ဗိုလ်ချုပ်အောင်ဆန်းဟာ အကြမ်းဖက်သမားလား
မေး▪️ ဗိုလ်ချုပ်အောင်ဆန်းဟာ အကြမ်းဖက်သမားလား
ဖြေ ▪️ မြန်မာဝေါဟာရကို နားလည်ဖို့ လိုတယ်။ အင်္ဂလိပ်လို violence လို့ ခေါ်တဲ့ အကြမ်းဖက်ခြင်းက တမျိုး၊ terrorism လို့ ခေါ်တဲ့ အကြမ်းဖက်ခြင်းက တမျိုး .. မြန်မာ ဘာသာပြန် နှစ်မျိုးရှိတယ်။
ခုခေတ်မှာ terrorism ကို အကြမ်းဖက်ခြင်းလို့ ပြီးစလွယ် ဘာသာပြန်တာ လွှဲမှားနေတယ်။ terrorism ဆိုတာ စစ်သူလျှို မဟုတ်တဲ့ အရပ်သား တွေကို #ဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ဆိုလိုတယ်။
ကိုအောင်ဆန်းဟာ တက္ကသိုလ် ကျောင်းသားဘဝမှာ ဘင်္ဂလီ လုပ်ကြံသတ်ဖြတ်ရေးသမားတွေကို အားကျခဲ့ဖူးတယ်။ အင်္ဂလိပ် အရာရှိတွေကို သုတ်သင်ပစ်ပြီး ခြိမ်းခြောက်ကာ လွတ်လပ်ရေး ပေးအောင် လုပ်ဖို့ပါ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန့်ဖရင့် ပုသိမ်မြို့ တွင် ကျင်းပပြီး မော်တင်စွန်းသို့ နွေရာသီ စခန်း ထွက်ခဲ့ကြတယ်။ ဇီးချိုင့်ရွာ ဘုန်းကြီးကျောင်းတွင် ရွာသူရွာသားများအား "လွတ်လပ်ရေးကို လက်နက်ကိုင် တော်လှန်မှသာ ရမယ်။ ကျုပ်တို့ သူပုန် ထရမယ်"ဟု အတိအလင်းဟောပြောခဲ့လေသည်။
သခင်အောင်ဆန်း အဖြစ် တို့ဗမာအစည်းအရုံးဝင်တယ်။ တို့ဗမာအစည်းအရုံးဟာ အိုင်ယာလန် ဆင်ဖိန်း အဖွဲ့ကို အတုယူထားတာပါ။ ဆင်ဖိန်း အဖွဲ့ ဟာ IRAနဲ့ ဆက်နွယ်နေတယ်။ IRA ဟာ နောင်အခါ လော့ဒ်မောင့်ဘက်တန်ကို လှေစီး ငါးမျှားနေတုန်း ဗုံးနဲ့ ပစ်ပြီး လုပ်ကြံခဲ့တယ်။
violence လို့ ခေါ်တဲ့ အကြမ်းဖက်ခြင်းက " ရရင်ရ မရင် ချ" ဆိုတဲ့ မူပဲ။
ဗြိတိသျှ လေဘာပါတီ ခေါင်းဆောင် ဆာစတက်ဖို့ကရစ်က သင်တို့ လွတ်လပ်ရေး ဘယ်လို ယူမလဲလို့ မေးတဲ့အခါ၊ သခင်အောင်ဆန်း. က " တရားမျှတတယ် ထင်တဲ့နည်းဆိုတာက ရရာနည်းကိုသုံးပြီး လုပ်မယ်လို့ ပြောချင်တာပါပဲ။ ဥပမာဆိုရင် ခင်ဗျားရဲ့ အင်္ကျီအိတ်မှာ ချိတ်ထားတဲ့ ဖောင်တိန်မင်တံဟာ ကျွန်တော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ဒီဖောင်တိန်ကို ကျွန်တော့်ဆီက အနိုင်ကျင့်ပြီး ယူထားတယ် ဆိုပါတော့။ ဒီတော့ ကျွန်တော် ခင်ဗျားကို ချော့မော့ပြီး ကျွန်တော် ဖောင်တိန် ပြန်ပေးပါဗျာလို့ စကားကောင်းပြောပြီး တောင်းမယ်။ မရရင် နောက်တစ်နည်းနဲ့ ထပ်ပြီးတောင်းမယ်။ အဲဒီလို ပြောတောင်း တာတောင်မရတဲ့ အဆုံးကျရင် ခင်ဗျားကျွန်တော့် ဖောင်တိန်ကို မပေးဘူးလား၊ ပေးမှာလားလို့ ခြိမ်းခြောက် ပြောဆိုပြီး တောင်းမယ်။ ဒါနဲ့မှမရခဲ့ရင် ဟောဒီလို အတင်းလုယူမယ်ဗျာ” ဆိုပြီး ဆတ်ကနဲ ကုတ်အင်္ကျီ ပြဲအောင် လုယူပြခဲ့တယ်။
၁၉၄၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသားကွန်ဂရက် နှစ်ပတ် လည်အစည်းအး (Indian National Congress, Ramgarh) သို့ တက်ရောက်လေ့လာရန် ရန်ကုန်မှ အိန္ဒိယသို့ ထွက်ခွာလာခဲ့ပါသည်။ ကွန်ဂရက် အစည်းအဝေးပြီးသည့် နောက် အိန္ဒိယပြည်နယ် အသီးသီးသို့ သူခရီးလှည့်လည်ခဲ့ပါတယ်။ မတ်လ ၃၀ရက်နေ့တွင် အနောက်မြောက်နယ်စပ် ပတ်ရှ၀ါပြည်နယ် (Peshawar) သို့ သူရောက်ခဲ့ပြီး ဆာမိုင်ကယ်အို ဒွိုင်းယား (Sir Micheal O'Dawyer) ကို လုပ်ကြံသတ်ဖြတ်ရန် စေ့ဆော်ပေးခဲ့သော စိတ် ဓာတ်ကို သူချီးကျူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဧပြီလ ၂ ရက်နေ့တွင် (Lahore) မြို့၌ လွတ်လပ်ရေးကို အကြမ်းမဖက်ဘဲ ရနိုင်မည်မဟုတ်ကြောင်း သူပြောခဲ့ပါတယ်။ ( ဗြိတိသျှ ရန်သူတော်စာရင်း၀င် Burma List အမှတ်(၅) ၏ နောက်ဆက်တွဲသမိုင်း ထုတ်ဝေသောနေ့စွဲ ၁ ရက်၊ ဇန်န၀ါရီ ၁၉၄၂ )
မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဖြစ်တဲ့ ဘဝမှာ ဦးအောင်ဆန်း ဟာ ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် မိန့်ခွန်း ပြောကြားခဲ့တယ်။
" အဲဒီလို အာဏာ လွှဲပြောင်းတာဟာ အေးအေးဆေးဆေးနဲ့လဲ လုပ်ချင် လုပ်နိုင်တာဘဲ။ ဒီလိုမှ မဟုတ် အကြမ်းပတမ်းဖက် ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အာဏာ လွှဲပြောင်းတာ မရှိဘဲနှင့် လွတ်လပ်ရေး မရနိုင်ဘူး။ " (၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ )
သူက တဖက်မှာ အစိုးရ အဆင့်အမြင့်ဆုံး ရာထူး ယူထားပြီး ၊ တဖက်မှာ ခါးပိုက်ဆောင်တပ် ရှိနေတယ်။
ကန္ဒီစာချုပ်အရ အင်အား ၈ သောင်းရှိတဲ့ မျိုးချစ်ဗမာ့တပ်မတော် PBF ကို ဖျက်သိမ်းပြီး ၊ PBF ဗိုလ် ၂၅၀ + ၂၅၀ ၊ စစ်သား ၅၀၀၀ ကို ဗြိတိသျှ မြန်မာပြည်တပ်မတော်ထဲ "ဘားမားရိုင်ဖယ်" တပ်ရင်း အသစ်တွေအဖြစ် သွတ်သွင်းလိုက်တယ်။
ကျန်ရှိနေတဲ့ စစ်သည်တွေဟာ တပ်က ထွက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း တပ်က ထွက်တယ်။ အဲဒီစစ်သည် ၇ သောင်းကျော်ကို အရပ်သား ပြည်သူ့ရဲဘော်အဖွဲ့ ဖွဲ့ပေးတယ်။ ဦးအောင်ဆန်းက ဥက္ကဌ ဗိုလ်ချုပ် ဖြစ်တယ်။ အရပ်သားအဖွဲ့ ဖြစ်လို့ ယူနီဖောင်းဝတ်ပေမယ့် လက်နက်ကိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အပြီး စစ်ကျန် လက်နက်တွေ ပြန်မအပ်ပဲ ကိုင်နေကြတဲ့ ကာလဖြစ်တယ်။
ဒဲ့ပြောရရင် ပြည်သူ့ရဲဘော်အဖွဲ့ ဟာ ဖဆပလ ပါတီ ခါးပိုက်ဆောင်တပ် ဖြစ်တယ်။ ၁၉၄၆ ရွေးကောက်ပွဲမှာ ဖဆပလ အမတ်လောင်းတွေ အဖြစ် ဝင်ပြိုင်ပြီး တိုင်းပြုပြည်ပြု အမတ်တွေ ဖြစ်လာကြတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ ၊ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောတာာ ဖြစ်တယ်။ " လွှတ်တော်အမတ်တွေဟာ တော်လှန်ရေး အမတ်တွေ ဖြစ်တယ်" လို့ ပြောတာ ဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းပြောတာတဲ့ အကြမ်းဖက်ခြင်း ဟာ
(၁) ပါတီ လက်အောက်ခံ ပြည်သူ့ရဲဘော်တွေရဲ့ လက်နက်ကိုင် တော်လှန် ရေး armed revolution နဲ့
(၂) အစိုးရလက်အောက်ခံ ဗြိတိသျှ မြန်မာပြည်တပ်မတော် အောက်က ဘားမားရိုင်ဖယ် ဗမာတပ်ရင်းတွေရဲ့ စစ်ရေး နည်းလမ်း military action ကို ပေါင်းစပ်ပြီး
"ချ" မယ်လို့ ခြိမ်းခြောက်တာ ဖြစ်တယ်။ တဖက်က ဥပဒေကြောင်းအရ ဒီမိုကရေစီ စံအရ ၊ ၁၉၄၆ ရွေးကောက်ပွဲက ရတဲ့ ပြည်သု့အာဏာ တရားဝင်မှု ကို ကိုင်ထားပြီး၊ နောက်တဖက်က လက်နက်ကိုင် ခြိမ်းခြောက်ထားတာ ဖြစ်တယ်။
Comments
Post a Comment