မဲမသမာမှု ၁၁ သန်းကျော်ရှိသည်ဟူသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ စွပ်စွဲချက် မှန်ကန်မှုရှိ/မရှိ သုံးသပ်ကြည့်

၁။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ခဲ့သောတတိယအကြိမ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမသမာမှု ၁၁ သန်းကျော်ရှိကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ထုတ်ဖေါ်စွပ်စွဲခဲ့ပါသည်၊

၂။ ထိုမဲမသမာမှုများကိုဖြေရှင်းပေးရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းဆန်းစုကြည့်တို့ထံ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေဖြင့် အကြိမ်ကြိမ်တောင်းဆိုခဲ့ပါသည်၊

၃။ ထိုကဲ့သို့တောင်းဆိုခဲ့သော်လည်း ထိုမဲမသမာမှုကိုဖြေရှင်းခြင်းမပြုဘဲ တတိယအကြိမ်လွှတ်တော်များကို ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓ္ဓမနည်းဖြင့်ရယူရန်ကြိုးစားသည်ဟူသောစွပ်စွဲချက်ဖြင့် တတိယအကြိမ် လွှတ်တော်များ စတင် ကျင်းပရန်ခေါ်ယူထားသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက်အစောပိုင်းတွင် နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိမ်းသိမ်းထားပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၂၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တို့မပါဝင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူလျှက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ်ခံယူကာ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံ နိုင်ငံတော်၏အာဏာ ၃ ရပ်ကိုလွှဲအပ်ခဲ့ပါသည်၊

၄။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် နိုင်ငံ့တော်အာဏာရယူခဲ့ပြီးနောက့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စိ၏အမိန့်အမှတ် ၇/၂၀၂၁ ဖြင့် ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းခဲ့ပါသည်၊ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေတွင် ကြေညာချက်အမှတ် (၂/၂၀၂၁) ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလာဒ်များအားပယ်ဖျက်ကြောင်း ကြေညာခဲ့ ပါသည်၊

၅။ အဆိုပါကြေညာချက်အရ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့်အညီ မဲစာရင်းများစစ်ဆေးခြင်း အပါအဝင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၀၂)၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေပုဒ်မ ၁၁ နှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ တိုနှင့်အညီ ဆက်လက်လုပ်ဆောင်နှိုင်ရန် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများကို မြို့နယ်အလိုက် အသေးစိတ်စစ်ဆေးခဲ့ပါသည်၊ ထို့ပြင် မြို့နယ်အသီးသီးသီးရှိ မဲရုံတခုချင်းအလိုက်မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြိူ့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးများ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့်အတူ မြေပြင်ဖွင့်ဖေါက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်ဟု တွေ့ရှိရပါသည်၊

(ကက) ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၄၀၂) တွင် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာဥပဒေအရဆောင်ရွက်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု အတိအလင်း ပြဌာန်းထား ပါသည်၊

(ခခ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၁ တွင် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှု နှင့်ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာဥပဒေအရဆောင်ရွက်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်ဟု အတိအလင်း ပြဌာန်းထားပါသည်၊

(ဂဂ) သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ တွင် ရွေးကောက်ပွဲကိစ္စ အတွက် ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်သည် မိမိ၏ဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နှိုင်သည်။ ယင်းဆုံးဖြတ်ချက်သည်အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထား ပါသည်။

သို့ဆိုလျှင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဖွဲ့စည်းသည့် ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များကသာ အပြီးအပြတ်အတည်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက် ခံထားရသည့် နိုင်ငံတော်သမ္မတမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပ‌ဒေပုဒ်မ ၃၉၈(က) အရ ဖွဲ့စည်း တာဝန်ပေးအပ် ခံထားရသော ဦးလှသိန်းဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များကဘာဖြစ်လို့အပြီးအပြတ် အတည်မဖြစ်ရ တာပါလဲ?

၆။ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများကို မြို့နယ်အလိုက် အသေးစိတ် စစ်ဆေးခဲ့ပါသည်၊ ထို့ပြင် မြို့နယ်အသီးသီးသီးရှိ မဲရုံတခုချင်းအလိုက်မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြိူ့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးများ မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖေါက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်ဟုဆိုထားရာ မဲဆန္ဒရှင်စာရင်းများစစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွါးခဲ့သော တစ်နိုင်ငံလုံးမဲဆန္ဒရှင် အရေအတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦးဖြစ်ကြောင်းတွေ့ရှိရပါသည်ဟု သေချာတိကျခိုင်မာစွာ ဖေါ်ပြရပါမည်၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိကြောင်းစီစစ်မှုမပြုနှိုင်ဘဲ မဲပေးထားကြောင်းတွေ့ရှိရသည့်အရေအတွက်၊ မဲဆန္ဒရှင်တစ်ဦး တည်းဖြင့် မဲဆန္ဒနယ်တစ်ခုတည်းတွင် မဲတစ်ကြိမ်ထက်ပိုပေးထားကြောင်းတွေ့ရှိရသည့်အရေအတွက်၊ မဲဆန္ဒရှင် တစ်ဦးတည်းဖြင့် မဲဆန္ဒနယ်တစ်ခုထက်ပို၍မဲပေးထားကြောင်းတွေ့ရှိရသည့်အရေအတွက်၊ အသက်မပြည့်ဘဲ မဲပေး ထားကြောင်းစီစစ်တွေ့ရှိသည့်အရေအတွက်၊ ပယ်မဲများကိုထည့်သွင်းရေတွက်ထားသည့်အရေအတွက်၊ စသည် အားဖြင့် မဲမသမာမှုစုစုပေါင်းအရေအတွက် ၁၁၃၀၅၃၉၀ ဦးတွေ့ရှိရပါသည်၊ ၎င်းတို့အား သက်ဆိုင်ရာ ရွေးကောက်ပွဲ ခုံအဖွဲ့များမှ တရားဥပ‌ဒေနှင့်အညီစစ်ဆေးအရေးယူ၍ သတ်မှတ်ပြစ်ဒဏ်များချမှတ်ပြီးဖြစ်ပါသည်ဟူ၍ သေချာ တိကျခိုင်မာစွာထုတ်ပြန်ရပါမည်၊

၇။ ယခုမူ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ကြေညာချက် အပိုဒ် ၂ တွင် မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွါးခဲ့သော မှားယွင်းခဲ့သည့် တစ်နိုင်ငံလုံးမဲဆန္ဒရှင်အရေအတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦး ဖြစ်ကြောင်းတွေ့ရှိရပါသည်ဟု မဲစာရင်း မှားယွင်း မှုကို ထည့်သွင်းဖေါ်ပြထားကြောင်းတွေ့ရှိရပါသည်၊ ကြေညာချက်တွင်ဖေါ်ပြထားသောဇယားတိုင်ပါ စာရင်းဇယား များအရ အဆိုပါကိန်းဂဏန်းသည် မဲစာရင်းမှားယွင်းမှုသာဖြစ်ကြောင်းတွေ့ရှိရပါသည်၊ ကြေညာချက် ပါမဲဆန္ဒရှင်စာရင်းစစ်ဆေးတွေ့ရှိချက်ဇယားတိုင်များတွင် နိုင်ကတ်မရှိ ၄၈၆၉၄၂၇၊ ၃ ကြိမ်အထက် ၂၉၅၄၀၈၊ ၂ ကြိမ် ၃၅၉၆၂၀၆၊ တိုင်း/ပြည်နယ် Cross Check ၂၅၀၉၃၇၄၊ ၁၀၀ နှစ်အထက် ၂၀၅၆၆၊ ၁၈ နှစ်အောက် ၁၄၄၁၂ ဟုဖေါ်ပြထားသော်လည်း ၎င်းဇယားတိုင်များ၏ပေါင်းလာဒ်ဇယားတိုင်တွင် မဲမသမာမှုစုစုပေါင်းဟု ခေါင်းစဉ် တတ်၍ ၁၁၃၀၅၃၉၀ ဟုဖေါ်ပြထားသည်ကိုတွေ့ရှိရပါသည်၊ မဲစာရင်းမှားယွင်းမှုကို မဲမသမာမှုဟု တိုက်ရိုက် သတ်မှတ်၍မရပါ၊ ဦးသိန်းစိုး ဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုမဲစာရင်းမှားယွင်းမှု ၁၁ သန်း ကျော်သည် မဲ ၁၁ သန်းကျော် မသမာမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တွေ့ရှိရပါသည်၊ အကယ်၍ ဦးသိန်းစိုး ဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမှားယွင်းမှုများသည် မဲမသမာမှုဟုသတ်မှတ်လိုပါက၊ မှားယွင်းမှုတစ်ခုစီအတွက် ခိုင်လုံသော သက်သေ ပြရမည်ဖြစ်ပါသည်။ ထို့သို့သက်သေပြနှိုင်ခြင်း မရှိသည်ကိုတွေ့ရှိရပါသည်။

မဲစာရင်းမှားယွင်းမှု ၁၁ သန်း ကျော်ရှိလို့အာဏာထိန်းတာလား၊ မဲမသမာမှု ၁၁ သန်း ကျော်ရှိလို့ အာဏာထိန်း တာလား?


အများပြည်သူကြေလည်အောင်ဖြေရှင်းပေးရန် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှာတာဝန်ရှိပါသည်၊ UEC အသစ်၏ကြေညာချက်သည်မကြေလည်ပါ၊ မဲစာရင်းမှားယွင်းမှုသည့် ယခုမှမဟုတ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမဲပေးခဲ့ကြစဉ်ကလည်း အကြီးအကျယ်များယွင်းခဲ့ကြောင်းနောက်မှပေါ်လာခဲ့သည်၊ ထို့အတူ ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ များတွင်လည်းမှားယွင်းခဲ့ကြသည်၊ ၂၀၂၀ ရွေးကောက်ပွဲကာလသည် covid ကြောင့် ကန့်သတ်မှုများရှိနေသဖြင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများမဲပေးပိုင်ခွင်မဆုံးရှုံးရလေအောင် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြရပါသည်၊ မဲစာရင်း မှားသော်လည်း မဲရလာဘ်ပျက်ယွင်းရသည်ထိမသမာမှူများပြုလုပ်မရခဲ့ကြောင်း နိုင်ငံတဝှမ်း မဲပေးခဲ့ကြသည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှ သက်ရှိသက်မဲ့သက်သေများကို ကုန်စင်အောင်စစ်ဆေးပြီးသည့်တိုင် မဲမသမာမှု ရှိကြောင်း ခိုင်မာစွာမဖေါ်ထုတ်နှိုင်သည်ကိုကြည့်ခြင်းအားဖြင့်သိနှိုင်ပါသည်၊ ကြိုတင်ကြံရွယ်ချက်ဖြင့် မဲစာရင်း မှားအောင်ပြုလုပ်ခြင်းသည်မဲမသမာမှုဟုစွပ်စွဲလိုပါကလည်းမည်ကဲ့သို့ဆောင်ရွက်ကြောင်းခိုင်မာစွာသက်သေပြဖေါ်ထုတ်နှိုင်ရပါမည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူ ဦးခင်မောင်ဦးအပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် တပ်မတော်အငြိမ်းစားများ၊ အနွယ်တော်များ ၇၀ % တာဝန်ထမ်းဆောင်ကြ ပါသည်၊ တချို့မြို့နယ်ခွဲ၊ ရပ်ကွက် ကျေးရွာကော်မရှင်များတွင်လည်း တပ်မတော်အငြိမ်းစားများ ထပ်ပါလာပါသေး သည်၊ အရေအတွက်အနည်းငယ်မျှ လောက်သာခန့်အပ်နှိုင်သော ‌ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ကြံ စည်မှုဖြင့် မဲမသမာမှုများပြုလုပ်ခဲ့သည်ဟူသောစွပ်စွဲချက်သည် ယုတ္တိရှိနှိုင်ပါမည်လား၊ မဲစာရင်းများ မှားယွင်းမှု ဖြစ်စေရန် ထိုအဖွဲ့များအနေဖြင့်ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းရောမဖြစ်နှိုင်ဘူးလား၊ ၎င်းတို့အား အရေးယူ ဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိခြင်းသည်ပင်လျှင် သံသယဝင်စရာဖြစ်လျှက်ရှိပါသည်၊ အဲလိုစွပ်စွဲကြေးဆိုလျှင် မဲစာရင်းအကြောင်းပြအာဏာသိမ်းချင်လို့ လုပ်တာရောမဖြစ်နှိုင်ဘူးလားဟုစွပ်စွဲမည်ဆိုလျှင်ရောလက်ခ့ပါမည်လား

၈။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁(က) တွင် ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရအရည်အချင်းပျက်ယွင်းသူမဟုတ်သည့်ပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဟုပြဌာန်းထားပါသည်၊

(က) ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၄(က) တွင်လည်း ဤဥပဒေပါပြဌာန်းချက်များဖြင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူလည်း ဖြစ်၍ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်းဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကသက်ဆိုင်ရာမဲစာရင်း၌ ထည့်သွင်းဖေါ်ပြရမည်ဟုပြဌာန်းထားပါသည်၊ ထိုဥပဒေသည် ၂၀၁၅ ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင် ပြဌာန်းထားခြင်း ဖြစ်ပါသည်၊

(ခ) လက်ရှိ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသားများသည် အသက် ၁၈ နှစ် ပြည့်သည့် နေ့တွင် နိုင်ငံသားကတ်ရရှိရန် မဖြစ်နိုင်ပေ၊ အသက် ၁၈ နှစ်ပြည့်ပြီးသည့်တိုင် နိုင်ငံသားကတ်မရရှိသေးသော နိုင်ငံသားများစွာ ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။

(ဂ) ရွေးကောက်ပွဲစတင်သည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ အရည်အချင်းပြည့်မီသူများကိုဥပဒေအရ ပေးအပ်ထားသော မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားကတ်မရှိသေးသောသူများအား မဲဆန္ဒရှင်စာရင်းများ တွင်ထည့်သွင်းခဲ့သည်ဟု့ ဦးတင်အေး ဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေူကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ခုနှစ် ပါတီစုံအထွေေထွေရွေးကောက်ပွဲ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ မဲပေးမှုလုပ်ငန်းစဉ်ကို ချောမွေ့စေရန်အတွက် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ထုတ်ပေးခြင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်မှ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း စတင်အသုံးပြုခဲ့ပါသည်။

(ဃ) သို့ဖြစ်ပါ၍ နိုင်ကတ်မရှိသော်လည်း မဲပေးပိုင်ခွင့်ရှိသဖြင့် မဲစာရင်းတွင်ပါဝင်ရခြင်းဖြစ်ပါသည်၊ မည်သည့် အထောက်အထားမျှမရှိဘဲ မဲပေးထားသည်ကိုတွေ့ရှိမှသာ မဲမသမာမှုဟုဖေါ်ပြရမည်ဖြစ်သည်၊ ကြိုတင်မဲကောက်ယူသည့် အခါဖြစ်စေ မဲပေးသည့်နေ့ မဲပေးသည့်အခါဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ တရားဝင်ခန့်အပ်ထားသော ကိုယ်စားလှယ်များရှေ့တွင်မဲပေးကြရသည်ဖြစ်၍ အထောက်အထားမရှိသူကို မဲပေးခိုင်းခြင်းမှာ ဖြစ်နှိုင်ဘွယ်ရာမရှိသလို ရှိလာခဲ့ပါလျှင်လည်း ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းများ၏ မဲရုံအလိုက်ကိုယ်စားလှယ်များမှ တွေ့ရှိကန့်ကွက်ကြ မည်ဖြစ်ပါသည်၊ တရားဝင်တိုင်တန်းရန် ဥပဒေပြဌာန်းပေးထားပြီးဖြစ်ပါသည်၊

(င) နိုင်ငံသားစီစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ထည့်သွင်းဖေါ်ပြထားသော်လည်း အခြားခိုင်လုံသော အထောက်အထား ရှိလျှင် မဲပေးပိုင်ခွင့်ရရှိနှိုင်သည်ဖြစ်ရာ မဲပေးပိုင်ခွင့်မရှိဘဲမဲပေးခဲ့သူ အရေအတွက် မည်မျှတွေ့ရှိသည်ကို သက်သေခိုင်လုံစွာ ပြနှိုင်မှသာလျှင် မဲမသမာမှုဟု သတ်မှတ်ရမည်ဖြစ်ပါသည်၊ နိုင်ကတ်မရှိသူမဲစာရင်းတွင် ပါဝင်နေယုံမျှဖြင့် ထိုအရေအတွက် သည် မဲမသမာမှုပြုသည့်အရေအတွက်ဟု သတ်မှတ်၍မရပါ၊

၉။ မဲဆန္ဒရှင်တစ်ဦးသည် နိုင်ငံသားစီစစ်ရေးကတ်အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၂ ကြိမ်ပါဝင်နေသူ ၃၅၉၆၂၀၆ ဦးနှင့် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅၄၀၅ ဦး တွေ့ရှိသည်ဟု ဖေါ်ပြထားခြင်း

မှာ မဲစာရင်းမှားယွင်းခြင်းသာဖြစ်ပါသည်၊ မဲစာရင်းတွင်ပါဝင်နေသည့် ၂ ကြိမ်လုံး သို့မဟုတ် ၃ ကြိမ်လုံး မဲပေးထားကြောင်း သက်သေခိုင်လုံစွာတွေ့ရှိရသဖြင့် တရားဥပဒေအတိုင်းစစ်ဆေးစီရင်၍ သတ်မှတ်ပြစ်ဒဏ်များချမှတ်ပြီးမှသာလျှင် ထိုအရေအတွက်တို့ကို မဲမသမာမှု ပြုထားသည့်အရေအတွက်ဟု သတ်မှတ်ရပါမည်၊ ယခု မဲ ၂ ကြိမ် ၃ ကြိမ် ပေးထားကြောင်း အထောက်အထားခိုင်မာစွာ တွေ့ရှိသည့်စာရင်းဖေါ်ပြနှိုင်ခြင်းမရှိသည်ကိုတွေ့ရပါသည်၊

၁၀။ တိုင်း / ပြည်နယ် မဲစာရင်းများ ကို Cross Check စစ်ဆေးရာတွင် မဲစာရင်းထပ်နေသူ ၂၅၀၉၃၇၄ ဦးရှိသည်ဟု ဖေါ်ပြထားသော်လည်း ထိုအရေအတွက်အားလုံးမဲပေးထားကြောင်း သက်သေခိုင်လုံစွာတွေ့ရှိရသဖြင့် တရားဥပဒေအတိုင်း စစ်ဆေးစီရင်၍ သတ်မှတ်ပြစ်ဒဏ်များချမှတ်ပြီးမှသာလျှင် ထိုအရေအတွက်ကို မဲမသမာမှုပြုထားသည့် အရေအတွက်ဟု သတ်မှတ်ရပါမည်၊ ယခု မဲမသမာမှုဟုသတ်မှတ်နှိုင်သည့် ခိုင်လုံသောအထောက်အထားခိုင်မာစွာတွေ့ရှိသည့်စာရင်း ဖေါ်ပြနှိုင်ခြင်းမရှိသည်ကိုတွေ့ရပါသည်၊

၁၁။ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင်ပါဝင်နေသူ ၂၀၅၆၆ ဦးရှိသည်ဟုဖေါ်ပြထားခြင်းကိုဆန်းစစ်ကြည့်လျှင် ့နိုင်ငံတဝှမ်းမှာ မဲပေးသည့်နေ့တွင် အမှန်တကယ် အသက် ၁၀၀ ကျော်တဲ့သူ တစ်ယောက်မှမရှိဘူးလား၊ မဲစာရင်းတွင် အသက် ၁၀၀ ကျော်ဟု ဖေါ်ပြထား သည့်သူတွေထဲက ဘယ်နှစ်ဦးက အမှန်တကယ်မဲပေးခွင့်မရှိဘူးလဲ၊ မဲစာရင်းတွင် အသက် ၁၀၀ ကျော်ဟုဖေါ်ပြထားသည့်သူများထဲမှ အမှန်တကယ်မေးပေးခွင့်မရှိသူအရေအတွက် မည်မျှမဲပေးထားကြောင်း သက်သေ ခိုင်လုံစွာတွေ့ရှိရသဖြင့် တရားဥပဒေအတိုင်းစစ်ဆေးစီရင်၍ သတ်မှတ်ပြစ်ဒဏ်များချမှတ်ပြီးမှသာလျှင် ထိုအရေအတွက်ကို မဲမသမာမှုပြုထားသည့်အရေအတွက်ဟုသတ်မှတ်ရပါမည်၊ ယခု မဲမသမာမှုဟုသတ်မှတ်နှိုင်သည့် ခိုင်လုံသော အထောက် အထား ခိုင်မာစွာတွေ့ရှိသည့်စာရင်း ဖေါ်ပြနှိုင်ခြင်းမရှိသည်ကိုတွေ့ရပါသည်၊

၁၂။ အသက် ၁၈ နှစ်အောက် ၁၄၄၁၂ ဦးမဲစာရင်းတွင်ပါဝင်နေကြောင်းဖေါ်ပြထားသော်လည်း ထိုသူအားလုံး အမှန်တကယ်မဲပေးထားကြောင်း သက်သေခိုင်လုံစွာတွေ့ရှိရသဖြင့် တရားဥပဒေအတိုင်းစစ်ဆေးစီရင်၍သတ်မှတ် ပြစ်ဒဏ်များ ချမှတ်ပြီးမှသာလျှင် ထိုအရေအတွက်ကို မဲမသမာမှုပြုထားသည့်အရေအတွက်ဟုသတ်မှတ်ရပါမည်၊ ယခု မဲမသမာမှုဟု သတ်မှတ်နှိုင်သည့် အထောက်အထားခိုင်မာစွာတွေ့ရှိသည့်စာရင်း ဖေါ်ပြနှိုင်ခြင်းမရှိသည်ကိုတွေ့ရပါသည်၊

၁၃။ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ရွေးကောက်ပွဲနေ့မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်ဆောင်ရွက် နိုင်ကြောင်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန် ဆောင်ရွက် ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီအောင်နှိုင်‌ရေးအဖွဲ့ဝင်များ ပါဝင်၍ နေအိမ်များသို့သွားရောက်ကာဆောင်ရွက်ခဲ့ခြင်းဟူသည့်စွပ်စွဲချက်နှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလသည် COVID-19 ကပ်ရောဂါကာလဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ‌တရားမျှတ၍ လွပ်လပ်သော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနှိုင်ရေးအတွက် ညွန်ကြားချက်များထုတ်ပြန်ခွင့်ရှိသည်ဟု သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၄ တွင်ပြဌာန်းထားပါသည်၊ ကြိုတင်မဲပေးသည့်နေ့တွင် မဲရုံအလိုက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ကိုယ်စားလှယ်အသီးသီး

မဲရုံတာဝန်ခံများ မဲရုံလုံခြုံရေးများဖြင့် စံနစ်တကျ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်၊ ၎င်းတို့အနေဖြင့် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် NLD အောင်နိုင်ရေးအဖွဲ့များပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိပါက တရားဥပဒေအတိုင်းတိုင်တန်းနှိုင်ရန် ပြဌာန်းဥပဒေရှိပါသည်၊ အရေအတွက်မည်မျှ တိုင်တန်းထားကြောင်း တွေ့ရှိသည်ဟုအတိအကျဖေါ်ပြမှသာ ထိုကဲ့သို့စွပ်စွဲရမည်ဖြစ်ပါသည်၊

၁၄။ ရွေးကောက်ပွဲအကြိုကာလများတွင် UEC တံဆိပ်မပါရှိသည့် ဆန္ဒပြုအမှန်ချစ်တံဆိပ်တုံးများ ထွက်ပေါ်လာပါသည် ထိုသို့ထွက်ပေါ်လာသောဖြစ်စဉ်အပေါ် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ ထိုတံဆိပ်တုံးများကို မသမာသူများက မဲဆန္ဒရှင်များ၏ မဲများ ပယ်မဲဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာနှိုင်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့့်် UEC တံဆိပ်မပါရှိသည့် အမှန်ချစ်တံဆိပ်တုံးရိုက်နှိပ်ထားသော မဲလက်မှတ်များကိုတွေ့ရှိပါက ခိုင်လုံမဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းမှာ ဥပဒေအရဆောင်ရွက်ခြင်းသာလျှင်ဖြစ်ပါသည်၊

၁၅။ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖေါ်ပြထားသည့် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက်တွင် အသုံးပြုထားသည့် မဲအရေအတွက် ၂၇၀၉၈၀၅၈ ဟု ဖေါ်ပြ ထားသော်လည်း ဦးလှသိန်း ဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၂၆၈/၂၀၂၀) စာပိုဒ် ၃(ခ) တွင် အသုံးပြုထားသော မဲစာရွက်စုစုပေါင်းမှာ ၈၅၄၆၇၅၂၃ ဖြစ်ကြောင်းတွေ့ရှိရပါသည်၊ မဲဆန္ဒရှင်တစ်ဦးသည် ပုံမှန်အားဖြင့် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲတစ်ရွက်၊ အမျိုးသား လွှတ်တော်အတွက် ဆန္ဒမဲတစ်ရွက်၊ တိုင်း/ ပြည်နယ်လွှတ်တော်အတွက် ဆန္ဒမဲတစ်ရွက် စုစုပေါင်း ဆန္ဒမဲ (၃) ရွက် အသုံးပြုရ ပါသည်၊ တချို.တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် မဲပေးရပါက စုစုပေါင်း (၄) ရွက်မဲပေးရပါသည်၊ သို့ဆိုပါလျှင် ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖေါ်ပြထားသော ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက် ကိန်းဂဏန်းများသည် မှန်ကန် သေချာမှုမရှိသောစစ်ဆေးတွေ့ရှိချက်များဟုမှတ်ယူရပါမည်၊ ထိုမမှန်ကန်သော ကိန်းဂဏန်းများဖြင့် မဲမသမာမှုပြုပါသည်ဟူသောစွပ်စွဲချက်သည် လုံးဝမှန်ကန်မှုမရှိပါကြောင်း ဖေါ်ပြအပ်ပါသည်၊

၁၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူ ဦးခင်မောင်ဦးအပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တွင် တပ်မတော်အငြိမ်းစာ

းများ၊ အနွယ်တော်များ ၇၀ % တာဝန်ထမ်းဆောင်ကြပါသည်၊ တချို့မြို့နယ်ခွဲ၊ ရပ်ကွက် ကျေးရွာကော်မရှင်များတွင်လည်း တပ်မတာ်အငြိမ်းစာများထပ်ပါလာပါသေးသည်၊ အရေအတွက် အနည်းငယ်မျှလောက်သာခန့်အပ်နှိုင်သော ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ကြံစည်မှုဖြင့် မဲမသမာမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်သည် ယုတ္တိရှိနှိုင်ပါမည်လား၊ မဲစာရင်းများ မှားယွင်းမှုဖြစ်စေရန်ထိုအဖွဲ့များအနေဖြင့် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းရောမဖြစ်နှိုင်ဘူးလား၊ ၎င်းတို့အား အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာ မရှိခြင်းသည် ပင်လျှင် သံသယဝင်စရာဖြစ်လျှက်ရှိပါသည်၊

၁၇။ ဦးသိန်းစိုးဥက္ကဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်တွင်ပါရှိသော စွပ်စွဲ ချက်များသည် ခိုင်လုံသော တရားဝင်သက်သေခံချက်များဖေါ်ပြနှိုင်ခြင်းမရှိကြောင်းတွေ့ရပါသည်၊ စွပ်စွဲချက်များ မှန်ကန် ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပုဒ်မ ၁၉ တွင်ပြဌာန်းထားသည့် တရားစီရင်ရေးမူများနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာစစ်ဆေးရပါမည်၊ စစ်ဆေးစီရင်ပြီးအယူခံမှုမရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုပြီးမှသာထိုစွပ်စွဲချက်အတွက် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာ ရမည်ဖြစ်ပါသည်၊ ယခုမူ ဆုံးဖြတ်ချက်ကိုအရင်ကြေညာပြီး နောက်မှသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စွပ်စွဲသော မဲမသမာမှုအရေအတွက် ၁၁ သန်းကျော်ပြည့်မီရန် မဲရုံတာဝန်ရှိသူတချို့ကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၆ ၊ ၈၇ တို့ကိုဖေါက်ဖျက်လျှက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်၊ မြေပြင်တရားစွဲဆိုမှုများကိုလေ့လာကြည့်ပါကလည်း ရွေးကောက်ပွဲတာဝန်ရှိသူများကို အမှုလာရင်ဆိုင်ရင်ဒဏ်ငွေ ၁ သောင်းခွဲနဲ့ပြီးမယ် အမှုပြီးပြတ်တဲ့အတွက် နိုင်ငံခြားထွက်မယ်ဆိုလဲထွက်လို့ရမယ်၊ ဘာစွဲချက်နဲ့စွဲမှန်းလည်းမသိ မဲမသမာမှုရှိခဲ့ကြောင်း ဝန်ခံလက်မှတ်ထိုး သက်ဆိုင်ရာကော်မရှင်ရုံးက ဒဏ်ငွေစိုက်ဆောင်ပေးပြီး လဘက်ရည်တိုက်လွှတ်သည့် တရားစီရင်ရေးဖြစ်သည်၊ အမှန်တကယ်တာဝန်ရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ဦးနှင့်တကွ ညွှန်မှူး၊ ဒုညွှန်မှူးစသဖြင့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိဝန်ထမ်းများအား မည်သည့်အရေးယူမှုမျှ မပြုလုပ်ကြောင်း ထူးဆန်းစွာတွေ့ရှိရပါသည်၊ ထို့ပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ နည်းလမ်းတကျ တိုင်ကြားထာသော ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားလွှာများအပေါ် အရေးယူဆောင်ရွက်ထားခြင်းမရှိသည်ကိုတွေ့ရှိရသည်၊ ယုတ်စွအဆုံး နိုင်ငံကျော်စွပ်စွဲမှု ကြီးဖြစ်သော သီတဂူဆရာတော်ဘုရား၏ မဲ ၄ သောင်းကျော်ပါသည့် မဲပုံးကြီးကိစ္စ တာဝန်ရှိသူများကို ဖေါ်ထုတ် အရေးယူထားခြင်းမရှိသည်ကိုလည်းတွေ့ရှိရပါသည်၊

အထက်ဖေါ်ပြချက်များအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု ၁၁ သန်းကျော်ရှိသည်ဟူသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ စွပ်စွဲချက် မှန်ကန်မှုရှိ/မရှိ သုံးသပ်ကြည့်နှိုင်ပါသည်၊

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား