစ်ပြန် သစ်တော အရာရှိဟောင်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ချင်းတောင်တပ်ရင်းကို ဗိုလ်မှူးကြီး လန်ကျင်ဇမ် စစ်ဆေး
နောက် ဗြိတိသျှအောက်မှာ ထမ်းဆောင်ခဲ့တဲ့ ချင်းတပ်တွေဟာ ပြည်ထောင်စုအစိုးရသစ်အောက်မှာလည်း ဆက်လက်ပြီး သစ္စာရှိရှိ ထမ်းဆောင်ပါတယ်။ ဒါကြောင့် အင်းစိန်တိုက်ပွဲမှာ ဗမာ့သေနတ်ကိုင် တပ်ရင်းတွေနဲ့အတူ ချင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ပြီး ၂၉ နှစ်အရွယ် ဗိုလ်မှူးကြီး ဟရန်သီယို ကျဆုံးခဲ့ပါတယ်။ အင်းစိန်တိုက်ပွဲနဲ့ တရုတ်ဖြူကျူးကျော်မှု ခံစစ်မှာ ပါဝင်တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ကြီး သူရ တိုက်ချွန်းကတော့ တပ်မတော်မှာ အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ကို တဦးတည်း သက်ရှိ ထင်ရှားရသူအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီလို ဗမာ့တပ်မတော်ရဲ့ ရောင်စုံသူပုန်နှိမ်နင်းရေးမှာ ပါဝင်ခဲ့တဲ့ ဗန်ကူးလ်၊ ခင်ဇာမုံ၊ တောင်ဇာခိုင်၊ ဆန်ခိုလျန်စတဲ့ ချင်းဗိုလ်မှူးကြီးတွေဟာ လမ်းစဉ်ပါတီ ခေတ်မှာ ချင်းဦးစီးအဖွဲ့ဝင်၊ ဥက္ကဋ္ဌ၊ ဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင် စတဲ့ ရာထူးကြီးတွေ ရခဲ့ကြပါတယ်။ ဗိုလ်ချုပ် တောင်ဇာခိုင်ဆိုရင် လမ်းစဉ်ပါတီခေတ်မှာ စစ်ထောက်ချုပ် ဖြစ်ခဲ့ပါတယ်။ ၁၉၆ဝ ကျော်က တီးတိန်ဒေသမှာ စစ်ပြန်ဦးရေ သုံးထောင် လောက် ရှိတယ်လို့လည်း သိရပါတယ်။
၁၉၆ဝ မှာတော့ ချင်းပြည်နယ်ပေးဖို့ ချင်းအမတ်တွေကြား တောင်းဆိုလာကြပါတယ်။ ဝိသေသတိုင်းဆိုပြီး ပြည်နယ်တွေလောက် အုပ်ချုပ်ရေး အာဏာ မရှိဘဲ အလေးစားမခံရဘူးလို့ မြင်လာတဲ့အတွက် ချင်းနိုင်ငံရေးသမားတွေက တောင်းဆိုကြတာလို့ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေးစာအုပ်မှာ ဖော်ပြပါတယ်။ ၁၉၆၁ မှာ ပြည်နယ်ပေးဖို့ သဘောတူခဲ့ပြီးနောက် တပ်က အာဏာသိမ်းသွားတဲ့အတွက် မဖြစ်မြောက်ခဲ့ပါဘူး။
ဓာတ်ပုံ - မတ်စောက်တဲ့ ချင်းတောင်တက်လမ်း
ချင်းသူပုန်နဲ့ ဒီမိုကရေစီဒုက္ခသည်များ
၁၉၆၂ မှာ အာဏာသိမ်းပြီးနောက် ချင်းလက်နက်ကိုင် လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက် ရေး အဖွဲ့ချုပ်ဖွဲ့ပြီး ပုန်ကန်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်ခေတ်မှာ ချင်းရေးရာဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးရာလ်မှုန်း ပါဝင်တဲ့ ချင်းသူပုန်ထမှုဟာ အိန္ဒိယက မီဇို သူပုန်တွေရဲ့ မြှောက်ပင့်မှုကြောင့်လို့ ဦးသိန်းဖေမြင့်က ဝိသေသတိုင်းသမိုင်းအစ စာအုပ်မှာ ရေးပါ တယ်။ စစ်တပ်က ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်မယ် ဆိုပြီး ငွေစက္ကူသိမ်းတာတွေ ဖြစ်လာတဲ့အတွက် သူပုန်ထခဲ့တယ်လို့လည်း သိရ ပါတယ်။
ဒီပုန်ကန်မှုဟာ မကြာရှည်ဘဲ ချုပ်ငြိမ်းသွားခဲ့ပေမယ့် ၁၉၇၂ မှာတော့ အခြေခံဥပဒေသစ်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးရေးအတွက် ချင်း လူကြီးလူငယ်တွေ စုပေါင်း တောင်းဆိုမှုကြောင့် ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ၁၉၇၄ မှာတော့ မွန်နဲ့ ရခိုင်ဒေသတွေနဲ့အတူ ချင်းကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေး ခဲ့ပေမယ့် စစ်တပ်အုပ်ချုပ်ရေးအောက်က နာမည်ခံပြည်နယ် ဆက်ဖြစ်နေခဲ့ပါတယ်။ ၁၉၈၈ လူထုအုံကြွမှု တွေမှာ လည်း ချင်းပြည်နယ်သားတွေ ပါဝင်ခဲ့ပြီး အဲဒီနောက်မှာတော့ CNF ချင်းအမျိုးသားတပ်ဦး ပေါ်ပေါက်လာပါတယ်။
နယူးဒေလီရောက် ချင်းဒုက္ခသည်များ
ချင်းသူပုန်ထမှုဟာ ကရင်၊ ကချင်၊ ရှမ်း ဒေသတွေမှာလို ပြင်းထန်မှု မရှိပေမယ့် ချင်းပြည်နယ်ကလူတွေ ပြည်ပကို ထွက်ခွာရွှေ့ပြောင်း မှုကတော့ တခြားပြည်နယ်တွေမှာလိုပဲ ရှိခဲ့ပါတယ်။ နဝတ၊ နအဖ အစိုးရလက်ထက် ဘာသာရေးဖိနှိပ်မှု၊ စားနပ်ရိက္ခာပြတ်တောက်မှုစတဲ့ အကြောင်းတွေနဲ့ မလေးရှား၊
အိန္ဒိယ နိုင်ငံတွေကနေ တတိယနိုင်ငံတွေကို ချင်းဒုက္ခသည်သောင်းချီ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီထဲက ပညာတတ်လူငယ်တွေ ပေါ်ထွက်လာပြီး ချင်းဒေသဖွံ့ဖြိုးရေးအတွက် ပြန်လုပ်ဆောင်ပေးသူတွေလည်း ရှိခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ အပြီး ဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတ ရွေးကောက်ပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးတွေ ပိုပြီး လုပ်ပေးခဲ့ပါတယ်။ ဟားခါးမြို့မှာ ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ တရားရုံးအဆောက်အအုံကြီးတွေ ဆောက်ပေးသလို အောင်ဆန်းစုကြည်လမ်းဆိုပြီး မြို့လယ် လမ်းမကြီး ကို မှည့်ခေါ်ခဲ့ပါတယ်။ NLD ခေတ်မှာပဲ တောင်ပိုင်းချင်းပြည်နယ်မှာ အေအေသူပုန် ဝင်လာတဲ့အတွက် ချင်းစစ်ဘေးရှောင်တွေ ထွက်ပြေး ခဲ့ရပါတယ်။
ဓာတ်ပုံ - ကလေးရဲ့ တွန်းလှန်မှုက တခြားမြို့ရွာတွေကို ကူးစက်
တူမီးတော်လှန်ရေး
၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ကျန်းမာရေးကူညီမှုအဖွဲ့ခေါင်းဆောင် ဒေါက်တာဆာဆာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝေး ရောက် ကိုယ်စားလှယ်အဖြစ် နာမည်ကြီးလာပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ရဲ့ အထူးသံတမန်အဖြစ် ပြည်ပမှာ ဒေါက်တာဆာဆာ နာမည်ကြီး လာသလိုပဲ ကလေး၊ ဂန့်ဂေါ နဲ့ တမူးဒေသတွေမှာလည်း ချင်းနဲ့ ရှမ်းဗမာလူငယ်တွေရဲ့ တူမီးသေနတ်ကိုင်လှုပ်ရှားမှု ပေါ်ထွန်းလာပါတယ်။ ဒီလက်နက်ကိုင် ခုခံမှုက စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ တန့်ဆည်စတဲ့ မြို့တွေအထိတောင် ကျယ်ပြန့်လာပါတယ်။
အစဉ်အလာ ရိုးရာ အမဲလိုက် လုပ်ငန်း အတွက် တူမီး သေနတ် ကိုင်ကြတဲ့ ချင်းလူမျိုးတွေဟာ မိမိနဲ့ မျိုးနွယ်တူ မိသားစုဝင်တွေ ဆန္ဒပြပွဲတွေအတွင်း သတ်ဖြတ်နှိမ်နင်း ခံရတာ ကြောင့် ဒီလို လက်နက်ကိုင် လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တာပါ။
ဓာတ်ပုံ - ၁၉၃၉ က ချင်းလူငယ်များ
ချင်းရိုးရာထုံးဓလေ့မှာ ကိုယ် သတ်ခဲ့တဲ့ တောကောင်အရေအတွက်ကို သင်္ချိုင်းစာမှာ ရေးသားဖော်ပြတာ ရှိသလို အိမ်နံရံမှာလည်း သားကောင်တွေရဲ့ ခေါင်းခွံတွေ၊ အစွယ်တွေနဲ့ အလှဆင်လေ့ရှိပါတယ်။ ဒါကြောင့် ဗြိတိသျှအဝင်မှာ ရဲရင့်စွာ ခုခံခဲ့တဲ့ စီးယင်းချင်းတွေကို မွေးရာပါ တိုက်ခိုက်ရေး သမားတွေ အဖြစ် ဗြိတိသျှမှတ်တမ်းတွေမှာ ချီးကျူး ခဲ့ပါတယ်။ အခု တီးတိန်နယ်စပ်နဲ့ တမူးမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ခိုက်နေကြတဲ့ ချင်းလူငယ်တွေဟာလည်း ဒီ စီးယင်းနဲ့ ကူကီးဘိုးဘေးတွေရဲ့ အနှစ်တရာကျော်က လှုပ်ရှားမှုတွေကို ဆက်ခံ ကျင့်သုံးနေကြပါတယ်။
ဗြိတိသျှသိမ်းခါစက ချင်းလူမျိုးစုတွေရဲ့ ခုခံမှုတွေဟာ မျိုးနွယ်စုတွေကြား မပေါင်းစည်းနိုင်မှုနဲ့ နိုင်ငံရေးမကြွယ်ဝမှုတွေကြောင့် ကျဆုံး ခဲ့တယ်ဆိုပြီး သမ္မတဟောင်းဦးနေဝင်းရဲ့ဇနီး ဒေါ်နီနီမြင့်က ရေးခဲ့ပါတယ်။ အနှစ် ၁၂ဝ ကျော်ကြာပြီး နိုင်ငံတကာထိ ပြန့်နှံ့နေတဲ့ ချင်းမျိုးနွယ်စုတွေကြားမှာတော့ နိုင်ငံရေးပေါင်းစည်းမှုဟာ ပါတော်မူခါစခေတ်ထက် ပိုကျယ်ပြန့်ခိုင်မာနေပြီလို့ ပြောနိုင်ပါတယ်။
ဓာတ်ပုံ - အမဲလိုက်လို့ရတဲ့ သားကောင် ခေါင်းခွံတွေနဲ့ အိမ်အလှဆင်
Comments
Post a Comment