ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေးသမိုင်း (က)

 ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေးသမိုင်း (က)




သမိုင်းဦး- ပလက်ဝဒေသ

ချင်းပြည်နယ်၊ပလက်ဝဒေသရှိ ချင်းလူမျိုးတို့သည် မွန်ဂိုလွိုက်မျိုးရင်း၊တိဗက်မြန်မာဘာသာစကား အုပ်စုအတွင်းမှ ကူကီး-ချင်းဘာသာစကားတူအုပ်စုခွဲပင်ဖြစ်ပါသည်။ ယနေ့ချင်းလူမျိုးတူစုများကို မြန်မာနိုင်ငံတွင် ချင်းလူမျိုးဟုလည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်တွင် ကူကီးလူမျိုး၊ မီဇိုးလူမျိုးဟု လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခရန်းလူမျိုးဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ ချင်း လူမျိုးဟု အိမ်နီးချင်း ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်ကြပြီး၊ ကချင်များ၊ ရှမ်းများက ခန်း၊ ကရင် များက ချော၊ ရခိုင်များက ရှန်း၊ ယောလူမျိုးများက ချန်းဟု ခေါ်ဝေါ်ပေသည်။ ဘာသာဗေဒပညာ ရှင်များကမူမြောက်ဘက်ဆုံး ထာဒိုကူကီးမှ တောင်ဘက်ဆုံးအရှိုချင်းများအထိ ခြုံငုံကာ ကူကီး-ချင်း ဘာသာစကားဟုခေါ်ပါသည်။ ဘာသာစကားအုပ်စုပေါင်းမြောက်များစွာပါဝင်ပါသည်။  အချို့က ချင်း အုပ်စုဟုပင်မသိသောအနွယ်များလည်းပါဝင်ပါသည်။ ပလက်ဝနယ်မှ ခူမီးများ၊ ရခိုင်မှ မြိုခမီများ မြို(မရူစား)များသည် တောင်ဘက်ချင်းဘာသာစကားခွဲအစုဝ်ဖြစ်လေသည်။

တောင်ပိုင်းချင်းဘာသာစကားအုပ်စုဝင်များသည် အေဒီအစပိုင်းနှစ်များတွင် မြန်မာနိုင်ငံအတွင်းဝင်လာ ကြောင်းဆိုနိုင်ပါသည်။  အိတ်ချ် အက်ဖ်ဟတ်ဇ် (H.F. Hertz)က ချင်းတို့သည် မလိခမြစ်ဝှမ်းတွင် နေထိုင်ခဲ့သော အထောက်အထားများရှိခဲ့ပြီး ဂျိန်းဖောတို့၏ တွန်းအားကြောင့် အနောက်တောင် ဘက်သို့ ချင်းတွင်းမြစ်ဝှမ်း တလျှောက် ရွှေ့ပြောင်းကြောင်း ဆိုပါသည်။  ထိုမှတဆင့် ချင်းတောင်ကို ဖြတ်သန်းလာကာ ပလက်ဝနယ်များသို့ ရောက်ရှိလာကြပါသည်။ အချို့အနွယ်ဝင်များမှ ပင်လယ်ဝ သို့တိုင်အောင် ရောက်ရှိခဲ့ကြပြီးတောင်ဖက်မှ ရောက်ရှိလာသော အခြားလူမျိုးများကြောင့် မြောက် ဖက် တောင်တန်းဒေသများသို့ ပြန်လည်ရောက်ရှိလာကြပြန်ပါသည်။ 

အာရိယာန်ဓညဝတီ၊ဝေသာလီခေတ်နှင့်ပလက်ဝဒေသ

 ရခိုင်သမိုင်းမှတ်တမ်းများအရ သမိုင်းဦးရခိုင်သမိုင်းသည် ပလက်ဝဒေသတွင် အစပြုကြောင်းဆိုပါ သည်။ ထိုသို့ဆိုရသော် ပလက်ဝနယ်အပါအဝင် ရခိုင်မြောက်ပိုင်းအရပ်များသည် အိန္ဒိယမှတိုးဝင် လာသော အင်ဒိုအာရိယာန်အနွယ်ဝင်များနှင့် အာရှအရှေ့ပိုင်းမှ ဝင်လာသော မွန်ဂိုလွိုက်အနွယ်များ ထိပ်တိုက်ဆုံဆည်းသော အရပ်ဖြစ်ပေသည်။ ထိုကြောင့် ထိုအရပ်ရှိ ကနဦးသမိုင်းများသည် အာရိ ယာန်မင်းဆက်များ၏ သမိုင်းမှတ်တမ်းများပိုများပေသည်။ ထိုသို့ဆိုရာတွင် အိန္ဒိယအနွယ်ဝင်များနှင့် ပတ်သက်သောမှတ်တမ်းများက ဒေသခံများတွင် တွေ့ရလေသည်။ 

အရှေ့တောင်အာရှဒေသကမ်းရိုးတန်းသို့ အဦးဆုံးအခြေချနေထိုင် ပြောင်းရွှေ့လာသောလူမျိုးများမှာ နီဂရစ်တို သို့မဟုတ် ဒြာဗီးဒီးယာန်းမျိုးနွယ်များဖြစ်ဟန်တူကြောင်း မနုသဗေဒပညာရှင်များက ယူဆ ထားကြပေသည်။ ၄င်းတို့သည် မည်းနက်သောအသားရေ၊ ပုသောအရပ်အမောင်း၊ ကောက်ကွေး သောဆံနွယ်များရှိကာ ယဉ်ကျေးမှုနိမ့်ပါးပေသည်။ ထိုအကြောင်းကြောင့် ကနဦးနေထိုင်သူများကို နောက်ပိုင်းမှရောက်လာကာ ရွှေ့ပြောင်းလာသည့် ပိုမိုယဉ်ကျေးသော အာရိယာန်မျိုးနွယ်များက မူလနေထိုင်သော နီဂရစ်တိုလူမျိုးများ၊ ဒြာဗီးဒီးယာန်းလူမျိုးများကို ဘီလူးမျိုးဟုခေါ်ဝေါ်သကဲ့သို့၊ မွန်ဂိုလွိုက်အနွယ်ဝင်များကို မျောက်၊ ဆတ်၊ သမင် စသော တိရိစ္ဆာန်များအဖြစ်လည်းကောင်း၊ ပင်လယ်ပျော် ဩစတြစ်မျိုးနွယ်များကို နဂါးမျိုးနွယ်ဟုလည်းကောင်း အမှတ်အယူရှိလေ့ရှိပါသည်။ ရာမယနဇာတ်တော်သည် ထိုကဲ့သို့သောအဖြစ်ပျက်အရာများကိုဖော်ပြနေသော ဥပမာပင်ဖြစ်ပေ သည်။  

ပထမအဖြစ်အပျက်

ရခိုင်ရှေးရာဇဝင်များကို ဆက်လက်လေ့လာလျှင် ဗုဒ္ဓကျမ်းဂမ်လာ ဟိမဝန္တာတောမှာမူ ယနေ့ အိန္ဒိယ နိုင်ငံမြောက်ပိုင်း၊ နီပေါနိုင်ငံတည်ရှိသော တောင်တန်းကြီးဖြစ်သော်လည်း ဤရခိုင်ရာဇဝင်လာ စကား များ မှ “ဟိမဝန္တာတောဝယ်” ဆိုသည်မှာ ယနေ့ ရခိုင်မြောက်ဖက်မှ ပလက်ဝတောင်တန်းများ ကိုတင် စား ကာဆိုသောစကား ဖြစ်ပေသည်။ ဤအဖြစ်အပျက်မှာ ရခိုင်ပြည်မြောက်ဖျားသို့ နှောင်းပိုင်း မွန်ဂိုလွိုက်ရခိုင်လူမျိုးများ ရောက်ရှိလာသောအခါ ကြားရသော ဒဏ္ဍာရီများကို သမို်င်းမှတ်တမ်းများ အဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်လာဟန်တူပေသည်။ အခြားတစ်နည်းအားဖြင့်. ယူဆနိုင်သည်မှာ ထို ဘီလူးဟုမှတ်တမ်းတင်ထားသောလူများမှာ ယဉ်ကျေးမှုနိမ့်ပါးသော တောင်ပေါ်အနွယ်များ (သို့ မဟုတ်) ရှေးဦးလူမျိုးများဖြစ်နိုင်ပေသည်။ ထိုလူမျိုးများမှာမြောက်ဖက် ကုလားတန်မြစ်ဝှမ်းတလျောက် ပလက်ဝဒေသဘက်မှ ဆင်းသက်လာဟန်ရှိပြီး တောင်ဘက် ဝေသာလီပတ်ဝန်းကျင် အထိ ရောက်ရှိ နေထိုင်ကြဟန်ရှိပေသည်။ ထိုသူများသည် ယနေ့ကျောက်တော်လွင်ပြင် တလျောက်တွင် စစ်ရေး အရာ လွှမ်းမိုးထားဟန်တူပြီး ကနဦးရှိနှင့်သောမင်းဆက်ကိုပင် ဖြုတ်ချနိုင်ခဲ့ပေသည်။ သို့သော် ယဉ်ကျေးမှုအရာ နိမ့်ပါးသောဓလေ့ရှိသောကြောင့် မင်းဆက်တည်ထောင်ကာ အုပ်စိုးနိုင်ခြင်းရှိဟန် မတူ။

“ထိုအခါ ဟိမဝန္တာတောဝယ် မျောက်ဖိုနှင့် ဆတ်မသည်အချင်းချင်းပေါင်းဘက် ဆက်ဆံ၍ နေကြစဉ်၊ လေမုန်တိုင်းသည်း ထန်စွာထလျက်၊ မိုဃ်းသည်းထန်စွာရွာလတ်၍၊ မှီတင်း၍ နေသော ညောင်ပင်နှင့် သဖန်းပင်လဲ၍၊ ရေအယဉ်ဖြင့်-ကစ္ဆပနဒီမြစ်ညာမှသည် အစဉ်အတိုင်း မျောကြလတ်သော် သေလာ ဂီရိ ကျောက်တော်တောင်ခြေရင်း ဝယ်ပါးကြလေ၏။ မျောက်ဖိုနှင့် ဆတ်မသည် တောသို့ဝင်၍  ကာလကြာမြင့်ရှည်စွာ ဆက်ဆံပေါင်းဘက်၊ သားသမီးသုံးကျိပ်နှစ်ယောက်မွေးဖွား၏။ ထိုသားတို့ တွင် အချို့ကား လူဖြစ်၍ လူအပေါင်း အဖော်သို့ ဝင်ကြလေ၏။ အချို့ကားဘီလူးဖြစ်၍ တောင် တစ်ခု ဝယ်နေကြကုန်၏။”

ထိုအချိန်က ဝေသာလီကို အုပ်ချုပ်နေသောသူများသည် အင်ဒိုအာရိယာန်အနွယ်ဝင်များ (သို့မဟုတ်) အင်ဒိုဒြာဗီဒီးယာန်းမျိုးနွယ်များ ဖြစ်ဟန်တူလေသည်။ ထိုဘီလူးများဟူသတ်မှတ်ကြသော လူမျိုးများ မှာ သက်(ကျမား)နှင့်(မြိုချာ)တို့ရောနှောနေသော ကနဦးလူမျိုးအုပ်စုကြီးဖြစ်ဟန်တူပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဘီလူးဆိုသောသူများနှင့် ၄င်းတို့အချင်းချင်းသည်လည်း မောင်နှမတော် ကြောင်း ရာဇဝင်များက ဆိုပေသည်။ ယနေ့အသက် (ကျတ်)လူမျိုး၊ မြိုချာ (လောင်ဟူ)၊ မြိုခမီး၊ သက် (ချက္ကမ)လူမျိုးများကို ပိုမိုလေ့လာလျှင် ဆွေမျိုးနီးစပ်နေသော ထိုအချက်များကို ပိုမိုတွေ့ ရှိရမည်ဟု မျှော်လင့်ရပါသည်။ ၄င်းလူမျိုးများအကြား ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းစဉ်ဆက်စပ်မှုမှာ ယခင်က ပိုမိုနီးစပ်ခဲ့ဟန်တူပေသည်။ မာရယုမင်းသည်လည်း ထိုဘီလူးများကိုနှိမ်နင်းသောအခါ သူ၏ ဦးရီးတော်များဟုဆိုရာ မိခင်မှာ ဆတ်မဖြစ်သောကြောင့် သက်(ချက္ကမ) လူမျိုးများလည်းပါဝင်ဟန် တူပေသည်။ 

ဒုတိယအဖြစ်အပျက်

ပလက်ဝအရပ်တွင်ဖြစ်ပျက်ခဲ့သော အခြားမှတ်တမ်းတစ်ခုမှာ အစတွင် လေမုန်တိုင်းတိုက်လျက် မိုး သည်းထန်စွာရွာလျှင် ထိုဣန္ဒမာရုဆတ်မသည်လည်း ညောင်ပင်ထက်ဝယ်စီးလျက် ကစ္ဆပနဒီမြစ် ညာမှ အစဉ်အတိုင်းမြောလာသော် လက်သက်၊ ကူးလက်၊ ကူးလတန်း၊ မိန်း၊ ငတင်ကြီး၊ ငစေထွန်း စသော အရပ်များသို့တိုင် ရောက်လာလေသည်။ ထို့နောက်သူငယ်ကိုမွေးဖွားလာရာ ထိုသူငယ်ကို မြိုသင်းကြီးငအောင်လာက ကောက်ယူမွေးစားလေသည်။ အမည်ကို မာရယုဟုမှည့်လေသည်။ မာရယုမင်းသားသည် အဆင်းအင်္ဂါနှင့်ပြည့်စုံပြီး လေးမြားအရာတွင် ကျွမ်းကျင်လှသောကြောင့် မြိုလူ မျိုးအပေါင်းတို့က မင်းအဖြစ်ကိုတင်အံ့ဟု မြိုသင်းကြီးငအောင်လာ၏သမီး မပိန်ညာနှင့် ပေးစားပြီး ခုနှစ်ဆောင်ရွာ အရပ်တွင် အုပ်စိုးလေသည်။ 

“ဝေးသည်မကပ်၊ ဘေးမျိုးလွှတ်သာ၊ အောင်ရပ်(တောင်ရပ်) မဏ္ဍိုင်၊ တို့ရခိုင်ဝယ်၊ ယှဉ်ပြိုင်စီးကျ၊ ကစ္ဆပလျှင်၊ မြစ်မနဒီ၊ ဖြာဦးချီသား၊ သိင်္ဂီအောင်မျိုး၊ ဝတိံမြို့သို့၊ နှစ်လို့သာစွ၊ မြို့ဓညကို၊ သကျနွယ်ဖွား၊ သက်မသားဟု၊ အဇ္ဇုန္နသွေး၊ ဆင်းငြိမ့်လေးလျှင်၊ ရန်ဘေး လှည့်ချိုး၊ ထီးနန်းပျိုး သည်၊သောင်မိုးမဏ္ဍိုင်၊........ ရခိုင်သာယောင့်၊သာစွလေ-သာစွလေ၊ ရခိုင်သားလေ-သာစွလေ။   ။”( ရခိုင်ရာဇဝင်ဘွဲ့ဖြစ်သော ရက္ခမဏ္ဍိုင်သာစွလေလင်္ကာ အပိုဒ်(၃)

“ေဧး…ေဧးယင်ခေါ်လစ်၊ အမြစ်အရင်း၊ မျိုးစည်ကွင်းကို၊ လွှဲခြင်းသာယာ၊ ကျူး သံဝါဖြင့်၊ ရွှေကာသဘော၊ မိခင်ဗြောဗိမ့်၊ ဘေးစောသကျ၊ အဥ္စုနလည်း၊ ကပ္ပီလဟု၊ ပြည်မခွါရှောင်၊ မြိုင်ချောင်တောတွင်း၊ သတင်းသုံးရာ၊ကြမ္မာလေခတ်၊ ဈာန်လွှတ်လျှော၍၊ ရသေ့မျိုးပွား၊ ဆတ်မ သားဟု၊ မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးပီနှင့်ရှည်မှီတူကွ၊ ဓညရွှေပြည်၊ လာသည်အကြိုက်၊ ရက္ခိုက်ဂုမ္ဘံ၊ ငဆဒါန်ဆိုး၊ ဘီလူးမျိုးကို၊ ကြိုးကာသံနွံ၊ ထီးနန်း စံသည်၊ မောင်နှံနှစ်စုံ၊ ဖူးတဲ့လေး။”(အမတ်ကြီးအဒူမင်းညိုရေးဖွဲ့သော ရခိုင်မင်းသမီးဧချင်း(မောက်တော် ေဧး ခြင်း) ရမ်းဗြဲကျွန်း သရက်ချောင်းမူ အပိုဒ်(၆))

မာရယုမင်းသည် အစ၌ ရခိုင်တို့၏ မင်းအဖြစ်ခင်တွင် ပလက်ဝ မြိုလူမျိုးတို့၏ မင်းသာ ဖြစ်လေသည်။ သူ ကြီးပြင်းရာ ပတ်ဝန်းကျင်၊ သူလက်ထပ်သော ဇနီးမှစအားလုံးသည် ပလက်ဝ မြိုလူမျိုးသာဖြစ်သော ကြောင့် သူပြောဆိုသော ဘာသာစကားမှာလည်း ပလက်ဝ မြိုဘာသာစကားသာ ဖြစ်ပေသည်။ သမိုင်း ကြောင်းမှာ မာရယုမင်းသားသည် မိခင်ဖက်မှ သက်(ဆက္ကမ) မျိုးနွယ်များ အားလုံး၊ မွေးစား ဖခင် ဖက်မှ မြိုမျိုးနွယ်များအားလုံး၊ ဖခင်ဖက်မှ အာရိယာန်မျိုးနွယ်များအားလုံးကို စည်းရုံးကာ အင်အား ကောင်းလာပေသည်။ ထိုမှတဆင့် ဘီလူးရိုင်းများ ဝင်ရောက်နှောက်ယှက်မှုကို နှိမ်နင်းပြီး၊ ပျက်လု နီးပါးဖြစ်နေသော အာရိယာန်တို့၏ ဝေသာလီမြို့ကို ဝင်ပြီး. ရှိယင်း မင်းမျိုးနွယ်သမီးတော်  ရုစိတမာလာ (ရုစိမာလာ)ကို လက်ဆက်ကာ ပထမဆုံးသော ဓညဝတီမြို့ကို သရေချောင်းဖျားတွင် တည် ထောင် ကာ မာရယုမင်းဆက်ကို တည်ထောင်ပြုစုလေသည်။

ထိုရက္ခိုက်ဘီလူးများကို အောင်မြင်သော အရပ်ဖြစ်သောကြောင့် ရက္ခိုင်၊ ရခိုင်ဟုခေါ်ဝေါ်ပေသည်။ ဆိုရသော် ဝေသာလီခေတ်၊ ပထမ ဓညဝတီခေတ်တွင် ပလက်ဝဒေသသည် မွန်ဂိုလွိုက်အနွယ်ဝင်များစတင်ပေါက်ဖွားရာအရပ်ဟု ဆို လျှင်မမှားပေ။ ထိုမှတဆင့် ကုလားတန်မြစ် အောက်ပိုင်းသို့ဆင်းကာ အာရိယာန်တို့၏ တိုင်းပြည် အား အစဉ်နှောက်ယှက်လေသည်။ တိုင်းရင်းသားခေါင်းဆောင် ပလက်ဝသား မာရယုလက်ထက်တွင် တောင်ပေါ် သားတိုင်းရင်းသားတို့သည် အောက်ပိုင်းမြေပြန့်မှ အာရိယာန်တို့ထက် အင်အားကောင်း သောကြောင့် နန်းဆက်များတွင် အားကောင်းစွာလွှမ်းမိုးခဲ့ကြောင်းတွေ့ရပါသည်။ ပထမဓဝတီမင်း ဆက်ကို ကျောထောက်နောက်ခံပြုကာတည်ထောင်သူများမှ ပလက်ဝဒေသမှဌာနေတိုင်းရင်းသားများဖြစ်သည်။

တတိယအဖြစ်အပျက်

ထို့နောက် ဌာနေတိုင်းရင်းသားများ၏အရပ်ဖြစ်သော ပလက်ဝ၏ သမိုင်းသည်တဖန်မြုပ်နေပြီး ဒုတိယ အကြိမ် အာရိယာန်မျိုးနွယ် (သာကီဟုဆို)များ ဝင်ရောက်လာချိန်တွင် ပြန်လည်ပေါ်ပေါက်လာ ပြန်လေ သည်။ ယင်း သို့ ထပ်မံဝင်ရောက်လာသော အာရိယာန်မျိုးနွယ်များ၏ ခေါင်းဆောင်မှာ မြန်မာရာဇဝင် အရ သင်းတွဲတကောင်းမင်းဆက်မှ ကံရာဇာကြီးမင်းဖြစ်ပြီး ၄င်းနှင့် အပေါင်းအပါများသည် တကောင်း မှ ထွက်ခွာ လာပြီး၊ ချင်းတွင်းမြစ်ကို ဆန်တက်ကာ ကလေးတောင်ညိုအရပ်သို့ရောက်ကာ ရာဇဂြိုဟ် သမုတ်ကာစံလေသည်။ ထိုမှတဆင့် ဖိုးခေါင်တောင်ကိုကျော်ကာ ချင်းပြည်နယ်၊ ပလက်ဝဒေသ၊ မီးချောင်းဖျားရှိ  ကျောက်ပန်းတောင် (ကီးမာတောင်)တွင် မြို့တည်ကာ နှစ်ဆယ့်လေးနှစ် နန်းစံလေ သည်။ ထိုနောက် နီလာပန်းတောင်းတွင်ခိုဝင်နေသော ယခင် ဓညဝတီမင်းဆက်မှ မိဘုရားစောစစ်နှင့် သမီးတော်များကိုဆောင်ယူကာ သမီးတော်များကို သာကီနွယ် အချင်းချင်းဖြစ်သဖြင့် မိဘုရားများ အဖြစ် တင်မြှောက်လေသည်။ ထိုသို့အင်အားပြန်လည်တည်ဆောက်ရာတွင်ပတ်ဝန်းကျင်မှဌာနေ တိုုင်းရင်းသားများ၏ အင်အားကိုပင် အားထားရပြန်ပေသည်။ ဆာအာသာဖယ်ရာ၏ မှတ်တမ်း တွင် လည်း ထိုအချက်ကို ဖော်ပြထားသည်။ 

ယခုလက်ရှိ ကျောက်ပန်းတောင်ဒေသ ပတ်ဝန်းကျင်တွင် တိုင်းရင်းသားများသည် ထိုအာရိယာန်မင်း ဆက်များနှင့် ပါတ်သက်သော ရာဇဝင်များကို မှတ်မိနေကြပေသေးသည်။ ထိုအဖြစ်အပျက်မှ မင်းနှင့် ပုံပြင်များအား ကုလားဟု ဆိုကြသည်။ ထိုမင်းသည် လူသူအင်အားစုဆောင်းပြီးနောက် တောင် ဖက် သို့ဆင်းလာကာ ဒုတိယဓညဝတီခေတ်ကို တည်ထောင်ပြန်လေသည်။ ထိုဒုတိယဓညဝတီကို တည် ထောင်ရာတွင်လည်း ထိုပလက်ဝသည်အလွန်အရေးပါသောကဏ္ဍမှပါဝင်နေပါသည်။

 စတုတ္ထအဖြစ်အပျက်

 ဒုတိယဓညဝတီခေတ်ကုန်ခါနီး ပလက်ဝအရပ်တွင်ဖြစ်ပျက်သော အခြားအဖြစ်အပျက် တစ်ခု မှာ စန္ဒရားမင်းဆက် နောက်ဆုံးမင်းဖြစ်သော စူဠတိုင်း စန္ဒရားမင်းကြီး တိုင်းခန်းလှည့်လည်ရာ နဂါးရာဇ် အငူတွင် လှေနစ်ကွယ်လေသည်။ ထိုအခါ ကျန်ရစ်သော အမတ်ကြီး ဓမ္မဇေယျသည် တသောင်းသော လှေတို့နှင့် ပြန်လာရာ စူဠတိုင်း စန္ဒရားမင်းကြီး၏ မိဘုရား စန္ဒာဒေဝီမိဘုရားသည် အထင်မှား၍ တားမြစ်လေသည်။ ထို့အခါ ကစ္ဆနဒီမြစ်ကို ဆန်တက်ကာ ချင်းပြည်နယ်၊ ဂူဝ အထက် ကင်္ကာတောင်တွင် မြို့တည်ကာနေလေသည်။ ထို့အခါ ဝေသာလီမင်းမျိုးတို့က လိုက်လံတိုက်ခိုက်သောကြောင့် အမတ် ကြီးသည် ယနေ့ တြိပူရနယ်အတွင်းရှိ မြုံဟစ်ရုံပြည်ကို တည်ထောင်လေသည်။  

“ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နေမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက်အညာသို့၊ သွားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နေမှတ်ပြုသည်၊ တည် ဘူးရာတွင်၊ ထိုပြင်မြေဝေး၊ ထွက်ပြေးလေတတ်၊ အမတ်နှင့်ပါ၊ များစွာသူပုန်း၊ နေတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ”( ရခိုင်ရာဇဝင်ကျောက်ရိုး၊ မြို့တည်ခြင်း လင်္ကာပေမူ၊{ခဲ့} ချပ်)

ထိုအမတ်ကြီး ဓမ္မဇေယျသည်။ တိုင်းပြည်သို့ မဝင်ရသဖြင့်။ ကစ္ဆပနဒီမြစ်ညာကိုဆန်တက်လေ၍။ ကူဝအတက်၊ ဂင်္ဂါတောင်ဝယ် မြို့တည်၍နေလေ၏။ ထိုမြို့ကိုလည်း ဝေသာလီမင်းမျိုးတို့ တိုက်ခိုက်နှင် ထုတ်လေသောကြောင့်၊ ထိုအမတ်ကြီး ဓမ္မဇေယျသည် မြစ်ညာသို့ ဆန်တက်ပြီးလျှင် အစဉ်အတိုင်း သွားလေသော်၊ယူဇနာသုံးဆယ်မကသော တောအရပ်၌ မြို့ကြီးတည်လေသည်။ ထိုမြို့ကို ယနေ့ တိုင်အောင် ဟစ်ရုံပြည်ဟု ခေါ်တွင်လေ၏။ (ဓညဝတီရာဇဝင်သစ်၊ မင်းကျောင်းဆရာတော်၊ စာ၄၈)

အမတ်ကြီး နောက်သို့မလိုက်ဘဲ နောက်ချန်နေရစ်သော ရဲမက်ငါးရာတို့သည် မိမိတို့ဘဝကို ဇာတ် မြုပ်ကာ ရေငုံနှုတ်ပိတ်နေသောကြောင့် မြုံလူမျိုးဟုလည်းကောင်း၊ ၄င်းတို့ အရပ်ကို မြုံပြည် ဟုလည်း ခေါ်ကြ ပေသည်။ ထိုမြုံတို့မှာ ချင်းပြည်နယ်ပလက်ဝ၊ မီးချောင်းတလျောက်မှ မြို ဟု ယခင်က ခေါ်ခဲ့ဘူးသောသူများနှင့် ဆမီးနယ်တဝိုက်က မြိုများဖြစ်ကြောင်း ယူဆရပါသည်။ သို့မဟုတ်ပါက အထက်ကူဝဒေသတွင်ရှေးက မြိုလူမျိုးများနေထိုင်ကြောင်းယူဆနိုင်သကဲ့သို့၊ ခူမီးလူမျိုးများကိုပင် ရှေးကမြိုလူမျိုးများဟုအမှတ်မှားခြင်းဖြစ်နိုင်သည်။ ထို့အပြင် ဥတ္တရာဇ်ဆိုသည်မှာ ထိုနေရာကိုဆိုခြင်း မဟုတ်ဘဲ တြိပူရကို ခေါ်ဆိုခြင်းဖြစ်ကာ အမှတ်မှားခဲ့ဟန်တူလေသည်။

 ပဥ္စမအဖြစ်အပျက်

 စန္ဒာဒေဝီမိဘုရားသည် အမတ်တို့နှင့်တိုင်ပင်ပြီး၊ နတ်ရွာစံပြီးသော ဘုရင်မင်းကြီး၏ အလိုအတိုင်း လက်စွပ်တော်နှင့်တန်သောသူကို မင်းပြုရန်ရှာဖွေစေရာ နောက်ဆုံးတွင် မီးချောင်းအဖျားတွင် အဆင်း အဝါခွန်အားနှင့် ပြည့်စုံသော မြိုသင်းကြီးညီနောင် သားအဖသုံးယောက်တို့ကို ကွန်ပစ်၍ တွေ့လျှင် လက်စွပ်ကိုဝတ်စေလျက် ဝေသာလီပြည်သို့ ဆောင်ယူကာ အစ်ကိုကြီးအမြတူကို စန္ဒာဒေဝီမိ ဘုရားနှင့် လက်ဆက်စေလျက် မင်းအဖြစ်တင်မြှောက်ကြလေသည်။ ညီတော်အမြကူကို အိမ်ရှေ့ အရာပေးပြီး၊ သားပဲဖြူကို မြောက်ဦးရွာ ကိုအပ်နှင်းလေသည်။ အေဒီ ၇၆၉- ၇၇၆ ခုနှစ်ဖြစ် သည်ဟု ရခိုင်ပညာရှင်များက တွက်ချက်ကြပါသည်။ 

“ေဧး ေဧး ဗိန့်စေရုန်၊ ပန်နှယ်ကုံဗိန့်၊ ပြည်လုံနှုန်မျှ၊ တိုင်မရ၍၊ ဆာဝမည်ထဲ၊ တောင်ရွာဝဲဝယ်၊ အမြဲ နေပင်၊ မြိုတွင်ထင်ရှား၊ သင်းကြီးသားဟု၊ ရည်သွားလုံးရပ်၊ စေ့ကြပ်ကျစ်ကြော၊ ချောမောဆင်ယောင်၊ ညီနောင်သားဘ၊ သုံးယောက်ရလျှင်၊ အစတည်တုံ၊ အမြထုံနှင့်၊ တူစုံသာအောင်၊ ထီးနန်းဆောင်း၍၊ နောင်းကကြိန်မူ၊ သာပေဖျူနှင့်၊ ရိပ်ဖြူဆောင်ချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုံလှုပ်မစွန်၊ ခပ်ယိုယွန်တွင်၊ သျှန်ကိုးသိန်ရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍၊ ဖျက်ဆီးလေခါ၊ တို့ရွာတကြိန်၊ မင်းမဲ့တိန်သည်၊ စဥ္စိန်မထွန်း၊ ရှူးတဲ့လေ၊”  (ရခိုင်မင်းသမီးဧချင်း အပိုဒ် ၁၄ )

ထိုမြိုသားအဖတို့နေသော နေရာသည် ယနေ့ ချင်းပြည်နယ်၊ ပလက်ဝဒေသ မီးချောင်းမှ ဆားဝ ကိုပင် ဆိုလိုခြင်းဖြစ်ပြီး၊ ထိုနေရာတွင် အမြဲနေထိုင်သော မျိုးနွယ်များဖြစ်ကြောင်းဆိုပါသည်။ 

စားသည်ကိုးဆက်၊ စဉ်မပျက်တည်း၊ တောက်ထွက်ထိပ်ပန်၊ နောင်မင်းလွန်၍၊ ပြည်မွန်ပူရီ၊ ဝေသာလီဝယ်၊ ဆန္ဒြိမေရု၊ ဂြိုဟ်စုရာမ၊ သက္ကရာဇာ၊ ရောက်သော အခါ၌၊ ဘာသာမတူ၊ ခမွီးလူဟု၊ မြတူမြိုပျက်၊  ထီးနန်းတက်၏၊ ဆက်၍လှပ်ပျူး၊ မြောက်ဦးတူးလျက်၊ ရွှင်မြူးနန်းမှာ၊ ဆယ်နှစ်ကြာ သည်၊ အောင်ချာမဏ္ဍိုင်၊ ရခိုင်သာယောင့်၊ သာယာစွလေး၊ သာစွလေး၊  ရခိုင်သားလေ- သာစွလေး။ (ရက္ခမဏ္ဍိုင်သာစွလေလင်္ကာ အပိုဒ် (၃))

ထိုလင်္ကာအရ ခမွီး ဆိုသောလူမျိုးနှင့် မြိုသည် ထပ်တူဖြစ်ကြောင်း ညွှန်းဆိုပါသည်။ ထို့အပြင် မြိုပျက် ဆိုသည်မှာ တောတောင်အရိုင်းမျိုးမဟုတ်တော့ဘဲ ယဉ်ကျေးသောလူမျိုးဖြစ်လာသည်ဟူသော အနက်ဖြစ်ပေသည်။ တောင်ပေါ်တွင်နေထိုင်သော တိုင်းရင်းသားများမှ မြေပြန့်အရပ်တွင် ဩဇာလွှမ်း မိုးလာခြင်းကို မြိုတု ဟုဆိုခြင်းဖြစ်ပေသည်။ 

 တောင်ဖက်အထိလွှမ်းမိုးခဲ့သောပလက်ဝဒေသမှဌာနေတိုင်းရင်းသားများ

 အေဒီ ၇၇၆ ခုနှစ် ပဲဖြူမင်းလက်ထက်တွင် မြောက်ဖက်မှ လူများဝင်ရောက်လာပြီး၊ မဟာမုနိကုန်း တော်၏ အရှေ့ဖက်တွင် အခြေချနေထိုင်ခဲ့ကြသည်။ ရခိုင်ရာဇဝင်သစ်ကျမ်း၊ စာ ၃၀၇၊ ရခိုင်မင်း သမီးဧချင်း(ဟံသာဝတီမူ)အပိုဒ် ၁၄ တွင်ဖော်ပြပါရှိပါသည်။ မြောက်ဖက်မှလူများဆိုရာတွင် တောင် ပေါ်ဒေသမှ ဆင်းသက်လာသော တိုင်းရင်းသားများဖြစ်ဟန်တူပေသည်။ သို့မဟုတ်ပါက လည်း မြိုခမီးလူမျိုးများကို တောင်ဖက်တိုင်အောင် တွန်းထုတ်လိုက်သော ပလက်ဝအရပ်မှ တိုင်းရင်းသား များဖြစ်ဟန်တူပေသည်။

၄င်းအချိန်ကတည်းကပင် တိုင်းရင်းသားချင်းအနွယ်လူမျိုးများသည် ရခိုင်မြေပြန့်လွင်ပြင်များသို့ ပြောင်းရွှေ့ရောက်ရှိ လာရုံသာမက ရခိုင်ပြည်တောင်ပိုင်း၊ အရှေ့ဖက်ရခိုင်ရိုးမသို့တိုင်အောင် ရောက် ရှိနေထိုင်ကြပြီဖြစ်ကြောင်းထင်ရှားပေသည်။ Noel F. Singer ဆိုသူစာရေးဆရာကြီးက ဝေသာလီ ဟိန္ဒူမင်းဆက်များအကြောင်းကို ဖော်ပြရင်း ထိုမင်းဆက်များအကုန်တွင် ဌာနေတိုင်းရင်းသားများ အလုံးအရင်းနှင့် ရွှေ့ပြောင်းကြကြောင်းကို ဖော်ပြထားပေသည်။  

ထိုအပြင် ချင်းပြည် နယ်အတွင်းရှိ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီဒေသရှိလူမျိုး နွယ်များ၏ နှုတ်သမိုင်းတွင် ပင်လယ်အထိရောက်ရှိနေထိုင်ခဲ့ကြပြီး၊ နောက်ထပ်မံဝင်ရောက်လာ သော လူမျိုးများကြောင့်တောင်ပေါ်သို့ ပြန်လည်တက်ရောက်လာကြောင်းဆိုကြပါသည်။ ခူမီးမျိုးနွယ်များ အတွင်းတွင် ပင်လယ်ဖက်မှ ပြန်တက်ရောက်လာသောမျိုးနွယ်များသည် မြောက်ဖက်မှ ဆင်းလာ သော မျိုးနွယ်များနှင့် ပြန်လည်ပူးပေါင်းကြောင်းဆိုပေသည်။

သုံးသပ်ချက်

ထိုအထောက်အထားများအရ ဓညဝတီခေတ်မှ ဝေသာလီခေတ်အတွင်း ချင်းပြည်နယ် ပလက်ဝသည် နယ်စွန်နယ်ဖျားဖြစ်ကာ နန်းတွင်းမှလူများ လာရောက်ပုန်းခို၊ခိုလှုံရာလည်း ဖြစ်ဟန်တူပေသည်။ ခိုင်မာ သောအုပ်ချုပ်မှုအား တည်ဆောက်ဟန်မတူပေ။ အကြောင်းမှာ အာရိယာန်လူမျိုးတို့သည် မြို့ပြနိုင်ငံ များကို တည်ထောင်သော်လည်း နိုင်ငံနယ်ပယ်ကို တည်ထောင်ဟန်မတူပေ။ မြို့ပြနိုင်ငံ(City State) များတွင် မြို့သာသြဇာလွှမ်းမိုးပြီး နယ်များအား အုပ်ချုပ်ခြင်းမရှိပေ။ ခေတ်ကာလကိုယနေ့ အငြင်းပွား နေဆဲဖြစ်လေသည်။ ထိုပြင် နောက်ပိုင်းရာဇဝင်ဆရာများမှ ထိုမင်းများသြဇာအာဏာကို ချဲ့ထွင်ရေး သားလာရာ မြေပြင်အခြေအနေအဖြစ်အပျက်နှင့် ကိုက်ညီခြင် းမရှိသည်က များပြားလေသည်။ ဥပမာဆိုရသော် ကံရာဇာမင်း၏ စစ်အင်အားနှင့် ဓညဝတီ အရှေ့မြို့ရံ ၉၉ ၊အနောက်မြို့ရံ ၉၉ ဆိုသည်များဖြစ်သည်။

ထိုခေတ်တလျောက်လုံးမှ မှတ်တမ်းများအရ ကုလားတန်မြစ်တလျောက်တွင် အခြားလူမျိုးများ နေ ထိုင်ခြင်းကို လုံးဝမတွေ့ရပေ။ မာရယုနှင့် ကံရာဇာကြီးဇာတ်လမ်းများမှာ ဒဏ္ဍာရီဆန်လှသော ကြောင့် အမှန်ရှိမရှိမသေချာသော်လည်း အိန္ဒိယအနွယ်ဝင်၊ အင်ဒိုအာရီယာန် စကားပြောများဝင်ထွက် သွား လာကြောင်းကားတွေ့ရသည်။ မာရယု မိခင်မြောလာသည့်အခါတွင်လည်းကောင်း၊ ကံရာဇာကြီး ရောက်လာ သည့်အခါတွင်လည်းကောင်း မည်သည့်အခြားဆိုသူများကို မတွေ့ရပေ။ မြိုလူမျိုးများကို သာတောက်လျောက်ဖော်ပြထားလေသည်။ မြိုသည် ခမီးကိုပင်ဆိုလိုသော ရှေးအမည်ဟောင်းဖြစ် သည်။

ရခိုင်စကားပုံများတွင် “ရခိုင်အစမြိုက” ဆိုသောစကားမှ ထိုအချက်များကိုဆိုလိုနေပါသည်။ ထိုမှရခိုင်အစ ချင်းက ဆိုလေသည်။ သွေးသား တော်စပ်ခြင်းကိုဆိုလိုခြင်းထက် ကူညီထောက်ပံ့ခြင်းသဘော၊ ကျောထောက်နောက်ခံပြုသော သ ဘောကိုဆိုလေသည်။ ထိုအချိန်က ပလက်ဝအရပ်မှ ချင်းလူမျိုးများတွေ့ကြုံရသော လူမျိုးများမှာ မွန်ဂိုလွိုက်ရုပ်ရည်နှင့် တိဘက်မြန်မာစကားပြော ရခိုင်များမဟုတ်သေးချေ။ အချို့နေရာများတွင် ကုလားမင်း၊ ကုလားမင်းသမီးစသော ပုံပြင်များကိုအမှတ်ရနေဆဲဖြစ်လေသည်။

နိဂုံးဆိုရသော် ပထမဓညဝတီ၊ ဒုတိယဓညဝတီ၊ ဝေသာလီခေတ်များတွင် ချင်းပြည်နယ် ပလက်ဝ ဒေသသို့ အခြားလူမျိုးများအပါဝင် ယနေ့ ရခိုင်လူမျိုးများဝင်ရောက်အခြေချနေထိုင်ခြင်းမပြုသေးချေ။ တောင်ဖက်ချင်းဘာသာစကားအစုများဖြစ်သည့် ချက္ကမ၊ မြို(မရူစား)၊ မြိုခမီးများနှင့်ခူမီးမျိုးနွယ်များသာ နေထိုင်ကျက် စားနေကြောင်း ရခိုင်သမိုင်းအဆက်ဆက်ကဆိုပါသည်။ အဆက်နှင့် ချက္ကမား(ဒိုင်းနက်)တို့နေထိုင်သည့်အထောက်အထားလည်းရှိပေသည်။ ထိုသူတို့မှာ တောင်ဖက်သို့ဆင်းသွားပြီးပြန် တက်မလာကြတော့ပေ။ ထိုဒေသခံဌာနေတိုင်းရင်းသားများသည် အေးချမ်းစွာနေထိုင်လိုသော သဘာ ဝရှိသည်။ မိမိ  တောတောင်သဘာဝတွင်စိုက်ပျိုးရေးလုပ်ကာနေထိုင်တတ်သည်။

ရှေးဘုရင် အဆက် ဆက်မှလည်း ထိုအချက်ကိုသဘောပေါက်ခဲ့သောကြောင့် အေးချမ်းသောအရပ်ဖြစ်ခဲ့ပါသည်။ ဓညဝတီ၊ ဝေသာလီနန်းတော်နှင့် လေးစားမူကိုအခြေပြုသော ကောင်းမွန်သည့်အပြန်အလှန်ဆက်သွယ်မှုရှိခဲ့ပေသည်။ 


၁၅-၁-၂၀၂၀
Ro Sang
#ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း