NUG ကို နိုင်ငံတကာက တရားဝင် အသိအမှတ်မပြုရခြင်းရဲ့ အကြောင်းတရာ

▪️ ဒီစာကို ရေးရတဲ့ လှုံ့ဆော်မှုက စစ်ကိုင်းမှာ NUG စစ်ကိုင်းတိုင်း အစိုးရ၊ CRSH စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီ ရှိပါလျက်နဲ့  LDF ခေါင်းဆောင် စိုးဝင်းဆွေနဲ့ တူမီးဂျာနယ်က စစ်ကိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးကို လှုံ့ဆော်ပြီး ဗိုလ်နဂါးအဖွဲ့ ခေါင်းဆောင် ဗိုလ်ထင်လင်းက like ပေးထားတာ မြင်ရလို့ ရေးရပါတယ်။

▪️ NUG ကို နိုင်ငံတကာက တရားဝင် အသိအမှတ်မပြုရခြင်းရဲ့ အကြောင်းတရားက "NUG ဟာ အနာဂတ် ပြည်ထောင်စုကို ကောင်းစွာ စုစည်းထားနိုင်ပါမည်လော " ဟူသော မေးခွန်း ကြောင့် ဖြစ်တယ်။ 
အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ ရခိုင်၊ ချင်း၊ နာဂ၊ ဝ၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန် စတဲ့ မျိုးနွယ်တူ ဒေသတွေရှိတယ်။  သူတို့ပြောတဲ့ ဒေသတွင်းလုံခြုံရေးဆိုတာ စစ်ဘေးဒုက္ခသည်တွေ သူတို့နိုင်ငံထဲ ဝင်ရောက်လာ၊ မှောင်ခိုလက်နက်တွေ ပေါများ၊ ငွေရဖို့ ဘိန်းနဲ့ မူးယစ်ဆေး တွေ ပိုမိုထုတ်လာမှာကို မလိုလားဘူး ဆိုတာအပြင်  "မြန်မာ ပြည်ထောင်စု မပြိုကွဲရေး" လည်း ပါဝင်တယ်။ 

တရုပ်က ဒီမိုကရေစီကို မလိုလားသလို၊ ကျန် နိုင်ငံတွေက ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းကို မလိုလားဘူး။ ဒီဝါဒတွေဟာ ဒေသတွင်း နိုင်ငံသစ်တွေ ပေါ်လာပြီး သူတို့နိုင်ငံတွင်းရှိ လူမျိုးတူတွေကို ဆွဲဆောင်ပြီး နယ်မြေဖဲ့ထုတ်သွားမယ့် အန္တရာယ်ရှိတယ်။ နိုင်ငံသစ်တွေဟာ သူတို့နဲ့ အေးအေးချမ်းချမ်း ပေါင်းစပ်မှာ မဟုတ်ပဲ။ 

▪️အိန္ဒိယ၊ အမေရိကန်ဟာ  မြန်မာနိုင်ငံပြိုကွဲပြီး ကွန်မြူနစ်နိုင်ငံတွေ ပေါ်လာမှာကို ကြောက်လို့  ဦးနု အစိုးရ၊ နေဝင်းအစိုးရကို ပုံအော ကူညီခဲ့တယ်။ 

အီရတ် ပြိုကွဲမှာ ကြောက်လို့ အမေရိကန် ကိုယ်တိုင် ဆာဒမ်ဟူစိန်ရဲ့ သံလက်သီး ကို ထောက်ခံခဲ့တယ်။  ( ဓာတ်ပုံ။ ၁၉၉၁ နယူးယောက်တိုင်းမ် သတင်းစာပါ Thomas L. Friedmanရေးတဲ့ The World; A Rising Sense That Iraq's Hussein Must Go (July 7, 1991) က စာပုဒ်တချို့ကို ဖော်ပြလိုက်တယ်) 

မြန်မာအိမ်နီးနားချင်းတွေဟာ မြန်မာနိုင်ငံ ဖရိုဖရဲ ဖြစ်မယ့် အရေးကို စိုးရိမ်တယ်။ အိန္ဒိယက ပိုစိုးရိမ်တယ်။ နယ်စပ်ဒေသမှာ ခွဲထွက်ရေးတွေရှိနေတယ်။ 

