ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဂ)

ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဂ)  
Ro Sang| The Chinland Post | 2020 March 2|



ပလက်ဝတွင်ရခိုင်မရှိခဲ့ပါ

ခေါင်းစဉ်မှာ “ပလက်ဝတွင်ရခိုင်မရှိခဲ့ပါ”ဆိုထားရာစာဖတ်သူများအနည်းငယ်ခေါင်းရှုပ်သွားပေလိမ့်မည်။
ယနေ့ပလက်ဝတွင်ရှိသော ရခိုင်အမည်ခံယူသူများမှာ အဘယ်သူနည်း။ မည်သည့်နေရာမှ ဝင်ရောက် လာကြသနည်း၊ မည်သည့်အမျိုးအနွယ် ဇစ်မြစ်မှာအဘယ်နည်းဆိုသည်ကိုလေ့လာလိုသောကြောင့်ခေါင်းစဥ်တပ်ခြင်းဖြစ်ပါသည်။ နားလည်ပေးစေလိုပါသည်။

လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝနယ်အတွင်းရှိ ရခိုင်လူမျိုးများသည် မည်သည့် အချိန်မှဝင်ရောက်နေထိုင်လာပါသနည်း။ လူဦးရေမည်မျှနှင့် ကျေးရွာမည်မျှ တည် ထောင်ခဲ့ပါသနည်းဆိုသည်ကို ဆက်လက်လေ့လာပါမည်။ ယခု စာတမ်းများသည် ရခိုင်ရာဇဝင်ကျမ်းများ နှင့်ဥရောပ အထောက် အထားများဖြင့်ဖော်ပြပါမည်။
ပလက်ဝသို့ရခိုင်လူမျိုးများဝင်ရောက်အခြေချနေထိုင်လာကြခြင်းကိုလေ့လာကြည့်လျှင်၁၃၃၃ ခုနှစ် ရခိုင် ဘုရင်မင်းထီးလက်ထက်တွင် အရှေ့အရပ်မှ သက်မင်းအား ပလက်ဝနှင့် ကျောက် တော်နယ်စပ် အကြား ကျောက်ဖျာရွာတွင်လည်းကောင်း၊ သားအလတ်စောဖြူကို မီးစားအဖြစ် စတင် နေရာချ ထားလျက်နေထိုင်စေကြောင်းတွေ့ရပေလိမ့်မည်။ ညီတော်ဥပရာဇာနရနုမင်း/အလီခင်မင်းလက်ထက် (၁၄၃၃-၁၄၅၉) တွင် ဥဿလင်းစားအမည်ကိုစတင်တွေ့ရှိရခြင်း၊ မင်းဗာကြီး (၁၅၃၂-၁၅၅၄) လက်ထက်တွင်လည်း မီးစား နှင့် ဥဿလင်းစားအမည်များကိုထပ်မံတွေ့ရှိရခြင်း၊မင်းဖလောင်းကြီး(၁၅၇၂-၁၅၉၃) လက် ထက်တွင်ဥဿ လင်းစားနေရာအတွက် စီမံဆောင် ရွက်ခြင်း၊ ထိုဘုရင်လက်ထက် ၁၅၇၂ တွင်ပင် ဘုရင်မဏီသူ (အမြင့်စား) ဥဿလင်းသို့ထွက်ရာ မြုံတို့အရပ်မှ ထူးဆန်းသော သင်္ဘောပင်ကိုရရှိလာခြင်း၊ မင်း ဗာ ကြီး(၁၅၃၂-၁၅၅၄)လက်ထက်သားတော်သံတွဲစားချစ်နှောင်းတပ်ချီလမ်းကြောင်းများစသော သဲလွန်စ များ အရသော်လည်းကောင်း၊ ၈၀၆ ခုစွဲ၊ (၁၄၄၄)စစ်ကိုင်းမြို့ထူပါရုံစေတီကျောက် စာ၊ ၈၀၈ ခုစွဲ၊ (၁၄၄၆) စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ၊ ၈၁၆(၁၄၅၄) ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်က တော်ကျောင်း ကျောက် စာများစသော မြန်မာကျောက်များအရ မြောက်ဦးခေတ်လယ်ပိုင်း တန်ခိုးကြီး ထွားလာသော ရခိုင်ဘုရင်များ၏ သြဇာအာဏာသည် ကုလားတန်းမြစ်ရိုးတလျောက် ဖြန့်ကျက်လာ သည်ဟုဆိုနိုင်ပါသည်။

ထိုအချိန်က ရခိုင်လူမျိုးများဝင်ရောက်နေထိုင်ခြင်းအားတိတိကျကျမတွေ့ရသေးချေ။ ရောက်ရှိလာသူများမှာလည်း ထိုအချိန်က ရခိုင်နန်းတွင်းနှင့်အဆင်မပြေသောကြောင့် ခိုလှုံလာသောသူများ၊ စစ်ပြေးများနှင့် မဲဇာ အပို့ခံရသူများသာများပြားပါသည်။ ၁၈ ရာစုကုန်လောက်မှ မီးချောင်း(ရခိုင်နယ်စပ်)ကို ထိန်း ချုပ်ရန် စစ်သည်မိသားစု(ချောင်းသား)များကို နေထိုင်စေကြောင်းတွေ့ရလိမ့်မည်။

ထပ်မံဖြည့်စွက်လိုသည်မှာ မြောက်ဦးခေတ်အစောပိုင်း မင်းစောမွန်လက်ထက်(၁၄၂၉-၁၄၃၃) တွင် မျောက်သားတော်(မိဖုရား)စောစစ်သည် မင်းစောမွန်မရောက်ပြီထင်၍ မောင်တော်များမှ လင်ပေးစား လိုက်ရာ မင်းစောမွန်မှ လင်ကို မီးချောင်းဖျားသို့လျိုထားပြီး စောစစ်ကို နန်းတော်သို့ ဆောင်လေ သည်။ (ရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်၊ အတွဲ၅-၇၊ စာ ၈-၉) ထိုအချိန်က မဲဇာပို့သော နယ်စွန်နယ်ဖျားမှာ ကျောက်တော်နယ်စပ်မှ မီးချောင်းဖျားအရပ်ဖြစ်လေသည်။

၁) ဥဿလင်းဘုရားနှင့် ကုန်းတော်ဘုရား

ပလက်ဝရှိရှေးဟောင်းအထောက်အထားများဖြင့်သုံးသပ်ခြင်းကိုပြုလုပ်ရမည်ဖြစ်သောကြောင့် ရှေးကျ သောအထောက်အထားများကိုရှာဖွေရာတွင် ဥဿလင်းဘုရားနှင့် ကုန်းတော်ဘုရားများကိုတွေ့ရပါ သည်။ ထိုဘုရားများ၏ တည်နေရာမှ ယနေ့ပလက်ဝမှ မြောက်ဖက်ဥဿလင်း(၄၃)မိုင်နှင့် ကုန်း တော်(၂၆)မိုင်ကွာဝေးပါသည်။ ဥဿလင်းအမည်အား နရနုမင်းလက်ထက် (၁၄၅၉-၁၄၈၂) နှင့် မင်းဗာ ကြီး(၁၅၃၂-၁၅၅၄)လက်ထက်တွင် ဥဿလင်းစားအမည်များကိုဖော်ပြပါရှိခဲ့သော် လည်း တည် နေရာ အညွှန်းအား ဝိရောဓိဖြစ်နေဆဲဖြစ်ပါသည်။ မြုံတို့အရပ်ဆိုခြင်းမှာ မြုံထောင်ကိုလည်းဆိုနိုင်သော ကြောင့်ပေတည်း။ ထို့အပြင်အရခိုင်သမိုင်းမှတ်တမ်းအစောင်စောင်များတွင် မြုံလူမျိုး၊ မြုံပြည်ဟု ညွှန်းသောအခါ အနောက်ပြည်မှ တြိပူရအနီးမှ စစ်တကောင်းကိုသာညွှန်းဆိုလေသည်။ သိုက်တတ် ငလက်ရုံး၏ ဓညဝတီအညွှန်းတွင် ဥဿလင်းမှာ ဓညဝတီမှ မြောက်ဖက် (၁၇) တိုင်၊ မိုင်အားဖြင့် (၃၀) ကျော်ဆိုရာ မြေပြင်တွင် မိုင်(၈၀)ကျော်ကွာဝေးလေသည်။ ပြန်လည်စစ်ဆေးရန်ဖြစ်သည်။ မည်သို့ဆို စေကာမူ လက်ရှိပလက်ဝအရပ်မှ ဥဿလင်း၏ဇာတ်ကြောင်းနောက်ကိုလိုက်မည်ဖြစ်ပါသည်။ သို့မှ သာ လက်ရှိနေထိုင်သောရခိုင်လူမျိုးများအကြောင်းသဲလွန်စရရှိ မည်ဖြစ်ပါသည်။
ထိုဥဿလင်းစေတီနှင့်ကုန်းတော်စေတီတို့မှာ ဥရိတောင်ဘုရားဒါယိကာရခိုင်ပြည့်ဘုရင်မင်းဖလောင်း (၁၅၇၂-၁၅၉၃)၏ မိဘုရားစောမဲကြီးမှ တည်ထားကိုးကွယ်ကြောင်းဆိုပါသည်။ (GER Grant Brown, Northern Arakan Hills District, 1920, p 9) ချော(ပနန်)လူမျိုးများမှာလည်း ထိုဘုရားများကို ပြုစုရန်တွက် ဘုရားကျွန်အဖြစ်မိဖုရားစောမဲကြီးမှ လှူဒါန်းကြောင်းနှုတ်ရာဇဝင်ရှိပါသည်။ (GER Grant Brown ,p 14) ရခိုင်လူမျိုးများလာရောက်နေထိုင်သည်ကိုမူမဖော်ပြထားပေ။

အခြားရှေးဟောင်းအထောက်အထားတစ်ခုမှာ စတူပါစေတီငယ်များဖြစ်သည်။ ထိုစေတီများသည် ခေတ်တွင်ထွင်းထုထားသောကျောက်သားစတူပါစေတီငယ်လေးများဖြစ်သည်။ချင်းပြည်နယ် ပလက်ဝ တွင် တူးဖော်တွေ့ရှိရသော စတူပါအား မီးချောင်း၊ မီးချောင်းမွေတော်ဓါတ်မှ ရရှိသည်။ ကုန်းတော် အရပ်တွင် စတူပါများတွေ့ရှိရသည်ဆိုသော်လည်း မည်သည့်ခေတ်ကဆိုသည်ကိုမသိရပါ။ (မင်းပြား သိန်းဇံ၊ ရခိုင်စတူပါကျောက်စေတီငယ်များ၊ ၂၀၀၃၊ စာ ၅၈-၅၉) သို့သော် ရခိုင်စတုပါများတွင် ရေးထိုးထားသည့် ကျောက်စာပုံစံကိုကြည့်ခြင်းအားဖြင့် ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်နှစ်မျိုး တွေ့နိုင်သည်။ ချင်းပြည်နယ် ပလက်ဝ၊ ကုန်းတော်တွင်တွေ့ရသော စတူပါ များမှာ ဝေသာလီခေတ် ဆိုပါက အမတ်ဓမ္မဇေယျချန်ထားသောစေတီငယ်များဖြစ်ပေလိမ့်မည်။ သို့ မဟုတ်ပါက မြောက်ဦး ခေတ်လယ် မိဖုရားစောမဲကြီးက တည်ထားခဲ့သော အရံစေတီများဖြစ်ပေလိမ့်မည်။ သို့သော် မြောက် ဦး ခေတ်လယ်မှ စေတီငယ်များဖြစ်နိုင်ရာ၏။

တိုင်းကြီးတစ်တိုင်းဖြစ်လောက်အောင် အဆိုပါပလက်ဝနယ်ဥဿလင်းမှာ လူနေထူထပ်မှုမရှိသော ကြောင့်ဖြစ်သည်။ တိုင်းတစ်တိုင်းအဖြစ်ဖော်ပြနိုင်သော ဥဿလင်းမှ မြုံထောင်ကိုဆိုခြင်းဖြစ်ဟန်တူ လေသည်။ အခြားထင်ရှားသောအချက်တစ်ချက်မှာ မင်းစောမွန်(၁၄၂၉-၁၄၃၃)၊ နရနုမင်း (၁၄၃၃- ၁၄၅၉) လက်ထက်များက အနောက်ဘက်တလွှားကို အောင်မြင်သောကြောင့် ဥဿလင်းစားအမည် ကို ဖော်ပြခြင်းဖြစ်ပေမည်။ မင်းဗာကြီး(၁၅၃၂- ၁၅၅၄)လက်ထက်ကလည်း အနောက်ကုလားပြည်ကို စစ်ချီသောအခါ ဥဿလင်းစားပါဝင်ရခြင်းမှာ စစ်တကောင်းလမ်းကြောင်းသင့်သောကြောင့်ဖြစ်သည်။

သို့သော် မင်းဖလောင်း(၁၅၇၂-၁၅၉၃) လက်ထက် အရှေ့ပဲခူးသို့စစ်ချီသောအခါတွင် ဥဿလင်းစား အမည်မပါတော့ဘဲ မြုံ၊ သက်၊ လင်းကဲ စသဖြင့်သာ ပါဝင်တော့သည်။ ထိုမင်းလက်ထက်က ဥဿ လင်းစားမှ စိန်တင်စားအရိုက်အရာအကြောင်းအခြင်းအရာများ၊ မြုံတို့အရပ်ဥဿလင်း စသည်များကို ထောက်ရှုပါက ပလက်ဝဥဿလင်းနှင့် မြုံဥဿလင်းမှာ မတူကြောင်းမှန်းဆရပါသည်။ ရခိုင်သမိုင်း မှတ်တမ်းများတွင် မြောက်ဦးနှောင်းပိုင်း တောက်လျောက်တွင် ဥဿလင်းအကြောင်း မှေး မှိန်ပြီး၊ မြုံပြည်၊ မြုံမင်း၊ ဥဒရာဇ်၊ ဥတ္တရာဇ်၊ စသည်အမည်များဖြင့် သီးခြားလွတ်လပ်သောပြည်အဖြစ် ဖော်ပြ တွေ့ရှိရပါသည်။ မြောက်ဦးခေတ်လယ်လောက်က ပေါ်ထွက်လာသော ဥဿလင်းအကြောင်းမှာ နောက်ပိုင်းတွင် တိမ်မြုပ်သွားပါသည်။

၂) မွန်တလိုင်းလူမျိုးများ

အခြားအထောက်အထားတစ်ခုမှာ မွန်အမည်ကျေးရွာများကိုတွေ့ရှိရခြင်းဖြစ်ပါသည်။ အချို့အဆိုအရ ၁၅၈၈ ခုနှစ်တွင် ရခိုင်မင်းနှင့် အကြောင်း ပါသည့် ပဲခူးမင်းသမီးတပါးနှင့်အတူပါလာသော မွန်တလိုင်းအနွယ်နောက်လိုက်ပါ အချွေအရံများဖြစ်ကြောင်းဆိုပါသည်။ (Hughes, The Hill Tracts of Arakan, 1881, p 14)ထိုမွန်မင်းသမီးသည်ရခိုင်နန်းတော်တွင်မပျော်ပိုက်သောကြောင့် ကုလားတန်မြစ်ကိုဆန်တက်ကာ ဒလက်မေချောင်းပတ်ဝန်းကျင်တွင် အခြေစိုက်နေထိုင်ကြပေသည်။ ရခိုင်ရာဇဝင် များတွင် ပဲခူးမွန်မင်းသမီးခင်နှောင်းမှ ၁၆၀၁ မင်းရာဇာကြီး (၁၅၉၃-၁၆၁၂) ပဲခူးကိုစစ်အောင်မှ ပါလာ လေသည်။ ဒလက်မေအမည်မှာ မွန်အမည် “ဒလ” အားအစွဲပြုဟန်ရှိပြီး “ဒလဂမေ” မှ “ဒလက်မေ” ဖြစ်လာကြောင်းဆိုပါသည်။ (Hughes, p 14)
ဥဿလင်းဆိုသည့် အမည်ကိုယ်နှိုက်က ပဲခူးဥဿာကို အစွဲပြုကာခေါ်သော ဥဿာမှ ဥဿလင်္ဂ-ဥဿလင်-ဥဿလင်း ဖြစ်လာသည်ဟုယူဆရပေမည်။ ဥရိတောင်ဘုရားဒါယိကာရခိုင်ပြည့် ဘုရင် မင်းဖလောင်း(၁၅၇၂-၁၅၉၃)၏ မိဘုရားစောမဲကြီးနှင့် အဆိုပါမွန်မင်းသမီးနှုတ်မှတ်တမ်းသည် အတူ တူ ပေလောဟုစဉ်းစားရပါသည်။ မည်သို့ဆိုစေ ကနဦးအခြေချမှုသည် ပြေးဝင်ခိုလှုံလာသော လူတစ်စု လူနည်းစုမှဒေသခံများနှင့် လက်တွဲကာနေထိုင်ကြောင်းယူဆနိုင်ပေသည်။ မြောက်ဦးမှ အုပ်ချုပ်သည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိပေ။ အခြားပြောနိုင်သောအချက်မှာ ၁၈ ရာစုကုန်တွင် ရခိုင်နယ်စပ်မှ မြို သင်းကြီးအင်အား ကောင်းစွာဖြင့် ရခိုင်ဘုရင်အားတော်လှန်လေသည်။ အထက်သို့ အစဉ်အမြဲအုပ် ချုပ်မှုအာဏာမရှိပေ။

ပဲခူးမွန်များရခိုင်သို့ရောက်ရှိလာခြင်း

ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက် (၁၅၉၃- ၁၆၁၂) ဟံသာဝတီအား ၁၆၀၁ ခု တွင် လုပ်ကြံအောင်မြင်ရာ ဟံသာဝတီဘုရင်သမီးတော်ခင်မနှောင်း(ရှင်ထွေးနှောင်း)အားနောက်လိုက်အ ဆောင်အယောင်ဖြင့် ဆက်သလေသည်။ ထိုနောက် တိုက်ခိုက်လာသော ယိုးဒယားတို့ကိုနိုင်ပြန်သော ကြောင့် ယိုး ဒယားနှင့်မွန်အိမ်ထောင်စုံ ခြောက်သောင်းသိမ်းယူကာပြန်ကြောင်းဆိုလေသည်။ ထိုယိုးဒယားတို့ အား အစုရှစ်စုဖွဲ့ကာ ကစ္ဆပနဒီအရှေ့ဖွဲတားကျွန်း၊ တောင်ရင်းမြစ်၊ အနောက်ဖက်ပေကျွန်း၊ ဦးရစ်တောင်ကျွန်း၊ မရိုးကျွန်း၊ ရာမောင်ကျွန်းတွင်ထားကာ မွန်သုံးသောင်းအား ငါးဇင်ရိုင်းကျွန်းတွင်ထားလေသည်။ (ဦးပဏ္ဍိ၊ ဓညဝတီရာဇဝင်၊ စာ ၁၀၀)

ကျောက်တော်မွန်များပုန်ကန်မှု

ဝရဓမ္မရာဇာမင်း(၁၆၈၅-၁၆၉၂)လက်ထက်ကိုယ်ရံတော်များက နန်းတွင်းအာဏာသိမ်းမှုဖြစ်ကာ ဘု ရင်ကိုရုပ်သေးရုပ်ပမာ ချယ်လှယ်နေချိန်တ ၁၆၈၈ ခုတွင် မွန်နဲကောမိနှင့် စည်းတင်ဘုန်းကြီးတို့ သည် တလိုင်းသူရဲအပေါင်းနှင့် ဝရဓမ္မရာဇာမင်းအားပုန်စားလေသည်။ကိုယ်ရံတော်တို့တိုက်ခိုက်ကြလေလျှင် ပြေးပြန်လေကုန်၏။ ထိုနှစ်ဝါခေါင်လတွင်ပင် တလိုင်းနဲကောမိနှင့်ကုလားတို့ညီညာ၍ ဦးရစ်တောင်တွင်သောင်းကျန်းလေသည်။ ကိုယ်ရံကြီးထွက်၍တိုက်ချေသော် မနိုင်၍ပြန်ခဲ့ရ၏။ ယင်းလတွင်ပင် အထက်အညာအရပ်က တလိုင်းနှင့်ကုလားတပ်တည်၍ သောင်းကြမ်းပြန်လေကုန်၏။ မတ်ရာ ကျေး စားနှင့် ကိုယ်ရံကြီးတို့ချီသွားတိုက် ခိုက်ပြန်ရာ မတ်ရာကျေးစားတို့သည်ပျက်စီး၍ ကိုယ်ရံကြီးတို့ သည် ပြန်ခဲ့ကုန်၏။ ယင်းဝါခေါင်လဆုတ်တဆဲ့သုံးရက် အင်္ဂါနေ့တွင် ကိုယ်ရံကြီးသည် အညာမှာ တပ်ကို သွား၍ တိုက်လေသော် အောင် မြင်၍ပြန်ခဲ့သည်။ကိုယ်ရံကြီးသည်များစွာသော ရဲမက်ဗိုလ်ပါနှင့်တကွ ချီသွားစေ၍ သက္က ရာဇ်(၁၆၈၉) ကဆုန်လဆန်း (၈)ရက်တွင် ဦးရစ်တောင်တပ်၊ တလိုင်း နဲကောမီကို တိုက်လေသော်နိုင်လေ၏။

စန္ဒသူရိယဓမ္မရာဇာမင်း(၁၆၉၄-၁၆၉၆)လက် ထက်တွင် ကစ္ဆပနဒီမြစ်ညာတွင်နေသော မွန်နဲခွဲ၊ နဲသုတ တို့သည် တပ်တည်ကာ သောင်းကျန်းရာ လောသောကဦးစီသတိုးများစွာသော ရဲမက်ဗိုလ် ခြေဖြင့် တိုက်လေရာ လောသောကဦးစီသတိုးကျလေသည်။ ၁၆၉၅ တွင် တပ်ပြန်လာရသည်။ (စာ ၂၄၀) ကိုယ်ရံကြီးတို့ကထိုနှစ်တွင် ဝရဓမ္မရာဇာမင်းကိုနန်းတင်ပြန်ရာ ကစ္ဆပနဒီမြစ်ညာတွင်နေသော မွန်နဲခွဲ၊ နဲသုတနှင့်ကုလားတို့လာကာ စန္ဒသူရိယဓမ္မရာဇာမင်းအား ၁၆၉၆ ခုတွင် နန်းတင်ကာ ဝရဓမ္မရာဇာ မင်းကို ကုလားတန်မြစ်ညာသို့လျှိုပို့လေသည်။ ပြောင်းမီးပေါက်အုပ်ချုပ်သောသူရဲညိုသည် ဗိုလ်မှုးပြု ပြီး တိုက်ခိုက်သောကြောင့် တလိုင်းနဲခွဲနှင့်နဲသုတတို့ပြေးလေသည်။ (ရှင်စန္ဒမာလလင်္ကာရ၊ ၂၄၁)

မာရုမ္ပိယမင်း(၁၆၉၆-၁၆၉၇)လက်ထက်တွင် ကစ္ဆပနဒီမြစ်ညာဖျားတွင် တပ်တည်သောင်းကျန်းသောကြောင့် ၁၆၉၇ ခုတွင် မာရုမ္ပိယမင်းက မဟာဇေယျအမတ်အားစေလွှတ်တိုက်ခိုက်စေရာ ၁၆၉၆ ခုတွင် သရေချောင်းဖျားတွင်တိုက်ပွဲဖြစ်ကာ အမတ်သေလေ၏။ ၁၆၉၇ တွင် မြောက်ဦးကိုသိမ်းလေသည်။ ကိုယ်ရံတော်များစုစည်းကာပြန်တိုက်လေရာပျက်စီးကာပြေးလေသည်။(ရှင်စန္ဒမာလလင်္ကာရ၊စာ၂၄၅) ထိုနှစ်တွင်ကာလန္ဓတ်မင်းနန်းတက်ရာ ဖလောင်းဘရင်ဂျီသည် သင်္ဘောဖြင့်မြစ်ညာမှမွန်နှင့် ကုလား ကို တိုက်ရာ ရမ်းဝတွင်ပျက်ချေသည်။ ထိုကဲ့သို့မြောက်ဦးခေတ်တလျောက် ကုလားတန်မြစ်ညာမှ စစ်သုံ့ပန်မွန်အနွယ်များ၏ပုန်ကန်မှုအား နှိမ်နင်းခဲ့ရာမှ အထက်သို့ ပြေးဝင်ခိုလှုံလာခံကြပြန်ပါသည်။

၃)ချောင်းသားလူမျိုးဖြစ်ပေါ်လာခြင်း

ချင်းပြည်နယ် ပလက်ဝနယ်ရှိ ရခိုင်လူမျိုးများအားလုံးကို ရှေးယခင်က ချောင်းသားလူမျိုးများဟု မှတ် တမ်းတင်ခဲ့ကြပါသည်။ ချောင်းသားဆိုသည်မှာ ရခိုင်ဘာသာစကားကိုေပြောဆိုအသုံးပြုပြီး မြစ်ချောင်း နံဘေးတွင်နေထိုင်သောသူများကို ဆိုလိုပါသည်။ အထူးသဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင်လည်းကောင်းနေထိုင်ကြသောသူများဖြစ်ကြလေသည်။ချောင်းသားများသည် ရခိုင်နှင့်ဗမာလူမျိုးများနှင့် ဓလေ့ ထုံးစံများ၊ ဘာ သာစကားများအနည်း ငယ်ကွဲပြားသည်။ ၎င်းတို့သည် ဗမာမိသားစုကြီးတွင်ပါဝင်ကြောင်းဆို လေသည်။ ချောင်းသားဆိုသောအမည် ၏အနက်မှာ မြစ်ချောင်း၏သားဟုအနက်ရသည်။ ဆိုလို သည် မှာ ချောင်း၊ မြစ်ဘေးတွင်နေထိုင်သောသူကိုဆိုလိုပေသည်။ စာပေအရေးအသား၊ ဓလေ့ထုံးစံ၊ ဝတ်စား ဆင်ယင်မှု၊ အသား အရေနှင့်ပုံသဏ္ဍာန်ကိုသုံးသပ်လျှင် အရှေ့ဖက်ဗမာလူမျိုးများ နှင့်ပိုမိုနီး စပ် လေသည်။ (GER Grant Brown, p 13)

သမိုင်းပညာရှင်ဖြစ်သူ အာသာဖယ်ယာ(Arthur Phayer)က ချောင်းသားများသည်မြန်မာတို့နှင့်မိသား စုတူများဖြစ်သည်။(စကားချပ်၊-မြန်မာဆိုရာတွင် တောင်ဖက်ဘားမစ်ရှ် ဘာသာစကားပြောအုပ်စုဝင်ကို ဆိုလိုပါသည်) မြန်မာအနွယ် (ချောင်းသား)များဝင်ရောက်လာသောအခါ ခမီးများက ထိုအရပ်ဒေသ ကိုပိုင်ဆိုင်ပြီးဖြစ်ကြောင်းဖော်ပြထားပါသည်။ ထို့ကြောင့်ထိုချောင်းသားများသည် အတွင်းပိုင်းတွင်နေ ထိုင်ခြင်းမရှိဘဲ ကုလားတန်မြစ်ဘေး စိုက်ပျိုးရေးကောင်းမွန်သောနေရာများတွင်နေထိုင်ကြသည်။ ထို့အကြောင်းကြောင့် ချောင်းသားဆိုသောအမည်ရလာပြီး မြစ်ချောင်းဘေးတွင်နေထိုင်သောသူများဟု အနက်ရှိပါသည်။( Hughes, p )

ချောင်းသားဟူသောအမည်မှာ ရာခိုင်ရာဇင်သစ်ကျမ်း၌ မင်းဗာကြီးလက်ထက် သားတော်စစ်တံတင်မြို့စားချစ်နှောင်း မင်းဖလောင်း၏ တပ်တော် ၁၅၄၇ ခုနှစ်တွင် ပါဝင်ကြောင်း ၁၉ ရာစုရေး ရာခိုင်ရာဇဝင်သစ်မှဖော်ပြလေသည်။(အရှင်စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း) “ချောင်းသား” နည်း တူ တောင်ကုန်းတောင်တန်းတွင်နေထိုင်သောသူများကို “တောင်သား”ဟုသော အမည်ဖြင့်ခေါ်လေ သည်။ ယခု ခူမီးချင်းများကို ခေါ်ပေသည်။

စစ်တွေခရိုင်ဂဇက်အရ ချောင်းသားများသည် မြန်မာပြည်မှ ပျူနှင့်မွန်တို့၏ အဆက် အနွယ်များ ဖြစ်ကြောင်းဆိုလေသည်။ ၁၅၉၆ ခုနှစ် ရခိုင်ဘုရင်မင်းရာဇာကြီးမှာ တောင်ငုူဘုရင်နှင့်အတူ ပျူတိုင်းပြည်ကိုတိုက်ခိုက်ပြီး၊ ရှမ်းများကိုမောင်းထုတ်ခဲ့သည်ဆိုသည်။ ထိုနေရာမှ ဘဏ္ဍာရတနာများ၊ ဘုရင့်သမီးတော်ကိုလည်းရရှိသည်။ ပျူနှင့်တလိုင်းထောင်ချီကိုလည်း ခေါ်ဆောင်လာပြီး သမီး တော်ကိုမိဘုရားမြှောက်လေသည်။

နောက်လိုက်နောက်ပါများကိုကုလားတန် မြစ်အရှေ့ဖက် တရွေး ချောင်းအနီးတွင်နေရာချထားလေသည်။ မင်းသမီးမှာ ပဲခူးမင်းသမီးအဖြစ် ထင်ရှားသည်။ နောက် လိုက်နောက် ပါများမှာ စစ်သည်များ လေးသည်တော်များအဖြစ်အမှုထမ်းကြသည်။ တရွေးချောင်း တွင် နေထိုင်နေကြစဉ်တွင် အနီးမှ ရိုးမတောင်များမှ ချင်းများကို တိုက်ခိုက်ရန် အသုံးပြုခံ ရပါသည်။ ရှမ်းတူ (မရာ) ခေါင်းဆောင် မွန်တင်(Muntin)နှင့် မွန်ပရွန်(Munprun)တို့ ကုလားတန်အထက်တွင် ထကြွ စဉ်က ၎င်းတို့ကို နှိမ်နင်းရန်စေလွှတ်ပါသည်။ ထိုစစ်ဆင်ရေးတွင် တလိုင်းနှင့်ပျူစစ်သည်တို့သည် အိမ်ကိုလွမ်းဆွတ်ပြီး အကြိမ်ကြမ်အိမ်သို့ပြန်ပြေးကြသည့်အတွက် ရခိုင်ဘုရင်သည် ၎င်းတို့အား ကုလားတန်မြစ်အထက်နှင့် စစ်တကောင်းတောင် တန်းများ တွင်နေရာ ချပေးလေသည်။ ၎င်းတို့သည် သတ္တိရှိပြီး မာကျောသည့်အတွက် တောင်ပေါ်သားများကို ထိန်းချုပ်ရန်စေလွှတ်ခြင်းဖြစ်လေသည်။ အကျင့်စရိုက်နှင့် ဓလေ့မှာ ရခိုင်ဗမာများနှင့်အနည်း ငယ်ကွဲပြားပါသည်။ (Mr. R.B. Smart, Burma Gazetteer: Akyab District Vol A, 1917, p 91)

မီးချောင်းမြိုသင်းကြီးပုန်ကန်မူ

၁၈ ရာစုအရောက်တွင် မီးချောင်း(ယခု ကျောက်တော်နှင့် ပလက်ဝနယ်စပ်)မှ မြိုသင်းကြီး၏ ပုန် ကန်မှုကိုတွေ့ရသည်။ မူလက ရခိုင်မင်းများထံ ပဏ္ဍာဆက်အဖြစ် အေးချမ်းစွာနေထိုင်ပြီး ကျောက်ပန်းတောင်မှ မဟာဂျီရုပ်တုကိုပင် ဆက်သဖူးသူဖြစ်သည်။ အကြောင်းကြောင်းကြောင့် ပုန်ကုန်မှုစတင်ပြီး ပထမတွင် ရခိုင်တပ်တော်အရေးနိမ့်လေသည်။ ဒုတိယအကြိမ် စစ်သူရဲ ၃ဝဝဝ စေလွှတ်တိုက်ခိုက်ရာမှ အောင်နိုင်လေသည်။ ထိုအဖြစ် အပျက်ကို ဆိုလိုခြင်းပါသည်။

နရအဘယရာဇာ(၁၇၆၁-၁၇၆၄)ထက်ထက်၊ သက္ကရာဇ် (၁၁၀၇-ခရစ်နှစ် ၁၇၄၅)ခု ဝါကျွတ်လတွင် အနောက်ကုလားတန်ပြည်သို့ ဟရမားတိုက်လက်ယာမြန်ဂူတာကိုစေလွှတ်တော်မူလိုက်သည်၊ လက် ဝဲမြန်လည်းသွားလေ၍ မီးချောင်းသို့ ရောက်လေသော် မြိုသူကြီးငပင်ကို ခရီးလမ်းညွှန်စေ၍ သွားပြန် လေသော် ကျောက်ပန်းတောင်း မြို့ဟောင်းသို့ ရောက်လေလျင် မဟာဂျီရုပ်ထုတော် ကိုဖူး မျော်ရ လေ၏။ ယင်းသို့ဖူးမြော်နေစဉ် ရတနာစံဦးဆရာတော်လည်း မဟာဂျီရုပ်ထုတော်ကို ပင့်တော် မူရန် ကြွလာတော်မူလျက် ရုပ်ထုတော်မဟာဂျီတပါးကို ပင့်ယူတော်မူလေသည်၊ ကျန်ရုပ်ထုတော်မဟာဂျီ တပါးကို လက်ဝဲမြန်အမတ် ပင့် ဆောင်တော်မူလျက် နရအဘယရာဇာမင်းအား ဆက်သ တော်မူလေ လျင် နရအဘယရာဇာမင်း နေတော်မူသော တောင်နန်းဆောင်တွင် ရတနာစီချယ်သောပြဿဒ် ဆောင်တွင် ကျိန်းဝပ်တော်မူစေလျက် ကိုးကွယ်တော်မူသည်။ ထိုရုပ်ထုတော် မဟာဂျီကို ရှေးမင်း အဆက်ဆက်တို့သည် ပင့်ဆောင်၍မရလေ။ နရအယရာဇာမင်းလက်ထက်မှ ပင့်ဆောင်ရ ယူတော် မူ၍ ကိုးကွယ်ရလေသတည်း၊(အရှင်စန္ဒမာလလင်္ကာရ၊ ၂၆၈)

တကြိမ်တုံလည်း မီးချောင်းဖျားတွင်နေသော မြိုသင်းကြီးသည် ရိုင်းပြလေသောကြောင့် နရအဘယရာ ဇာမင်းလည်း မြိုသင်းကြီးကို ဆုံးမစိမ့်သောငှါ အမတ်တော်ဆင်ကဲကြီးကို စေလွှတ်တော်မူလိုက်၏။ ဆင်ကဲကြီးလည်း များစွာသောရဲမက်ဗိုလ်ပါနှင့်သက္ကရာဇ် (၁၁၁၀၊ ခရစ် ၁၇၄၈) ပြည့် တပို့တွဲလတွင်ချီ သွား၍ တိုက်လေလျင်ပျက်စီးပြီးပြန်လာရကုန်၏။ ယင်းသို့ပြန်လာပြီးနောက် နရအဘယရာဇာမင်း သည် လင်္ကာတပိုဒ်ရေးသားစေ၍ ခမက်တော်လက်ယာမြန်ဂူတာနှင့် အမတ်သုံးထောင်တို့ကို ကုလားတန် မီးချောင်းသို့စေတော်မူလိုက်ပြန်သည်၊ ၊ခမက်တော်လက်ယာမြန်ဂူတာနှင့် အမတ်သုံးထောင် တို့ ဆန်သွား၍ မိချောင်းသို့ရောက်သွားလေ လျင်မြိုသင်းကြီးကို တိုက်လေသော်သက္ကရာဇ်(၁၁၁၂ ခရစ် ၁၇၅၀)ခုတပိုတွဲလတွင် ဟရမားတိုက်၍ပျက်စီးလေ၏။ (အရှင်စန္ဒမာလလင်္ကာရ၊ ၂၇၀)

သမိုင်းမှတ်တမ်းများတွင် တောင်ပေါ်မျိုးနွယ်စုတိုင်းရင်းသားများသည် ရခိုင်မင်းဆက်များကို မကြာ ခဏနှောက်ယှက်လာသောကြောင့် ထိုဒေသများရှိတိုင်းရင်းသားများ၏ရန်ကို ကာကွယ်ရန်အတွက် ရခိုင်ဘုရင်တစ်ပါးမှ ရဲစွမ်းသတ္တိရှိပြီး ခံနိုင်ရည်စွမ်းအားဂုဏ်သတင်း ကျော်စောသော ထိုချောင်းသား များကို စေလွှတ်ခြင်းဖြစ်ကြောင်းဆိုပါသည်။ (Hughes,7) ထိုအဖြစ်အပျက်မှာ အထက်ဖော်ပြသော မြိုသင်းကြီး၏ ပုန်ကန်မှုကိုရောင်ပြန်ဟပ်မြင်ယောင်စေပါသည်။ ထိုချောင်းသားများသည်လည်း မွန်နှင့် ဗမာအဆက်အနွယ်များသာဖြစ်လေသည်။

၄) ဗမာအဆက်အနွယ်များ

မတရာဇ်မင်း(၁၇၃၇-၁၇၄၂) လက်ထက် သက္က ရာဇ် ၁၁၀၄(ခရစ် ၁၇၄၂) ခုနှစ်တွင် အရှေ့ပြည်မှ ငစံဦး၊ ငရွှေကျော်၊ ငပုညိုတို့သုံးယောက်လူပေါင်းယောက်ျားမိန်းမ တစ်ထောင်နှင်ဝင်ရောက်လာကြ သည်။ ငစံဦး၊ ငရွှေကျော်၊ ငပုညိုတို့နှင့်ပါလာသော လူတို့ကို၊ ပေချောင်းတွင် ချထားတော်မူ၍ လေး ကြော့အစုံ ဘွဲ့တော်မူလေသည်။ ငပုညိုကိုလည်း လေးခက်ထောင်စားအရာ ခန့်တော်မူလျက်ထား လေသည(ဦပဏ္ဍိ၊ စာ ၁၀၉-၁၁၀)
ထို့အပြင် နရအဘယရာဇာမင်း ၁၇၆၂ ပတ်ဝန်း ကျင်တွင် မိချောင်း၊ ပြိုင်းချောင်းတွင် မြန်မာနှမ်းခြည်တောင်စားငထွန်းအောင်အားရွာတည်ပေး သည်။ ၁၇၈၅ ခု ရခိုင်အားမြန်မာတို့သိမ်းပြီးနောက် မြန်မာတို့က မိချောင်းဝတွင်စစ်တပ်တည်၍ အစောင့်အရှောက်ထားလေသည်။(အရှင်စန္ဒမာလလင်္ကာရ)။ ထိုအခါ နရအဘယရာဇာမင်းသည် ပြိုင်းချောင်း မီးချောင်းတို့ ရွာတည်ပေးထားခဲ့သော မြန်မာနှမ်းခြေ တောင်စား ငထွန်းအောင်သည် ရခိုင်အမတ်တွင်ရှိသော အပြောင်မိန်းမတို့ကိုယူ မြန်မာတို့ပိုင် သည် ထင်မှတ်လျက် တောင်စဉ်သို့ပြေးခဲ့၍ ဗိုလ်ငနိုးထံဝင်လာ၏။ (အရှင်စန္ဒမာလလင်္ကာရ၊ ၂၈၃)

ချင်းပြည်နယ်ပလက်ဝရှိရခိုင်လူမျိုးများ၏ မျိုးနွယ်ဇစ်မြစ်

ထိုမွန်အနွယ်များ၊ ဗမာအနွယ်များရောနှောလာရာမှရခိုင်များဖြစ်လာဟန်တူပေသည်။ ထိုသူများမွန်အဆက်အအနွယ်ကားလုံးမှ ရခိုင်လူမျိုးများဖြစ်ပေါ်လာဟန်ရှိပေ သည်။ ထိုအချိန်များမှ စကာ တောင်တန်းဒေသ(ပလက်ဝ)အရပ်တွင် ချောင်းသား(ရခိုင်)များ စတင်နေထိုင်လာကြပေသည်။ ပလက်ဝဒေသတွင်လာရောက်နေထိုင်ကြသောသူများသည် လူမျိုးစုံရော နှောနေသော အသိုက်အဝန်း တစ်ခုဖြစ်လေသည်။ မွန်သွေးပိုများလေသည်။

ချောင်းသားများသည် ရခိုင်အဆက်အနွယ်များဖြစ်လေသည်။ ရခိုင်ဘုရင်များက လွန်ခဲ့သော ရာစု နှစ်များက တောင်တန်းမှ လူမျိုးများကို ထိန်းချုပ်ရန်အတွက် တောင်တန်းဒေသသို့ စေလွှတ်ထား သော သတ္တိရှိသော၊ ရဲရင့်သောလူမျိုးများဖြစ်လေသည်။ ထိုသူတို့သည် တောင်တန်းအတွင်း ပိုင်းသို့ နေ ထိုင်ခြင်းမပြုဘဲ ကုလားတန်မြစ်လေးတွင်တွင်နေထိုင်သောကြောင့် ချောင်းသားဟူသော အမည် ကိုရရှိလေသည်။ ၁၈၇၀ တွင် ရခိုင်တောင်တန်းဒေသ(ပလက်ဝ)တွင် ဝန်ထောက်အနေဖြင့် တာဝန်ထမ်းဆောင်ဖူးသော Mr. Sr. John က ရခိုင်(ချောင်းသား)များတွင် မျိုးနွယ်ခုနှစ်ခုရှိကြောင်းဆိုပြီး ၄င်း တို့မှာ

၁။ လုံဟီး(ရခိုင်)
၂။ ဒလ(တလိုင်း)
၃။ တန်ဆထ(ရခိုင်)
၄။ မွန်ထောက်(တလိုင်း)
၅။ ကုန်ဆွေ(ရခိုင်)
၆။ ရွှေဘဇွဲ(ရခိုင်)
၇။ ရုတ်(တလိုင်း)တို့ဖြစ်ကြောင်း ဆိုလေသည်။ တလိုင်းဆိုသည်မှ မွန်လူမျိုးအားဆိုလိုခြင်းဖြစ်သည်။ ရခိုင်ဆိုရာတွင် ချောင်းသားများကိုဆိုလိုပါသည်။

၄င်းတို့သည် ဒလက်မေကျေးရွာ၏မြောက်ဖက် ၈ မိုင်အထိသာ နေထိုင်ကြကြောင်းဆိုလေသည်။ (Hughes, The Hill Tracts of Arakan, 1881, p 14) ဒလက်မေရွာသား ဦးကျော်မင်းမှချောင်း သားအထောင် ငါးမျိုးရှိသည်ဆို၏။ အထက်ဖော်ပြပါအမည်များနှင့်တူလေသည်။ ၄င်းတို့မှာ

၁) လွန်ဟီထောင်(ချောင်းသား)
၂) ဒလက်ထောင်(တလိုင်း)
၃) တန်းဆိတ်ထောင််(ချောင်းသား)
၄) ရုပ်သားထောင်(တလိုင်း)
၅) ပဥ္စမဇွဲထောင်(ချောင်းသား)
ထိုအနက် ဒလက်ထောင်(တလိုင်း)တွင် အစဉ်(အစိုင်) ငါးမျိုးပြန်ခွဲလေသည်။ ၄င်းတို့မှာ
၁) တုတ်ကြောသားအစဉ်
၂) ပြင်ဒန်းသားအစဉ်
၃) မယိုင်းသားအစဉ်
၄) ပွတ်စားသားအစဉ်
၅) ဒလက်သားအစဉ်
(မောင်မောင်သိုက်၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာကွင်းဆင်းစာတမ်းများ၊ ၁၉၈၅၊စာ ၁၅-၁၆)

နိဂုံး
ပလက်ဝဒေသသို့ ချောင်းသား ရခိုင်လူမျိုးများမည်သည့်အချိန်တွင်ရောက်ရှိလာပါသနည်း ဆိုသည့် မေးခွန်းကို အထက်ပါရခိုင်မှတ်တမ်း၊ ကိုလိုနီမှတ်တမ်းများနှင့် တိုက်ဆိုင်ကြည့်ရှုပါက ရှင်းလင်းပါ လိမ့်မည်။ ချင်းပြည်နယ်ပလက်ဝတွင် မြောက်ဦးခေတ်လယ်ပိုင်းက ရခိုင်ဘုရင်များသြဇာလွှမ်း မိုးမှု အနည်းငယ်ရှိခဲ့သည်။ သို့သော် တောင်တန်းသား ချင်းလူမျိုးများ အပေါ်တွင်သက်ရောက်ခြင်းကား မဟုတ်ပေ။ စစ်ဘေးခိုလှုံလာသောသူများ၊ မင်းပြစ်ဒဏ်သင့်သောသူများ၊ ခေတ္တဖြတ်သန်းရောက်ရှိ လာသောသူများဖြစ်ပေသည်။
မြောက်ဦးခေတ်နှောင်းပိုင်းအရောက်တွင် မွန်လူမျိုးများအကြောင်းကိုတွေ့ရမည်ဖြစ်ပြီး ကျောက်တော် နယ်တွင် နှစ်ပေါင်းများစွာနေထိုင်ပြီးမှ ၁၈ ရာစုအကုန်ပိုင်းတွင် မြောက်ဖက်သို့ဆန်တက်ကာ အခြေချ နေထိုင်လာသောသူများဖြစ်လေသည်။ ထိုမွန်တလိုင်းအနွယ်များမှ ချောင်းသားများဖြစ်လာကာ ထို ချောင်းသားများက ယနေ့ ရခိုင်အမည်ခံယူသောသူများဖြစ်လာကြပါသည်။ ထိုသူများသည်ပင် လျှင် အစောဆုံး ၁၇၂၁(စစ်ကွပ်ကျော်သွေး၊ ငပုလဲ၊ ငချင်းရာ) နှင့် ၁၇၅၀ (လက်ယာမြန်ဂူတာ)တွင်သာ ရောက်ရှိလာမည်ဟုတွက်ချက်နိုင်ပါသည်။နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသောသူများပေါင်းစပ်သွားကြောင်းသုံးသပ်ရပါသည်။

ထိုချောင်းသားများသည် ၁၈၇၂ ခုနှစ်တွင် လူဦးရေ ၁၂၀၀ ဦး ရှိသည် ၁၉၀၁ ခုနှစ်တွင် ၁၁၀၀ ဦး ရှိလေသည်။ ထို ၁၉၀၁ ခုနှစ်တွင် ရခိုင်တောင်တန်းခရိုင်၏ စုစုပေါင်းလူဦးရေမှာ ၂၀၆၈၁ ဦး ရှိပြီး ချောင်းသားရခိုင်လူမျိုးများမှာ (၅.၃) ရာခိုင်နှုန်းသာရှိသည်။ ထိုအချိန်က တောင်တန်းနယ်သည် ယနေ့ လက်ရှိပလက်ဝ၏ သုံးပုံံနှစ်ပုံသာရှိလေသည်။ ရခိုင်အထောင်မှာ (၇) ခုရှိပြီး ထိုအချိန်က တနယ် လုံးတွင် တောင်မင်း၊ ချောင်းစား အုပ်စု ၂၈ ခုရှိသည်။ ကျန် ၂၁ အုပ်စုမှာ ချင်းများ ဖြစ် လေသည်။ ထိုအချိန်ကကျေးရွာပေါင်း ၃၃၄ ရှိသည်။

ဗြိတိသျှလက်အောက်ကျရောက်ပြီးနောက်ပိုင်း ရခိုင်လူဦးတိုးတက်များပြားလာသည်။ လွတ် လပ်ရေး ရပြီး နောက်တွင် တောင်ဖက် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းများမှ ရခိုင်လူမျိုးများ ပိုမို ရောက်ရှိလာကြပြီး ဒေသခံ မွန်အဆက်အနွယ် ချောင်းသားများနှင့်ရောနှောသွားပါတော့သည်။

ခုနှစ်သက္ကရာဇ်များအတွက်ကိုးကားကျမ်းများ
ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)
Htin Aung, A History of Burma, Cambridge University Press, New York and London, 1967
Harvey, G.E., History of Burma: From the Earliest Times to 10 March 1824, Frank Cass & Co. Ltd., London, 1925
Phayre, Lt. Gen. Sir Arthur P., History of Burma, London, 2nd Edition, 1967
Ro Sang
19-1-2020
#ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း   

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း