ဧရာ (မန္တလေး) - ဓမ္မယုဒ္ဓ (သို့မဟုတ်) တရားသောစစ်
ဧရာ (မန္တလေး) - ဓမ္မယုဒ္ဓ (သို့မဟုတ်) တရားသောစစ်
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၁
“တရားသောစစ်” ဆိုတဲ့ဝေါဟာရကို မဟာဘာရတမှာ “ဓမ္မယုဒ္ဓ” လို့ သုံးပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတဲ့အခါ စစ်ရေးက နည်းလမ်းတစ်ခုဖြစ်လာတယ်။ ဒါပေမယ့် စစ်ဆိုတာ ဘယ်လိုပဲကြည့်ကြည့် လူ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးပါးစေတယ်။ ပြဿနာကို တရားနည်းလမ်းကျကျ မဖြေရှင်းနိုင်ရင် ဒုစရိုက်တရား, အဓမ္မတရားတွေက လောကကို လွှမ်းမိုးဖျက်ဆီးတော့မယ့် အခြေအနေနဲ့ကြုံတဲ့အခါ စစ်ရေးနည်းလမ်းကို Necessary Evil အနေနဲ့ ရွေးချယ်ကြရတယ်။ ဒါကိုပဲ “တရားသောစစ်” လို့ သုံးနှုန်းကြပါတယ်။
တကယ်တော့ ဗုဒ္ဓဘာသာမှာ “တရားသောစစ်” ဆိုတဲ့အယူအဆ Just War Theory မရှိပါဘူး။ ဒါပေမယ့် ပါရမီဖြည့်ကျင့်နေတဲ့ အလောင်းတော်တွေဘဝမှာ စစ်တိုက်ရတာမျိုးတွေ ရှိပါတယ်။ မဟာဇနကမင်းက သူ ရထိုက်တဲ့ထီးနန်းကို ပြန်တိုက်ယူဖို့အတွက် fund ရှာဖို့အတွက် ပင်လယ်ခရီးထွက်ပြီး ကုန်ကူးခဲ့တယ်။ မဟောသဓာကလည်း မိမိတို့ထက်အင်အားသာလွန်တဲ့ စူဠနီ ဗြဟ္မဒတ်မင်းကို War Strategy တွေဆွဲပြီး တိုက်ခဲ့တယ်။
စစ်ဟာ "အကုသိုလ်" အမှုသာဖြစ်ရင် အလောင်းတော်တွေက ဘာကြောင့်စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြသလဲ။ စစ်ကို လွှဲရှောင်လို့ ရသမျှ လွှဲရှောင်ပါတယ်။ ရှောင်လွှဲလို့ မရဘဲ စစ်ရေးနည်းကို ရွေးချယ်ရတဲ့အခါမှာလည်း ရန်သူကို သတ်ဖြတ် ချေမှုန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး မထားဘဲ၊ သတ္တဝါတွေကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားပါတယ်။ သတ္တဝါတွေကို သနားကြင်နာတဲ့ “ကရုဏာ” နဲ့ ဆင်းရဲကနေလွတ်မြောက်အောင် စွမ်းဆောင်နိုင်တဲ့ “ပညာ” တို့ကို အထွတ်တင်ပြီး အထိအခိုက်အနည်းဆုံးဗျူဟာကို သုံးပါတယ်။ အနိုင်ရတဲ့အခါမှာလည်း ရန်သူကို ညှင်းဆဲသတ်ဖြတ်ခြင်းမပြုဘဲ၊ သစ္စာခံစေပြီး လွှတ်ပေးတယ်။ ဒါမှမဟုတ် ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုသာ ပေးတယ်။
အနောက်တိုင်း Just War Theory သဘောအရပြောရင် “တရားသောစစ်” ဆိုတာ သုံးပိုင် ရှိပါတယ်။ နိုင်ငံရေး, သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်တော့ဘဲ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာတဲ့အခါမှာ စစ်ရေးနည်းလမ်းကို ရွေးချယ်တာကို Just Cause (Jus ad Bellum) တရားမျှတတဲ့အကြောင်းရင်း လို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာစာပေတွေက “ဓမ္မိကာ ရက္ခာဝရဏ ဂုတ္တိ” ဆိုတာက ဒီနေ့ခေတ်မှာ R2P လို့ ခေါ်နေကြတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို တရားနည်းလမ်းကျကျ ကာကွယ်စောင့်ရှောက်ပေး, လုံခြုံမှုပေးရတဲ့တာဝန်ပါပဲ။
“တရားသောစစ်” လို့ ပြောနိုင်ဖို့အတွက် တရားမျှတတဲ့အကြောင်းရင်း ဖြစ်ရုံသာမက၊ တရားမျှတတဲ့ စစ်ရေးကျင့်ဝတ် Just Conduct (Jus in Bellum) တွေကိုလည်း လိုက်နာရပါတယ်။ တိုက်ပွဲမှာ မပါတဲ့သူတွေကို တိုက် ခိုက်မှု မလုပ်ရဘူး၊ အင်အားအလွန်အကြွံ မသုံးရဘူး၊ အရပ်သားတွေ ထိခိုက်နစ်နာမှု (collateral damage) အနည်းဆုံး ဖြစ်အောင် သတိထားရတယ်။ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီး လုယက်တာ၊ ဘာသာရေး အဆောက် အအုံ, ဆေးရုံ, ကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးတာ၊ သုံ့ပန်းတွေကို တရားမဲ့ နှိပ်စက်သတ်ဖြတ်တာ စတာတွေက စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ တရားသောစစ်ဆိုတာက ရက်စက်စွာ ကလဲ့စားချေတာ, သွေးကြွေးဆပ်တာ မဟုတ်ပါဘူး။ မတရားမှုတွေ ချုပ်ငြိမ်းသွားအောင် မရက်စက်တဲ့ နည်း, မကောက် ကျစ်တဲ့ နည်းတွေနဲ့ တရားသဖြင့် တုန့်ပြန်ခြင်း, ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်ရပါတယ်။
ရေနစ်သူက ထောက်ကူရာ သစ်ဝါးမရခဲ့ရင်၊ ခွေးသေကောင်ပုပ်ကိုတွေ့လည်း ခွေးသေကောင်ပုပ် အကူအညီနဲ့ပဲ ကမ်းကိုရောက်အောင် ကူးခပ်ရပါတယ်။ စက်ဆုပ်ရွံရှာဖွယ် ခွေးသေကောင်ပုပ်က အခြေအနေအရ ရွေး ချယ်ရတဲ့ အထောက်အကူ နည်းလမ်းတခုသာဖြစ်ပြီး၊ ကမ်းကိုရောက်တဲ့အခါ လည်မှာ အမြတ်တနိုးချိတ်ဆွဲထားရမယ့် ပန်းတိုင်မဟုတ်ပါဘူး။ ကမ်းကိုရောက်တဲ့အခါ ခွေးသေကောင်ပုပ်ရဲ့ အနံ့အသက်ဆိုးတွေနဲ့ အနိဋ္ဌာရုံတွေကို သန့်စင်အောင်လုပ်ဖို့ လိုပါတယ်။ စစ်ပွဲတခုပြီးဆုံးတဲ့အခါ ရှုံးနိမ့်သွားတဲ့ရန်သူကို (ကလဲစားချေခြင်းမျိုး မဟုတ်ဘဲ) တရားသဖြင့် အပြစ်ပေးစီရင်ရတယ်။ စစ်ရဲ့အနိဋ္ဌာရုံတွေကို အမြန်ဆုံးဖယ်ရှားပြီး၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ရတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ရတယ်။ ဒါကို အနောက်တိုင်းမှာ Justice After War (jus post bellum) လို့ ခေါ်ပါတယ်။
ဒီလက္ခဏာသုံးနဲ့ ပြည့်စုံတဲ့စစ်ကို ‘တရားသောစစ်’ လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် စစ်ဆိုတာက ဘယ်လို စစ်မျိုးမဆို အပြစ်အနာအဆာတွေ, အနိဋ္ဌာရုံတွေ ပြည့်နှက်နေတတ်ပါတယ်။ ဒီလို စစ်ရဲ့အကျည်းတန်မှုတွေ ကြားကပဲ ကိုယ်ပါဝင် ဆင်နွဲနေရတဲ့စစ်ကို “တရားသောစစ်” ဖြစ်စေဖို့ ကြိုးပမ်းကြရပါတယ်။
တရားသော စစ်တိုင်းက အနိုင်ရမှာလား ...။ ရည်ရှည်မှာ “စစ်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တာက စစ်ဦးချုပ်ရဲ့အမိန့် မဟုတ်ပါဘူး၊ တပ်နေရာချထားမှုလည်းမဟုတ်၊ လက်နက်အင်အားလည်း မဟုတ်၊ တပ်သားအကျအဆုံးလည်း မဟုတ်ပါဘူး။ တပ်ရဲ့ စိတ်ဓာတ် (Spirit of the Army) ပါ” (တောလ်စတွိုင်း - စစ်နှင့်ငြိမ်းချမ်းရေး)။ အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာက ... 'ဒါဟာ တရားသောစစ်ပွဲ မဟုတ်ဘူး' လို့ အမေရိကန်ပြည်သူတွေ ကိုယ်၌က ယုံကြည်ဆန့်ကျင်ကြတဲ့အတွက် တပ်ရဲ့ စိတ်ဓာတ်ပျက်ပြားနေတာ၊ ဗီယက်နမ်တွေက တရားသော ခုခံစစ်အဖြစ် လက်ခံယုံကြည်ပြီး ဇွဲသတ္တိ ကောင်းကောင်း, စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်ခဲ့ကြတွေကြောင့် ဖြစ်ပါတယ်။ စိတ်ဓာတ်ပျက်ရင် တပ်ပျက်ပါတယ်။
ဗုဒ္ဓစာပေတွေမှာတော့ ရန်အောင်မြင်နိုင်တဲ့ စိတ်ဓာတ်ရဲ့ အရည်အသွေးတွေကို “သစ္စာ, ဒမ, ဓိတိ, စာဂ” လို့ ပြထားပါတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း, အမှန်တရားကို မြတ်နိုးခြင်း (သစ္စာ)၊ အကြောက်တရား, အမုန်းတရားတွေကို သတိပညာနဲ့ ထိန်းချုပ်နိုင်ခြင်း, စည်းကမ်းရှိခြင်း (ဒမ)၊ ကောက်ရိုးမီးလို မဟုတ်ဘဲ မလျော့သော ဇွဲလုံ့လနှင့် အဆက်မပြတ် အားထုတ်ခြင်း, တာဝန်ကျေပွန်ခြင်း (ဓိတိ)၊ ဥစ္စာအသက်ကို မငဲ့မကွက်ဘဲ စွန့်လွှတ်ခြင်း (စာဂ) ဆိုတဲ့ တရားလေးပါးနဲ့ ပြည့်စုံညီညွတ်နေရင် ရန်ကို အောင်မြင်နိုင်ပါတယ်။
ပြည်သူအများစု ရွံမုန်းတဲ့ အဓမ္မဝါဒ ကျဆုံးမှာပါ။ တရားသောစစ်က အောင်မြင်မှာပါ။
Comments
Post a Comment