▪️ ဒီအချိန်မှာ မင်သေ့လို စာရေးစရာတွေ၊ ဖက်ဒရယ်ဂျာနယ် အမည်ခံ ခွဲထွက်ရေး သမားတွေက ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းကို တလှိုင်လှိုင် လှု့ံဆော်နေတယ်။ NUG ဝန်ကြီးတွေတောင် ကွန်ဖက်ဒရေးရှင်းကို ယိမ်းယိုင်တဲ့ စကားတွေ ပြောနေတယ်။ 

ဒါတွေဟာ စကစရဲ့ တပ်တွင်းစည်းရုံးရေးကို တဖက်လှည့်နဲ့ အားပေးရာရောက်တယ်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် မအလစစ်တပ် ဟာ နောက်ဆုံးခံတပ် ဆိုတဲ့ အခြေခံကို အနှီ စာရေးစရာတွေ၊ ဂျာနယ်တွေ၊ NUG ဝန်ကြီးတွေက ထပ်လောင်း အတည်ပြုနေတာပဲ ဖြစ်တယ်။

ဒီလို ဖြစ်ရပ်မျိုး ၁၉၆၂ မှာ ရှိခဲ့ဖူးတယ်။ 

ရှမ်းလူထုကိုယ်စားလှယ်တွေ တောင်းဆိုမှုကြောင့် ထည့်သွင်းပေးရတဲ့ "  နယ်ခြားဒေသ နိိုင်ငံသားများသည် ဒီမိုကရေစီ ကျင့်သုံးရမည်  " ဟူသော ပင်လုံစာချုပ်ပါ ပုဒ်မ ၇ ကြောင့် ရှမ်းစော်ဘွားတွေ အာဏာစွန့်ရတာကို မကျေနပ်လို့ ၈ ပြည်နယ်မူ၊ ဗမာပြည်နယ် ဖွဲ့ရေး အညှောင့်ထောင်ကာ၊ ၁၉၄၇ အခြေခံဥပဒေပါ ခွဲထွက်ရေး ပုဒ်မနဲ့ ခြိမ်းခြောက်တဲ့  လှုပ်ရှားမှုကြောင့်၊  ပြည်ထောင်စုမပြိုကွဲရေး အခြေခံမှာ နေဝင်းစစ်တပ်ဟာ နိိုင်ငံရေးသမားတွေနဲ့ လူထု ထောက်ခံမှု ရသွားတယ်။ တရုပ်ဖြူကျူးကျော်စစ် ပူပူနွေးနွေးကာလမှာ "ဆီးတိုးအဖွဲ့ထဲ ဝင်မယ်၊ ခွဲထွက်မယ် ":ဆိုတဲ့ အသံတွေဟာ နေဝင်းရဲ့ တပ်တွင်းစည်းရုံးရေးကို ယောက်ဖ ကြက်ဥတိုက်ပေးသလိုပဲ။

▪️ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ သံလက်သီးကို ထောက်ခံရေး ပေါ်လစီ တဖြည်းဖြည်း ပြောင်းလဲနေချိနိမှာ၊ အခြားတဖက်က NUG ကို ကြည့်ကြဦးစို့။ 

NUG မှာ De Jure လို့ ခေါ်တဲ့ ဒီမိုကရေစီစံနှုန်း အရ ပြည်သူ့ ဆင့်လွှဲအာဏာ နဲ့ တရားဝင် အစိုးရဖြစ်နိုင်တဲ့ ပထမ အင်္ဂါရပ်နဲ့ ပြည့်စုံပေမယ့် ၊ ဒုတိယ အင်္ဂါရပ် ဖြစ်တဲ့ De Facto ခေါ်တဲ့ နယ်မြေ စိုးမိုးမှုဟာ  နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေအဖို့ အားရစရာ မရှိဘူး။ 

မဟာမိတ် ERO တွေနဲ့ ဖွဲ့စည်းထားတဲ့ NUCC ကို ဥသျှောင်အဖွဲ့ ဖြစ်တယ်လို့ နိုင်ငံတကာကို ချပြတာဟာ လျော့ရဲ မခိုင်မာတဲ့ ပြယုဂ်တခု ဖြစ်နေတယ်။ စတင်စဉ်က တိုးတိုးတိတ်တိတ် မယားငယ် ချိန်းတွေ့သလို အဆင့်က ယနေ့အထိ တက်မလာဘူး။ ERO တွေက အတိုင်ပင်ခံကောင်စီ ကို ကြားခံပြီး ကိုယ်စားလှယ်နဲ့သာ ဆက်ဆံနေပြီး တရားဝင်ပူးပေါင်းမှု ( ချင်း CNA ကလွဲလို့) ယနေ့အထိ မရှိဘူး။ NUG ဟာ စိုးမိုးနယ်မြေတွေကို ERO တွေဆီက ချေးငှါးပြောဆိုနေရပြီး ERO နယ်မြေမှာ ကပ်မြှောင် နေရတယ်။  

ERO တွေဟာ NUG ကို " သူတို့ ကိုယ်စားပြု အစိုးရလို့ မသတ်မှတ်ပဲ၊ မဟာမိတ် အဆင့်ပဲ ထားတယ်။"  " NUG ဟာ ဗမာနိုင်ငံ အစိုးရ၊ ERO တွေဟာ သီးခြားနိုင်ငံ အစိုးရ" ဆိုတဲ့ လိုင်းကို ပုံဖော်ထားတယ်။  

ERO တွေဟာ စကစနဲ့ အပစ်ရပ်သူ၊ ဆွေးနွေးသူ၊ NCA ကို ကိုင်စွဲသူ၊ အထူးဒေသ Bilateral စာချုပ်ကိုင်စွဲသူတွေ ဖြစ်နေဆဲပဲ ။ ဒါတွေဟာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေအဖို့ ပြည်ထောင်စု မပြိုကွဲရေး  အတွက်၊ NUG ရဲ့ De Factoဟာ ခိုင်မာသလား၊ စကစရဲ့ သံလက်သီးဟာ ခိုင်မာသလား တွေးလာကြတယ်။

▪️ တဖန် NUG ကို ဗမာလူမျိုးကြီးဝါဒ စွပ်စွဲချက်နဲ့  ဟန့်တားထားပေမယ့်၊ ERO တွေဟာ သူတို့ဘာသာ ကရင်၊ ချင်း၊ ကရင်နီ၊ ကချင် ပြည်နယ် အစိုးရတွေလည်း ထိထိရောက်ရောက် မဖော်ဆောင်နိုင်ဘူး။  ပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ အာဏာကလည်း ဟုတ်ဟုတ်ငြားငြား မရှိ။ NUCC တက်ဖို့ လောက်ပဲ ဖြစ်နေတယ်။ ဥပမာ KIO အစိုးရ နဲ့ ကချင်အတိုင်ပင်ခံကောင်စီ ဘယ်အဖွဲ့က အာဏာရှိသလဲ ဖြေကြည့်ပါ။

▪️ အဲဒီလို ERO တွေ နဲ့ လျော့တိလျောရဲ  De Facto မခိုင်မာတဲ့ NUG အစိုးရဟာ နိုင်ငံတကာမှာ လျောက်ပြီး တရားဝင် အသိအမှတ်ပြုပေးဖို့ ပြောနေပေမယ့်၊ နောက်ကြောမှာ သူတလူ ငါတမင်း ဖြစ်နေတယ်။

ERO တွေရဲ့ ပုံစံကို အတုခိုးလာတဲ့ မြန်မာ (ဗမာ) LDF တွေဟာ သူတို့လည်း စစ်ကိုင်း အတိုင်ပင်ခံကောင်စီတွေ ဖွဲ့ပြီး NUCC မှာ ထိုင်ခုံတခုစီ ယူချင်ကြတယ်။ ဒါကလည်း CSO၊ သပိတ်ကော်မတီတွေ နဲ့  ရွာလယ်က ဇရပ်လို ဖြစ်နေတဲဲ့ NUCC မှာ နေရာလိုချင်တာ မထူးဆန်းပါဘူး။ "သပိတ်ကော်မတီတောင် NUCC တက်သေးတာ၊ ငါလို LDF က NUCC တက်သင့်တယ်" ဆိုတဲ့ အတွေး ဝင်လာကြတယ်။

▪️ ERO တွေမှာ ဒီမိုကရေစီမရှိ၊ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားပြု မရှိ၊ လွှတ်တော် မရှိ၊ ပြည်နယ်အစိုးရ မရှိလို့၊  ပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့ပြီး NUCC ထဲ ဝင်တာ ထားပါတော့၊  ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း က ဗမာလူမျိုးကြီး ဝါဒ ဘလာ ဘလာ စွပ်စွဲပြီး ၊ ( ရွေးကောက်ခံ ပြည်သူ့ကိုယ်စားပြု တွေ ရှိနေရက်နဲ့ ) ပြည်နယ် လွှတ်တော်နဲ့ NUG ပြည်နယ်အစိုးရ ဖွဲ့မှာကို တားဆီးနေတာ ရှိပါစေတော့။

စစ်ကိုင်းမှာ ဒီမိုကရေစီရှိတယ်။ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားပြု ရှိတယ်။ စစ်ကိုင်းတိုင်း လွှတ်တော် ရှိတယ်။ စစ်ကိုင်းတိုင်းအစိုးရ ရှိတယ်။  ဒါကို ပစ်ပယ်ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ ဆိုပြီး လုပ်ဖို့ ကြိုးစားနေကြတာ ဟာ   ERO အတုခိုးနေတာပဲ ဖြစ်တယ်။

"နယ်မြေ စိုးမိုးထားလို့  တရားဝင် အာဏာပိုင် အဖွဲ့  ရမယ် " ဆိုရင် မအလနဲ့  ဘာထူးတော့မှာလဲ။ 

▪️ နွေဦးတော်လှန်ရေး အစမှာ "စစ်တပ်ဟာ အရပ်သားအစိုးရ ဦးဆောင်မှု အောက်မှာ ရှိရမယ်။ စစ်တပ်ဟာ နိုင်ငံရေး ထဲ မပါသင့်၊ ဒီမိုကရေစီကို လေးစားလိုက်နာရမယ် " ဆိုပြီး တော်လှန်ရေး ရည်မှန်းချက်တွေ ထားခဲ့ကြပါတယ်။

 နောက်ပိုင်းမှာ .... " NLD အမတ်တွေဟာ သုံးစားမရပါဘူး၊ အလကားပါ" ဆိုတဲ့ နောက်ခံတီးလုံးလေးနဲ့ ..  ၂၀၂၀ ပြည်သူ့ mandate ကို သေနတ်ပြောင်းလေးနဲ့ အသာ ပုတ်ထုတ်ပြီး .. ဗမာ ERO အသစ်တွေ ဖြစ်လာကြတယ်။ 

အဲဒီတော့ မအလ ရဲ့ ဗုံးဒဏ်မခံနိုင်တဲ့ အဆုံး NCA ထိုးမယ့် နောင်တော် EAO တွေ လမ်းကြောင်းကို အတုခိုး၊  အပစ်ရပ်၊ NCA ထိုးပြီး ဝေစားမျှစား အဖွဲ့တွေ တန်းစီထွက်လာဖို့ ခြေဆင်းပျိုးနေတယ်လို့ပဲ ယူဆတယ်။
သူတို့ အသုံးမကျဘူးဆိုတဲ့ NLD အမတ်တွေက NUG ရဲ့ အုပ်ချုပ်စိုးမိုးနိုင်မှု   အတွက် အသုံးဝသ်ပြီး ၊ သူတို့ကတော့ ပိုပြီး အသုံးမကျ တဲ့ အပစ်ရပ် NCA အဆင့်ကို ရောက်နေကြမှန်း မသိ ရောက်သွားနိုင်တယ်။ 

ဒါကြောင့် KIA ဗိုလ်ချုပ်ကြီး အန်ဘန်လက တော်လှန်ရေးအဖွဲ့တွေဟာ NUG ဦးဆောင်မှုကို တစုတဝေးထဲ အမိန့်နာခံ သင့်တယ်လို့ သတိပေး မိန့်ခွန်းပြောခဲ့တယ်။

▪️ ERO တွေဟာ  NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့  လိုတယ်။  ဒါမှသာ NUG က  စိုးမိုးနယ်မြေဆိုတာ ERO နယ်မြေတွေကို လက်ညိုးထိုးတဲ့ အငှါးအဆင့်ထက်  တကယ့် De Facto ရှိလာမှာ ဖြစ်တယ်။  ERO တွေဟာ " NUG ကို ဗမာအစိုးရလို့  သတ်မှတ်ပြနေမယ့် အစား၊ သူတို့ ရဲ့ ဗဟိုအစိုးရ လို့ အသိအမှတ်ပြု ပေးဖို့ " လိုတယ်။ 

လက်ရှိမှာ NUG Chain of Command  ဟာ ရှုပ်ထွေးနေတယ်။ နိုင်ငံတကာက "PDF တွေဟာ NUG လက်အောက်ခံ လား၊ ERO လက်အောက်ခံ လား " ဒွိဟ ဖြစ်နေတယ်။  NUG ရဲ့ De Facto ဟာ  မသေချာဘူးလို့ ယူဆကြတယ်။

▪️ NUG ဟာ ဖရိုဖရဲ Failed State ကို ကယ်တင်နိုင်ကြောင်း အာမခံချက် ပြသဖို့ လိုအပ်နေချိန်မှာ စစ်ကိုင်း LDF တွေက သခွပ်ပင်က မီးတကျည်ကျည် လုပ်နေကြတယ်။ ERO တွေက ဖက်ဒရယ် ဒီမိုကရေစီ ပုံစံကျအောင် ပြုပြင်ဖို့ လိုနေချိန်မှာ၊ LDF တွေ ဇောင်းထလာကြတယ်။
 
LDF တွေဟာ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဝိဝါဒကွဲနေတဲ့ နိုင်ငံရေး ဦးဆောင်မှု ကိုယ်စီနဲ့ လက်နက်ကိုင်ဂိုဏ်းတွေ ဖြစ်နေကြရင် နောက်ပြန်ရွေ့နေမယ်။နိုင်ငံတကာက NUG ကို အသိအမှတ်ပြုဖို့ ပိုဝေးသွားလိမ့်မယ်။ တရားဝင် အသိအမှတ်ပြုမှုကို စောင့်စားရင်း ၊ မအလ အတွက် အချိန်တွေ ပိုရသွားလိမ့်မယ်။

▪️ ဒီမိုကရေစီမှာ By the People, Of the People, For the People  ဆိုတဲ့ အင်္ဂါရပ် ၃ ချက်ရှိတယ်။ လက်ဝဲသမား ဦးအောင်ဆန်း  ၁ ချက် ထပ်တိုးပြီး  " စီးပွားတန်းတူရေး" ကို ထည့်ပြောတယ်။ ပထမအဆင့် ပြည်သူက တင်မြှောက်၊ ဒုတိယအဆင့် ပြည်သူ့ရဲ့ အစိုးရ၊ တတိယအဆင့် ပြည်သူ့အကျိုး ပြုတာ အပြင် " ပြည်သူတွေဟာ စားဝတ်နေရေး တန်းတူ" ရှိရမယ်လို့ စတုတ္ထအဆင့် ထပ်ပေါင်းတယ်။


ဒီမိုကရေစီ ဆိုတာ အဲဒီ ၄ ချက်ပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ပလုံးပထွေး လုပ်ပြီး၊ လူအခွင့်အရေးအကြောင်းပြချက်နဲ့  လူတိုင်း  အမတ်ထိုင်ခုံ လုယက်တက်ထိုင်လို့ မရဘူး။  ကိုယ်စားပြုသူတွေကို မဲပေး အာဏာဆင့်လွှဲ တင်မြှောက်ပြီးမှ အာဏာပိုင် အဖွဲ့ ဖြစ်တာ။ 

စစ်ကိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့ရေး လော်နေတဲ့  LDF ခေါင်းဆောင်တယောက် ပါးစပ်က "ဒီမိုကရေစီကို သေးနဲ့ ကော့ပန်းတဲ့" မအလ  အလုံးတွေ ပလုံးပထွေး အန်ထွက်ကျလာတယ်။

တော်လှန်ရေးတခုမှာာ မူဝါဒအခြေခံမခိုင်ရင် ကွေးလိမ်ကောက်ကွေ့ကြတာပဲ။ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ကို  ပုံဖျက်တာ၊ ရေရောတာ မလုပ်မိကြဖို့ လိုတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား