ချင်းလူမျိုးများရဲ့ စစ်သမိုင်း (အပိုင်း ၃)
ချင်းလူမျိုးများရဲ့ စစ်သမိုင်း (အပိုင်း ၃)
(၅) သစ္စာတော်ခံ ချင်းလက်နက်ကိုင်ခေတ်
သစ္စာခံ ချင်းလက်နက်ကိုင်ခေတ်ဆိုသည်မှာ ဗြိတိသျှ၊ ဂျပန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့၏ လက်အောက်တွင် အမှုထမ်းခြင်းကို ဆိုလိုပါသည်။
သစ္စာခံ ချင်းလက်နက်ကိုင်ခေတ်ဆိုသည်မှာ ဗြိတိသျှ၊ ဂျပန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတို့၏ လက်အောက်တွင် အမှုထမ်းခြင်းကို ဆိုလိုပါသည်။
(က) ကိုလိုနီခေတ်ဦး ချင်းလက်နက်ကိုင်တပ်များ
ပထမကူကီးလေဗီး (၁၈၄၉)
၁၈၄၈-၁၈၄၉ ခုနှစ်တွင် ထာဒို၊ ရှင်ရှုံ၊ ချွန်ဆဲလ်၊ လုန်အုမ် မျိုးနွယ်ကြီးလေးမျိုးနှင့် အခြားမျိုးနွယ်ငယ်လေးများသည် လူရှိုင်းများ လိုက်လံတိုက်ခိုက်သောကြောင့် ကချာနယ်သို့ ပြေးဝင်လာခဲ့လေသည်။ ထိုကချာနယ်အထိ ဆက်လက်ထိပါးလာသောကြောင့် ၁၈၄၉-၅၀ ခုနှစ်တွင် Col Lister အား စစ်သည်အင်အား ၃၀၀၊ Thado, Singsong မျိုးနွယ်စုမှ အင်အားအချို့နှင့် လူရှိုင်းနယ်သို့ဝင်ရောက်ကာ လူရှိုင်းတို့အား အပြစ်ဒဏ်ပေးခဲ့လေသည်။ နောက်ပိုင်းတွင် လူရှိုင်းတို့၏ ကျူးကျော်မှုအားခုခံရန်အတွက် Colonel Lister သည် Thado နှင့် Singsong များအဓိကပါဝင်သော ကူကီးတပ်ရင်းတစ်ရင်းအား ၄င်းတို့ခေါင်းဆောင်နှင့်အတူ အင်အား ၂၀၀ ဖြင့်ဖွဲ့စည်းကာ စည်းကမ်းတကျ လေ့ကျင့်ပေးခဲ့လေသည်။ ၄င်းတပ်အား ကူကီးတပ်ရင်း (Kuki Levy) ဟု ခေါ်သည်။ ၄င်းတပ်ရင်းသည် ဗြိတိသျှတို့လက်အောက် ချင်းတပ်ရင်းများအနက် အစောဆုံးတပ်ရင်း ဖြစ်လေသည်။
ထို့နောက် တောင်ဖက် ကချာတောင်တန်းအား ကာကွယ်ရန်ချထားလေသည်။ ထိုတပ်ရင်းသည် တောင်ဖက် ကချာတောင်တန်းကို လူရှိုင်းတို့ရန်မှကာကွယ်ရန်သာမက မြောက်ဖက်ကချာတောင် တန်းအား အာဂမီနာဂ (Agami Naga) တို့ ကျူးကျော်မှုအတွက်ပါ ကာကွယ်သူများ ဖြစ်လာသည်။ သို့သော် ၁၈၅၀ ခုနှစ်တွင် တောလည်ထွက်ရာမှ ပြန်လာသော Changsen မျိုးနွယ်ဝင်တစ်စုသည် နာဂရွာတစ်ရွာ၏ ယဉ်ကျေးမှုနှင့် ဘာသာ စကားနားမလည်သောကြောင့် ခိုက်ရန်ဖြစ်ကြရာ ခေါင်းဆောင်အသတ်ခံ လိုက်ရလေသည်။ ထိုအတွက်ကြောင့် ထိုအဖွဲ့အားအနားပေးလိုက်သည်။ ထိုနောက် ကူကီးစစ်သည်လူပေါင်း ၃၀၀ ခန့်စုဝေးပြီး၊ လက်စားချေခြင်းဖြစ်ပွားလာသောကြောင့် အစိုးရမှ ပြစ်ဒဏ်ပေးခဲ့လေသည်။ ထိုနာဂကျေးရွာမှ နေထိုင်သူများပြားစွာ သေဆုံးရလေသည်။
ဒုတိယကူကီးလေဗီး (၁၈၈၀)
၁၈၈၀ ခုနှစ် မြောက်ကချာတောင်တန်းတွင် နာဂတို့၏ ဆီနှင့်အခြားအရာများအတွက် ကျူးကျော် ဝင်ရောက် လာသည့်နောက်တွင် ကူကီးစစ်သည် (၁၀၀) ဖြင့် ကူကီးတပ်ရင်းအားဖွဲ့စည်းလေသည်။ ထို ကူကီးတပ်အား အသုံးပြုကာ တောင်တန်းနေ ကချာလူမျိုးအချို့၏ ပုန်ကန်မှုအား Maibong တွင်တိုက်ခိုက်စေခဲ့ပါသည်။ ထိုကူကီးစစ်သည်တော်များမှာ ပတ်ဝန်ကျင်မျိုးနွယ်များထက် ခွန်အားအရာကြီးမားကြကာ စစ်တိုက်ခြင်းအား ၀ါသနာထုံလေသည်။
ခေါင်ဆိုင်တပ်ရင်း (၁၈၇၅)
၁၈၇၅ ခုနှစ် ဧပြီ ၂၁ ရက် တွင် တောင်ဖက်မှ ကမ်ဟောင်ကူကီး(Sooties or Kamhow Kookies) တို့၏ အရေး အား နှိမ်နင်းရန်အတွက် မဏိပူရစစ်သည် ၂၀၀၀ နှင့် ခေါင်ဆိုင်စစ်သည် (Khongjais) ၄၀၀ စုစုပေါင်း ၂၄၀၀ အား Majors Sewai Jambai နှင့် Tangal တို့ဦး ဆောင်ခြင်းအားဖြင့် ချီတက်တိုက်ခိုက်ပါသည်။ နာဂစစ်သည် အနည်းငယ်လည်းပါဝင်ကြောင်းဖော်ပြထားပါသည်။ ထိုမှတ်တမ်းတလျောက်တွင် ခေါင်ဆိုင်စစ်သည်များ (Khongjai sepoys) အဖြစ် မှတ်တမ်းတင်ထားပြန်ပါသည်။ ခေါင်ဆိုင်အမည်မှာ ကသည်းတို့က ထာဒို-ကူကီးချင်းတို့အား ခေါ်သော အမည်ဖြစ်လေသည်။
(ခ) ကိုလိုနီခေတ်လယ် ချင်းလက်နက်ကိုင်တပ်များ
ချင်းတောင်စစ်ပုလိပ်အဖွဲ့ (၁၉၀၈)
ချင်းတောင်တွင် ပထမဆုံးစစ်ပုလိပ်တပ်ဖွဲ့အား ၁၉၀၈ ခုနှစ်တွင် စီးယင်းနယ်တွင် စတင်ဖွဲ့ စည်းသည် ဆိုလေသည်။ ဟားခါးတွင်လည်း ၁၉၁၄ တွင် တပ်သား ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့လေသည်။
ချင်းအလုပ်သမားတပ် (၁၉၁၇-၁၉၁၈)
ပထမကမ္ဘာစစ်ဖြစ်လာသောအခါ အဂ်လိပ်တို့သည် ချင်းတောင်နှင့်လူရှိုင်းတောင်တန်းမှ လူသူစုဆောင်းကာ ပြင်သစ်စစ်မြေပြင်သို့ပို့လေသည်။ ၎င်းအား အလုပ်သမားတပ် (Labour Corp) အဖြစ် ခေါ်လေသည်။ တီးတိန်နှင့်စီးယင်းနယ်မှ အင်အား (၁၀၀၀)၊ ဖလမ်းမယ်မှ (၂၅၀)၊ ဟားခါး ထန်တလန်နယ်မှ (၇၀) စုဆောင်းကာဖွဲ့စည်းလေသည်။
Sujte နှင့် Siyin နယ်မှ ရဲဘော်များအား အမှတ် (၆၁) အလုပ်သမားတပ်ရင်းအဖြစ်လည်းကောင်း၊ Kamhau နယ်မှ ရဲဘော်များအား အမှတ် (၆၂) အလုပ်သမားတပ်ရင်းအဖြစ်လည်း ကောင်းခေါ်ဝေါ်လေသည်။
ကူကီးများ၊ လိုင်၊ မရာ၊ လောက်တူ၊ ဆင်ထန်း၊ ဇိုဖေးနယ်များတွင် ထိုဆင့်ခေါ်မှုအားမကြေနပ်သောကြောင့်အကြီးအကျယ်ပုန်ကန်မှုဖြစ်ပွားခဲ့လေသည်။ ဖလမ်းရဲဘော် (၃၀၀) ခန့်မှာ စစ်ကိုင်းတွင် စစ်ပြီးသည်အထိ နေရလေသည်။ အကုန်လိုက်ပါသွားခြင်းမရှိပေ။
ထိုအချိန်တွင် ဗမာ၊ ကရင်၊ ချင်း၊ ကချင် အများစုဖြင့်ဖွဲ့စည်းထားသော အမှတ် (၇၀) နှင့် အမှတ် (၈၅) ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် မက်ဆိုပိုတေးမီးယားနှင့် ပါလက်စတိုင်းစစ်မြေပြင်များတွင်တိုက်ခိုက်ကြလေသည်။
လူရှိုင်းအလုပ်သမားတပ် (၁၉၁၇-၁၉၁၈)
၁၉၁၅ တွင် လူရှိုင်းလူငယ် ၃၀ သည် အမှတ် (၈) Army Bearer Corp တွင်ဝင်လာကာ မက်ဆိုပိုတေးမီးယားစစ်မြေပြင်သို့ လိုက်ပါခဲ့ဖူးလေသည်။ ၎င်းတို့အနက် (၇) ဦးအသက်ပေးခဲ့ရလေသည်။
၁၉၁ရတွင် လူရှိုင်းချင်းများကိုလည်းစုဆောင်းက ပြင်သစ်စစ်မြေပြင်သို့ပို့လေသည်။ အိန္ဒိယအလုပ် သမားတပ်လက်အောက်တွင် လူရှိုင်းအလုပ် သမားတပ်အား အမှတ်(၂၇) လူရှိုင်းအလုပ်သမားတပ်အဖြစ်ခေါ်သည်။ နောက်ပိုင်းတွင်အမှတ် ၂၆၊ ၂၇၊ ၂၈၊ ၂၉ တပ်ခွဲများအဖြစ်ပြောင်း လဲဖွဲ့စည်းလေသည်။ စုစုပေါင်း(၂၁၀၀) ခန့်ဖြင့်ပါဝင်ဖွဲ့စည်းလေသည်။ ၁၉၁၈ တွင်ပြန်ရောက်လာပြီး ရဲဘော်(၇၁) ဦးဆုံးရှုံးခဲ့ရလေသည်။
ဗမာသေနတ်ကိုင်တပ်ရင်းနှင့် ချင်းရဲဘော်များ (၁၉၂၂)
ဗမာသေနတ်ကိုင်ရင်း အမှတ် ၇၀ နှင့် ၈၅ တို့မှရဲဘော်များဖြင့် ဗမာသေနတ်ကိုင်ရင်းအမှတ် (၂၀) အား ၁၉၂၂ တွင် စတင်ဖွဲ့စည်းကာ အိန္ဒိယစစ်တပ်၏ လက်အောက်တွင် ထားလေသည်။ ရင်း (၇၀) နှင့် ရင်း (၈၅) တို့သည် ပထမကမ္ဘာစစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်ကာ မက်ဆိုပိုတေးမီးယား၊ အေဒင်နှင့် အီဂျစ်စစ်မြေပြင်တွင် စစ်မှုထမ်း ခဲဲ့လေသည်။ ၁၉၃၇ တွင် အိန္ဒိယမှ လက်ပြောင်းလွှဲကာ ဗမာသေနတ်ကိုင်ရင် (၁၁) အဖြစ်ပြောင်းလဲလေသည်။ မူလက ဗမာ၊ ကရင်၊ချင်းနှင့် ကချင်ရဲဘော်အများစုဖြစ်ကာ ဂေါ်ရခါးရဲဘော်အနည်းငယ် ပါဝင်လေသည်။ ၁၉၂၇ တွင် ဗမာရဲဘော်များပါဝင်ခွင့်ကို ရပ်တန့်လိုက်လေသည်။
ကိုလိုနီခေတ်လယ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ဗြိတိသျှလက်အောက်ခံ ဗမာလက်နက်ကိုင်တပ်ရင်း (၁၀) ရင်း (Burma Rifle) ဖွဲ့စည်းရာတွင် တိုင်းရင်းသားများအနက် ကရင်၊ ချင်း၊ ကချင်များက အများစုဖြစ်လေသည်။
၁၉၂၃ နှင့် ၁၉၃၇ အကြားတွင် ဗမာသေနတ်ကိုင်တပ်ရင်းတိုင်းတွင် တပ်ခွဲလေးခုဖြင့် ဖွဲ့စည်းထားပြီး တပ်ခွဲနှစ်ခုမှာ ကရင်ရဲဘော်များဖြစ်ကာ ချင်းနှင့် ကချင် တပ်ခွဲ တစ်ခုစီဖြစ်လေသည်။ ၁၉၂၅ ခုနှစ်တွင် ဖွဲ့စည်းသည့် ဗမာ့သေနတ်ကိုင်တပ်ရင်းများတွင် လေးပုံတစ်ပုံသည် ချင်းအမျိုးသားများဖြစ်သည်ဆိုလေသည်။ Urdu အား ဆက်သွယ်ရေးသုံးအဖြစ်အသုံးပြုခဲ့လေသည်။ ဗမာသေနတ်ကိုင်းရင်း (၃) အား ကချင်-ချင်းတပ်ရင်းအဖြစ် ခေါ်လေသည်။ ဂျပန်များအားခုခံရန် ထိုတပ်ရင်းမှ တပ်ခွဲနှစ်ခွဲအား မော်လမြိုင်ဖက် သို့စေလွတ်ခဲရာ ချင်းရဲဘော် (၃၀) သာပြန်ရောက်လာနိုင်လေသည်။ ဂျပန်များဝင်လာကာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပြီးသည့်နောက် အမှတ် (၃) တပ်ရင်းမှ ကချင်ရဲ ဘော်များအား အမှတ် (၅) ဗမာသေနတ်ကိုင်တပ်ရင်းသို့လည်းကောင်း၊ ချင်းရဲဘော်များအား အမှတ် (၂) ဗမာသေနတ်ကိုင်တပ်ရင်းသို့လည်း ကောင်းပြောင်းရွေ့လိုက်လေသည်။ ကရင်ရဲဘော်အချို့အား အမှတ် (၄) ဗမာသေနတ်ကိုင်တပ်ရင်းသို့ လည်း ကောင်းပြောင်းရွှေ့လေသည်။
ဂျပန်များထိုးစစ်ဆင်ဝင်ရောက်လာသောအခါ မြန်မာနိုင်ငံအောက်ပိုင်း ယိုးဒယာနယ်စပ်တလျောက်မှ စတင်ကာ ခုခံစစ်ဆင်သော တပ်များမှာ အထူးသဖြင့် ကရင်၊ ချင်း၊ ကချင်နှင့် ဂေါ်ရခါးများပါဝင်သော ဗမာသေနတ်ကိုင်တကးပ်ရင်းများဖြစ်လေသည်။ အထူးသဖြင့် စစ်တောင်းမြစ်တိုက်ပွဲမှာ ထင်ရှားလေသည်။
အမှတ် (၂) ဗမာသေနတ်ကိုင်တပ်ရင်းသည် ဆုတ်ခွာရာ အိန္ဒိယသို့ကောင်းစွာရောက်ကာ ကျန်ရှိသော အမှတ် (၁) အမှတ် (၄) အမှတ် (၅) အမှတ် (၉) အမှတ် (၁၀) ရင်းများမှ လက်ကျန်များနှင့်ပေါင်းကာ ခုခံရေးတပ်များပြန်ဖွဲ့လေသည်။ နောက်ပိုင်းတွင် Wingate ၏ ချင်းဒစ် (Chindits) စစ်ဆင်ရေးတွင်အထူးသဖြင့် First and Second Chindit Operation အဖြစ် ပါဝင်ရလေသည်။ ထိုဗမာသေနတ်ကိုင် (၂) အတွင်းမှ ချင်းစစ်သည်များဖြင့် နောင်တွင် ချင်းလေဗီး (Chin Levies) များအား ဖွဲ့စည်းကာ လူရှိုင်းတပ်မအောက်တွင် စစ်ဆင်ရေး အတွက်အသုံးပြုလေသည်။ ဗမာသေနတ်ကိုင်အမှတ် (၁) မှ ချင်းရဲဘော်များသည်လည်း ကလေးနယ် အင်းဘောင်အရောက်တွင် ချင်းလေဗီးများသို့ ပူးပေါင်းသွားလေသည်။ ကချင်များလည်း ကချင်လေဗီးသို့ ပြောင်းကြလေသည်။ ချင်းလေဗီးတွင် Hakha Levies, Falam Levies, Shaws Levies များ ပါဝင်လေသည်။ ထို့လေဗီးများသည် နောင်တွင် ချင်းသေနတ်ကိုင် တပ်ရင်းများဖြစ်လာမည့် ရှေ့ပြေးတပ်ရင်းများဖြစ်လေသည်။
ချင်းတောင်တပ်ရင်း (၁၈၉၄) – Chin Hill Battalion (3rd Chin Rifles)
မြန်မာပြည်တပ်ရင်းများအနက် Chin Hills Battalion သည် Burma Infantry Battalion အဖြစ် အစောဆုံး တပ်မတော်များတွင် ပါဝင်လေသည်။ ၁၈၉၄ ခုနှစ် Burma Military Police Battalion အဖြစ် စတင်ခဲ့လေသည်။ အိန္ဒိယ-မြန်မာ ခွဲထွက်ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော Burma Frontier Force(BFF) တွင် ပါဝင်လာသည်။ ဂျပန်ခေတ်ရောက်လာသောအခါ ဂျပန်ကိုထိုးစစ်ဆင်ရန်အတွက် ထို Infantry Battalion အား Anti-Tanks/ Mortar Regiment အဖြစ်သို့လည်းကောင်း ပြောင်းလည်းဖွဲ့စည်းလိုက်သည်။ ထိုတပ်သဘ် New Burma Artillery တွင် ပါဝင်ဖွဲ့စည်းထားသော Artillery တပ်သုံးတပ်တွင် အပါအဝင်ဖြစ်လေသည်။ မူလက ထိုတပ်သည် ဂေါ်ရခါးစစ်သည်အများစုဖြစ်ရာမှ ၁၉၂၂ အရောက်တွင် ချင်းလူမျိုးအများစု ဖြစ်လာပါသည်။
၁၉၄၂ ခုနှစ် ဂျပန်တို့ ကျူးကျော်လာသောအချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော Burma Army မြန်မာပြည်တပ်မတော် တွင် Chin Hills Battalion သည်ပါဝင်လေသည်။ ထိုတပ်ရင်းသည် ဂျပန်ခေတ်တလျောက်လုံးတွင် ချင်းတောင်တွင်အခြေချကာ ဂျပန်တို့အား တိုက်ခိုက်လေသည်။ ထို တပ်သည် ၁၉၄၆ အရောက်တွင် 1st Chin Hill Anti-Tank Regiment တပ်အဖြစ် Burma Artillery အောက်တွင် ဆက်လက်ဖွဲ့စည်းထားရှိသည်။ သိပ်မကြာမှီ ၁၉၄၇ ခုနှစ်အရောက်တွင် ချင်းတောင်တပ်ရင်း (Chin Hill Battalion) အမည်သို့ပြောင်းကာ Burma Regiment အောက်တွင် ဆက်လက်တည်ရှိလာသည်။
ထိုတပ်ရင်းသည် ချင်းတောင် (Chin Hill) ဖလမ်း (Falam) တွင် အခြေစိုက်ပါသည်။ ချင်း၊ ဂေါ်ရခါး၊ ကမွန်နီ (Kamonys) နှင့် ဆစ်ခ်အနည်းငယ်တို့နှင့် ဖွဲ့စည်းထားလေသည်။ ချင်းတပ်ခွဲများအား ဘာသာစကားအလိုက် ငါးခွဲထားရှိလေသည်။ ၄င်းတို့မှာ Hakha တပ်ခွဲ၊ Siyin တပ်ခွဲ၊ Khongsai တပ်ခွဲ၊ Zahau တပ်ခွဲများ ဖြစ်လေသည်။ တပ်ရင်းဘုံစကားအဖြစ် Urdu ဘာသာစကားအားအသုံးပြုလေသည်။ ချင်းတပ်သားများသည် ဆံပင်အရှည်ထားခွင့်ရရှိပြီး ထုံးထားလေသည်။ ချင်းတောင်တပ်ရင်း၏ အဓိက စခန်းချလှုပ်ရှားသော နယ်မြေ (Outposts) ငါးခုရှိလေသည်။ တီးတိန်၊ ဖို့စ်ဝှိုက်၊ ဝေဘူလ၊ ဟားခါးနှင့် ဖလမ်းတို့ဖြစ်လေသည်။
၁၉၄၃ အောက်တိုဘာလတွင် ချင်းတောင်တပ်ရင်းအား ဗဟိုဌာနရုံး၊ ဌာနချုပ်တပ်ခွဲ၊ လက်နက်ကိုင်တပ်ခွဲ ၇ ခု၊ ခြေလျင်ကင်းထောက်တပ်စု ၂ စု၊ နောက်တန်းဗဟိုကင်းနှင့် ယဉ်ခွဲများဖြင့် ထပ်မံတိုးချဲ့လေသည်။ ၁၉၄၄ တွင် Eastern Army ခေါ် IV Corps ၏အောက်တွင် ထားရှိလေသည်။
၁၉၄၄ ခုနှစ် ဂျပန်တို့ ကိုဟီးမားအားထိုးစစ်ဆင်ရန် အင်ဖာသို့တိုက်ခိုက်လာသောအခါ ချင်းတောင်အားလည်း တိုက်ခိုက်လာလေသည်။ ချင်းတောင်အားတိုက်ခိုက်လာသော ဂျပန်စစ်ကြောင်းအား တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာသွားသော ဗြိတိသျှတို့အား တီးတိန် အင်ဖာလမ်းကြောင်းတလျောက် လုံခြုံရေးယူခြင်းများ ပြုလုပ်ရလေသည်။ Eastern Army (IV Corp) ၏လက်အောက်တွင် လှုပ်ရှားခဲ့ပါသည်။ နောက်ဆုံးလှုပ်ရှားခဲ့သောနေရာမှာ ကဘော်လွင်ပြင်နှင့် တွန်းဇံမြောက်ဖက်အကြား မဏိပူရမြစ်ဒေသများတွင်ဖြစ်ကာ နောက်ဆုံးတွင် ရှိလောင် (Shillong) သို့ဆုတ်ကာ ပြန်လည်ပြင်ဆင်လေသည်။
နောက်တွင် ပြန်လည်အင်အားဖြည့်ဖွဲ့စည်းလိုက်သော ချင်တောင်တပ်ရင်းသည် အသစ်ဖွဲ့စည်းလိုက်သော လူရှိုင်းတပ်မဟာ (Lushai Brigade) လက်အောက်တွင် ပါဝင်လာပြီး၊ မြန်မာပြည်စစ်ကြောင်းတွင် ဂန်ဂေါမြို့ အား သိမ်းပိုက်လေသည်။ ချင်းတောင်တပ်ရင်းသည် ၁၉၄၆ ခုနှစ်တွင် အမှတ် (၁) တင့်ဖျက်တပ်ရင်း 1st (Chin Hills) Anti-Tank/Mortar Regiment အဖြစ်လည်းကောင်း၊ ၁၉၄၇ တွင် သြဂုတ်လတွင် Chin Hills Battalion ခြေလျင်တပ်ရင်းအဖြစ်လည်းကောင်း၊ ၁၉၄၈/၄၉ တွင် ချင်းသေနတ်ကိုင်တပ်ရင်း အမှတ် (၃) အဖြစ် ပြောင်းလဲလေသည်။
သုံးသပ်ချက်
ကိုလိုနီခေတ်ဦးတွင် ဗြိတိသျှတို့လက်အောက်တွင် ချင်းမျိုးနွယ်စုများ စတင်အမှုထမ်းလာလေသည်။ အများအားဖြင့် စစ်တပ်နှင့် ရဲတပ်ရင်းများတွင်ဖြစ်လေသည်။ သို့သော် အမျိုးသားရေးအမြင်နှင့် နိုင်ငံရေးအမြင်အလွန်အားနည်းခဲ့လေသည်။ ယခင်ကပင် စစ်မှုရေးရာတွင် အထုံဝါသနာပါသော ချင်းမျိုးနွယ်များသည် ဗြိတိသျှတို့တပ်ဆင်ပေးထားသော လက်နက်များကိုင်ဆောင်လာသောအခါ ပိုမိုတက်ကြွလာကြလေသည်။ စစ်ရေးတွင် ကျွမ်းကျင်ပြီး နာခံမှုရှိသော၊ သစ္စာရှိသော ချင်းတိုင်းရင်းသားများအား ဗြိတိသျှတို့သဘောကျလေသည်။ သို့သော် တခါတရံထိုလက်နက်ဖြင့် အားနည်းသော လူမျိုးစုများအပေါ်တွင် နာကြင်စေသော အဖြစ်အပျက်များအားလည်း ပြုလုပ်မိတတ်လေသည်။
ကူကီးလေဗီးမှ နာဂမျိုးနွယ်စုများအပေါ်တွင် ပြုလုပ်ခဲ့သော အဖြစ်အပျက်များက ၂၀ ရာစုတွင် လူမျိုးစု ပြသနာများအဖြစ်သို့ တွန်း ပို့ခဲ့သော အချက်များထဲမှ တစ်ချက်ဖြစ်လာလေသည်။ တဖန် ၁၉၁၇-၁၉ ခုနှစ် တွင် ကူကီးပုန်ကန်မှုအားနှိမ်နင်းရန်အတွက် ပခုက္ကူတောင်တန်းဒေသမှ ချင်းမျိုးနွယ်အချို့ကို အသုံးပြုကာ နှိမ်နင်း ပြန်လေသည်။ ၁၉၃၀ မြန်မာနိုင်ငံအောက်ပိုင်း တောင်သူ လယ်သမားပုန်ကန်မှုကို နှိမ်နင်းရန် ချင်းတောင်မှဆူဗေဒါ (Subedars) နှစ်ဦး၊ ဂျာမေဒါ (Jemadar) တစ်ဦး ဦးဆောင်ကာ တပ်သား ၁၃၂ ဦးအား စေလွှတ်ကာ နှိမ်နင်းလေသည်။
ဗြိတိသျှတို့လက်အောက်တွင် အမှုထမ်းစဉ်က သူ့ဆန်စားရဲရမည်ဆိုသည့်အတိုင်း အမှုအခင်းအရေး အရာများတွင်ပါဝင် ပတ်သက်ခဲ့ရလေသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင်သော်လည်းကောင်း၊ ပုန်ကန်မှုများ တွင်လည်းကောင်း၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွင်လည်းကောင်း၊ မြန်မာပြည် တွင်းစစ်များတွင်လည်း ကောင်းပတ်သက်ခဲ့ရလေသည်။ Divide and Rule ဆိုသည့် စနစ်အတွင်း အချင်းချင်းပင် ပြန်လည်တိုက်ခိုက်ရသည့်အချိန်ရှိခဲ့ပေသည်။
အလွန်စိတ်မကောင်းစရာမှာ ဗမာသေနတ်ကိုင်တပ်ရင်းများမှ ကရင်၊ ချင်း၊ ကချင်းရဲဘော်များသည် တသွေး တသံတမိန့်ဖြင့်အတူနေထိုင်ခဲ့ကြရာ၊ ဂျပန်အဝင်တွင်လည်းကောင်း၊ ဂျပန်တို့အားပြန်လည်တိုက်ထုတ်သည့်အခါတွင်လည်းကောင်း လက်တွဲကာ မဟာမိတ်လက်အောက်တွင် စစ်မှု ထမ်းကြရာမှ လွတ်လပ်ရေးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအရှုပ်အထွေးအတွင်း အချင်းချင်း သေနတ်ပြောင်းလှည့်ကာ သွေးမြေကျရခြင်းပင်ဖြစ်လေသည်။
မည်သို့ဆိုစေကာမူ ချင်းတိုင်းရင်းသားတို့သည် အစောပိုင်းကတည်းကပင် စစ်မှုထမ်းခြင်း၊ စစ်တိုက်ခြင်းအား ပျော်မွေ့လျက် အသက်မွေးကြောင်းခြင်းပမာ စစ်မှုထမ်းရာတွင် အသားကျခဲ့လေသည်။
ရည်ညွှန်း
-Annual Administration Report of the Munnipoor Agency, 1873-74, 1875,1931-32
-Major WAS Hyde MC MiD, Chin Hills Battalion, Burma Frontier Force 1942-1944
-The Burma Campaign, http:// www.rothwell.force9.co.uk/burmaweb/2ndburma.htm
-http://hiddenhistorieswwi.ac.uk/uncategorized/2016/02/north-east-india-and-the-first-world-war/
-ဒေါ့စွန်း၊ ချင်းအမျိုးသားများ၏နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း
Comments
Post a Comment