ဖက်ဒရယ်ဒီမိုကရေစီချာတာဟာ နိုင်ငံတကာက အသိအမှတ်ပြုဖို့ လုံလောက်တဲ့ တရားဝင် ဥပဒေ ဖြစ်တယ်။

စဆရက တွေက NUG ကို အခြေခံဥပဒေရေးပါ။ ဒါမှ နိုင်ငံတကာ အသိအမှတ်ပြုမယ် လို့  ပြောကြတယ်။ စင်စစ်တော့ မအလနဲ့ NUG အကြား ခွထိုင်ချင်လို့  ထမင်းရေပူလာ လျှာလွှဲ အကြောင်းပြချက်သာ ဖြစ်တယ်။
သူတို့နောက်က ဘုမသိ ဘမသိတွေ သံယောင်လိုက်ကြတယ်။

NUCC က ရေးပြီး CRPH က တံဆိပ်တုံးထုတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာဟာ  နိုင်ငံတကာက အသိအမှတ်ပြုဖို့ လုံလောက်တဲ့ တရားဝင် ဥပဒေ ဖြစ်တယ်။ ကုလသမဂ္ဂ၊ အာဆီယံ ကို ချာတာတွေနဲ့ တည်ထောင်တာပါ။ နိုင်ငံတကာ အသိအမှတ်ပြုတာ မျက်မြင်ပဲ။

ဖက်ဒရယ်ဒီမိုကရေစီချာတာဟာ အခြေခံမူဝါဒ အပိုင်း ပြဒါန်းထားတာာဖြစ်တယ်။ နောင်အခါ အခြေခံဥပဒေ ရဲ့ အစိတ်အပိုင်း တခု ဖြစ်လာမယ်။

ကမ္ဘာပေါ်မှာ   အခြေခံဥပဒေ ကို ပြဒါန်းခြင်း (မရှိတဲ့ ) တိုင်းပြည်တွေ ရှိတယ်။ 


ဥပမာ - ဥပဒေ ဘိုးအေကြီး ဗြိတိသျှမှာ အခြေခံဥပဒေ ရယ်လို့  ပြဒန်းထားတာ မရှိဘူး။  အက်ဥပဒေတွေပဲရှိတယ်။  ပါလီမန်ဟာ ဥပဒေသစ် ပြဒါန်းတိုင်း နှစ်ရာချီ ပြဒါန်းထားတဲ့ အဲဒီ အက်ဥပဒေတွေကို ချိတ်ဆက်မှု ရှိအောင် အမြဲတမ်း စိစစ် ပြီးမှ ဥပဒေသစ်တွေ ရေးရတယ်။ ဒါတွေကို စုပေါင်းပြီး အုပ်ချုပ်နေတာ ဖြစ်တယ်။ 
ကနေဒါ၊ ဆော်ဒီအာရေဗျ၊ နယူဇီလန်  ၊ အစ္စရေး စတဲ့ နိုင်ငံတွေလည်း single text တစုံ ဆိုပြီး  မရှိဘူး ။ သူတို့ရဲ့ အခြေခံဥပဒေ ဆိုတာ စာအုပ်တအုပ် မဟုတ်ဘူး။ အခြေခံထားမယ့် Basic Law ဥပဒေတွေ တခေတ်ပြီး တခေတ် စုပေါင်းထားတာ ဖြစ်တယ်။ 

ဒီနိုင်ငံမှာ ဖြစ်နေကြပုံက အခြေခံဥပဒေလို့ ဆိုလိုက်ရင် ၄၇၊ ၇၄၊ ၀၈ ( နအဖ ၊ FCDCC ) ဆိုတဲ့ စာအုပ်တွေပဲ မြင်ကြတယ်။ 
 အခြေခံဥပဒေ ရဲ့ သဘော သဘာဝ အနှစ်သာရကို နားလည်သလိုလို ဟန်ဆောင်နေပေမယ့် တကယ် အလေးမထားကြဘူး။ အခြေခံဥပဒေ ရဲ့ အနှစ်သာရဟာ အုပ်ချုပ်ခံ နဲ့ အုပ်ချုပ်သူအကြား သဘောတူစာချုပ်တွေပဲ။ rule of law ဥပဒေ၏ အုပ်ချုပ်ခြင်းက လိုရင်းပဲ။ တကမ္ဘာလုံး လက်ခံထားတဲ့ ဒီမိုကရေစီခေတ်မှာ People's Rule of Law က လိုရင်းပဲ။

၂၀၂၁ တုန်းက NUG ကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး ချွန်တွန်းလုပ်ကြသေးတယ်။ ရို ကို အသိအမှတ်ပြုပါ။ ရို ကို တောင်းပန်ပါ။ ရို ပေါ်လစီကို ကြေညာပါ။ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာပါ။ ၂၀၀၈ ခြေဥ ဖျက်သိမ်းပါ စုံပလုံစီပြောနေကြတယ်။ ပြောကြသေးတယ်။ EAO တွေက ၂၀၀၈ ခြေဥ မဖျက်သေးလို့ မပူးပေါင်းသေးတာ ဆိုပဲ။ CRPH က ၂၀၀၈ ခြေဥ လည်း ဖျက်သိမ်းရော၊ ဘာလုပ်ကြသလဲ။ "NCA လေး ကိုင်ထားပါရစေဦး၊ မအလဆီ ဗမာပြည်နယ်၊ ၈ ပြည်နယ်မူလေး တင်ပါရစေဦး၊ ၂၀၀၈ ခြေဥအောက်မှာ ပြည်နယ်ခြေဥလေး ရေးခွင့် တောင်းပါရစေဦး"  ဖြစ်ကြတာပဲ။

CRPH အနေနဲ့ သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာရနိုးနိုး ဖြစ်စရာ မလိုဘူး။ ၂၀၀၈ မှာ  NLD  အမတ် ၄ ယောက်နဲ့ EAO တချို့က  FCDCC အခြေခံဥပဒေ( အခုမှ အရမ်းတွေ အမွှန်းတင်နေတဲ့ ဥပဒေ ) ကို ရေးဆွဲပြီးတာတောင် ဘယ် EAO စိုးမိုးနယ်မြေမှာမှ မကျင့်သုံးလို့ စာအုပ်စင်ပေါ်  ၁၄ နှစ် စက်တော်ခေါ်ခဲ့ပြီးပြီ။ သင်ခန်းစာ ယူဖို့လိုတယ်။

တော်လှန်ရေးမှာ ပါချင်တဲ့ EAO သူတို့ပြည်နယ် သူတို့ သိမ်းဖို့ ကြိုးစားနေပြီ။ မပါတဲ့ EAO က သိကြားမင်းက အခြေခံဥပဒေ ရေးဆွဲလည်း .. မပါဘူးပဲ။ အဲ... အဲဒီ အခြေခံဥပဒေကို ဖောင်းထုဖို့ ဆိုရင် သူတို့က ရှေ့ဆုံးက ပြောဖို့ ပါးစပ်ပြင်ထားလိမ့်မယ်။

NUCC ရဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ နဲ့ မလုံလောက်သေးသယောင်၊  ဂျိုးပြော မိုးပြော ပြောနေသူတွေဟာ ... ( CRPH ရဲ့ ပြည်သု့ဆင့်လွှဲအာဏာ mandateနဲ့ ဖျက်သိမ်းထားတဲ့ ) .....၂၀၀၈ အခြေခံဥပဒေ အောက်က " NCA ကို အသိအမှတ်ပြုနေဆဲပဲ ၊ အဲဒီ ၂၀၀၈  အောက်က မအလတပ်နဲ့ ဆွေးနွေးညှိနှိုင်းနေကြတာ" ကို ကြည့်ရင် ၊ ... EAO တွေ တော်လှန်ရေးထဲ ခြေစုံပစ် မဝင်တာ အခြေခံဥပဒေအသစ် မရှိသေးလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား