အဆိပ်သင့်စာတွေ
မြန်မာ ( ဗမာ) ၊ တရုပ် ကလား အပါအဝင် ဘယ်လူမျိုးမှ အချင်းချင်း ရန်ဖြစ်မနေချင်ကြဘူး။ အတူတကွ အေးအေးချမ်းချမ်းနဲ့ ကိုယ့် ဘဝတက်လမ်း ကို ရှာရင်း မိမိ မိသားစု မျိုးဆက် အတွက် ရှာဖွေ ၊ ရင်းနှီးရင်း အဖထက် သား၊ သားထက် မြေး ကြီးပွါးချမ်းသာတာပဲ လိုချင်ကြတယ်။ မိမိ ဘဝ တက်လမ်းကို ဂုတ်ခွစီးထားပြီး မိမိ ရှာဖွေထားသမျှကို ဂုတ်သွေးစုပ် ဖျံကျ ပြီး ဝါးမြိုတဲ့ အသိုင်းအဝန်းထဲ မနေချင်ကြပါဘူး
ဘယ်လူမျိုး မဆို မိမိဟာ ဘာလူမျိုးလဲ လို့ နေ့စဉ်တွေးတော ဂုဏ်ယူ မနေဘူး။ မိမိဟာ ဘယ်ဘာသာ ကိုးကွယ်လို့ နိဗ္ဗန်ရောက်မယ့် လူလို့ တွေးမနေဘူး။ လူမျိုးရေး ဘာသာရေး ခွဲခြား မခံရရင် အဲဒီ အမျိုးတွေ ဘာသာတွေကို မေ့လျော့လို့တောင် နေကြတယ်။ နေနိုင်တယ်။ အမျိုး ဘာသာ သာသနာဆိုတာ လူသားတယောက်အဖို့ စားဝတ်နေရေး လောက် အရေးမကြီးဘူး။ အရေးမကြီးလို့လဲ စားဝတ်နေရေးနဲ့ ပက်သက်လာရင် အဲဒါတွေကို ချိုးဖောက်ကြတာပဲ။ ရခိုင်တွေ အမျိုးမာန် ဘယ်လောက်တက်တက် မအလ ဆီ ဂွင်ကောင်းရရင် ဒူးတုပ်ခစားကြတာပဲ။ မြန်မာ(ဗမာ) တွေ မဘသ အော်နေရင်း မအလ ဘောမပြီး ခိုးနေ၊ လိမ်နေ၊ အရက်သောက်နေကြတာပဲ။ သီတဂူတောင် မုသားဝါဒ ကို ကျုးလွန်ပြီး သီလပျက်နေတာပဲ။
ဒီတော့ ဘာလူမျိုး ဘယ်ဘာသာဆိုတာ ၊ ဖိနှိပ်ခံရ တဲ့အခါ စားဝတ်နေရေး မပြေလည်တဲ့ အခါ လက်ညိုးထိုး ဖောင်းထု စရာ ၊ မာန်တင်း ဖျင်ခေါင်းကျယ်စရာ လောက်ပဲရှိတယ်။ မအလစစ်တပ်ကလည်း မြန်မာ( ဗမာ) တွေ ငတ်လာတဲ့အခါ သူတို့ကို တရားခံ လို့ မမြင်အောင် အခြား လူမျိုး အခြားဘာသာကို ဖောင်းထု ပြီး အာရုံလွှဲကြတယ်။ အခြား လူမျိုးတွေကလည်း မအလ ဖိနှိပ်ခံရ ငတ်လာတဲ့အခါ မိမိလူမျိုး ခေါင်းဆောင်တွေ တော်လှန်ရေး ဖောက်ပြန်လုပ်စားနေတာကို မမြင်ပဲ နောက်လိုက် စုဆောင်းဖို့ မြန်မာ (ဗမာ) ဖောင်းထု ပြီး ဆွပေး ကြတယ်။
အဲဒီလို အသီးသီး နိုင်ငံရေး အမြတ်ထုတ်လာကြတဲ့ အခါ အမျိုး ဘာသာ သာသနာနဲ့ ဒီ လို ဂျင်းထည့်ဖို့ သမိုင်းလိမ်တွေ၊ မှား/ မှန်ရောထွေ သမိုင်းရော တွေ ဟာ ... ဒီ ပြည်ထောင်စုကြီးထဲမှာ ကြက်ဥနဲ့ ကြက်မ လိုပဲ ဘယ်က စပြီး ဘယ်ကစ, ဖြစ်တယ်မှန်း မသိတော့တဲ့ အထိ၊ သူ့ကိုယ်လိမ်၊ ကို့ယ့်သူလိမ်၊ ကိုယ့်ကိုကိုယ်လိမ် ကြရတယ်။
ညီညွတ်ရေး ကို တည်ဆောက်ချင်ရင် အမှန်တရားကို အခြေခံရတယ်။ အမှန်တရားကို ဖုံးကွယ်ပြီး တဖက်သပ် အမြတ်ထုတ်နေရင် ညီညွှတ်မှာ မဟုတ်ဘူး။ တဖက်ကို နှိမ်ပြီး တဖက်ကို မြှောက်ပေးနေရင်လည်း ညီညွတ်ရေး မရဘူး။ မင်းသေ့ လို တိုင်းရင်းသား အကျိုးလိုလား ယောင်ဆောင်နေတဲ့ လော်ဘီတွေဟာ အလွန်အကျွံ မြှောက်ပေးလေ့ရှိတယ်။ တကယ့်က အကျိုးလိုလားတာ မဟုတ်။ ညှိနှိုင်းမရအောင် ၊ ဆုံမှတ်ပျောက်အောင် ငမွှေထိုး လုပ်နေကြတာ ဖြစ်တယ်။ အနှစ် ၇၀ လုံးလုံး ပစားမပေးခံရတဲ့ အခြားတိုင်းရင်းသားတွေဟာ သူတို့ကို စာနာ ပြရင် အလွန်ပဲ ကျေနပ် နှစ်သက်ကြတယ်။ စာနာတာလား မြှောက်ပင့်နေတာ မခွဲတတ်ကြတော့ဘူး။
အဲဒီအခါ တဖက်ကလည်း အနှစ် ၇၀ သမိုင်းဂျင်း၊ တဖက်ကလည်း မြှောက်ပင့်၊ တခါ .. သုတေသန လုပ်ဖို့လည်း ပျင်း၊ သူတပါး ပါးစပ်ဖျား လမ်းဆုံးကြသူတွေချည်းပဲ။ အောက်ခြေ အရပ်သားတင်မက ခေါင်းဆောင်တွေလည်း ပါတယ်။ သူတို့ အင်တာဗျူးကြည့်ပြီး သမိုင်းနဲ့ နိုင်ငံရေး လေ့လာမှု အင်မတန် နည်းတာတွေ့ရတယ်။ အများကြီး လေ့လာစရာ မလိုပါဘူး။ စိတ်ဝင်စားရင် google တခု နဲ့ မွှေနှောက် ဖတ်ရှူစရာတွေ အများကြီးပါ။ အများစုက ထမင်းပွဲ ရှေ့ရောက် ပြင်ဆင်ပေးတာတောင် အရိုးနဲ့ အသား ခွဲခြားပြီး ကိုယ့်ဘာသာ မစား ချင်ကြဘူး။ အဆိပ်လက်နဲ့ ချိုချိုသာ ခွံ့ကျွေးတာကို အကောင်းထင်ေနကြတယ်။
ဘယ်လူမျိုး သမိုင်းမဆို မိမိ ကောင်းကြောင်း ၊ မိမိ နစ်နာကြောင်းပဲ ရေးလေ့ရှိတယ်။ အဲဒီလို သမိုင်းတွေ ဖတ်ရရင် ဖုံးကွယ်ထားတာတွေ ရှိနေပြီ ဆိုတာ သေချာတယ်။ ဒီကမ္ဘာမြေပေါ်မှာ သူတော်စင်လူမျိုးရယ်လို့ မရှိဘူး။ ဘယ်လူမျိုးမှလည်း ဒီမြေ ဒီရေ ဒီတော ဒီတောင်က သန္ဓေတဇ ပေါက်ဖွားလာကြတာ မဟုတ်ဘူး။ ဟိုအဝေးတနေရာက ရေကြည်ရာ မြက်နုရာ ရှာရင်း ရောက်လာကြတဲ့ လူမျိုးတွေချည်းပဲ။ နယ်မချဲ့ တဲ့ ဘယ်ပဒေသရာဇ်စနစ်မှ မရှိဘူး။ နိုင်သူစားစတမ်း ပဒေသရာဇ်ခေတ်ကို ဂုဏ်ယူနေကြ ၊ အနာဖေးခွာနေကြတဲ့ အတွေးအခေါ်ကို ပယ်ဖျက်ဖို့ ယဉ်ကျေးမှုတော်လှန်ရေး ဆိုသူတွေက မစဉ်းစားကြဘူးလား။
