NCA နှင့် NUG အကြောင်း နော်စီဖိုးရာစိန်နှင့် မေးမြန်းချက်

NCA နှင့် NUG အကြောင်း နော်စီဖိုးရာစိန်နှင့် မေးမြန်းချက်

မေး။ ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း EAO တချို့ဟာ NCA ကို ဆက်လက်မျှော်လင့်နေကြတုန်းပဲဆိုတာ တွေ့ရတယ်။ ဘာကြောင့်လဲ။

ဖြေ။ ။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြတယ်။ လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ 

စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။ စစ်တပ်နဲ့လား။ စာချုပ်ပြဌာန်းချက်အရ ညှိနှိုင်းဖို့ဆို (အစိုးရ/စစ်တပ်/EAO) သုံးဖွဲ့စလုံး ပါဖို့ လိုတယ်။ နိုင်ငံရေး ပြဿနာတွေဟာ မြန်မာစစ်တပ်၊ EAO နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။  တိုင်းပြည်အာဏာကို အင်အားသုံး သိမ်းယူလိုက်တယ်ဆိုကတည်းက မြန်မာစစ်တပ်ဟာ NCA ကို တရားဝင် ချိုးဖောက်လိုက်ပြီးသား ဖြစ်သွားခဲ့ပြီ။ 

NCA မှာ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အသေအချာ ပြဌာန်းထားတယ်။ နှိပ်စက်ညှင်းပန်းတာ မလုပ်ရဘူး။ ဒါကြောင့် နိုင်ငံသားတွေကို နှိပ်စက်ညှင်းပန်တာမျိုး မလုပ်သင့်ဘူး။ ခုတော့ သူတို့ဟာ ကိုယ်ပေးထားတဲ့ကတိ ကိုယ်ပြန်ချိုးဖောက်ပြီး နိုင်ငံသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ 

ဒီလို ကိုယ့်နိုင်ငံသား ကိုယ်ပြန်သတ်တဲ့ စစ်အာဏာရှင်နဲ့ ဘယ်လိုအပေးအယူလုပ်မှာလဲ။ ကျမအမြင်ပြောရရင် EAO တွေ သေသေချာချာ စဥ်းစားကြဖို့ပဲ။ ကျမတို့ လုပ်သင့်တာက ဒီအကြမ်းဖက် စစ်အာဏာာရှင် ပြိုလဲဖို့ဖြစ်တယ်။ သူတို့ကို ပြန်လှန် တိုက်ရဲဖို့လိုတယ်။ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ တခုတည်းသော နည်းလမ်းတော့ မဟုတ်ဘူး။ နည်းလမ်းအသွယ်သွယ်ရှိတယ်။ 


ကျမတို့ EAO တွေ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်။ တရားမျှတ မှန်ကန်တဲ့ တော်လှန်ရေးဟာ တနေ့အောင်ပွဲခံမှာပဲ။ ရန်သူကိုတော့ ရန်သူလိုပဲ မြင်ဖို့လိုတယ်။ ရန်သူနဲ့ မိတ်ဆွေ ကွဲကွဲပြားပြား ခွဲခြားဖို့လည်းလိုတယ်။ မဟုတ်ရင် တော်လှန်‌ရေးမှာ အဖုအထစ်တွေရှိမယ်။ 

ဒါတော်လှန်ရေးသမားတိုင်း သတိထားရမယ့် အချက်ပဲ။ ကျမတို့ တော်လှန်ရေးရဲ့ ပန်းတိုင်က ဘာလဲ။ ကျမတို့ ဖိနှိပ်ညှင်းပန်းအုပ်ချုပ်တဲ့ လက်အောက်မှ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ကြတယ်။ ဒီကနေ့ မြို့ပြမှာ တွေ့နေရတဲ့ ဖိနှိပ်ညှင်းပန်းမှုမျိုးပေါ့။ ခု လူတိုင်းက အာဏာရှင်ကို ဆန့်ကျင်လာကြပြီ။ ကျမတို့လည်း မပါသင့်ဘူးလား။ သေချာတာပေါ့။ ကျမတို့ ပါသင့်တာပေါ့။ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားလို့ ခံယူထားတဲ့ EAO အားလုံး ဒီအချက်ကို သဘောပေါက်ဖို့လိုတယ်။ 


မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့တဲ့အကြောင်းရယ် KNU Concerned Group က ဘာကြောင့် NUG ကိုထောက်ခံရသလဲ ဆိုတာရယ် ပြောပြနိုင်မလား။

ဖြေ။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ရွေးကောက်ခံ လွှတ်‌တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH  ဖွဲ့တယ်။ သူတို့က ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသူတွေ လွှတ်တော်ကို ကိုယ်စားပြုသူတွေ။ အုပ်ချုပ်ရေး လိုအပ်ချက်အရ CRPH ဟာ ကြားဖြတ်အစိုးရတခု ဖွဲ့လိုက်တယ်။ သူတို့က အမျိုးသားညီညွတ်‌ရေး အစိုးရ NUG လို့ခေါ်တယ်။ အစိုးရအဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်တွေပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ EAO နဲ့  နိုင်ငံရေး ပါတီများ၊ အထွေထွေသပိတ်ကွန်ယက်မှ ကိုယ်စားလှယ်များ ပါတယ်။ NUG မထူထောင်ခင် အမျိုးသားညီညွတ်‌‌ရေး အတိုင်ပင်ခံကောင်စီ NUCC ကိုဖွဲ့တယ်။ NUCC က ပြည်နယ်တိုင်း လွှတ်တော်တွေနဲ့ ချိတ်ဆက်ပြီး NUG ကို ထောက်ပံ့မယ်။ NUCC မှာ EAO ခေါင်းဆောင်အဆင့်တွေ ကိုယ်စားလှယ်အနေနဲ့ ပါတယ်။ တိုက်ရိုက်တော့ မဟုတ်ဘူး။ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား အုပ်စုတွေဟာ EAO တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့ဘောင်အဖွဲ့ ဘာသာရေးအဖွဲ့တွေနဲ့ တိုင်းပြည်ကို ကိုယ်စားပြုပြိး ကော်မတီဖွဲကြတယ်။  သူတို့အထဲကမှ NUG ထဲမှာပါဖို့ ကိုယ်စားလှယ် လွှတ်မယ်။ ဒါကြောင့် NUG ဟာ တိုင်းရင်းသား ကိုယ်စားပြုမှုရှိတယ်။

ရှင်းရှင်းပြောရရင် ကျမတို့ CRPH ကို အကဲခတ်တယ်။ ပထမဆုံး သူတို့ မြန်မာစစ်တပ်ကို ဆန့်ကျင်တယ်။ ဒုတိယ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတယ်။ ကျမတို့က NLD အစိုးရလက်ထက် ကတည်းက ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ သူတို့ မတတ်နိုင်ခဲ့ဘူး။ အခု CRPH က ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာလိုက်ပြီ။ ဒါဟာ ကျမတို့တော်လှန်ရေးရဲ့ ချဥ်းကပ်မှုနဲ့ ကိုက်ညီတဲ့ လုပ်ရပ်ကောင်းပဲဖြစ်တယ်။ တတိယ အနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာတယ်။ အရင်တုန်းက မြန်မာစစ်တပ်က တိုင်းရင်းသားတွေအပေါ် ရက်စက်ကြမ်းကြုတ် အကြမ်းဖက်တာတွေ လုပ်ခဲ့ပေမဲ့ လူမသိဘူး။ မြို့ပြနေ ပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်အကြမ်းဖက်တာကို သတိမပြုမိကြဘူး။ ခု သူတို့ရဲ့ ရက်စက်မှုတွေကို မြို့ကြီးတွေမှာ တွေ့လာရတယ်။ CRPH က သူတို့ကို အကြမ်ဖက်အဖွဲ့လို့ ကြေညာတယ်။ ဒါကို ကျမတို့ ထောက်ခံတယ်။ လူထုကြီး ဒီကနေ့ ခံစားနေရတာတွေဟာ အရင်က ကျမတို့ ခံစားခဲ့ရတဲ့ အတိုင်းပဲ။ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ ကျမတို့တော်လှန်ရေးအတွက် ကောင်းတယ်။ ဒီအတွက် ကျမတို့ထောက်ခံတယ်။ 

မေး။ ။ NUG က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းလာအောင် ကူညီမှာလား။

ဖြေ။ ။ NUG  မှာ NLD အဖွဲ့ဝင်တွေ မြန်မာတွေချည်းပဲ မဟုတ်ဘူး။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် မူဘောင်ကို ချခင်းပြထားတယ်။ နံပတ် (၁) NUG က ဖက်ဒရယ် အခြေခံဥပဒေ ရေးဆွဲဖို့ သဘောတူတယ်။ ၁၉၉၀ ရွေးကောက်ပွဲက ရွေးကောက်ခံ အမတ်တွေနဲ့ အရပ်ဖက် လူ့ဘောင်မှ ပါဝင်ပြီး ဖက်ဒရယ်အခြေခံဥပဒေ ဒုတိယမူကြမ်း ရေးထားတာရှိတယ်။ ပြီးတော့ ဒေါက်တာ လျံမှုန်းဆာခေါင်းကို ဖက်ဒရယ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်တယ်။ သူက ချင်းလူမျိုး။ အရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ဖက်ဒရယ်အခြေခံဥပဒေ မူကြမ်း ရေးတဲ့အထဲမှာလည်း သူပါခဲ့တယ်။ အရင် အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု (NDF)၊  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) မှာလည်း သူပါခဲ့တယ်။ သူလိုလူမျိုးကို တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် NUG ထဲမှာ ရထားတာဟာ ကျမတို့အတွက် အင်အားပဲ။ ပြီးတော့ ဖက်ဒရယ် အခြေခံဥပဒေတခု ရေးဆွဲဖို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ NUG သဘောတူပြီးဖြစ်တယ်။ ကျမတို့ KNU က NUG ထဲမှာ ကိုယ်စားလှယ်ရမလား/မရဘူးလား မသေချာဘူး။ ဘာပဲဖြစ်ဖြစ် ကရင် ကိုယ်စားလှယ်ကတော့ ပါနေပြီ။ ဒါဟာ ကျမတို့အတွက် အင်အားပဲ။ 

ဒီတော့ ကျမတို့ တော်လှန်ရေးရဲ့ အခြေခံမူကို အခု ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးလာပြီ။ ကျတို့ တဖွဲ့တည်း တိုက်လို့ကတော့ တော်လှန်ရေး အောင်မြင်မှာ မဟုတ်ဘူး။ ဗမာပြည်က အခြားတိုင်းပြည်တွေနဲ့ မတူဘူး။ ဒီမှာက လူမျိုးစုံနေတဲ့တိုင်းပြည်။ ဒါကြောင့် ကျမတို့ တော်လှန်ရေး အောင်မြင်ဖို့ မိတ်ဆွေရှာဖို့လိုတယ်။ ဒီစစ်အာဏာရှင် လက်အောက်မှာ ကျမတို့နဲ့ အတူတူ ခံစားဖူး နှိပ်စက်ခံဖူးတဲ့ အပေါင်းအသင်းတွေ ရှာရမယ်။ သူတို့ဟာ ကျမတို့ရဲ့ မိတ်ဆွေတွေဖြစ်တယ်။ သူတို့နဲ့ မိတ်ဖွဲ့ဖို့လိုတယ်။ 

ဒါဟာ အောင်ပွဲခံဖို့အတွက် KNU ရဲ့ တော်လှန်‌ရေးလမ်းကြောင်း နိုင်ငံရေး လမ်းကြောင်းပဲ။ နောက်ပြီး KNU ကို မဆန့်ကျင်ဘူး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့  အဖွဲ့တွေကို ရှာဖွေရယ်။ သူတို့ဟာလည်း ကျမတို့မိတ်ဆွေပဲ။ သူတို့နဲ့ မဟာမိတ် ဖွဲ့ရမယ်။ CRPH နဲ့ NUG ထူထောင်မှုဟာ ကျမတို့ တော်လှန်ရေး နဲ့ နိုင်ငံရေး ချဥ်းကပ်မှုအတွက် အရင်ခေါင်းဆောင်တွေ (ယခုခေါင်းဆောင်တွေကို ပြောတာမဟုတ်ဘူး) ချမှတ်ထားခဲ့တဲ့ လမ်းစဥ်နဲ့ ကိုက်ညီတယ်။ ဒီချဥ်းကပ်မှုဟာ ဒီကနေ့အထိ ဘောင်ဝင်ဆဲ လက်တွေ့ ကျင့်သုံးဆဲ ဖြစ်တယ်။ CRPH နဲ့  NUG ဟာ စစ်အာဏာရှင် အဆုံးသတ်ရေး လုပ်‌ဆောင်တာဖြစ်တယ်။ ကျမတို့နဲ့ မဆန့်ကျင်ဘူး။ ဒီတော့ ကျမတို့ သူတို့နဲ့ အလုပ်လုပ်နိုင်တယ်။ သူတို့အလုပ် အောင်မြင်ဖို့ ကူညီတယ်။ 

မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက ဖက်ဒရယ်ဝါဒဆိုတာ ရှင်းပြပေးဖို့။ ဒီကိစ္စဟာ မြန်မာစစ်တပ်က ကြိုးကိုင်တာလား။ လက်ခံသင့်သလား။

ဖြေ။ ။ တချို့ခေါင်းဆောင်တွေ .. လူငယ်တွေ အထူးသဖြင့် ကရင်တွေ အကြားမှာ ဖြစ်နေတာက ဖက်ဒရယ်မူဆိုတာ မြန်မာစစ်တပ် လိုလားတဲ့ မူတခုဖြစ်တယ်။ ဖက်ဒရယ်အတွက် ညှိနှိုင်းတယ် ဆိုတာ မြန်မာစစ်တပ်နောက်လိုက်တာဖြစ်တယ်လို့ ထင်ကြတာရှိတယ်။ တကယ်တော့ ဖက်ဒရယ်မူဟာ မြန်မာစစ်တပ်က အဆိုပြုတာ မဟုတ်ဘူး။ ဖက်ဒရယ်မူဆိုတာ ကရင်တွေ တိုင်းရင်းသားတွေ လိုချင်တဲ့ အရာဖြစ်တယ်။ မြန်မာစစ်တပ် လိုချင်တာက ဗဟိုဦးစီးချုပ်ကိုင်ထားတဲ့ တပြည်ထောင်စနစ်ပဲ။ ဖက်ဒရယ် မဟုတ်ဘူး။ ဖက်ဒရယ် အစစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ပါဝါခွဲဝေ သုံးစွဲရမယ် ဆိုတာ သူတို့သိတယ်။ ပြည်နယ်တွေမှာ ကချင် ကရင် ချင်း စသဖြင့် သူတို့ကိုယ်ပိုင်နာမည်တွေရှိမယ်။ ဒါကြောင့် တကယ့်ဖက်ဒရယ်ဆိုရင် ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ပါဝါခွဲဝေမှု ရှိကိုရှိရယ်။ ဒါကိုသိတဲ့ မြန်မာစစ်တပ်ဟာ ဖက်ဒရယ်ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။


 ဒီကနေ့မှာတော့ ဖက်ဒရယ်မူဟာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလို့ ကျမတို့ ထင်တယ်။ (ဖက်ဒရယ်မူအောက်မှာ) မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခါးစည်းခံလာခဲ့ရတဲ့ တိုင်းရင်းသား အုပ်စုတွေဟာ တန်းတူညီမျှ အခွင့်အရေး ရလာမယ်။ ကရင်တွေသာမက ချင်း၊ ရခိုင်၊ မွန်နဲ့ တခြားလူမျိုးတွေလည်း တူညီတဲ့ အခွင့်အရေး ရလာမယ်။ မြန်မာတွေနဲ့ အတူတူ ဖြစ်လာမယ်။ ဒါ ကျမတို့ပြောတဲ့ ဖက်ဒရယ်မူပဲ။ ပြည်သူအားလုံးအတွက် အခွင့်အရေး တန်းတူရှိတဲ့ တိုင်းပြည်ပဲ။

 ဒါကြောင့် ကျမရှင်းပြချင်တာက ဖက်ဒရယ်မူဆိုတာ မြန်မာစစ်တပ်ရဲ့ ဝါဒမဟုတ်ဘူး။ သူတို့ဒါကို လက်မခံဘူး။ အရင်ကဆို အစိုးရဝန်ထမ်းတွေ မြို့ပေါ်ကသူတွေ အထူးသဖြင့် စစ်တပ်ပိုင်းကသူတွေဟာ ဖက်ဒရယ်မူကို လက်မခံကြဘူး။ ဟိုးအရင် လုပ်ခဲ့သမျှ နိုင်ငံ‌ရေး ဆွေးနွေးပွဲတွေမှာ ဖက်ဒရယ်ဆိုတာ သူတို့လက်မခံခဲ့ကြဘူး။ ဖက်ဒရယ်ဆိုတဲ့ စကားသုံးစရာ မလိုပါဘူး။ ယူနီယံ ပြည်ထောင်စုဆို လုံလောက်ပါပြီလို့ သူတို့ဖက်က ပြောလေ့ရှိတယ်။ ပြည်ထောင်စု ဆိုတာ အဓိပ္ပါယ်ချင်း အတူတူပါပဲတဲ့။ ကျမတို့ တိုင်းရင်းသားတွေကတော့ ဒီ ပြည်ထောင်စု (Union) ဆိုတဲ့ စကားလုံးက လက်ရှိတိုင်းပြည်ရဲ့ နာမည်မှာလဲ ပါနေပြီးသား ဘာမျှထူးခြားမှာ မဟုတ်ဘူးလို့ စိုးရိမ်တယ်။ ဒါကြောင့် တိုင်းရင်းသာတွေက ယူနီယံအစား ဖက်ဒရယ်စကားနဲ့ အစားထိုးဖို့ အဆိုပြုတာဖြစ်တယ်ဒီစကားလုံး သုံးရဖို့ ဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ရတယ်။ သူတို့ကတော့ တခါမှ လူသိရှင်ကြား တရားဝင် မသုံးခဲ့ဘူး။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးနောက်မှာ “ဖက်ဒရယ်ပြည်ထောင်စုသို့ “ ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့လာရတယ်။ ဒါ ဖက်ဒရယ်ဆိုတာ မြန်မာစစ်တပ်က ဖန်တီးတာ။ ကျမတို့ဟာ မြန်မာစစ်တပ် လမ်းစဥ်လိုက်တာ လို့ ထင်နေတဲ့ ကရင်တွေအတွက် ကျမရှင်းပြချင်တဲ့ အချက်ပဲ။ တကယ်တော့ သူတို့က ကျမတို့ နောက်က လိုက်လာတာ။ သူတို့ ဖက်ဒရယ်ဆိုတဲ့ စကားလုံး သုံးလာအောင် ကျမတို့လုပ်ခဲ့တယ် ဆိုတာ။ ။







P`Doh Naw Zipora Sein is the Leader of KNU Concerned Group and Former Vice Chairperson of KNU.


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား