စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အားလုံး ၂၀၀၈ ခြေ/ဥနဲ့ ကွဲလွဲ၊ ဆန့်ကျင် (ဆောင်းပါး)
စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်အားလုံး ၂၀၀၈ ခြေ/ဥနဲ့ ကွဲလွဲ၊ ဆန့်ကျင် (ဆောင်းပါး)
ဘိုမုတ်ဆိတ် (ဥပဒေ)
၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီ ၁ ရက်နေ့မှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာကို ထုတ်ပြန်ပြီး အရေးပေါ် အခြေ အနေ ကြေညာတာကို ၂၀၀၈ အခြေခံဥပဒေ (၂၀၀၈ ခြေ/ဥ) နဲ့အညီ အာဏာထိမ်းထားခြင်းဖြစ်တယ်လို့ စစ်ကောင်စီ က တောက်လျှောက် ပြောလာတယ်။ အမှန်က အရေးပေါ်အခြေအနေကြေညာတယ်ဆိုပြီး စစ်အာဏာသိမ်းတာ။ စစ်အာ ဏာသိမ်းတာကို ၂၀၀၈ ခြေ/ဥနဲ့ အညီလုပ်ပါတယ်လို့ တစ်ဖက်သတ် ဇွတ်ပြောနေတာပါ။ ဖြစ်စဥ်ကြီး တစ်ခုလုံးဟာ အစကတည်းက ၂၀၀၈ ခြေ/ဥနဲ့ လုံး၀ ကွဲလွဲ၊ ဆန့်ကျင်နေပါတယ်။ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်အလွန် လုပ်ဆောင်မဲ့ဟာ တွေ အားလုံးဟာလည်း ၂၀၀၈ ခြေ/ဥနဲ့ ကွဲလွဲ၊ ဆန့်ကျင် နေဦးမှာပဲဖြစ်တယ်။ အာဏာသိမ်းခွင့်ရအောင် ၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အထိ ၁၅ နှစ်ကြာ စနစ်တကျ စီမံရေးဆွဲထားတဲ့ ၂၀၀၈ ခြေ/ဥ နဲ့တောင် ဆန့်ကျင်နေရတာဟာ ဥပဒေအရ လုံး၀ အခြေအမြစ် မရှိတဲ့ဟာတွေကို လုပ်ဆောင်နေလို့ပဲဖြစ်တယ်။
၂၀၀၈ ခြေ/ဥနဲ့ အရေးပေါ်အခြေအနေ
အရေးပေါ်အခြေအနေ (state of emergency) ကြေညာနိုင်တဲ့ ဖြစ်ရပ် သုံး မျိုးကို ၂၀၀၈ ခြေ/ဥ ပုဒ်မ ၄၁၀၊ ၄၁၂ နဲ့ ၄၁၇ မှာ ဖေါ်ပြထားတယ်။ ၄၁၀ က တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ် ခုခုက သူ့ဘာသာ မအုပ်ချုပ်နိုင်တော့အခါ အဲဒီ ကန့်သန့်ဒေသအတွက် ထုတ်ပြန်ရတဲ့ အရေးပေါ်အခြေအနေပါ။ ပုဒ်မ ၄၁၂ က တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်ခုခုမှာ ပြည်သူတွေ ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးမဲ့ အန္တရာယ် ကြုံလာရတဲ့အခါ အဲဒီကန့်သတ်ဒေသအတွက် ထုတ်ပြန်ရန်တဲ့ အရေး ပေါ် အခြေအနေပါ။
၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီ ၁ ရက် ကစလို့ စစ်ကောင်စီ လုပ်ဆောင်ခဲ့တာက ပုဒ်မ ၄၁၇ ကို အဓိက ရည်ညွှန်းပြီး တစ်နိုင်ငံ လုံးအပေါ် အကျိုးသက်ရောက်စေတဲ့ အရေးပေါ် အခြေအနေ ကြေညာခြင်းပါ။ ပုဒ်မ ၄၁၇ ကို မူရင်းအတိုင်း ဖေါ်ပြဖို့ လိုအပ်လာပါတယ်။ ဆက်လက်တင်ပြမဲ့ သုံးသပ်ချက်တွေဟာ အဲဒီ ဥပဒေ စာသားတွေအတိုင်း အတိအကျ ဆွေးနွေး သုံးသပ်မှာ ဖြစ်လို့ပါ။
ပုဒ်မ ၄၁၇ - “နိုင်ငံတော် အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိလျှင် နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်၀န်းလုံး ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖေါ်ပြရမည်။”
ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၁) အပိုဒ် ၅ မှာ အခုလို ဖေါ်ပြထားတယ်။ “မဲစာရင်းစစ်ဆေးအတည်ပြုခြင်းများအပါအ၀င် လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကာ/ချုပ်) ထံသို့ လွှဲအပ် တာ၀န် ပေးအပ် လိုက်သည်။”
အရေးပေါ်အခြေအနေအတွက် ဥပဒေဘောင်မ၀င်တဲ့ အကြောင်းပြချက်
၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ ၁ ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ ပထမဆုံးနဲ့ အဓိက အကျဆုံး အမိန့်ပါ။ အဲဒီအမိန့်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာကုန် အပ်လိုက်ပါတယ်။ အဲဒီအမိန့်မှာ အရေးပေါ် အခြေအနေ ကြေညာရခြင်း အကြောင်း အရင်းအဖြစ် ဒီလို ဖေါ်ပြထားတယ်။ “မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြု ခြင်း၊ ပြည်သူ့လွှတော်နှင့် အမျိုးသားလွှတ်တော် အစည်းအ၀ေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်း ပေးခြင်း မရှိသည့်အပြင် ပြည်သူ့လွှတ်တော် အစည်းအ၀ေးအစီအစဥ်များထုတ်ပြန်ကာ အစီအစဥ်အတိုင်း ဆက်လက် လုပ်ဆောင်ရန် ဆောင်ရွက် ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ ဆောင်ရွက်မှုများ ကြောင့် မြန်မာနိုင်ငံ၏ မြို့ ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိသဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံပွဲ အလံလွှင့်ထူခြင်းများ အပါအ၀င် လှုံ့ဆော်မှုမျိုးစုံပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော် တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိသည်။”
ပုဒ် ၄၁၇ မှာ ဖေါ်ပြထားတဲ့ ဥပဒေစာသား အသွားအလာဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အစိုးရဖြုတ်ချခံရ တော့မယ့် အခြေအနေကို ညွှန်းနေတာပါ။ ၁၉၄၈ လွတ်လပ်ရေးရပြီး မကြာမီ ကရင့်တော်လှန်ရေးတပ်တွေ ရန်ကုန်ကို ပတ်ချာလည် ၀ိုင်းထားတဲ့ အခြေအနေမျိုးကို ညွှန်းတာပါ။ ၂၀၂၁ အခြေအနေက အဲဒါမျိုး မဟုတ်ပါ။ ၂၀၂၁ အရေးပေါ် အခြေအနေ ကြေညာရခြင်း အကြောင်းပြချက်ဟာ ရွေးကောက်ပွဲ အငြင်းပွားမှုကို အဓိက ရည်ညွှန်းထားတယ်။ နိုင်ငံ တိုင်းမှာ ရွေးကောက်ပွဲ အငြင်းပွားမှုတွေရှိပြီး၊ အဲဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်တွေကပဲ ကိုင်တွယ်ဖြေရှင်းကြ တာပါ။ မြန်မာနိုင်ငံက ယခင် ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဒီအတိုင်းပဲ ရှင်းခဲ့တာပါ။ ရွေးကောက်ပွဲ အငြင်းပွားမှု ကို ရှင်းဖို့အတွက် ဘယ်နိုင်ငံမှာမှ အရေးပေါ် အခြေအနေကြေညာ၊ စစ်အာဏာသိမ်းတာမျိုး မလုပ်ပါ။ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ အမိန့်မှာပါတဲ့ အကြောင်းပြချက်ဟာ အရေးပေါ်အခြေအနေ မရမက ကြေညာဖို့ မဆိုင်ရာကို ဆွဲချိတ် အကြောင်းပြခြင်းသက်သက်ဖြစ်ပြီး၊ ဥပဒေအရ လုံး၀ ဘောင်မ၀င်ပါ။
နောက်တစ်ခုက ဦးမြင့်ဆွေရဲ့အမိန့်မှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” လို့ ရည်ညွှန်းဖေါ်ပြထားတယ်။ အမှန်က အဲဒီအမိန့်ထုတ်ပြန်ချိန်မှာ NLD အစိုးရကတရား၀င်အစိုးရဖြစ်နေတာ၊ ရွေး ကောက်ပွဲကို ပူပူနွေးနွေးအနိုင်ရထားတာကြောင့် နိုင်ငံတော် အာဏာရထားသူတွေဟာ NLD ဖြစ်ပါတယ်။ အာဏာ လက်ရှိဖြစ်ပြီးသားမို့ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” လုပ်ရန် မလိုပါ။ အာဏာက NLD လက်၀ယ်ရှိထားပြီးသားပါ။ အမိန့်မှာ ရေးထားတဲ့ ပုံစံက NLD ကပဲ ဦးမြင့်ဆွေထံက ဒါမှမဟုတ် ကာ/ချုပ် ထံက အာဏာကို အဓမ္မနည်းနဲ့ ရယူရန် ဆောင်ရွက်နေသလို အဓိပ္ပါယ် ဆောင်နေတယ်။ အမိန့်မှာ မဟုတ် တန်းတရားတွေကို ဖေါ်ပြနေတာပါ။ အမှန်က ပြောင်းပြန်ပါ။ NLD မှာ ရှိတဲ့ အာဏာကို ဦးမြင့်ဆွေရဲ့ အကူအညီနဲ့ ကာ/ချုပ်က အဓမ္မနည်းနဲ့ လုယူလိုက်တာပါ။
သမ္မတမဟုတ်သူ ကြေညာတဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် တရားမ၀င်ပါ
အရေးပေါ်အခြေအနေအတွက် ဥပဒေကဲ့သို့အာဏာတည်တဲ့ အမိန့်မှန်သမျှကို သမ္မတကသာ ကြေညာခွင့်ရှိပါတယ်။ “သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အမိန့် ထုတ် ပြန်၍ အရေးပေါ်အခြေအနေ ေကြညာနိုင်သည်။” လို့ ပုဒ်မ ၄၁၇ မှာ အတိအလင်းပြဋ္ဌာန်းထားတယ်။ အာဏာသိမ်းမှုကို ထောက်ခံသူတွေ ဒီလို ဆင်ခြေပေးနိုင်တယ်။ ပုဒ်မ ၇၃ အရ သမ္မတ ဦး၀င်းမြင့် အဖမ်းခံထားရစဥ် နောက်ဆုံး သမ္မတ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရထားသူ ဦးမြင့်ဆွေဟာ ယာယီသမ္မတ ဖြစ်လာတယ်။ ဒါကြောင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်နိုင်တယ်လို့ ကာပြော ပြော နိုင်တယ်။ သမ္မတ ဦး၀င်းမြင့် တာ၀န်ထမ်းဆောင် ခြင်း မပြုနိုင်တာဟာ မတရား ဖမ်းဆီး၊ ဖယ်ရှားခံရလို့ ဖြစ်တာပါ။ ပုဒ်မ ၇၁ မှာ ပြဋ္ဌာန်းထားတဲ့ သမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင် အရေးယူခြင်း (impeachment) ဥပေဒ နည်းလမ်းအတိုင်း ဖယ်ရှားခြင်းမျိုး မဟုတ်ပါ။ ပုဒ်မ ၇၁ အတိုင်း ဆောင်ရွက်မှသာ သမ္မတ ဦး၀င်းမြင့်ကို ရာထူးက ဖယ်ရှားလို့ရပါတယ်။ သမ္မတကို တခြား ဘယ် နည်းနဲ့မှ အရေးယူလို့ မရပါ။ သမ္မတ တစ်ယောက်ကို စစ်အာဏာသိမ်းဖို့ ဖမ်းဆီးထောင်ချထားခြင်းသာဖြစ်ပါတယ်။ သမ္မတ ဦး၀င်းမြင့်ကို ဖယ်ရှားတာဟာ ၂၀၀၈ ခြေ/ဥနဲ့ လုံး၀ ဆန့်ကျင်နေပါတယ်။ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတ ဦး၀င်းမြင့်ကသာ ေကြညာနိုင်ပါတယ်။ သမ္မတ မဟုတ်သူကြေညာတဲ့ ဥပဒကဲ့သို့ အာဏာတည်သောအမိန့် အမှတ် (၁/၂၀၂၁) ဆိုတာ ၂၀၀၈ ခြေ/ဥ အရကို တရားမ၀င်ပါ။
ယာယီသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ဖေဖေါ်၀ါရီ ၂၁ ရက်နေ့ကတည်းက သက်တမ်းကုန်
ယာယီသမ္မတ သက်တမ်းဟာ ခုနစ် ရက်နဲ့ ၂၁ ရက်အကြားသာရှိပါတယ်။ ယာယီသမ္မတနဲ့ ပတ်သက်လို့ ပုဒ်မ ၇၃ မှာ ပြဋ္ဌာန်းထားတယ်။ သမ္မတရာထူးလစ်လပ်သွားယင် ဒုတိယမဲအများဆုံးရထားတဲ့ ဒုတိယသမ္မတက ယာယီ သမ္မတ ဖြစ်လာပြီး သမ္မတသစ်ကို ပြန်ရွေးပြီး အစားထိုးဖို့ အဲဒီပုဒ်မမှာ ဖေါ်ပြထားတယ်။ သမ္မတရာထူးလစ်လပ်တယ်ဆိုတာ ခြေ/ဥ ပြဋ္ဌာန်းချက်နဲ့အညီ စွပ်စွဲပြစ်တင် အရေးယူခံရတာမျိုး၊ သေဆုံးသွားတာမျိုး၊ ကျန်းမာရေးအရ တာ၀န်မထမ်း ဆောင်နိုင်တော့တာမျိုး တစ်ခုခုကြောင့် သမ္မတ မရှိတော့တဲ့ အခြေအနေကို ပြောတာပါ။ သမ္မတရာထူး လစ်လပ်မှု ဖြစ်ချိန်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအ၀ေးကျင်းပချိန်ဖြစ်ယင် ခုနစ် ရက်အတွင်း၊ ပြည်ထောင်စု လွှတ်တော် အစည်းအ၀ေး ကျင်းပချိန်မဟုတ်လျင် ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအ၀ေးခေါ်ပြီး သမ္မတသစ်ကို ပြန်လည်ရွေးချယ်ရမယ်လို့ ပုဒ်မ ၇၃ မှာအတိအလင်း ပြဋ္ဌာန်းထားတယ်။ ယာယီသမ္မတဖြစ်လာပြီး ခုနစ် ရက် သို့မဟုတ် ၂၁ ရက် အတွင်း သမ္မတအသစ် ပေါ်လာပြီး ယာယီသမ္မတ သက်တမ်း အဆုံးသတ်ပါတယ်။ သမ္မတ အသစ် မရွေးနိုင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ထည့်မထားတဲ့အတွက် သမ္မတသစ်ကို ရွေးကို ရွေးရမှာဖြစ်ပါတယ်။ ဒီတော့ ယာယီသမ္မတ ဦးမြင့်ဆွေက သမ္မတကို သတ်မှတ်ချိန်အတွင်း ရွေးချယ်ဖို့ မလုပ်ဆောင် ခြင်းနဲ့ သူ့ကိုယ်သူ ယာယီသမ္မတ ဆက်လုပ်နေခြင်းဟာ ၂၀၀၈ ခြေ/ဥနဲ့ ဖီလာဆန့်ကျင်ဖြစ်ပါတယ်။ သူရဲ့ ယာယီသမ္မတ သက်တမ်းဟာ ယာယီသမ္မတ ဖြစ်လာပြီး ၂၁ ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ ၂၁ ရက်နေ့ သန်းခေါင်ယံကတည်း က ကုန်ဆုံးသွားပါပြီ။ လွှတ်တော်မှ မရှိတာ၊ ဘယ်လို အစည်းအ၀ေးခေါ်မလဲလို့ စစ်အာဏာသိမ်းမှု ထောက်ခံသူတွေ စောဒက တက်နိုင်ပါတယ်။ အဲဒီအတွက် လွှတ်တော် အစည်းအ၀ေးတွေကျင်းပခွင့်မရအောင် လုပ်ဆောင်သူတွေမှာ အပြစ်ရှိတယ်။ ဘာပြောပြော ဦးမြင့်ဆွေက ယာယီသမ္မတ ဆိုပြီး ရှိနေတာဟာ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖီလာ ဆန့်ကျင် နေပါတယ်။ ယာယီ သမ္မတဆိုတဲ့ ရာထူးဟာ ၂၀၂၁ ဖေဖေါ် ၀ါရီ ၂၁ ရက် နေ့ကတည်းက တရားမ၀င်တဲ့ ရာထူး ဖြစ်ခဲ့ပါ တယ်။
ကာလုံနဲ့ ညှိနှိုင်းမှုမရှိဘဲ ထုတ်တဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် တရားမ၀င်
“သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အမိန့် ထုတ် ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။” လို့ ပုဒ်မ ၄၁၇ မှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကာ/လုံနဲ့ ညှိနှိုင်းမှု မရှိဘဲ အရေးပေါ်အခြေအနေ ကြေညာရင် ၂၀၀၈ ခြေ/ဥနဲ့ မညီညွတ်တဲ့အတွက် တရားမ၀င်ပါ၊ အတည်မဖြစ်ပါ။ အရေးပေါ်အခြေအနေကြေညာဖို့ ကာ/လုံ အစည်းအ၀ေးကျင်းပရင်လည်း အရေးပေါ်အခြေအနေကြေညာတဲ့ အမိန့် မထုတ်ခင် အရင် ကျင်းပရမှာဖြစ်ပါတယ်။ အမိန့်ကြေညာပြီးမှ ကာ/လုံ အစည်းအ၀ေးခေါ်လျင် လုပ်ငန်းစဥ် ပြောင်း ပြန် ဖြစ်နေပြီး ပုဒ်မ ၄၁၇ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်ပါတယ်။ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီ ၁ ရက်နေ့က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မထုတ်မီအချိန်က ကာ/လုံမှာ သမ္မတဦး၀င်းမြင့်၊ နိုင်ငံခြားရေး၀န်ကြီး ဒေါ်အောင်ဆန်းစု ကြည်တို့ ပါ၀င်ပါတယ်။ သူတို့ပါတဲ့ ကာ/လုံအစည်းအ၀ေး ၂၀၂၁ ဖေဖေါ်၀ါရီ ၁ ရက်နေ့ မတိုင်မီ မရှိခဲ့ပါ။ ကာ/လုံနဲ့ ညှိနှိုင်းမှုမရှိဘဲ ဦးမြင့်ဆွေ ကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ဆိုတာ ၂၀၀၈ ခြေ/ဥ နဲ့ ဆန့်ကျင် လုပ် ဆောင်ခဲ့တာမို့ တရားမ၀င်ပါ။
၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်နေ့မှာ ကြားရမဲ့ ပုဒ်မ ၄၂၆ နဲ့ ၄၂၇
တရားမ၀င်တဲ့ အလုပ်တွေကို နှစ်နှစ်တိတိ လုပ်ခဲ့ကြပြီး တရား၀င်သယောင်ယောင်ပြဖို့ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်နေ့မှာ ပုဒ် ၄၂၆ နဲ့ ၄၂၇ ကို ကိုးကားပြီး အမိန့်တွေ တသီတတန်း ထပ်ထွက်လာလိမ့်မယ်။ နှစ် နှစ်ထက်ကျော်ပြီး အရေးပေါ် အ ခြေအနေ ကြေညာကာ ကာ/ချုပ်ကို အာဏာဆက်ပေးခွင့် မရှိကြောင်း ၂၀၀၈ အခြေခံဥပေဒ ပြဋ္ဌာန်းချက်ကို လိုက်နာ တယ်ဆိုတဲ့ သဘောပါ။ ကာ/ချုပ်ဦးဆောင်တဲ့ အရေးပေါ် အခြေအနေကတော့ ပြီးပြီးပေါ့၊ နောက်တစ်နည်းနဲ့ ဆက်လုပ် ကြမယ်ပေါ့။ သူတို့ ဘာကို၊ ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ၂၀၀၈ ခြေ/ဥ အပေါ် အခြေခံ သုံးသပ်ပါ့မယ်။
ပုဒ်မ (၄၂၆) - “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော် သမ္မတက ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကိုလွှဲအပ် ဆောင်ရွက် စေသည့်ကိစ္စနှင့် စပ်လျဥ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာ၀န် ပြီးမြောက် အောင်ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်။”
အရေးပေါ်ကာလ နှစ် နှစ်ပြီးတဲ့အခါ ကာ/ချုပ်က အဲဒီပုဒ်မကို ရည်ညွန်းပြီး ၎င်းအားပေးအပ်ထားသည့် တာ၀န်ပြီး မြောက်အောင် ဆောင်ရွက်ပြီးကြောင်း အစီရင်ခံစာကို ကာ/လုံဆီကို တင်ရမှာဖြစ်ပါတယ်။ သမ္မတထံ တင်ရမှာ မဟုတ်ပါ။ ယာယီသမ္မတ ထံကိုလည်း မဟုတ်ပါ။ ကာ/ချုပ်ဦးဆောင်တဲ့ အရေးပေါ် အခြေအနေ ကာလမှာတုန်းက အဓိက အာဏာရှိတဲ့ အဖွဲ့ဟာ စစ်ကောင်စီပါ။ ကာ/ချုပ်ဦးဆောင်တဲ့ အရေးပေါ် အခြေအနေအလွန်၊ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက် နောက်ပိုင်းမှာ အဓိက နိုင်ငံရေးအာဏာရှိတဲ့ အဖွဲ့ဟာ ကာ/လုံ ဖြစ်လာပါတယ်။ ဒါကြောင့် ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်နေ့မှာ ဘယ်လိုမျိုး ကာ/လုံ တည်ရှိနေမလဲ သေချာ ပိုင်းခြား စိတ်ဖြာဖို့လိုတယ်။ ဘယ်သူတွေပါတဲ့ ကာ/လုံလဲ၊ ဘယ်နှယောက်ပါတဲ့ ကာလုံလဲ၊ ဘယ်အချိန်က ဖွဲ့တဲ့ ကာလုံလဲ၊ အဲဒါတွေကို အောက်ပိုင်းမှာ ဆက်လက် သုံးသပ်ပြ ထားပါတယ်။
တိုင်းပြည် ရစရာမရှိ ပျက်စီးသွားအောင်လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာလား
ပုဒ်မ ၄၂၆ မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာ၀န် ပြီးမြောက်အောင် ဆောင် ရွက်ပြီးကြောင်းတင်ပြသည့် အစီရင်ခံစာ” ကိုတင်ပြမယ်တဲ့။ စစ်အာဏာသိမ်းထားစဥ်အတွင်း ကာ/ချုပ်က ဘာ တာ ၀န်တွေ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တာလဲ။ အာဏာမသိမ်းမီ ၂၀၂၁ ဇန်န၀ါရီ ၃၁ ရက် ညသန်းခေါင်ယံ အချိန်အထိ အေးဆေးတည်ငြိမ်၊ သာယာအေးချမ်းနေတဲ့ မြန်မာပြည်ကြီး အာဏာသိမ်း နှစ် နှစ်ပြည့်ပြီးတဲ့အခါ အဖက်ဖက်က ရစရာ မရှိအောင် ယိုယွင်းပျက်စီးနေလိုက်တာ။ ဒါဆို “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာ၀န် ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်းတင်ပြသည့် အစီရင်ခံစာ” ဆိုတာ တိုင်းပြည်ကို နှစ်နှစ်အတွင်း ရစရာ မရှိ ပျက်စီးသွားအောင်လုပ်တဲ့တာ၀န် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးကြောင်း အစီရင်ခံစာသာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံအနှံ့ မီးရှို့၊ လူသတ်၊ ပစ္စည်းလု စတဲ့ တိုင်းပြည်ကို ဖျက်ဆီးတဲ့ လုပ်ငန်းအပြင် ကာ/ချုပ် က ဘာတာ၀န်တွေ ပြီး မြောက်အောင် ဆောင်ရွက်ခဲ့လို့လဲ။
ပုဒ်မ ၄၂၆ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း သက်တမ်းကုန်ဆုံးနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက သူ ၂၀၂၁ ဖေဖေါ်၀ါရီ ၁ ရက် နေ့က ထုတ်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ကြောင်း ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်နေ့မှာ ကြေညာပါလိမ့်မယ်။ အဲဒါဆိုယင် ကာ/ချုပ်ဦးဆောင်တဲ့ အရေးပေါ် အခြေအနေ သက်တမ်းကုန်သွားပြီ။ ကဲ ပြီးရင် ဘာဆက်ဖြစ်မလဲ။ ဆက်လက် လုပ်ဆောင်မှာကတော့ စစ်ကောင်စီ လက်ထဲက ဘောလုံးကို ကာ/လုံ လက်ထဲကို လွှဲပေးခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ပုဒ်မ ၄၂၇ မှာ ပြဋ္ဌာန်းထားတယ်။
စစ်ကောင်စီမှ ဘောလုံး ကာ/လုံသို့ လွှဲ
ပုဒ်မ ၄၂၇ - “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် -
(က) ဖွဲ့စည်းပုံအခြေခံဥပေဒနှင့်အညီ လွှတ်တော်များ ဖွဲ့စည်းခြင်း မပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်သည်။
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပြီး ပြည် ထောင်စု အဆင့် အာဏာပိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးသည့်အချိန်အထိ နိုင်ငံတော်အာဏာကို ကျင့်သုံး ဆောင်ရွက်ခွင့် ရှိ သည်။ ထိုသို့ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင် ကျင့်သုံးဆောင် ရွက်ရမည်။ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့်များအတွက် သင့်လျော်သည့် အဖွဲ့အ စည်းများ ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ လွှဲအပ် ကျင့်သုံးဆောင်ရွက် စေနိုင်သည်။
ပုဒ်မ ၄၂၇ အနှစ်ချုပ်က စစ်ကောင်စီ နှစ်နှစ်တာ လုပ်ခဲ့တာတွေကို ကာ/လုံက ပြောင်းလုပ်မယ်။ ကာ/လုံ ကိုယ်တိုင် ဥပဒေတွေပြဋ္ဌာန်းမယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေလုပ်ဖို့တော့ လူတွေထပ်ခန့်မယ် ဆိုတာပါ။ တချို့ ပြောနေ ကြတဲ့ နာမည်အသစ်နဲ့ ပေါ်လာမဲ့ အဖွဲ့ဆိုတာ အဲဒါကို ပြောတာ။ အဲဒါဟာ ကောလာဟလ မဟုတ်ပါ။ သူတို့ရဲ့ ၂၀၀၈ ခြေ/ဥ အရကို သေချာပေါက် လုပ်ဆောင်ရမဲ့ကိစ္စပါ။
ကြားဖြတ်အစိုးရ၊ အိမ်စောင့်အစိုးရ မဟုတ်ပါ
၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်အလွန် ပေါ်လာတဲ့ အဖွဲ့ဟာ ကြားဖြတ်အစိုးရ (interim government) ဖြစ်နိုင်တယ်လို့ တချို့က ခန့်မှန်းပြောဆိုတယ်။ အဲဒီအဖွဲ့ဟာ ကြားဖြတ်အစိုးရဖြစ်တယ်၊ ရွေးကောက်ပွဲတွေကို ဦးစီးလုပ်မဲ့ အဖွဲ့ဟာ ကြားဖြတ်အစိုးရဖြစ်တယ် ဆိုတာမျိုး အာဏာသိမ်းအဖွဲ့က ၀ါဒဖြန့်ချင်တာ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ အလွန် အာဏာရလာမဲ့ သူတွေဟာ ကြားဖြတ်အစိုးရက လုပ်တဲ့ ရွေးကောက်ပွဲက အနိုင်ရလာသူတွဖြစ်တယ်၊ စစ် ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲက အနိုင်ရသူတွေ မဟုတ်ဘူးလို့ပြောပြီး တစ်စက်သားမှ မရှိတဲ့ ရွေးကောက်ပွဲ တရား ၀င်မှု (legitimacy) ကို တင်ဖို့ ကြိုးစား ၀ါဒဖြန့်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့သစ်မှာ လူရိုသေ၊ ရှင်ရိုသေ လူ အနည်း အကျဥ်း ပါလာနိုင်တယ်လို့လည်း ခန့်မှန်းနိုင်တယ်။ အများစုကတော့ ကာ/ချုပ် လူယုံတွေပဲဆိုတာ အငြင်းပွားဖွယ်မရှိပါ။
အမှန်က ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်နောက်ပိုင်း ပေါ်လာမဲ့ အဖွဲ့ဟာ ကြားဖြတ်အစိုးရ အင်္ဂါရပ်နဲ့ လားလားမျှ မအပ်စပ် ပါ။ နိုင်ငံရေးသိပ္ပံသဘောအရ ကြားဖြတ်အစိုးရ (interim government)၊ အသွင်ကူးပြောင်းရေးကာလ အစိုးရ (transitional government) ၊ ယာယီအစိုးရ (provisional government) တွေဟာ နာမည်ကွဲပေမဲ့ အနှစ်သာရ အားဖြင့် ဆင်တူတယ်။ အဲဒီအစိုးရတွေဟာ နိုင်ငံရေးစနစ် အကူးအပြောင်းမှာ အရေးကြီးတဲ့ တာ၀န်ကို ထမ်းရတဲ့ ယာယီအစိုးရတွေဖြစ်တယ်။ နိုင်ငံရေးစနစ်ဟောင်းကို ဖြိုချပြီး၊ နိုင်ငံရေးစနစ်သစ်ကိုဖေါ်ဆောင်ရာမှာ အများအကျိုး အတွက် စေတနာထား လုပ်ရတဲ့ အစိုးရတွေပါ။ အဲဒီလို အစိုးရမှာ ပါသူတွေဟာ လူရိုသေ၊ ရှင်ရိုသေ၊ ပညာရှင်၊ ပါတီစွဲ ကင်းသူတွေ ဖြစ်ပါတယ်။ ၁၉၈၅-၈၆ ခုနှစ် ဖိလစ်ပိုင်မှာ People Power နဲ့ အာဏာရှင် မားကို့(စ) ကို ဖြုတ်ချပြီး နောက် ဒီမိုကရေစီ စနစ်သစ်ဖေါ်ဆောင်ဖို့တာ၀န်ယူရတဲ့ Provisional Government of the Philippines (1986–1987) ၊ အသားအရောင်ခွဲခြားရေး၀ါဒအလွန် တောင်အာဖရိကမှာ စစ်မှန်တဲ့ လူမျိုးစုံ၊ ပါတီစုံ ဒီမိုကရေစီ စနစ် ပေါ် ပေါက်လာရေး ၁၉၉၃-၉၄ ခုနှစ်တွေမှာ တာ၀န်ယူရတဲ့ Transitional Executive Council ၊ ၁၉၉၇ ခုနှစ် သွေးစွန်းတဲ့ မေ (Black May) လို့ လူသိများတဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေအပြီး ဒီမိုကရေစီစနစ်သစ် ဖေါ်ဆောင်ရေးအတွက် ထိုင်း နိုင်ငံမှာ တာ၀န်ယူခဲ့တဲ့ ၀န်ကြီးချုပ် Anand Panyarachun ဦးဆောင်တဲ့ အစိုးရတွေဟာ နိုင်ငံရေးစနစ် အသွင်ကူး ပြောင်းရေးမှာ သမာသမတ်ကျကျ တာ၀န်ထမ်းဆောင်ခဲ့ကြတဲ့ ကြားဖြတ်အစိုးရတွေပါ။ မြန်မာနိုင်ငံမှာ ၂၀၂၃ ဖေဖေါ်၀ါ ရီ ၁ ရက်နေ့အလွန် ပေါ်လာမဲ့ အဖွဲ့သစ်ဟာ အဆိုပါ ကြားဖြတ်အစိုးရ အင်္ဂါရပ်တွေနဲ့ လားလားမျှ မအပ်စပ်ပါ။ မပြီးဆုံး သေးတဲ့ အာဏာသိမ်းမှုကို ဆုံးခန်းတိုင် ပို့ပေးရမဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်၀ေခံ အဖွဲ့ သက်သက်မျှသာ ဖြစ်ပါ တယ်။
ဒါဆို နောက်တစ်မျိုး ပြောင်းမေးမယ်။ အိမ်စောင့်အစိုးရ (care-kater government) ဆိုတာရော မဖြစ်နိုင်ဘူးလား။ အတင်းခေါ်ရင်တော့ ခေါ်လို့ရတာပေါ့။ အခုလည်း စစ်ကောင်စီအစိုးရကို အိမ်စောင့်အစိုးရလို့ သူ့ဘာသာခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးက ၀န်ကြီးချုပ်ရာထူးယူထားသေးတာ။ တကယ့် အနှစ်သာရက စစ်ကောင်စီ အစိုးရရော၊ ပေါ်လာမဲ့ အဖွဲ့သစ်ရောကို အိမ်စောင့်အစိုးရလို့ သတ်မှတ်နိုင်တဲ့ အရည်အသွေး လုံး၀မရှိပါ။ Care-taker government ဆိုတာကို အများအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် (parliamentary type of governmet) ရှိတဲ့ နိုင်ငံတွမှာ မကြာ မကြာ တွေ့ရပါတယ်။ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ၁၉၄၇ အခြေခံဥပေဒအရ မြန်မာ နိုင်ငံတွမှာ ရှိတဲ့ အစိုးရမျိုးပါ။ အဲဒီစနစ်မှာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီး အများစုဟာ ပါလီ မန်အောက်လွှတ်တော်က လာကြတယ် (ခြွင်းချက်- သြစတြေးလျ မှာ လွှတ်တော် နှစ်ရပ်စလုံးက လာတယ်)။ ၀န်ကြီး ချုပ်ဟာ လွှတ်တော်မှာ အယုံအကြည်မရှိအဆို (vote of non-confidence) မှာ အရေးနိမ့်တဲ့အခါ ရာထူးကနှုတ်ထွက်၊ လွှတ်တော် ဖျက်သိမ်းကာ သတ်မှတ်ကာလ (အများအားဖြင့် ခြောက်လ) အတွင်း ရွေးကောက်ပွဲအသစ် ထပ်လုပ်ပြီး နောက်ပေါ်လာတဲ့ အစိုးရကို အာဏာလွှဲပေးရတယ်။ အယုံအကြည်မရှိ အဆိုမှာ အရေးနိမ့်တဲ့ ၀န်ကြီးချုပ်နဲ့ အစိုးရဟာ နောက်အစိုးရ ပေါ်လာတဲ့အထိ တိုင်းပြည်ကို စောင့်ရှောက်ထားရတယ်။ အဲဒီအစိုးရကို အိမ်စောင့်အစိုးရလို့ သတ်မှတ် တယ်။ Interim government ၊ Transitional government ၊ Provisional government တို့နဲ့ မတူပါ။ သူတို့က နိုင်ငံ ရေးစနစ် အကူးအပြောင်းမှာ သမာသမတ်ကျကျ တာ၀န်ထမ်းဆောင်ပြီး နိုင်ငံရေးစနစ်သစ်ကို ပုံဖေါ်ပေးရတဲ့ ယာယီ အစိုးရတွေပါ။ Care-taker government ဆိုတာက နိုင်ငံရေးစနစ်တစ်ခုတည်းအောက်က အစိုးရ အကူးအပြောင်းမှာ တိုင်းပြည်ကိုစောင့်ရှောက်တဲ့ အစိုးရပါ။ လွန်ခဲ့တဲ့ နှစ် နှစ် စစ်ကောင်စီခန့် အစိုးရရော၊ အသစ်ပေါ်လာမဲ့ အဖွဲ့ရောဟာ ကြားဖြတ်အစိုးရနဲ့ အိမ်စောင့်အစိုးရ လက္ခဏာကြန်အင် လုံး၀ မရှိတဲ့ အဖွဲ့တွေသာဖြစ်ပါတယ်။
ကာ/လုံအသစ်ကို ဘယ်လို ဖွဲ့မလဲ၊ ကြက်ဥ-ကြက်မ အစရှာမရတဲ့ ဥပဒေပြသနာ
ပုဒ်မ ၄၂၆ အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာပေးအပ်ကျင့်သုံးစေတဲ့ အမိန့်ရုတ်သိမ်းတဲ့အခါ သူ (ကာ/ချုပ်) ခန့်အပ် တာ၀န်ပေးထားတဲ့ အဖွဲ့တွေလည်း အားလုံး တာ၀န်ရပ်ဆိုင်းသွားပါတယ်။ ဒါကြောင့်လည်း သူခန့်ထားတဲ့ ၀န်ကြီးတွေနဲ့အတူ ကာ/လုံမှာ ပါတဲ့ ၀န်ကြီးလေးပါးဖြစ်တဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေလည်း ရာထူးမှာ မရှိတော့ပါ။ သမ္မတ ဦး၀င်းမြင့်က မတရား ဖမ်းဆီး၊ ထောင်ချခံထားရတယ်။ ဒုသမ္မတ (၂) ဦးဗန်ထီးယူကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ကာ/လုံ အစည်း၀ေးမတက်။ ဒါကြောင့် ကာလုံ အဖွဲ့၀င် ၁၁ ယောက်မှာ ခြောက် ယောက် (တစ်နည်းအားဖြင့် အများစု) ပျက်ကွက်နေတော့ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက် အလွန် ကာ/လုံ ဟာ လူနည်းစုသာရှိတဲ့ တပ်ပျက်နေတဲ့ ကာ/လုံ ဖြစ်နေတယ်။ တပ်ပျက် ကာ/လုံနဲ့ ခရီးဆက်လို့ မရနိုင်။ ဒါဆို ဘာလုပ်နိုင် သလဲ။ ကာ/လုံမှာ ဖေဖေါ်၀ါရီ ၁ ရက်မတိုင်ခင် လူကြိုဖြည့်နိုင်တယ်။ လူကြိုဖြည့်ဖို့ဆိုယင် အထက်မှာ ပြောခဲ့တဲ့ အဖွဲ့သစ် ဖွဲ့ပြီး ၀န်ကြီး လေးပါး ဖန်တီးထားတာမျိုး လုပ်နိုင်တယ်။ ဒါပေမဲ့ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက် မတိုင်ခင် ကာ/လုံ က အဲဒါမျိုး အုပ်ချုပ်ရေး အာဏာ ကျင့်သုံးမဲ့ အဖွဲ့သစ်ကို ခန့်အပ်ခွင့်မရှိပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လုပ်ခွင့်အာဏာတွေကို ကာ/ချုပ်ကို ပေးထားပြီး ပုဒ်မ ၄၂၆ အရ ၂၀၂၃ ဖေဖါ်၀ါရီလ ၁ ရက်နေ့ ကာ/ချုပ် အစီရင်ခံစာ တင်ပြီး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို သက်တမ်းကုန် ယာယီသမ္မတ ဦးမြင့်ဆွေက ပယ်ဖျက်ပြီးမှသာ ကာ/လုံ က အာဏာအပြည့် ပြန်ရမှာ။ ဒါကြောင့် ကာ/လုံ အဟောင်း အသစ် အကူအပြောင်းမှာ ကြုံတွေ့ရမဲ့ ကိစ္စက ကြက်ဥ၊ ကြက်မ ဘယ်ဟာက အရင်လဲဆိုတဲ့ အစရှာမရတဲ့ ဥပဒေ ပြဿနာဖြစ်နေတယ်။ ၂၀၀၈ ခြေ/ဥ မှာ အဲဒီအ တွက် ပြဋဌာန်းချက် မရှိလေတော့၊ ထင်ရာလုပ်ဦးမှာ။ သူတို့ရဲ့ ၂၀၀၈ ခြေ/ဥကို သူတို့ပဲ ထပ်တလဲလဲ ချိုးဖောက်ဦးမှာ။ လူကြိုမဖြည့်ထားရင်လဲ ၂၀၂၃ ဖေဖေါ်၀ါရီ ၁ ရက်မှာ တပ်ပျက်ကာ/လုံဖြစ်နေမယ်။ ကြိုဖြည့်ထားယင်လည်း သူတို့ရဲ့ ၂၀၀၈ ခြေ/ဥ နဲ့ ကွဲလွဲဆန့်ကျင် လုပ်တာမျိုးဖြစ်နေတယ်။
ခြောက်လအတွင်း ရွေးကောက်ပွဲ
ခြောက်လအကြာ ၂၀၂၃ သြဂုတ်လ ၀န်းကျင်မှာ ရွေးကောက်ပွဲ လုပ်မလုပ် တချို့က သုံးသပ်ကြတယ်။ လုပ်မှာပါ။ ပုဒ်မ ၄၂၉ မှာ ဒီလို ရေးထားတယ်။ “အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာ သည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပေဒ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်။”
ရွေးကောက်ပွဲဟာ စစ်ကောင်စီကိုဖျက်ပြီး ခြောက်လအတွင်း ကျင်းပရမှာ။ ခြောက်လပြီးမှ မဟုတ်ပါ။ ဒါကြောင့် ဇူလိုင် ၃၁ ရက် ထက်နောက် မကျဘဲ ကျင်းပရမှာ။ လက်တွေ့မှာ မကျင်းပရင်လည်း သူတို့ ဥပေဒကို သူတို့ပဲ ထပ်ချိုးဖောက်ဦး မယ်။ ရွေးကောက်ပွဲ လုပ်မလားဆိုတာ မေးစရာ မလိုတဲ့မေးခွန်း။ ဘယ်လို လုပ်မလဲ ဆိုတာကိုသာ မေးရမှာ။ ဟုတ် တယ်- တိုင်းပြည်ကို နှစ်နှစ် အတွင်း ရစရာမရှိ အဖက်ဖက်က ရိုယွင်းပျက်စီအောင် အောင်မြင်စွာ ဖျက်ဆီးထားတဲ့ အခြေအနေမျိုးမှာ ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲ လုပ်မလဲ- ဒါကတော့ မေးရမဲ့ မေးခွန်းပါ။
နောက်ဖြစ်နိုင်ချေတစ်ခုက တိုင်းပြည်ကို အောင်မြင်စွာ ဖျက်ဆီးထားပြီးဖြစ်လို့ ရွေးကောက်ပွဲ လုပ်လို့မရတော့လို့ မလုပ်တော့ဘူး ပြောလာနိုင်ပါတယ်။ အကြောင်းပြချက်က ရွေးကောက်ပွဲ လုပ်မရအောင် NUG, CRPH, PDF တွေလို အကြမ်းဖက်အဖွဲ့တွေက နှောက်ယှက်လို့ဆိုပြီး ဆင်ခြေပေးနိုင်ပါတယ်။ အဲဒီအဖွဲ့တွေက နေရင်းထိုင်ရင်း ပေါ်လာတာ မဟုတ်၊ စစ်အာဏာသိမ်းခြင်းကို တုံ့ပြန်ရင်း ပေါ်လာရတာ။ ဒါကြောင့် သူတို့ကို အပြစ်တင်ရင် အဲဒါက စစ်အာဏာ သိမ်းသူတွေဆီကို မျှားဦး ပြန်တည်သွားပါတယ်။
၂၀၀၈ ခြေ/ဥ နဲ့ ကွဲလွဲ၊ ဆန့်ကျင်သော်လည်း မဖျက်ရဲ
ချုပ်လိုက်ယင် ၂၀၂၁ ဖေဖေါ်၀ါရီ ၁ ရက်နေ့ကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ လုပ် ဆောင်ခဲ့တာတွေဟာ ၂၀၀၈ ခြေ/ဥနဲ့ ဘက်ပေါင်းစုံက ကွဲလွဲ၊ ဆန့်ကျင်နေပါတယ်။ အမှန်ဆို စစ်အာဏာသိမ်း သူတွေ လုပ်လေ့ရှိတဲ့အတိုင်း ခြေ/ဥ ကို ဖျက်တယ်။ ငါတို့ လုပ်ချင်သလို လုပ်မယ်ဆိုတာမျိုး သူတို့လည်း လုပ်ချင်နေမှာ။ ဒါမှ ၂၀၀၈ ခြေ/ဥ အရဆိုပြီး အတင်းကာကွယ်၊ ကြံဖန် အကြောင်းပြချက် ပေးစရာ မလိုဘူးပေါ့။ ဒါပေမဲ့ ၂၀၀၈ ခြေ/ဥကို ဖျက်တယ် မပြောရဲဘူး။ အရင်စစ်အာဏာရှင်တွေက စစ်တပ် အာဏာသိမ်းခွင့်ရအောင် ဖန်းတီးရေးသား ထားတဲ့ ၂၀၀၈ ခြေ/ဥဟာ မြန်မာစစ်တပ်အတွက် စစ်အာဏာသိမ်းဖို့ အကောင်းဆုံး ရည်ညွှန်းစာတမ်းကြီး blue print ပါ။ ၁၉၉၃ ကနေ ၂၀၀၈ ခုနှစ်အထိ ၁၅ နှစ်အချိန်ယူ ရေးဆွဲခဲ့ရတာ။ အဲဒီထက်ကောင်းတဲ့ အာဏာသိမ်း blue print ဖန်တီးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့မှာ အချိန်လည်းမရှိ၊ အရည်အချင်းလည်း မရှိလို့ပါ။
ပြီး
Comments
Post a Comment