ချင်းပြည်နယ်မှ ချင်းရခိုင်ဆက်ဆံရေး သမိုင်း (ခ)
ချင်းပြည်နယ်မှ ချင်းရခိုင်ဆက်ဆံရေး သမိုင်း(ခ)
Ro Sang| The Chinland Post | 2020 January 17
ပလက်ဝသို့ရခိုင်သြဇာလွှမ်းမိုးလာခြင်း
ဓညဝတီ၊ ဝေသာလီခေတ်များမှာ မှုန်ဝါးဝါးမျှသာဖြစ်သည်။ ဒဏ္ဍာရီဆန်သောကြောင့် တချို့နိုင်ငံ တကာ သမိုင်းပညာရှင်များက ပယ်သောသူများရှိသကဲ့သို့ ခုနှစ်ကို နောက်ရွှေ့သောသူများလည်း ရှိလေသည်။ မည်သို့ ပင်ဖြစ်စေကာမူ တောင်ဖက် ကုလားတန်မြစ်ဝှမ်းတွင် အင်ဒိုအာရိယာန် ဘာသာ စကားပြော အုပ်စုများ အားကောင်းစဉ်အခါက ပလက်ဝသည် ခရီးလမ်းဖြတ်သန်းရာနေရာဖြစ်ပါသည်။ ပလက်ဝနယ်တွင် ဝေသာလီခေတ်ဆိုင်ရာ အထောက်အထား အားနည်းခြင်းက ထိုအချက်ကို ထောက် ပြနေပါသည်။ ဓညဝတီ၊ ဝေသာလီခေတ်မှ လေးမြို့ခေတ်၊ မြောက်ဦးခေတ်လယ် အထိ ခေတ္တစခန်း ချရာ၊ ခရီးပြုရာ၊ မဲဇာပို့ရန် နေရာအဖြစ်သာ အသုံးပြုခဲ့သည်။ ဒေသခံ ချင်း၊ မြို၊ ခမီများမှ အပလာရောက် နေထိုင်သူများ မရှိခဲ့သေးဟု ပြောလျှင်မမှားနိုင်ပေ။
သမိုင်းမတိုင်မှီက ဗြဟ္မသုန္ဒရပုဏ္ဏားနှင့် အဉ္ဇနဒေဝီမိဘုရာမှ သားတော် ဗြဟ္မသုန္ဒရမင်းသားမင်းပြု သည့်အချိန်တွင် ကစ္ဆပနဒီမြစ်အရှေ့ဖက်နှင့် အနောက်ဖက်တွင် မြို့ပေါင်း (၉၉) မြို့စီတည်ကြောင်း ဒဏ္ဍာရီလာပါသည်။ ထိုမြို့များတွင် မြစ်အနောက်တွင် နီလာပန်းတောင်းနှင့် အရှေ့ဖက်တွင် ကျောက်ပန်းတောင်း ဟုပါရှိပါသည်။ (ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊စာ ၁၆-၁၇) သို့သော် ထိုဗြဟ္မသုန္ဒရ ပုဏ္ဏားနှင့် အဉ္ဇနဒေဝီမိဘုရားဇတ်လမ်းမှ ဟိန္ဒူ ဘုရား ကရိသျှမင်းသားနှင့် အဇ္ဇုနမင်းသား အကြောင်းများကို ကူးရေးခြင်းဖြစ်ကြောင်း ရှေ့တွင် ဖော်ပြပြီးဖြစ်သည်။ မြို့ရွာများမှာလည်း နောက်ပိုင်း ၁၉ ရာစု ရာဇဝင်ဆရာများက ပြန်လည်စုပေါင်းကာ ရခိုင်ဘုရင်များ ဘုန်းတန်ခိုးကြီးကြောင်း ပြလိုသော သဘော ဖြင်ဖော်ပြခြင်း ဖြစ်မည်ဟု ယူဆရပါသည်။ ထို့အရပ်များသည် ကံရာဇာမင်းနှင့် မိဖုရားစောစစ် တို့ခေတ္တ ပုန်းခိုသောနေရာဖြစ်လေသည်။ (ဓညဝတီရာဇဝင် ၊ဦးပဏ္ဍိ၊ စာ ၂၃)
လေးမြို့ခေတ်၊ ဝင်ရောက်လာသူများနှင့်ပဋိပက္ခဖြစ်ခြင်း(၁၀၁၈-၁၄၃၀)
အင်ဒိုအာရိယာန်နွယ်ဖွား ဓညဝတီ၊ ဝေသာလီမင်းများနှင့် ဆက်ဆံရေးကောင်းမွန်သော ပလက်ဝ ဒေသမှ ချင်းမျိုးနွယ်စုများ၊ သက်(ချက္ကမ)၊ မြိုမျိုးနွယ်များသည် လေးမြို့ခေတ်ရောက်သောအခါ တောင်ဖက်မှ ဝင်ရောက်လာသော လူမျိုးအသစ်များနှင့် ပဋိပက္ခဖြစ်ရလေသည်။ အထူးသဖြင့် လေး မြို့မြစ်ဝှမ်းတွင် နေထိုင်ရင်းဖြစ်သော ချင်းများ၊ မြိုများသည် ပုဂံကျောထောက်နောက်ခံ မွန်ဂိုလွိုက် ရခိုင်များ ရောက်လာသော အခါ ရင်ဆိုင်ထိတွေ့မှုများ ဖြစ်ပွားခဲ့ရလေသည်။ ဝေသာလီခေတ်အကုန် နှင့် လေးမြို့ခေတ် အကြားတွင် လေးမြို့မြစ်ဝှမ်း အားပြိုင်မှုဖြစ် ပွားလေသည်။ မြိုတို့ကလည်း မြိုပဲဖြူမင်း(၉၆၄-၉၉၄)တွင် ဝင်ရောက်ကျုးကျော်လာသူများကို ဦးဆောင်တိုက်ခိုက်ခဲ့ သည်။ သက်တို့သည်လည်း ၎င်းတို့၏မူလနယ်မြေ စစ်တန်းတင်အရပ်မှ စတင်ကာ အေဒီ ၇၉၂ ခုတွင် ငမောင်ကတုံမှ ဦးဆောင်တိုက်ခိုက်ခြင်း၊ ဒဿရာဇာမင်း(၁၁၂၁-၁၁၃၇) လက်ထက်တွင် ကုလားနှင့် သက်ပူးပေါင်းကာတော်လှန်ခြင်း၊ ငနှလုံး(၁၂၄၄-၁၂၄၈) မင်းလက်ထက် ကုလားနှင့်သက် ပေါင်းဖက် တော်လှန်ုခြင်း၊ မင်းထီး(၁၂၈၁-၁၃၈၇) လက်ထက် သက်နှင့်ကုလား တော်လှန်ခြင်း၊ မင်းဖလောင်း (၁၅၇၀-၁၅၉၂) လက်တက် စိုင်တင်စားက ငပေါင်ပုန်ကန်ခြင်း၊ မင်းဖလောင်းလက်ထက် သံတောင် စားငစုံနှင့် လင်းကဲး၊ မြုံ၊သက်တို့ပူးပေါင်း ပုန်ကန်ခြင်းစသည်တို့မှာ ထိုအချက်ကိုမြင်နိုင် လေသည်။
ဝေသာလီ ခေတ်၏ သက္ကရာဇ်ကိုမူ ရခိုင်ရာဇဝင်များရတွက်ချက်ခြင်းဖြစ်သည်။ ခေတ်ပညာရှင်များက ဝေသာလီခေတ် အား(၇၈၈-၁၀၁၈)ဟု တွက်ချက်သည်။ ပြင်စ(၁၀၁၈-၁၁၀၃)၊ အကြားတွင် အဖြစ် အပျက်များ သိပ်မပေါ်လွင်လှသေးပေ။ထိုအချက်ကို အဦးဆုံးထောက်ခံရေးသားသူမှာ ဘုန်းတော်ကြီးမန်ရစ်(Sebastoao Manrique)၏ (၁၆၂၈ ခု) ရခိုင်ပြည် သွားခရီးအကြောင်းကို ပြန်လည်ရေးသားသူ မောရစ်ကောလစ် (Maurice Collis) ဖြစ်သည်။ ၎င်းက ၉၅၇ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ မွန်ဂိုလီယံအနွယ်ဝင် လူမျိုးတစ်မျိုးဝင် ရောက်တိုက်ခိုက်ဖူးလေသည်. ထိုလူမျိုးများကား ရှေးကျသော မြန်မာလူမျိုးကြီးပင်ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူမျိုးများ ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေးကျသော မြန်မာစကားများ အတိုင်းဖြစ်သောကြောင့်တည်း။ (ဦးလှဒင်၊ ရတနာရွှေမြေ၊ စာ ၁၀၄) Maurice Collis, The Land of the Great Image, New York, New Direction Publishing Corporation, 1943
ကုလားတန်မြစ်ဝှမ်းအလယ်ပိုင်းသို့ဆန်တက်လာကြခြင်း
၁၀၇၈ ခုတွင် မင်းဘီလူးလုပ်ကြံခံရလေသည်။ အိမ်ရှေ့မင်း မင်းရဲဘယသည်အရှေ့ဖက်သို့ပြေးကာ ပုဂံမင်းကျန်စစ်သားထံတွင် ခိုလှုံလေသည်။ နှစ်ဆယ့်ငါးအကြာတွင် သားတော် လက်ယာမင်း နန်းအားရခိုင်ဘုရင်အဖြစ်ထားလျက် ပုဂံမင်းအလောင်းစည်သူမင်း ကျောထောက်နောက်ခံဖြင့် ရခိုင် ထီးနန်းကိုပြန်လည်သိမ်းပိုက်လေသည်။ ထိုမင်းနှင့်အတူပါလာသော ပျုနှင့်တလိုင်း စစ်သည် တို့သည် ဓညဝတီမြို့ဟောင်းမှ မဟာမုနိသို့ရောက်လာကာ ဖျက်ဆီးလေသည်။ ထိုမင်းက ပထမပရိန်မြို့ကို ၁၁၀၃ ခုနှစ်တွင်တည်ထောင်သည်။
ဝေသာလီ ခေတ်၏ သက္ကရာဇ်ကိုမူ ရခိုင်ရာဇဝင်များရတွက်ချက်ခြင်းဖြစ်သည်။ ခေတ်ပညာရှင်များက ဝေသာလီခေတ် အား(၇၈၈-၁၀၁၈)ဟု တွက်ချက်သည်။ ပြင်စ(၁၀၁၈-၁၁၀၃)၊ အကြားတွင် အဖြစ် အပျက်များ သိပ်မပေါ်လွင်လှသေးပေ။ထိုအချက်ကို အဦးဆုံးထောက်ခံရေးသားသူမှာ ဘုန်းတော်ကြီးမန်ရစ်(Sebastoao Manrique)၏ (၁၆၂၈ ခု) ရခိုင်ပြည် သွားခရီးအကြောင်းကို ပြန်လည်ရေးသားသူ မောရစ်ကောလစ် (Maurice Collis) ဖြစ်သည်။ ၎င်းက ၉၅၇ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ မွန်ဂိုလီယံအနွယ်ဝင် လူမျိုးတစ်မျိုးဝင် ရောက်တိုက်ခိုက်ဖူးလေသည်. ထိုလူမျိုးများကား ရှေးကျသော မြန်မာလူမျိုးကြီးပင်ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူမျိုးများ ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေးကျသော မြန်မာစကားများ အတိုင်းဖြစ်သောကြောင့်တည်း။ (ဦးလှဒင်၊ ရတနာရွှေမြေ၊ စာ ၁၀၄) Maurice Collis, The Land of the Great Image, New York, New Direction Publishing Corporation, 1943
ကုလားတန်မြစ်ဝှမ်းအလယ်ပိုင်းသို့ဆန်တက်လာကြခြင်း
၁၀၇၈ ခုတွင် မင်းဘီလူးလုပ်ကြံခံရလေသည်။ အိမ်ရှေ့မင်း မင်းရဲဘယသည်အရှေ့ဖက်သို့ပြေးကာ ပုဂံမင်းကျန်စစ်သားထံတွင် ခိုလှုံလေသည်။ နှစ်ဆယ့်ငါးအကြာတွင် သားတော် လက်ယာမင်း နန်းအားရခိုင်ဘုရင်အဖြစ်ထားလျက် ပုဂံမင်းအလောင်းစည်သူမင်း ကျောထောက်နောက်ခံဖြင့် ရခိုင် ထီးနန်းကိုပြန်လည်သိမ်းပိုက်လေသည်။ ထိုမင်းနှင့်အတူပါလာသော ပျုနှင့်တလိုင်း စစ်သည် တို့သည် ဓညဝတီမြို့ဟောင်းမှ မဟာမုနိသို့ရောက်လာကာ ဖျက်ဆီးလေသည်။ ထိုမင်းက ပထမပရိန်မြို့ကို ၁၁၀၃ ခုနှစ်တွင်တည်ထောင်သည်။
မဟာမြတ်မုနိသမိုင်း၌ကား၊ သက္ကရာဇ် ၄၈ဝတွင် ပုဂံပြည့်ရှင် အလောင်းစည်သူငယ်မင်းသည်၊ ထိုလကျာ်မင်းနန်(၁၁၀၃-၁၁၀၉) ကို နန်းတင်စေလွှတ်တော်မူသောအခါ၊ ပြူတလိုင်းတို့သသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို ပုဂံပြည်သို့ ပင့်ယူဆောင်ကြဉ်းသော်လည်း မရသဖြင့်။ ထိုမဟာမုနိရုပ်ရှင် တော်မြတ်ကို။ ချိုးဖဲ့ဖျက်ဆီးလျက်၊ ဖိုကျင်းထိုးကြမည် ကြံစည်ကြသောအခါ၊ မှောင်အတိမိုက်၍ ကွယ်ပျောက်ပြီး လျှင်။ တန်ခိုးတော်အားဖြင့် လူနှင့်မနီးသော တောကြီးတစ်ခုသို့ရောက်နေရာ။ ချင်း-ကရင်အရိုင်း အစိုင်းတို့တွေ့မြင်ကြ၍။ နတ်ကြီးအမှတ်ဖြင့်ကိုးကွယ်ကြ၏။ မိမိတို့ရပ်ရွာ၌၊မိုဃ်း လေဝသမရွာ သောအခါ၊ ကြက်-ဝက်-နွား-ကျွဲ တို့ကို သတ်ဖြတ်၍၊ သွေးချောင်းစီးစေလျက်။ ခေါင်သေရည်တို့နှင့်ပူဇော်ကြ၏။ ထိုသို့ပြုလုပ်သောအခါ၊ ကြီးစွာသောမိုဃ်းရွာသဖြင့်၊ လွန်စွာအား ရကြ၏။ ထိုမဟာ မုနိရုပ်ရှင်တော်မြတ်ကိုအရိုင်းတို့၏ဘာသာဖြင့် မိုဃ်းကောင်းနတ်ကြီးဟု အမည်မှည့် လျက်။ နိစ္စဘတ် ပူဇော်ကိုးကွယ်ကြသည်ဟု အစဉ်စကား၊အချို့သော သမိုင်းစာတမ်းများ၌ လာသည့် အတိုင်း၊ မဟာမြတ်မုနိ သမိုင်းတွင် ထည့်သွင်းလျက် ပါရှိသည်။( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၅၃)
ကောလိယမင်းကြီး(၁၁၁၆-၁၁၂၁) က မြိုလူမျိုးများကို လေးမြို့ချောင်းဖျားတိုင်အောင် တိုက်ထုတ် ခဲ့ရကြောင်းဆိုပါသည်။ အကြောင်းမှာ မင်းကြီး၏ နယ်ပယ်အား မြိုတို့က နှောက်ယှက် သော ကြောင့် ဟု ဆိုလေသည်။ ယနေ့လေးမြို့မြစ် အထက်ဖက်မီးချောင်းတလျောက်တွင် ထိုမြိုလူမျိုး များရှိနေသေး သည်။ ထိုအပြင် ထိုအရပ်မှ တိုင်းရင်းသားများ၏ ရွှေ့ပြောင်းမှုကိုလေ့လာလျှင်လည်း တောင်ဖက် လွင်ပြင်မှ တောင်ပေါ်သို့ပြန်တက်လာကြောင်းကိုဆိုပေသည်။ လေးမြို့ခေတ်တွင် တောင်တန်းများ၏ အတွင်းဖက်သို့ ရခိုင်လူမျိုးများသွားရောက် နေထိုင်ခြင်းမရှိသေးချေ။
ဦးဉာဏ၏ရာဇဝင်တွင် ဒုတိယပရိန်ခေတ် ရခိုင်ဘုရင်ဒဿရာဇာဘုရင်မင်းမြတ်(၁၁၂၃-၁၁၃၉)သည် စည်းစိမ်အမျိုးမျိုး တို့ကိုပေးလျှက် ချောင်းဖျား၊ မြောင်းဖျား၌ နေသော မြိုခွေးမွေး စသောသူတို့သည် ရုပ်တုတော်မဟာမုနိကို ဤအရပ်၌ရှိသည်ဟု ပြသနိုင်မူ……. ငါဝတ်ဆင်သော ပတ္တမြားလက် ကောက်ကိုပေးလေဟုမှာ တော်မူလေသည်။ ထိုတမန် တို့ရောက်လေလျှင် အမတ်ကြီး လကျာ်သည် ချောင်းဖျား၊ မြောင်းဖျား၌နေသော မြိုခွေးမွေးတို့ကိုမေးမြန်းလေသော် မြိုသင်းကြီး ရဟောင်လာ၊ အပေါင်လာ ဟူသောမြိုနှစ်ယောက်တို့သည် ကျွန်တော်တို့သိမြင်ပါသည်ဟုဆိုကာ ချောင်းငယ် တစ်ခုတွင် လည်တော်တိုင်မြေဖုံးလျှက်ရှိနေသောမဟာမုနိ ရုပ်ရှင်တော်မြတ်ကိုတွေ့လေသည်။ ထိုမှပြန်လည်ပင် ဆောင်လာကာ မူလနေရာသို့ ပူဇော်ပြန်လေသည်။ မြိုတို့ကိုလည်း လေးလလျှင် လူတစ်ယောက်စီ တံမြက်ခတ်၊ အမှိုက်လှည်းထားတော်မူသည်။ ရုပ်ရှင်တော်မြတ်ကို မြောက် အရပ်တွင် တွေ့ရလေကား ယခင်ကတညုတောင်တွင် သိမ်ဆောက်၍ အစောင့်အနေ ဆွမ်းတော် တင်၊ စည်တီး၊ မျက်နှာတော်သုတ် တန်းခွန်ဆွဲ။ တဲမြက်ခတ်၊ ကျီးနှင့် စာချောက် ပြူတစ်ထောင်၊ တလိုင်းငါးရာ၊ ကုလားတစ်ထောင်၊ မြုံငါးရာ၊ ချင်းငါးရာ လူပေါင်း လေးထောင်ကို အသီးသီး စားမြေနေမြေ ပေးချတော်မူသည်။( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၅၈) ဤနေရာတွင် အမတ်ထား ပိုင်ကြီး ဆိုသည့် ရာထူးမှာ ရှေးရခိုင်တပ်မတော်တွင် အလွန်မြင့်မားသော အဆင့်တန်းပင်ဖြစ်လေ သည်။ ၎င်းမှ ဒေသခံများအပေါ်စတင်သြဇာလွှမ်းမိုးလာခြင်းကိုဆိုခြင်းဖြစ်လေသည်။ ထိုနေရာမှာ ယနေ့ကျောက်တော်အရှေ့ဖက်တွင်ဖြစ်လေသည်။
ဧဧး တုံမွေးမိ၊ နာထွေရှိလော၊ ဂေါလိယမင်း၊ သားရင်းသည်းချာ၊ ဒသရာလျှင်၊ မဟာမုနိ၊ ရှိရာ အကြောင်း၊ ပေါင်းလောင်းမြို့ထီး၊ သင်းကြီးညွှန်ပြ၊ ပုညကြီးတွေ၊ လွန်ရိုသေလျက်၊ ဝင်လေသင်းတက်၊ ထွက်ခဲ့သင်တုတ်၊…….”ဟုဖော်ပြပါရှိပါသည်။(ရခိုင်မင်းသမီး ဧချင်း အပိုဒ် (၁၉)တွင်)
ဒုတိယခြိပ်ခေတ် မင်းဖုန်းစား(၆၅၆၊ ခရစ်နှစ် ၁၂၉၄)လက်ထက်တွင် တောင်သူငနားကြီးသည် ခရီးဦး ညွှန်ပြုလျှက် သုံးသိန်းသော ရှမ်းတို့နှင့်စစ်ပြုအံ့လာလေလျှင် များမြောင်စွာသော ဗိုလ်ပါရဲမက်များနှင့် အဥနနဒီမြစ်ကို ဆန်လေပြီသော်တောင်ကြီးတစ်လုံးထက်သို့တက်၍ တိုက်ခိုက်လေသော် ထိုရှမ်းသုံး သိန်းတို့ဖရိုဖရဲပြိုကွဲ ပျက်ပြားလေသည်။ တောင်သူဆိုရာတွင် အရှေ့ဖက်ရှိ စေတုတ္တရာနယ်မှ တောင်သူလူမျိုးများဖြစ်မည်လောဟုယူဆနိုင်ပေသည်။ ယနေ့တိုင် တောင်သူချင်းများရှိနေသေးသည်။ (ဦးဉာဏ၊ ဓညဝတီရာဇဝင်သစ်၊ စာ ၂၉၆-၂၉၇၊ အရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း၊ ၂၄၃)
ထိုအဖြစ်အပျက်များ ကိုသုံးသပ်ရသော် ကုလားတန်မြစ်ဝှမ်းတွင်တည်ရှိသော မဟာမုနိစေတီနှင့် ဘုရားအကြောင်းတွင် ဒေသခံမြိုများက နယ်မြေကျွမ်းကျင်ပိုင်နိုင်ကြောင်းကိုတွေ့ရမည်ဖြစ်ပြီး၊ ရခိုင်(မွန်ဂို လွိုက်) များက ထိုနေရာကို နောက်ရောက်များဖြစ်နေကြောင်းဆိုနိုင်လေသည်။ ထို့ကြောင့် လေးမြို့ခေတ်အစောပိုင်းတွင် လေးမြို့မြစ်ဝှမ်းတွင်နေရာယူလာသော ရခိုင်များသည် ကုလားတန် မြစ်ဝှမ်းသို့ စတင်လွှမ်းမိုးရန်ကြိုးစားလာကြောင်းတွေ့ရလေသည်။ တောင်တန်းတွင် နေထိုင်သော သက်၊ မြို၊ ချင်းများမှလည်း အင်အားချိနဲ့သောအချိန်တိုင်းတွင် ဆင်းလာပြီးတိုက် ခိုက်သည်ဆို လေ သည်။ (Research Paper on Old Arakan, 1998, San Shwe Bu, p 20) ထိုအချိန်က မြောက်ဖက်တောင်တန်းများ အထိသြဇာမသက် ရောက်သေးချေ။ ကုလားတန်းအလယ်ပိုင်းလျောက်တွင်သာ စတင်သြဇာသက်ရောက်ဟန်ရှိသည်။ အဘယ် ကြောင့် ဆိုသော်ရခိုင်လေးမြို့ ခေတ်ဦးသည် ပုဂံသြဇာအောက်မှ လွတ်မြောက်ရန်ရုန်း ကန်နေရ သောကာလဖြစ်ဟန်တူပေသည်။ ပုဂံခေတ်ဦးပိုင်း တွင် ပုဂံပိုင်နက်သည် အနောက် ဘင်္ဂလားထိပါ ကြောင်းဆိုလေသည်။
မီးစား၊ ကျောက်မသာကျောက်ဖျာ
လေးမြို့ခေတ်လယ်ပိုင်းတွင်မူ ရခိုင်ဘုရင်များသည် အင်အားကောင်းလာကာ နယ်မြေသြဇာ လွှမ်းမိုး ရေးကိုဆောင်ရွက်လာကြသည်။ ထိုအချိန်တွင် ယနေ့ ပလက်ဝနယ်အစပ် အထိရောက်လာ ကြောင်း ဆိုနိုင်ပါသည်။ လေးမြို့ခေတ်နှောင်းရခိုင်ဘုရင်မင်းထီး(၁၂၈၃-၁၃၈၉) လက်ထက်တွင် အနောက် သက်နှင့် အရှေ့သက်များထံသို့စစ်ချီသော တပ်စာရင်းတွင် ယနေ့ပလက်ဝအရပ်မှ အမည်များကို ရွာစား၊ ချောင်းစားများကို မတွေ့ရသေးချေ။ သို့သော် ၁၃၃၃ ခုနှစ် အရှေ့သက်များကို ဖမ်းဆီးခေါ် ဆောင်လာရာတွင် ကျောက်မသာကျောက်ဖျာရွာ၊ ကြွေတဲစား၊ မီးစား၊ ကင်းစား၊ စသဖြင့် ရွာစားချ ပေးလေသည်။ ထိုသို့ချပေးရာတွင် ထိုနေရာများသည် တိုင်းပြည်အစွန်အဖျား ဒေသများ ဖြစ်လေ သည်။ ထို့ကြောင့်ပင်အရှေ့သက်မင်းသားများမပျော်ပိုက်ကာ အရှေ့မြန်မာပြည်သို့ပြေးလေသည်။ မီးရွာကိုစားရလေဟန်ရှိသည်။သက်မင်းကိုကား ကျောက်မသာကျောက်ဖျာရာကို ပေးတော်မူသည်။ သက်မင်းသမီး စောမေခံကို၊ မင်းချစ်တန်ဆောင် ထားတော်မူသည်။သက်မင်းသမီးအငယ်ကို၊ အမတ်ကြီးသား၊ အမ်းစား အောင်သူ နှင့် ထိမ်းမြားတော်မူသည်။ သက် အိမ်ထောင်စုတသောင်းကို၊ အမ်းချောင်း-ရူးချောင်းဖျားတွင် ချထား တော်မူသည်။ ဒိုင်းနက် ငွေခွန် ဘွဲ့တော်မူသည်။အမတ်ကြ၊ီးကိုကား မဟာဝေဿဝဏ္ဏအမည်ကို ပေးတော်မူ၍။ ဆင်ကရွှေသာဗောင်းဖြူ ထွက်စည်-ရွှေထမ်းစင်ပေးသနားတော်မူ သည်။သက်မင်း သားအကြီး စောရံကို ကြွေတဲစား။ သားအလတ်စောဖြူကို #မီးစား။ သားအငယ်စိုးတူ ကိုကင်းစား။ အသီးအသီး သူကောင်းပြု၍ အပါးတော်တွင်ထားရာ၊ လေးမြို့သို့အချီတွင် သက္ကရာဇ် ၇၀၅-ခုနှစ်၊ သက်မင်းသား သုံးယောက်၊ လေးမြို့အညာ၊ ဖိုးခေါင်တောင်ကိုလွှဲ၍ အရှေ့မြန်မာပြည်သို့ ပြေးလေ သည်။ ယင်းသို့အခါသက်မင်းကိုသော်ကား မည်သို့အပြစ်မပြု၊ စားကျေးမြို့ရွာကိုလည်း မနုတ်၊ ထားမြဲသာ ထားတော်မူသည်။ ( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၂-၆၃)
နောက်ပိုင်း မီးချောင်းစားအရိုက်အရာကို ကုလားမျာလိကက အသပြာဖြင့်ဆက်ကာ တောင်းလေ ကြောင်းဆိုသည်။ သို့သော် ရှင်ပဏ္ဍိက “စည်းချောင်းစား” ဟုဆို သည်။ ရှင်စန္ဒမာလလင်္ကာရက “မီးချောင်းစား”ဟု ကွဲလွဲကြပါသည်။
မြောက်ဦးခေတ်လယ်၊ ၊ အထက်ဖက်သို့သြဇာသက်ရောက်လာခြင်း(၁၄၂၉-၁၅၉၃)
မြောက်ဦးခေတ်ရခိုင်ဘုရင် နရမိတ်လှ ခေါ် မင်းစောမွန်(၁၄၂၉-၁၄၃၃)သည် မြောက်ဦးတွင်ထီးနန်း ကိုပြောင်းရွှေ့ကာ မြောက်ဦးခေတ်စတင်ပါသည်။ “မြို့စား၊ ရွာစား၊ ကျွန်းစား၊ ချောင်းစား ပေး တော်မူသည်မှာလည်း၊ တမြို့တရွာတချောင်း တစို့မှလွတ်သည်မရှိပါ။ ထိုကျေးစားတို့ကလည်း တိုင်းပြည်ကို ဖျက်ဆီးပြုကြပါသည်” ( ဓညဝတီရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၇) ဆိုရာ ထိုမင်းလက်ထက်တွင် မြို့စား၊ ရွာစား၊ ချောင်းစား၊ ကျွန်းစားများကို ဖွဲ့စည်းရာ အချို့သော ချောင်းစားများက ပုန်ကန် ကြောင်းတွေ့ရသည်။ ထိုအချိန်မှစကာ ကုလားတန်မြစ်အထက်ပိုင်းသို့ ရခိုင်ဘုရင်များစတင်ဝင် ရောက်လာသည်ဖြစ်မည်လောဟုသုံးသပ်ရပါသည်။ သို့သော် ဝင်ရောက်နေထိုင်ခြင်းထက် ရှိနှင့် သော လူမျိုးများအပေါ်စတင်လွှမ်းမိုးလာခြင်းကိုဆိုလိုပါသည်။
ဥဿလင်းစား၊ မြုံတို့အရပ်ဥဿလင်း(နှစ်နေရာဖြစ်နေခြင်း)
အလီခင်(ဥပရာဇာနရနုမင်း ၁၄၃၃-၁၄၅၉) လက်ထက်တွင် အင်းဝမင်းထူပါရုံဒါယကာနရပတိမင်းစစ်ချီလာရာ အမတ်ဥဿလင်စားကိုစေလွှတ်ကြောင်းဆိုလေသည်။ “ထိုစာကို ရွှေပေတွင်ရေး၍အမတ် ဥဿ လင်စားကို စေတော်မူလိုက်ရာ။ အဝရွှေနန်းရှင် နရပတိထံသို့ရောက်လေသော်။………ထိုစာကို ရွှေပေ တွင်ရေး၍ ဥဿလင်စားကိုတောင်ခွင်စားနှင့်အတူ ထည့်လိုက်လေသည်။( ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၆၉) ထိုအချိန်တွင် ဥဿလင်းစားဆိုသောဘွဲ့ကိုစတင်တွေ့ရှိရသည်။ ထိုဥဿလင်းမှာ ချင်းပြည်နယ်ပလက်ဝ ဥဿလင်းလော၊ စစ်တကောင်းအရပ်မှ ဥဿလင်းလောဟုလေ့လာပါမည်။
မင်းဗာကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင်အနောက်ကုလားပြည်သို့စစ်ချီရန် တပ်တော်ဖွဲ့ရာတွင် “ဒိုင်းကိုင်ကာစွဲ သူရဲတသောင်းမှာ မီးစားလကျာ်ကျော်တဗိုလ်။ ကမံလေးကိုင် သူရဲတသောင်းမှာ ဥဿလင်းစား သတိုးအောင်တဗိုလ်။” ဟုတွေ့ရပြန်ပါသည်။ (ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၁) ယင်းနေရာတွင် ကမံလေးကိုင်သူရဲကောင်းတသောင်းမှာ ချင်းပြည်နယ်အတွင်းမှ မဖြစ်နိုင်ပေ၊ ရခိုင်ပြည်အတွင်းမှ စစ်သည်များဖြစ်ဟန်တူသည်။ ဥဿလင်းစားမှာ ဘွဲ့အမည်သာဖြစ်ပြီး၊ လူများမှာ အထက်အညာမှ ဟုတ်ဟန်မတူပေ။ ရှင်စန္ဒမာလလင်္ကာရရေး ရခိုင်ရာဇဝင်သစ်ကျမ်းတွင် ဥဿလင်း စားမပါပေ။(စာ ၆၀-၆၁)
ထိုအချက်ကိုဆိုလိုရသည်မှာ မင်းဖလောင်းကြီး(၁၅၇၂-၁၅၉၃)လက်ထက်။ တရံရောအခါ၊ ဥဿလင်း စား ငပေါင်တို့ကို စိန်တင်စားအရာ ပေးမည်ရှိလတ်သော်။ အမတ်ပညာကျော်လျှောက်သည်ကား။ အရှင်မင်းမြတ်။ ဥဿလင်းစား ငပေါင်တိုသည် စစ်ထိုးမှု၌ အလွန် အလိုကြီးသောသူ၊ အကျိုးအပြစ်ကို အမှန်သိမည်မထင်ပါ။ စိန်တင်စားအရပ်သားတို့သည် ကိုက်တတ်သော ခွေးပမာ။ထို သူနှစ်ဦး သား တို့ကို။ အတူမထားသင့်ပါ လျှောက်သော်လည်း။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၈)
မင်းဖလောင်း(၁၅၇၂-၁၅၉၃)က ငပေါင်တိုငယ်သည် အဘမှာပြု။အမိမှာသော်ကား ကုလားရော နှောသည့်သား။ ဆင်စီးတို့လည်း မှူးမျိုးမတ်မျိုးမဟုတ်။ သင့်ဘ-ငနိုးသည်၊ခမည်းတော်ဘုရားသည် ကုလားပြည်ကို သိမ်းတော်မူ သောကာလ၊ အမှုထမ်းလိုကြောင်းနှင့် လျှောက်လေသော်။ အပြန်တွင် ထမ်းရည်ကိုထောက်၍ ရိုးစားအရာ ပေးတော်မူသည်။ သင့်ဘ-အသုံးရသောကြောင့် သင့်ကိုကျေး ရွာပေးသည်။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၉)
အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ငပေါင်တိုကို၊ တဆယ်ကျော်ဥဿလင်း ချောင်းစားပေးတော်မူသည်ကာလ၊ မည်သို့အကြောင်းမရှိပါ။ တန်ရာ တွင်မထား- လွန်၍ထား ချေ သောကြောင့် ငပေါင်တို မာန်မြောက်ခြင်းသာ ဖြစ်ပါသည်။ အနေအထား၊ အစားကျေး ရွာသင့်လျော်မှသာ၊ အရှည်သဖြင့်၊ ကျေးကျွန်အသုံးတော်ရပါမည်။ လူနှင့်မတန်လွန်၍ ပြုတော်မူ ချေသော်။(ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၉)
ထိုအချက်များက ဥဿလင်းသည် ရခိုင်ဘုရင်များကစတင်လွှမ်းမိုးလာပြီး၊ ချောင်းစားများကို ခန့် အပ်ကြောင်းတွေ့ရသည်။ ကုလားပြည်ကိုသိမ်း၍အပြန်တွင် ငပေါင်တိုအဖက လျောက်သောကြောင့် ရိုးစားကိုပေးသည် ဆိုရာတွင် ထိုနေရာသည် စစ်တကောင်းဒေသဖြစ်နိုင်ဖွယ်များသည်။ မင်းဖလောင်း သည်အနောက်ဖက်တလွှား အလွန်သြဇာလွှမ်းမိုးသောဘုရင်ဖြစ်လေသည်။ အနောက်ကုလားပြည်ကို စစ်ကြောင်းသုံးကြောင်းဖြင့်တိုက်ခဲ့လေသည်။ ထိုအချက်ကို ခိုင်မာစေသောအချက်မှာ-တခါတပါး ၁၅၇၂ တွင် ဘုရင်မဏီသူ(အမြင့်စား)ကိုမူကား ဥဿလင်းသို့ထွက်ရာ မြုံတို့အရပ်တွင် ထူးဆန်းသော သင်္ဘောပင်ကြီးတပင်ကို တွေ့လေမူ၊ ထိုအပင်နှင့် အသီးများကို ရွှေချ၍ ရွှေပဒေ သာပင် ရခဲ့သည်ဟု လက်ဆောင်ယူခဲ့ရာ ပြည့်ရှင်မင်းကြီး(မင်းဖလောင်း (၁၅၇၂-၁၅၉၃))က အသုံး ကင်စားငလုံးတင်ကို စေလွှတ်တော်မူ၍ကြည့်စေရာ ရလာကင်းဆိပ်တွင် ငလုံးတင်နှင့်တွေ့လေမူ ငလုံးတင်ရှေ့တွင် သင်္ဘောသီးတလုံး ကျွေကျသည်ကိုမြင်သော် (ရခိုင်ရာဇဝင်သစ်ကျမ်း၊ စန္ဒမာလ င်္လကာရ၊၁၃၈)
မင်းဖလောင်းသည်တောင်ငူမင်းက အကူအညီတောင်းသောကြောင့် ဟံသာဝတီကိုစစ်ပြင်သော တပ် တော်တွင် မီးချောင်းစား၊နှင့် ဥဿလင်းစားတို့မပါပေ။ ထို့ကြောင့် မီးချောင်း၊ ဥဿလင်း ဒေသများမှာ လေးမြို့ခေတ်ဦးတွင် နယ်စွန်သာဖြစ်လေသည်။ ယခင်ဓမ္မဇေယျအမတ် ခေတ္တခိုအောင်းစဉ် ကတည်း က နေထိုင်ခဲ့သောမြုံခေါ်သော မြိုလူမျိုးများဖြစ်ပေသည်။ ရခိုင်လူမျိုးများလာ ရောနေထိုင်ခြင်း မရှိကြောင်းဆိုနိုင်ပေသည်။ သို့သော် မြောက်ဦးခေတ်လယ်ပိုင်း ရခိုင်ဘုရင်များ၏ သြဇာအာဏာ သည် ကုလတန်အထက်သို့ စတင်ရောက်ရှိနေပြီကိုကား ပြောနိုင်ပေသည်။
ဥတ္တရာဇ်လော ဥဿလင်းလော
ဥဿလင်းနှင့်ပတ်သက်၍ စဉ်းစားရန်နှစ်နေရာရှိလေသည်။ ပထမနေရာမှာ “မြုံတို့အရပ် ဥဿလင်း”ဆိုသည်မှာ တြိပူရမြုံတို့အရပ်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဇေယျ အမတ်သည် အနောက်သို့ပြေးဝင်သောအချိန်တွင်တြိပူရကိုလည်း မြုံပြည်ဟုခေါ်လေသည်။ ဥတ္တရာဇ် ပြည်ဟုလည်းသမုတ်သည်လည်းဆို၏။ ဟစ်ရုံပြည်ဟုလည်းဆိုလေသည်။ မြေပုံတွင် မြုံထောင်သည် စစ်တကောင်းတောင်တန်းမြောက်ဖက်ဆုံးနယ်ကိုဆိုသည်။ ယခု ခါကရာချာရီခရိုင် (Khagrachari District) အား မြုံထောင်အမည်ဖြင့်ခေါ်ခဲ့ပြီး၊ ၎င်းနယ်နှင့် ကပ်လျက်မြောက်ဖက်တွင် တြိပူရနယ်ရှိလေ သည်။ ထိုမြုံတို့နယ်အား ဥတ္တရာဇ်ဟုခေါ်သောကြောင့် ရခိုင်တို့အနောက်ဖက်တလွှားကို စတင် လွှမ်းမိုးခဲ့သော မြုံတို့အရပ်ဥဿလင်းမှ ထိုနေရာလည်းဖြစ်နိုင်ကြောင်းစဉ်းစားရပါသည်။
အဘယ်ကြောင့်ဆိုသော် ရခိုင်သမိုင်းများသည် ၁၉ ရာစုတွင် အချို့ပေစာများကို ကိုးကားကာ နောက် ပြန် ရေးသားလေသည်။ ဥတ္တရာဇ်နှင့် ဥဿလင်းကို အမှတ်မှားဟန်လည်းတူပေသည်။ တခါတရံ ဥတ္တလင်ဟုလည်း ဆိုလေသည်။ အကယ်၍မြုံဆိုသည့်လူမျိုးများမှာ အသျှင်စက္ကိန္ဒ၏ ရခိုင်ပုံသေဝတ္ထု (ပထမတွဲ)၁၉၉၈ စာ ၉) တွင် ဥတ္တရမဓုမြို့ကို နောင်တွင် ဥဿလင်းဟုခေါ် ကြောင်း ဆိုသည်။ သို့သော် ရသေ့နှင့်အဉ္ဇနဒေဝီ တို့တည်သောနေရာမှာ ကျောက်တော်နယ်ကို သာညွှန်းပါ သည်။ ထိုဇတ်လမ်းမှာလည်း ဒဏ္ဍာရီသာဖြစ်သည်။တြိပူရအနီးတဝိုက်ရှိ လူမျိုးများကိုဆိုလိုသည် ဖြစ်ပါက “မြုံတို့အရပ်ဥဿလင်း”မှာ စစ်တကောင်းဖက်ဖြစ်ပေလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်တို့က တြိပူရီ တို့ကို မြုံအဖြစ်တောက်လျောက်ခေါ်ဆိုလာခဲ့လေသည်။
“ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နေမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက်အညာသို့၊ သွားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နေမှတ်ပြုသည်၊ တည် ဘူးရာတွင်၊ ထိုပြင်မြေဝေး၊ ထွက်ပြေးလေတတ်၊ အမတ်နှင့်ပါ၊ များစွာသူပုန်း၊ နေတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ”( ရခိုင်ရာဇဝင်ကျောက်ရိုး၊ မြို့တည်ခြင်း လင်္ကာပေမူ၊{ခဲ့} ချပ်)
ပလက်ဝနယ်မှ ဥဿလင်းဖြစ်နိုင်ရန်ခဲယဉ်းရခြင်းအကြောင်းနောက်တစ်ချက်ရှိလေသည်။ မြောက်ဦး ခေတ်လယ်ပိုင်းလောက်က မြောက်ဦးကို ရောက်ရှိခဲ့သော ခရစ်ယာန်ဘုန်တော်ကြီးမန်ဒရစ်သည် တနေ့သောအခါ မြောက်ဖက်တောင်ကုန်းများအကြားတွင် မဲဇာအပို့ခံရသော ပေါ်တူဂီကုန်သည် များကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။ ထိုကုန်သည်များမှာ ထွက်မပြေးနိုင်အောင် ခြေသရွတ် များအား ဖျက်ဆီးထားကာ ဒေသခံ ချင်း၊မြိုများနှင့် လက် ထပ်ကြောင်းဆိုသည်။ ထိုမြောက်ဖက်မှာ ကုလားတန်းမြစ်ကြောင်းအတိုင်း ဖြစ်ပြီးလူသူအရောက်အပေါက်နည်းလေသည်။
အကယ်၍ ထိုဥဿလင်းမှာ ပလက်ဝနယ်မှ ဥဿလင်းအားဆိုခြင်းဖြစ်သည်ဆိုပါကလည်း ဒေသခံမြို လူမျိုး ချင်းလူမျိုးများ အစဉ်တစိုက် နေထိုင်သောနေရာသာဖြစ်လေသည်။ ထိုမြိုဆိုသောသူများ မှာလည်း ယနေ့နေထိုင်လျက် ရှိသော ခူမီးချင်းများကိုဆိုလိုဟန်တူသည်။ တောခေါင်သောအရပ်အား ဘုရင်များကစိတ်ဝင်စားခဲ့ဟန်မတူပေ။ (ပလက်ဝ ဥဿလင်းအကြောင်းအား နောက်အခန်းတွင် ဖော်ပြပါမည်)
မင်းဗာကြီးစစ်ချီလမ်းကြောင်း
မင်းဗာကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင် အနောက်သို့ချီရာတွင် သားတော်အိမ်ရှေ့မင်းမှာ။ သက္ကဒါန် လှေတော်ကို စီးတော်မူသည်။ အသီး အသီး ရဲမက်ဗိုလ်ခြေတို့ စီးသည့်လှေများမှာ။ လွန်းကြင် ဘားတပ်။ ဘားမဲ့စပ်တင်လှေငါးရာ။ သူရဲငါးသောင်းနှင့်။ မရူမြစ်ကိုထွက်၍ ပင်လယ်ကြောင်း ချီလေသည်။ သားတော်သံတွဲစားချစ်နှောင်လည်း။ ကစ္ဆပနဒီမြစ်ညာလက်ဝဲဘက်ပေချောင်းကို ဆန်၍၊ ကျောက်မသာကျောက်ဖျာက။ ခွေးမွေးတောင်။ခိုင်တမို့လမ်းချီလေသည်။(ဓညဝတီရာဇဝင်၊ ဦးပဏ္ဍိ၊ စာ ၇၂) မင်းဖလောင်းလက် ထက်အရှေ့သို့စစ်ချီရာတွင်လည်း “ညီတော်ကုလတန်စားချစ်နှောင်း ကိုလည်း မြုံ၊ သက်။ လင်းကဲ၊ ချင်း၊ ချော်၊ ခွေးမွေး။ လေးတူး။ တဲခွ။ ချောင်းသား။ ကတူး။ ချုပ်လဟော်လူမျိုးတို့နှင့်။ ဖိုးခေါင်တောင်အရှေ့ဘက်ကျေးရွာသို့ချီတက်စေ သည်။” (ဓညဝတီ ရာဇဝင်၊ဦးပဏ္ဍိ၊ စာ ၇၅)
ထိုသူများမှာ စစ်ဆင်ရေးလမ်းကြောင်းတလျောက်က လူများဖြစ်သည်။ သားတော်ချစ်နှောင်းချီသည့် ထိုလမ်းကြောင်းသည် ယနေ့ပလက်ဝနယ်၏ အနောက်တောင် နယ်စပ် ချောင်း တလျောက်မှ သွားကာ စစ်တကောင်းတောင်တန်းကို ရောက်ပြီး ထိုမှသက်ထောင်၊ မြုံထောင်၊ တြိပူရ ဥတ္တရာဇ်သို့ရောက်လေသည်။ ထို့ကြောင့် ကုလားတန်စားဖြစ်သောအခါ ဌာနေတိုင်းရင်း သားများနှင့် ရင်းနှီးနေခြင်းဖြစ်လေသည်။
ရခိုင်ဘုရင်တို့၏လွှမ်းမိုးမှုမြန်မာကျောက်စာများ
အေဒီ ၁၄၄၄သက်-မြုန်၊-ချင်းကို အစိုးရသော ကစ္စပတိ၊ အဿပတိမည်သော ပန်းသေးမင်းတို့၏ အမျိုးအနွယ် ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆဲတပ်ကိုကျူး၍ အဘိုးအတိုင်းမသိသော မြရှင်လက် ကောက်ကို ဦးထက်တင်၍ဆက်ပြီးသော။ ၈၀၆ ခုစွဲ၊ စစ်ကိုင်းမြို့ထူပါရုံစေတီ ကျောက်စာ ၂၁၊ ၂၂။
အေဒီ ၁၄၄၆/ ၁၄၅၄ ချင်းလင်းအပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲးတို့ဝ်ကိုဝ်တမူလေလေည်း အစိုဝ်းရစင်ပြီးထသော။
၈၀၈ ခုစွဲ၊ စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ ၅။၈၁၆ ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်ကတော်ကျောင်းကျောက်စာ ၅။သက်မှာ ချက္ကမ၊ မြုန်မှာ တြိပူရီ၊ ချင်းမှာ ရခိုင်ပြည်ချောင်းမြောင်းဘေးတွင်နေထိုင်သောချင်း တိုင်း ရင်းသားများကိုဆိုလိုဟန်ရှိပေသည်။ အထူးသဖြင့် လေးမြို့မြစ်ဝှမ်းများ၊ ဖိုခေါင်တောင်ရိုးပေါ်တွင် အစဉ်မပြတ်ဆက်ဆံနေရသော ချင်းလူမျိုးများကိုဆိုလိုပါသည်။
သုံးသပ်ချက်
ထိုမြောက်ဦးခေတ်လယ်ပိုင်းတွင် ရခိုင်ဘုရင်များ အင်အားကြီးထွားလာသောကြောင့် ဌာနေတိုင်း ရင်းသားများသည် ထိုရခိုင်ဘုရင်လက်အောက်သို့ကျရောက်ခဲ့ရပါတော့သည်၊ သို့တိုင်အောင် တောင် ပေါ်တောင်တန်းများကို ချီတက်တိုက်ခိုက်ခြင်း၊ သိမ်း ယူခြင်းမပြုခဲ့ချေ။ မြစ်ချောင်းများတွင် နေထိုင် သော ဌာနေတိုင်းရင်းသား ချင်း၊ မြို၊ သက်ကျေးရွာများမှ အုပ်ချုပ်မှုအောက်တွင်ကျရောက်ခဲ့ပြီး အခွန်အတုပ်များလည်းပေးဆောင်ရခြင်း၊ အချို့နီးစပ်ရာတို့မှာစစ်ချီရာတွင်ပါဝင်ရခြင်းများဖြင့် ပါဝင် ကောင်း ပါဝင်ကြပေလိမ့်မည်။ထိုမင်းလက်ထက်တွင် တိုင်ရင်းသားဌာနေလူမျိုးများကို များစွာစုစည်းနိုင်ခဲ့ပါသည်။ မြောက်ဦး၏ ရွှေခေတ်ဟုဆိုနိုင်သော ကာလဖြစ်လေသည်။ အကြောင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီ ညွတ် ရေးကို မှန်ကန်စွာတည်ဆောက်နိုင်သော ကြောင့်ပင်ဖြစ်ပါသည်။ မြောက်ဦးခေတ်လယ် ရခိုင်ဘုရင် များလက်ထက်ရောက်သောအခါတွင် ချင်းတောင်အတွင်း ကုလားတန်မြစ်ဘေးတွင် ရခိုင်လူမျိုးများ စတင် ဝင်ရောက်စိုးမိုးလာကြောင်းဆိုနိုင်ပါသည်။ သို့တိုင်အောင် အုပ်ချုပ်ရေးတည် ဆောက်သည်ဆို သောကိစ္စမှာ ဆက်လက်လေ့လာရန်သာဖြစ်သည်။အဘယ်ကြောင့်ဆိုသော ဥဿလင်းနေရာမှ ဒွိဟဖြစ်နေဆဲဖြစ်သည်။ မည်သို့ဆိုစေကာမူ ရခိုင်ဘုရင်များတန်ခိုးကြီးထွားလာသော ၁၅ ရာစုနှောင်းပိုင်းမှ စတင်ကာ ပတ်ဝန်းကျင်တွင် ကုလားတန်မြစ်ရိုးတလျောက်သို့ ရခိုင်ဘုရင်သြဇာ အနည်း နှင့်အများသက်ရောက်မူရှိသည်ကို လက်ခံနိုင်ရပေမည်။ တောင်တန်းအပေါ်ဖက်သို့မူကား မရောက်ရှိကြောင်းသေချာလေသည်။ ထိုအချိန်က ရခိုင်လူမျိုးများနှင့် အခြားလူမျိုးများ (ချင်းမှအပ) ဝင်ရောက်နေထိုင်လာသည်ဟု ပြောရန်အထောက် အထားမရှိသေးချေ။ ထို့ပြင် ရခိုင်ရာဇဝင် အထောက်အထားများကိုထောက်ရသောအခါ ၁၆ ရာစုနှောင်းပိုင်းရောက်မှသာ ပလက်ဝကုလားတန် မြစ်ရိုးတလျောက် ရခိုင်လူမျိုးများအနည်းငယ် အခြေချ နေထိုင်လာပေသည်။(စကားချပ်။ ။ မြေအောက်အထောက်အထား၊ ခိုင်မာသော သမိုင်းအထောက်အထားများ ထပ်မံ ညွှန်းဆိုနိုင်ပါက အနည်းငယ်အပြောင်းအလဲရှိနိုင်ပေသည်)
Ro Sang
#ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း
#ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း
Comments
Post a Comment