NLD က လက်နက်ကိုင်လမ်းစဉ် လိုက်သလား။

မေး ▪️ NLD က လက်နက်ကိုင်လမ်းစဉ် လိုက်သလား။

ဖြေ ▪️ ဒီမေးခွန်းဟာ NLD ဆိုပြီး  ပလုံးပထွေး ရောသုတ်ပြီး ထောင်ချောက်ဆင်တဲ့ မေးခွန်း ဖြစ်တယ်။   ဘယ် NLD ကို ရည်ညွန်းသလဲ ပြန်မေးပါရစေ။

မြန်မာတွေကြားမှာ NLD ပါတီ၊ NLD လွှတ်တော်၊ NLD အစိုးရ ဆိုပြီးပြီးစလွယ် ရေးသား ပြောဆိုနေကြတယ်။ ကုန်သည်လယ်လုပ် အရပ် ပြောစကား ဖြစ်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားပြီး လေ့လာထားပါတယ်လို့ ဆိုသူတွေက လေနဲ့ ဝမ်း မကွဲပဲ ပြောရမယ့် စကားလုံးတွေ မဟုတ်။

နိုင်ငံရေး ပညာတတ်တွေဟာ NLD ဟာ ပါတီပဲ ဖြစ်တယ်။ NLD အစိုးရ၊ NLD လွှတ်တော်ဆိုတာ မရှိခဲ့ဘူး လို့ ရိုးသားစွာ၊ မှန်ကန်စွာ မြင်ကြပါတယ်။ 

၂၀၁၅ မှာ စတင်တဲ့    ပြည်ထောင်စု လွှတ်တော် မှာ  NLD ပါတီဝင် ပြည်သူ့ကိုယ်စားလှယ် တွေက ၅၈% ရာခိုင်နှုန်း၊ ကာချုပ် ကိုယ်စားလှယ် တွေကက ၂၅% ၊ အခြားပါတီဝင် ပြည်သူ့ကိုယ်စားလှယ် တွေက ၁၇% ရှိတယ်။   ၂၀၀၈ ခြေဥအရ အခြေခံဥပဒေပြင်ဆင် မရဘူး။ ဒါဟာ စစ်တပ်လွှမ်းမိုးသော စစ်လွှတ်တော် ဖြစ်တယ်။ NLD လွှတ်တော် မဟုတ်ဘူး။ 

၂၀၁၅ မှာ စတင်တဲ့    ပြည်ထောင်စု အစိုးရဟာ  de facto အာဏာမရှိဘူး။ ဖိနှိပ် အုပ်ချုပ်ရေး၊ စိုးမိုးရေး ယန္တရား ဖြစ်တဲ့ တရားရုံး၊ ရဲ၊ အကျဉ်းထောင် ကို စစ်တပ်က ကိုင်ထားတယ်။ စစ်တပ်က  ( နိုင်ငံတကာမှာ အရပ်သား ဝန်ကြီး ကိုင်တဲ့ ) ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ဝန်ကြီး ဌာနတွေကို ချုပ်ကိုင်ထားတယ်။ ဒါဟာ စစ်အစိုးရသာ ဖြစ်တယ်။ NLD အစိုးရ မဟုတ်ဘူး။ ဒီထက်ပိုပြီး ( NLD တပါတီ အာဏာရှင် အစိုးရ) လို့ ပြောကြသူတွေဟာ  လောက်တဖွားဖွားကျနေတဲ့ ဦးနှောက်ပုပ်တွေ ဖြစ်တယ်။

​အပေါ်က မေးခွန်းကို ဖြေပါမယ်။

NLD ဟာ နိုင်ငံရေး ပါတီ တရပ်သာ ဖြစ်တယ်။  အရင်းရှင် လစ်ဘရယ် ဒီမိုကရေစီ မှာ .. ပါတီ ဟာ လက်နက်ကိုင်တပ် မရှိရပါဘူး။  ( လူတိုင်း လက်နက်ကိုင်ခွင့် ဥပဒေ၊ နည်းလမ်းစုံဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဥပ​ဒေ ၊ operation ready စစ်ဆင်ရေး အသင့် ဥပဒေ၊ လူထု စစ်မှုထမ်း ဥပဒေ စတဲ့ ဥပဒေ  ပြဒါန်းချက် မရှိရင်)  လက်နက်မကိုင်ရပါဘူး။ နိုင်ငံတော်အစိုးရက  လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ခုခံကာကွယ်စစ် ၊ စစ်မကြေညာရင် လက်နက်မကိုင်ရပါဘူး။ 

ဒါပေမယ့် တချို့ နိုင်ငံရေးစနစ်မှာ ပါတီဟာ လက်နက်ကိုင်ပါတယ်။ ကွန်မြူနစ် စနစ်မှာ " သေနတ်ပြောင်းဝက အာဏာထွက်တယ်။ ပါတီက သေနတ်ပြောင်းကို ချုပ်ကိုင်ရမယ် " ဆိုတဲ့ မော်စီတုန်း စကားအတိုင်း ၊ တရုပ်ကွန်မြုနစ်ပါတီ ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သစ္စာခံရပါတယ်။ PLA ဟာ တရုပ်အစိုးရကို သစ္စာမခံပါဘူး။ CCP ပါတီကို သစ္စာခံရပါတယ်။ "ပါတီတပ် " လို့ ခေါ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ မှာ ပါတီတပ်တွေ ရှိပါတယ်။ ဗကပ ပြိုကွဲပြီးနောက် ဆက်ခံကြတဲ့ EAO တွေမှာလည်း ကွန်မြူနစ်ပုံစံ ကျန်နေသေးပါတယ်။ လက်ဝဲ ဝါဒီ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ လက်ဝဲယိမ်း ဖဆပလ ပါတီ မှာ ပြည်သူ့ရဲဘော်အဖွဲ့ ဆိုတဲ့ ပါတီတပ် ရှိပါတယ်။  မြန်မာ့တပ်မတော် နဲ့ ကြံဖွတ်ပါတီ ဟာ "တပ်ပါတီ" ဖြစ်တယ်။

  ဖက်ဒရယ် ဒီမိုကရေစီမှာ " ပါတီတပ် " တွေ " တပ်ပါတီ" တွေ ရှိသင့် မရှိသင့် စဉ်းစားတော်မူကြပါ။ တရုပ်ပြည်ကို အားကျသလား၊ မြန်မာပြည် သမိုင်းမှာတော့  မကောင်းလှပါဘူး။ သေနတ်နဲ့ထောက် မဲထည့်ခိုင်း ကြဦးမလား။

ဒါကြောင့် NLD ပါတီဟာ ( ပါတီမူဝါဒမှာ) လက်နက်ကိုင် လမ်းစဉ် မရှိသင့်ပါဘူး။ 

ဒါပေမယ့် ..... NLD ပါတီဝင် တွေဟာ ပြည်သူ့ကိုယ်စားပြု လွှတ်တော် အမတ် ဖြစ်လာရင် .. လွှတ်တော်ထဲမှာ လက်နက်ကိုင် အရေး ကော်မတီ တွေမှာ မူဝါဒ ချမှတ်ရပါတယ်။ ဥပဒေ ပြုရပါတယ်။ ဥပမာ  အမေရိကန်မှာ ဒီမိုကရက်တစ်၊ ရီပက်ပလီကန် "ပါတီ မူဝါဒမှာ လက်နက်ကိုင် လမ်းစဉ် " မရှိပါဘူး။ ဒါပေမယ့် အဲဒီ ပါတီဝင်တွေဟာ ကွန်ဂရက်၊ ဆီးနိတ် အမတ်တွေ ဖြစ်လာတဲ့အခါ  ကာကွယ်ရေး ကော်မတီ တွေ ဖွဲ့ကြတယ်။ NDAA လို ကာကွယ်ရေး စစ်သုံးစားရိတ်တွေ ဥပဒေပြဒါန်း ပေးရတယ်။

နောက်ပြီး ... NLD ပါတီဝင် တွေဟာ ပြည်သူက ရွေးကောက်တင်မြှောက်လို့ သမတ ( စစ်သေနာပတိချုပ်)၊  ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး (စစ်သေနာပတိ)၊ လုံခြုံရေးဝန်ကြီး ၊  ပြည်ထဲရေး ဝန်ကြီး တွေ ဖြစ်လာရင် ...   လက်နက်ကိုင် ရဲတပ်၊ စစ်တပ်တွေကို စီမံခန့်ခွဲရတယ်။ စစ်ကြေညာရတယ်။ စစ်ရေး ဘက်ဂျက် စီမံရတယ်။ စစ်ရေးမူဝါဒ ချမှတ်ရတယ်။  ဒီမိုကရေစီနိုင်ငံတွေမှာ သမတက စစ်သေနာပတိချုပ် ( commander in chief ) ဖြစ်ပါတယ်။ 

နောက်တခါ.. နိုင်ငံတော် သမတက စစ်ကြေညာရင် တနိုင်ငံလုံးက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရပါတယ်။ NLD ပါတီဝင် တွေ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် စစ်မှုထမ်းရပါမယ်။ 

ဒီတော့ NLD ပါတီ ဟာ ပါတီ အဆင့် မူဝါဒ အနေနဲ့ လက်နက်ကိုင် လမ်းစဉ် မရှိသော်ငြားလည်း ၊ နိုင်ငံတော် အဆင့် ပြည်ထောင်စု အဆင့် မှာ .. NLD ပါတီဝင်တွေ စစ်ရေး စစ်ရာက ဖယ်ရှောင်ခွင့် မရှိပါ။ သမိုင်းက ပေးအပ်သော တာဝန်မဲ့ရာရောက်ပါတယ်။ 

သမ္မတက စစ်ကြေညာရင် NLD ပါတီဝင်သာမက ရဟန်းရှင်လူ ပြည်သူ ခပ်သိမ်းဟာ..  ရရာလက်နက်ဆွဲကိုင်ပြီး စစ်ထဲဝင်ကြရမှာပါ။

လက်နက်တွေ၊ ဖိနှိပ်စိုးမိုးရေး ယန္တရားတွေ၊ အပြစ်ဒဏ် စီရင်ချက်တွေ၊ စစ်မိန့်တွေ၊ စစ်ကြေညာတာတွေ ... စတဲ့ အကုသိုလ် အလုပ် တွေက .. ( ပြည်သူ့အာဏာလွှဲအပ်လိုက်တာနဲ့ တပြိုင်နက် .. )ပြည်သူ့ကိုယ်စား ဆောင်ရွက်ဖို့ ရှေ့မှာ ဆီးကြိုနေတယ်။။ ဒါတွေိ မလုပ်ချင်ရင် ... စထဲက နိုင်ငံရေး ပါတီ မထောင်ပဲ၊  သာရေး နာရေး အသင်း ထောင်သင့်တယ်။ တေမိမင်းသားလို တောထွက် ပြီး  လောကုတ္တရာ စခန်း မြန်းကြပါလေ။ 

မင်း၊ အစိုးရ ဖြစ်လာပြီ ဆိုမှတော့ NGO လိုလို CSO လိုလို ကနွဲ့ကယင် လုပ်ချင်လို့ မရဘူး၊ ငြိမ်းချမ်းရေး နိုဗယ်ဆု သာမက  မေတ္တာဘာဝနာ ပေါက်မြောက်သူ သူတော်စင် ဖြစ်နေဦးတော့ ...  စစ်တပ်ရဲ့ လူမျိုးသုဉ်းTတ်ဖြတ်မှု ကြောင့် ICJ မှာ တက်ဖြေရှင်းရတယ်


ချုပ်ပြောရရင်

✅ NLD ဟာ ပါတီ တရပ် အနေနဲ့ လက်နက်ကိုင် လမ်းစဉ် မရှိဘူး။ 

✅ ပြည်သူက NLD ပါတီဝင်တွေကို ပြည်သူ့ကိုယ်စား  အမှုဆောင်ရွက်ရန် အာဏာ ဆင့်လွှဲသောအခါ၊ လွှတ်တော် တရပ်၊ အစိုးရ တရပ်အနေနဲ့   တာဝန်ယူတဲ့ အခါ ကာကွယ်ရေး (ဝါ) စစ်ရေး လည်း အခန်းကဏ္ဍ တရပ်အဖြစ်ပါဝင်တယ်။  ပြည်ထောင်စုလွှတ်တော်၊ CRPH ၊ ပြည်သူ့အစိုးရ ၊ NUG က ထူထောင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ သူပုန်တပ် ၊ ပါတီတပ် မဟုတ်။ အစိုးရတပ် ဖြစ်တယ်။

✅  မြန်မာ့တပ်မတော်သည် အခြေခံ ဥပဒေကို ချိုးဖောက်ပြီး အာဏာလုယူတယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ) အရ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ သူပုန်တပ် ဖြစ်တယ်။

✅ CRPH ဟာ ခုခံကာကွယ်ခွင့် ဥပဒေ၊ NUG ဟာ ခုခံကာကွယ်ရေး စစ်ပွဲ ကို ကြေညာတယ်။ နိုင်ငံသားတိုင်းဟာ ရရာလက်နက် ဆွဲကိုင်ကာ  စစ်ပွဲထဲ ပါဝင်ရန် တာဝန်ရှိတယ်။   NUG ယာယီ သမ္မတကြီးရဲ့ စစ်ကြေညာပြီးနောက် ၊ နိုင်ငံရေး ပါတီဝင်တွေ၊ EAO တွေဟာ  အကုန်လုံး NUG အစိုးရတပ်နဲ့ ပူးပေါင်းကာ သူပုန်သူကန်တွေကို နှိမ်နင်းရမှာ ဖြစ်တယ်။

✅  နိုင်ငံရေး နည်းလမ်း ဆိုတာ  ပြည်သူလူထု တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်း အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးဖို့ ဖြစ်တယ်။ စစ်တပ်တွေဟာ နိုင်ငံရေးနဲ့ စည်းခြားရမှာ ဖြစ်တယ်။ ၁၉၄၇ ပင်လုံညီလာခံမှာ စစ်တပ် မပါဝင်ဘူး။    စစ်တပ်တွေဟာ စစ်ရေးနည်းလမ်း နဲ့ပဲ သက်ဆိုင်တယ်။ နိုင်ငံရေး နဲ့ လိုင်းပူးနေတဲ့ မည်သည့် စစ်တပ်မှ ဖက်ဒရယ် ဒီမ်ုကရေစီနဲ့ မအပ်စပ်ဘူး

( NUG ဝန်ကြီးတွေအနေနဲ့ ဖြစ်စေ၊ မိဒီယာ တွေအနေနဲ့ ဖြစ်စေ၊ နိုင်ငံရေး ဝေဖန်ရေးသမား ဖြစ်စေ၊ 

မိမိဟာ ဘယ်သို့သော ခံယူချက်၊ ယုံကြည်ချက် ရှိသလဲ ဦးစွာ မိမိဘာသာ ဆန်းစစ်ဖို့ လိုတယ်။  ဘယ် position က ၊ ဘယ် view point က စကားပြောနေသလဲ သတိချပ်ဖို့ လိုတယ်။ 

" CRPH ကို လွှတ်တော်ကိုယ်စားပြု၊ NUG ကို အစိုးရ၊ PDF ကို အစိုးရတပ် ၊ မအလတပ်ဟာ သူပုန်တပ် ၊ NLD ပါတီဝင်အပါအဝင် ပြည်သူတိုင်းဟာ (ဥပဒေ နည်းလမ်းကျ )ခုခံ ကာကွယ်ရေး စစ်ပွဲတွင်း ပါဝင်နေကြတယ် "ဆိုတဲ့ အမြင်မှန်ရှိကြဖို့ လိုအပ်တယ်။

လက်နက်ကိုင် လမ်းစဉ် ဟူသော ဝေါဟာရဟာ အစိုးရတရပ်ကို ဆန့်ကျင်တဲ့ နေရာမှာသာ သုံးရတယ်။ 

တော်လှန်ရေး ဟူသော ဝေါဟာရဟာ စနစ်ဟောင်းက စနစ်သစ် ပြောင်းလဲတာ၊ လူ့ဘောင်ဟောင်းက လူ့ဘောင်သစ်ကို ပြောင်းလဲတာ ဖြစ်တယ်။  စက်မှုတော်လှန်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေး စသည်။ တော်လှန်ရေး ဆိုတိုင်း  ပုန်ကန်ထကြွတာ မဟုတ်။

Violence  နဲ့ terrorism  ကို လေနဲ့ ဝမ်း ကွဲကြဖို့ လိုတယ်။ Violence ဆိုတာ  အစိုးရတပ်ရဲ့ စစ်ရေး ၊ ကာကွယ်ရေး၊ သူပုန်တပ်ရဲ့ လက်နက်ကိုင် လမ်းစဉ်ကို ရည်ညွန်းတယ်။ terrorism ဆိုတာ  စစ်သူလျှို မဟုတ်တဲ့ အရပ်သားတွေကို ဥပဒေမဲ့ tတ်ဖြတ် တာကို ရည်ညွန်းတယ်။ 

ယနေ့ခေတ်မှာ အကြမ်းဖက်မှု ဆိုပြီး ဝါးလုံးချီးသုတ်ပြောနေတဲ့  မြန်မာဝေါဟာရဟာ လွဲမှားနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ ပါတဲ့ " အကြမ်းပတမ်းဖက် ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ " ဆိုတာ violence ကို ဆိုလိုတယ်။ )

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား