အချိန်ဝယ်ခြင်း buying the time

အချိန်ဝယ်ခြင်း buying the time

▪️ စကစဘက်က မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ် အခြေခံဥပဒေ ရေးဆွဲ ဖို့ ခွင့်ပြုတယ်ဆိုတဲ့ သတင်းကို ဖတ်ပြီး ပြုံးမိတယ်။ ဒါဟာ အချိန်ဝယ်တာ ဖြစ်တယ်။ 

ရှေးကထဲက မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ မူကွဲ အမျိုးမျိုးနဲ့ ရေးဆွဲပြီးသား ဖြစ်တယ်။ ဗားရှင်း ၃ ခုနဲ့ အထက်ရှိတယ်။ google ထဲမှာ ရှာကြည့်ပါ။


မွန်ပြည်နယ် အခြေခံဥပဒေ လည်းရှိတယ်။ FCDCC က ရေးဆွဲတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံလည်း ရှိတယ်။ ၁၀ နှစ်ကျော်ကြာခဲ့ပြီ။ တခုမှ အသက်မဝင်ဘူး။ အနည်းဆုံးတော့ လွတ်မြောက်နယ်​မြေတွေမှာ ကျင့်သုံးနိုင်တာပဲ။ မလုပ်ဖြစ်ကြဘူး။ ဒါကို ရိုးရိုးသားသား ဝန်ခံကြဖို့ လိုတယ်။ ဘာကြောင့်လဲ အဖြေရှာကြဖို့ လိုတယ်။

မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိပါပြီ။ အဲဒါကို ၂၀၀၈ အခြေခံဥပဒေထဲ ဘယ်လို သွတ်သွင်းမလဲ။  တချက်ပဲ မေးပါမယ်။ မွန်ပြည်နယ် လွှတ်တော်မှာ မြန်မာစစ်တပ် ၂၅% ထည့်သွင်းပြီး ရေးဆွဲမလား။ 

ပြည်နယ်အခြေခံဥပဒေ ဟာ ဖက်ဒရယ်အခြေခံဥပဒေ ကို အခြေခံရတယ်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ရေးထားပြီး ဖက်ဒရယ် အခြေခံဥပဒေနဲ့ အံဝင်ဂွင်ကျ မဖြစ်ရင် အချိန်ကုန် လူပန်းတာပါပဲ။

မွန်ပြည်သစ်ပါတီလက်ထဲမှာ ဗားရှင်း ၃ ခုတောင်ရှိပြီးသားပါ။ အချိန် ကုန်ခံပြီး ရေးဆွဲနေတာ  အချိန်ဝယ်ခြင်း buying the time မျှသာ ဖြစ်ပါတယ်။

▪️ စကစက မွန်ပြည်နယ်လေးကို ကွက်ပြီး ဖက်ဒရယ် ပေးမယ် လို့ စိတ်ကူးယဉ်နေသလား။ ဝ ကို အားကျနေသလား။ အတ္တနဲ့ ဖက်ဒရယ် လားလားမှ မအပ်စပ်။ UWSA နေရာဟာ ဗကပ လက်ထက်ထဲက လွတ်မြောက်နေပြီးသား။ မြန်မာစစ်တပ်တွေ က အဲဒီနေရာက ဆုတ်ခွာလာတာ မဟုတ်ဘူး။ မွန်ပြည်နယ်ထဲက မြန်မာစစ်တပ်တွေ ဆုတ်ခွာမလား ။ တွေးကြည့်။ ကလေး​တောင် သိတယ်။ 

"ပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း တွေ ရှိနေသရွေ့ ၊ ဖက်ဒရယ် စာလုံး ၃ လုံးကို  ပုတ်လောက်ကြီး ရေးပြပေမယ့်၊ အစစ်အမှန် မရဘူး " လို့  တွံ .. သင်သည် ၊ ဂနာဟိ မှတ်လော့။

▪️ အချိန်ဝယ်ခြင်း buying the time ကို စကစကပဲ လုပ်သလား ဆိုတော့ မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း စစစ်အာဏာရှင် တိုက်ဖျက်ရေးကို ဟန်ပြလုပ်ပြီး လက်တွေ့ မလုပ်ချင်လို့ ဆင်ခြေပေးဖို့ လုပ်ကြပြန်တယ်။

သူတို့ကျတော့ NUG CRPH အပေါ်  အပြစ်တင် ပုံချတဲ့ နည်းကို သုံးကြတယ်။ NUG CRPH  က " ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ မရေးဆွဲသေးလို့ ၊ ဗမာပြည်နယ် မဖွဲ့သေးလို့၊ ၈ ပြည်နယ် မလုပ်သေးလို့ " ဆိုတဲ့ ဆင်ခြေဆင်လက် ဆင်နားရွက်တွေနဲ့ အချိန်ဝယ်ကြတယ်။

အချိန်ဟာ တန်ဖိုးရှိတယ်။ အဲဒီ ဝယ်ထားတဲ့ အချိန်တွေကို အရေမရ အဖတ်မရ ဖြုန်းတီးပစ်ကြတယ်။ NUG CRPH ကို လက်ညိုးငေါက်ငေါက်ထိုးပြီး၊ စကစ နဲ့ ဆွေးနွေးမယ် ဆိုပြီး ချီတက်သွားကြတယ်။ 

▪️ သူတို့ဟာ NUG CRPH ကို အပြစ်ရှာနေချိန်မှာ ထိန်ချန်ထားတဲ့ အချက် ၂ ချက်ရှိတယ်။

(၁) NUCC လို့ ခေါ်တဲ့ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ရှိတဲ့ အချက်ကို စကားထဲ ထည့်ပြောလေ့မရှိဘူး။ ပြည်သူအများစုက NUCC ဘာလဲ မသိကြဘူး။ စကစရဲ့ အကြမ်းဖက် ကြေညာချက်တွေမှာ NUCC မပါဘူး။ ဒါဟာ အထာ ရှိတယ်။

NUCC ထဲမှာ EAO တွေပါဝင်နေတယ်။ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ ရေးဆွဲဖို့ ပထမအဆင့် NUCC ထဲ ပါဝင်ကြဖို့ လိုတယ်။ စကစနဲ့တော့ နေပြည်တော်အထိ ပေါ်တင် သွားရောက် ဆွေးနွေးပြီး ၊ NUCC ထဲ zoom meeting နဲ့ ထိုင်ရာ မထ ဆွေးနွေးဖို့ ကျတော့ လက်ရှောင်နေတယ်။ ပါဝင်တဲ့ အဖွဲ့တွေကလည်း ဝင်စို့ ထွက်စို့ ဖြစ်နေတယ်။ NUCC ဟာ သယာလံဇရပ်လိုပဲ ဖြစ်နေတယ်။ တိတ်တခိုး သမီးရည်းစား  ချိန်းတွေ့တဲ့ ပန်းခြံထဲက ချုံပုတ်ပမာ ဖြစ်နေတယ်။ " ဖေဖေကြီးကို ကြောက်တယ် " ဆိုတဲ့ စိတ်အခံနဲ့ ဘယ်လို ဖက်ဒရယ် ဖြစ်ကြမလဲ ။

(၂) CRPH ဟာ ၂၀၂၁ မတ်လ ၃၁ မှာ ဖက်ဒရယ် ဒီမိုကရေစီ charter ကို ရေးဆွဲ ထုတ်ပြန်ခဲ့တယ်။ NUCC က ပြင်ဆင်ပစ်တယ်။ ဗားရှင်း ၂ ထုတ်ပြန်တယ်။ ဒါဟာ ကတိကဝတ် သဘောတူ ကြေညာချက်ဖြစ်တယ်။  ကုလသမဂ္ဂကို charter နဲ့ ဖွဲ့စည်းတယ်။ အာဆီယံကို charter နဲ့ ဖွဲ့စည်းတယ်။ charter ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှု ရှိတယ်။

မြန်မာစစ်တပ်က အဲဒီလို ကတိကဝတ် သဘောတူ ကြေညာချက် ထုတ်ပြန်သလား။ တခါမှ ကတိ မတည် သလို၊ တခါမှ ကတိ ကြေညာချက် မထုတ်ပြန်ဘူး။ 

ဒါပေမယ့် တိုင်ရင်းသား EAO တွေ ပါတီတွေက ဘာကြောင့် နေပြည်တော်ကို အခေါက်ခေါက် အခါခါ သွားနေကြတာလဲ။  အဖြေက ရှင်းပါတယ်။ သူတို့လို ချင်တာ rule of law ဥပဒေနဲ့ အုပ်ချုပ်ခြင်း မဟုတ်၊ ဥပဒေအကြောင်း စားကောင်းသောက်ကောင်း ပြောကြတာပါ။  လိုချင်တာ ဥပဒေ မဟုတ်၊ မိမိ အစုအဖွဲ့ အကျိုးစီးပွားတွေ အတွက် ဆွေးနွေးတာပါ။  " ၈ ပြည်နယ်မူ၊ ဗမာပြည်နယ် ဖွဲ့ပေး၊ ဝ ပြည်နယ်ဖွဲ့ပေး ၊ ပြည်နယ်အခြေခံ ဥပဒေရေး ရေး" ဆိုတာတွေဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဖီလာဆန့်ကျင်နေတာ သိသိနဲ့ တမင်တကာ ခေါင်းစဉ်တပ်ကြတာပါ။ 

NUCC CRPH က ထုတ်ပြန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ charter ဟာ ကတိကဝတ် သဘောတူ ကြေညာစာတမ်း ဖြစ်တယ်။ ဥပဒေကြောင်းအရ တာဝန်ခံရတယ်။  ပါဝင်တဲ့ အချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုရဲ့ မူဝါဒ ပိုင်း တွေ ဖြစ်တယ်။ တနည်းအားဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ တခုရဲ့ ပထမ အစိတ်အပိုင်း ဖြစ်တယ်။ ဒါကို EAO တွေ၊ NUCC ထဲ မပါဝင်တဲ့ အနိုင်ရ ပြည်သူ့အာဏာရ ပါတီ ကိုယ်စားလှယ်တွေ ၊ ပြည်သူ တိုင်းရင်းသား အဖွဲ့တွေက သဘောတူ လက်မှတ်ထိုးကြဖို့ လိုအပ်တယ်။ လိုက်နာ ကျင့်သုံးဖို့ လိုအပ်တယ်။ rule of law ဥပဒေနဲ့ အုပ်ချုပ်ခြင်း ကို တကယ် လိုလား ရင် ပါဝင်ကြပါလိမ့်မယ်။ 

အချိန်ဝယ်ပြီး တောင်တောင်အီအီတွေ လုပ်နေကြသူတွေဟာ မိမိ သမိုင်း ပန်းချီကားကို မိမိ ရေးပြီး ကိုယ်တိုင် လက်မှတ်မထိုးရဲလို့  "ဗမာ ညာတယ်၊ ဗမာ မလုပ်ဘူး" လို့ ဗမာကို အပြစ်ရှာကြမယ် ဆိုရင် အင်မတန် သူရဲဘောကြောင်တယ်လို့ ရှုတ်ချရလိမ့်မယ်။ 

▪️ ဖက်ဒရယ် ဒီမိုကရေစီ Charter  ပဲလား။ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution ဘယ်မှာလဲ မေးလာသူတွေဟာ လင် မယူပဲ ကလေးမွေးချင်နေတာနဲ့ တူတယ်။ 

Charater ဟာ အခြေခံမူ ဝါဒ ဖြစ်တယ်။  ဥပမာ "ပြည်ထောင်စုကို ဖက်ဒရယ် ဒီမိုကရေစီ စနစ် နဲ့ တည်ဆောက်တယ်" လို့ ပြဒါန်းထားရင် ဒီအခြေခံနဲ့ပဲ သွားရမယ်။  လိုင်းကြောင်ပြီး "ကွန်ဖက်ဒရိတ်ကို ထောက်ခံပါတယ် " ၊  " သူတို့ပြည်နယ် သူတို့ဘာသာ အာဏာရှင်ပဲ အုပ်ချုပ် အုပ်ချုပ်၊ မင့်အပူ မပါဘူး " လို့ ထပြောရင် ဖောက်ပြန်တယ်လို့ ခေါ်တယ်။

အဲဒီတော့ EAO တွေဟာ Charater အခြေခံမူ ဝါဒ  တွေကို  လက်မှတ်မထိုးရဲကြတာ အဆန်းမှ မဟုတ်ပဲ။ မအလနဲ့ ပုလင်းတူ ဗူးစို့  တွေပဲ ၊ အပစ်ရပ် နယ်မြေနည်းနည်း ခွဲဝေ ယူပြီး ဟို စီးပွားရေး လုပ်စား တာ အသားကျနေပြီးသား။ ဒီ ဂွင်ထဲက ထွက်လာပြီး စားကောင်းသောက်ကောင်း ပြောခဲ့ မိတဲ့ " ဖက်ဒရယ် ဒီမိုကရေစီ " ကို ဘယ်လုပ်ချင်ပါ့လဲ။ မအလ စီမံပေးထားတဲ့ " အနှစ် တထောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ" မှာ အချိန်ဝယ်ပြီး နှပ်နေကြတာမှာပေါ့။


▪️ ကုလသမဂ္ဂ ကို Charter နဲ့ ထူထောင်တယ်။ အာဆီယံကို Charter ထူထောင်တယ်။  အခြေခံလိုက်နာရမယ့် မလိုက်နာရင် အရေးယူခံရမယ့် တာဝန်ယူရမယ့် တာဝန်ခံရမယ့် သီးသန့် ပုဒ်မတွေ မရှိပဲ  မူဝါဒနဲ့ ရပိုင်ခွင့် ချည်း ဖော်ပြထားတဲ့  Charter အဆင့်တောင် မပူးပေါင်း မဆောင်ရွက်နိုင်ကြရင် Constitution အဆင့်ဆိုတာ စိတ်ကူးလို့တောင် မရဘူး။

Constitution အဆင့်ကို ဘယ်လို ရေးဆွဲ မလဲ ။ ရှင်းပါတယ်။ အချုပ်အခြာအာဏာ ဟာ ပြည်သူမှာ ရှိတယ်။ ပြည်နယ် လူထုတွေက ပါဝင် ရေးဆွဲကြပါလိမ့်မယ်။ ပြည်သူတွေက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ မဲပေးခွင့်၊ လွတ်လပ်စွာ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ခွင့် ဆိုတဲ့ လွတ်လပ်ခြင်း အခြေခံရဖို့ ပဓာန ကျပါတယ်။ အတိုချုပ် " စစ်ကျွန်ဘဝက လွတ်လပ်ဖို့က ပဓာန ဖြစ်တယ်။ " " ပြည်သူသာ အဓိက" ဖြစ်တယ်။

မူလအစကတော့ တော်လှန်ရေး လုပ်ကြတာပဲ၊ အသက်လေးရလာတော့ ရေပေါ်ဆီ အီလစ်တွေ ဖြစ်လာကြတဲ့ အလွှာတွေရဲ့  တယောက် တလှည့် လက်ညိုးရင်း တောင်စဉ်ရေမရ လုပ်စား အချိန်ဆွဲ ဆွေးနွေးပွဲ ကို ရွံလှပါပြီ။ 

" ပြည်သူလူထု မပါပဲ သူတို့ဘာသာရေး၊ ပြည်သူကို ဂျင်းထည့် ၊  သူတို့ဘာသာ ရန်ဖြစ်၊ ပြည်သူကို ဆွဲထည့်၊  သူတို့ဘာသာ လက်ဆွဲ၊  ပြည်သူက ငတ်မြဲ " ဆိုတဲ့ အဆိုးကျော့သံသရာက ဖောက်ထွက်ကြဖို့ လိုပါပြီ။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား