ဒုသမ္မတ မြင့်ဆွေဟာ အရေးပေါ် အခြေအနေ ကြေညာခွင့် ရှိပါသလား
သမ္မတ ၊ ဒုသမ္မတ၊ ယာယီ သမ္မတ ဆိုင်ရာ မေးခွန်းများ
၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၂၁ မတ်လ တွင် တရားဝင် ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ CRPH သည် ကမ္ဘာ့ အသိအမှတ်ပြု ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူမှ လွှတ်တော်၊ လွှတ်တော်မှ ကိုယ်စားပြုကော်မတီ သို့ ပြည်သူ့ဆင့်လွှဲ အချုပ်အခြာ အာဏာ အပ်နှင်းထားသော အဖွဲ့ဖြစ်ပါတယ်။
အောက်ဖော်ပြပါ အချက်များဟာ အင်္ဂလိပ်အစိုးရလက်ထက်မှ ယနေ့တိုင် တည်ဆဲ ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁( ဃ) အရ နိုင်ငံတော်ပုန်ကန်မှု မြောက်သော အချက်များကို မှတ်တမ်းပြုစုထားခြင်းသာ ဖြစ်ပါတယ်။
ဒုသမ္မတ မြင့်ဆွေဟာ အရေးပေါ် အခြေအနေ ကြေညာခွင့် ရှိပါသလား
❇️ မြင့်ဆွေဟာ နိုင်ငံတော် သမ္မတ မဟုတ်သည့်အတွက် အရေးပေါ် အခြေအနေ ကြေညာခွင့် မရှိပါ။ မြင့်ဆွေသည် ယာယီသမ္မတ ဖြစ်ပါတယ်။ ယာယီသမ္မတ လုပ်ပိုင်ခွင့်ကို ပုဒ်မ ၇၃ (က ) မှ ၇၃ (င) အထိ ပြဒါန်းထားပါတယ်။
▪️ ပုဒ်မ ၇၃ (က) အရ နိုင်ငံတော်သမ္မတ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ ဟာ ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည် ။ ပုဒ်မ ၇၃ (ခ ) အရ ဒုတိယသမ္မတ သည် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။
မြင့်ဆွေသည် ဒီပုဒ်မကို ချိုးဖောက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရမည့်နံနက် မှာ (မြင့်ဆွေ) ဟာ ယာယီသမ္မတ လုပ်ပိုင်ခွင့်မရှိသည့် အရေးပေါ်ကာလကို ကြေညာခဲ့တယ်။
▪️ ပုဒ်မ ၇၃ (ခ) နဲ့ ၇၃ (င) အရ ယာယီ သမ္မတ သက်တမ်းသည် ( ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် ဖြစ်လျှင် ၇ ရက်၊ ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် မဟုတ်လျှင် ၂၁ ရက် ) သာ တည်ရှိပါတယ်။ ၂၁ ရက်ကျော်ရင် ယာယီသမ္မတ မှ ပျက်ပြယ်ပါတယ်။
မြင့်ဆွေရဲ့ ယာယီ သမ္မတ တရားဝင် သက်တမ်းဟာ (၇) ရက်နဲ့ (၂၁ ) ရက်သာ ရှိတယ်။ ယခု မြင့်ဆွေ ယာယီသမ္မတ လုပ်နေတာ (၂) နှစ် ရှိပါပြီ။ မြင့်ဆွေဟာ ဥပဒေကို ချိုးဖောက်ထားသော သူပုန်ဖြစ်တယ်။
▪️ " ပုဒ်မ ၄၁၇။ ---------- နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည် " လို့ ပြဒါန်းထားပါတယ်။ ဒုသမ္မတ၊ ယာယီသမ္မတက ကြေညာခွင့် မရှိပါ။
▪️ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း မြင့်ဆွေ နဲ့ အစည်းအဝေး မစခင်၊ မင်းအောင်လှိုင်ဟာ ဇန်နဝါရီ ၃၁ ညဉ့်မှာ နိုင်ငံတော်သမတနဲ့ နိုင်ငံတော် အတိုင်ပင်ခံကို လွှတ်တော် ရဲ့ သဘောတူညီချက် မရှိပဲ ဖမ်းဆီးခဲ့တယ်။
ဖမ်းတဲ့ အချိန်မှာ ပြစ်မှု တစုံတရာ စွပ်စွဲချက်တောင် တရားရုံးက မကြေညာခဲ့ဘူး။ တကယ်တော့ တရားရုံးနဲ့တောင် မဆိုင်။ လွှတ်တော်က စွဲချက်တင်၊ မဲခွဲ၊ အတည်ပြုမှ နိုင်ငံတော်သမတရာထူး က ဖယ်ရှားခွင့်ရှိတယ်။ နောက်ပြီး သိန်းစိန်မဆင်းခင် ပြဒါန်းခဲ့တဲ့ ဥပဒေအရ နောက်ကြောင်း ပြန်တရားစွဲခွင့်လည်း မရှိ။
ဒါကြောင့် မအလတပ်ဟာ ဇန်နဝါရီ ၃၁ ညဉ့်မှာ နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှု ကို ကျူးလွန်ခဲ့တာ ဖြစ်တယ်
==== ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ==
၇၃။ (က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီနုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်၊
( ခ ) နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊
( င ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် ယာယီသမ္မတထံမှ အကြောင်းကြားစာရရှိသည့် နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး လစ်လပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်၊
Comments
Post a Comment