ဒီတော့ ညီညွတ်ရေးကို တည်ဆောက်ဖို့ရာ အမှန်တရား အုတ်မြစ်ပေါ်မှာ အခြေခံရပါမယ်။ " တိုင်း division ကို နေဝင်းက စတင်ဖွဲ့တယ်၊ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်နယ် ဖွဲ့ဖို့ လိုလားတယ်၊ တောင်တန်း နယ်ခြားဒေသ သီးခြားလွတ်လပ်သော နိုင်ငံတွေ ဖြစ်တယ်၊ ၈ ပြည်နယ်မှ မဖွဲ့ရင် ဖက်ဒရယ် မဟုတ်ဘူး " ဆိုတဲ့ ... ဂျင်းတွေကို ဆေးခါးကြီး တိုက်ပြီး အပုပ်ထုတ်နေတာ ... ညီညွတ်ရေး အတွက်ပါ။
"ကွန်ဖက်ဒရေးရှင်း ၊ ခွဲထွက်ရေး" ကို မြှောက်ပေးလိုက်၊ "ဗမာတွေဟာ ဖက်ဒရယ်ကို ခွဲထွက်ရေး လို့ ထင်နေကြတယ် " လို့ ရေးပြီး နှိမ်ပြလိုက် နဲ့ တယောက်ထဲ ဝါးလုံးဖြစ်လိုက် ဝါးခြမ်းဖြစ်လိုက်နဲ့ သွေးထိုးတာမျိုး မလုပ်သင့်ပါဘူး။ လေပူဖောင်း အုတ်မြစ်တွေအပေါ်
တည်ဆောက်ရင် ဆူးတချက် ထိုးတာနဲ့ အကုန်ပြိုဆင်း ပါလိမ့်မယ်။ သမိုင်း အမှန်ဟာ ဖျောက်ထားလို့ မရပါ။ နွေဦးလှိုင်း စီးပြီး ရောကျော် လုပ် ဖျံကျကြတယ်လို့ မြင်သွားရင် ပေါက်ကွဲမယ့် time bomb တခု ထောင်ခဲ့တာနဲ့ အတူတူပါပဲ။ မအလ စစ်အုပ်စု အကြိုက်ပေတကား။
ဒီလို အဆိပ်သင့်စာတွေနောက် လိုက်မယ့် အစား ၁၉၃၅ မြန်မာနိုင်ငံတော် စီရင် အုပ်ချုပ်မှု အက်ဥပဒေ၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံစာချုပ် ၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆက်အစပ်၊ ဝေါဟာရ စာတလုံးချင်းရဲ့ နောက်ခံ သမိုင်းနဲ့ အဓိပ္ပါယ်ကို စုပေါင်း သုတေသန လုပ်ကြ၊ ဆွေးနွေးကြ ၊ သုံးသပ်ကြတာဟာ အကျိုးရှိပါတယ်။
အဲဒီလို အမှန်တရားကို ရဲရဲရင့်ရင့် ဆွေးနွေးမယ့် debate live တွေကို တခုမှ မတွေ့ရဘူး။ တဆင့်စကား တဆင့်နဲ့ ရမ်းသမ်း ဖြီးဖြန်း နေတဲ့ live တွေ၊ မိမိ ကို မိမိ ဂုဏ်ဖော် နေကြပြီး ကျီး ဘုတ် မြှောက် ၊ ဘုတ် ကျီးမြှောက်နေတဲ့ live တွေပဲ တွေ့ရတယ်။
Comments
Post a Comment