မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ

By Michael Martin

မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့မှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ဝင်များအပြင် အခြားသူများနှင့် တွေ့ဆုံရန် စာရေးသူသည် အိန္ဒိယနိုင်ငံ အိုက်ဇောမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်မြို့များသို့ အောက်တိုဘာလလယ်က သွားရောက်ခဲ့သည်။  

တစ်စိတ်တစ်ပိုင်းအားဖြင့် စနစ်တကျ ပြင်ဆင်ထားသော အင်တာဗျူး အများအပြား ပြုလုပ်ခဲ့ပြီးနောက် စာရေးသူသည် ပဋိပက္ခ၏ ပကတိ အခြေအနေများကို ကိုယ်တွေ့ကြားသိခဲ့ရသလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအောင်နိုင်ရေးအတွက် အမေရိကန်အစိုးရထံမှ မည်သည့်အကူအညီများ ရရှိရန် လိုလားနေသည်ကို သိရှိခွင့်ရရှိခဲ့သည်။

ဤဆောင်းပါးတွင် အဆိုပါ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အဓိကအခြေအနေများကို ကောက်နုတ် ဆွေးနွေးထားသည်။

အဆိုပါတွေ့ဆုံမှုများအပြီး ရုပ်လုံးပေါ်လာခဲ့သည့် အနေအထားမှာ ဝါရှင်တန်က သိရှိထားသည်နှင့် တစ်နည်းတစ်ဖုံ ကွဲလွဲလျက်ရှိသည်။ စာရေးသူပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ မြန်မာစစ်ကောင်စီတပ်ဖွဲ့များသည် ငွေအားလူအား ပစ္စည်းရင်းမြစ် ပြတ်လပ်မှုနှင့် စိတ်ဓာတ်ပျက်ပြားမှုများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရကာ ၎င်းတို့၏တိုက်ခိုက်နိုင်စွမ်းကို ကြီးမားစွာ ထိခိုက်လျက်ရှိသည် ဟုဆိုသည်။ 

ဆန့်ကျင်ဘက်အားဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ EAO နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် ယခင် စစ်ကောင်စီ ထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ ထိုးစစ်ဆင် ချင်းနင်း ဝင်ရောက်လျက်ရှိကြသည်။ 

အချို့ဖြစ်ရပ်များတွင် EAO နှင့် PDF များသည် ၎င်းတို့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေသစ်များကို အပြည့်အဝ ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ဒေသန္တရကြားဖြတ် အစိုးရများကိုပင် တည်ထောင်ဖွဲ့စည်းလာလျက် ရှိသည်။

စစ်ကောင်စီအပေါ် အောင်ပွဲဆင်နိုင်မည့် အလားအလာမှာ ပိုမိုဖြစ်နိုင်ချေရှိလာသဖြင့် အဓိက EAO အဖွဲ့တိုင်းသည် မိမိတို့ပြည်နယ်အသီးသီး၌ အစိုးရသစ်တစ်ခု ဖွဲ့စည်းနိုင်မည့် နည်းလမ်းကို ရှာကြံနေကြသည်။ 

ထိုသို့ နည်းလမ်းကြံဆမှုများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်း ဆောင်ရွက်လျက်ရှိသောကြောင့် ၎င်းတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖက်ဒရယ်သမ္မတ နိုင်ငံသစ်တစ်ခုဖွဲ့စည်းရန် ဖြစ်နိုင်ခြေရှိလာခဲ့သည်။

ကိုယ်တိုင်ဖွဲ့စည်း တည်ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ရံဖန်ရံခါအဆိုပါ ဆွေးနွေးပွဲများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသော်လည်း EAO နှင့်PDF အဖွဲ့များ သိရှိထားသမျှ ဆွေးနွေးမှုများကို NUG က ဦးဆောင်နေခြင်း မရှိပေ။ အချို့သော EAO နှင့်PDF အဖွဲ့များအတွင်း၌ လွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ဖွဲ့စည်းနိုင်မည့် ဖြစ်နိုင်ချေ အလားအလာကိုပါ ထည့်သွင်းစဉ်းစားလျက်ရှိကြသည်။

ရုန်းကန်နေရသည့် စစ်ကောင်စီတပ်များ

==============

စစ်ကောင်စီတပ်ဖွဲ့များသည် လုံးဝပြိုလဲတော့မည့် အနေအထား၌ ရောက်ရှိနေဖွယ်ရှိကြောင်း အချက်အလက်များက ညွှန်ပြနေသည်ဟု ဇွန်လအတွင်းက စာရေးသူ၏ ခန့်မှန်းသုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့ဖူးသည်။ 

ယခုခရီးစဉ်အတွင်း စာရေးသူတွေ့ဆုံ မေးမြန်းရရှိခဲ့သည့် အသေးစိတ် အချက်အလက်များအရလည်း ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲနိုင်ရေး စစ်ကောင်စီတပ်များ ရုန်းကန်နေကြရကြောင်း နောက်ထပ်သက်သေ အထောက်အထားများ ပေါ်ထွက်လာသည်။ 

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် မကြာသေးမီက ထုတ်လုပ်ထားသည့် ရက်စွဲများ ဖော်ပြပါရှိသဖြင့် စစ်ကောင်စီအနေဖြင့် သိုလှောင်ထားသော ခဲယမ်းမီးကျောက်များ ကုန်ခမ်းသွားပြီး မိမိတပ်ဖွဲ့များအတွက် ပြန်လည်ဖြည့်တင်းပေးရန် ခဲယမ်းအသစ် ထုတ်လုပ်မှုအပေါ် မှီခိုနေရကြောင်း ထင်ရှားနေသည်။ 

အလားတူပင် စစ်ကောင်စီတပ်များက စွန့်ပစ်ခဲ့သည့် သေနတ်နှင့် မော်တာများသည် ဆေးရောင်ကောင်းစွာ မသုတ်ထားသလို သေသေသပ်သပ် အချောကိုင်ထားခြင်းလည်း မရှိသဖြင့် စစ်တပ်၏ လက်နက်စက်ရုံများအနေဖြင့် အလျင်မီအောင် ကတိုက်ကရိုက် ထုတ်လုပ်နေရသည့် လက္ခဏာဖြစ်သည်။

စစ်ကောင်စီလေယာဉ်များက ကြဲချသည့် ဗုံးအများအပြားသည် ပေါက်ကွဲခြင်းမရှိဘဲ စနက်တံအပိုင်း ချွတ်ယွင်းနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

စစ်ကောင်စီလေယာဉ်များသည် ဒေသအပေါ် ဖြတ်ကျော်ပျံသန်းမှုများ ပြုလုပ်နေသော်လည်း ဗုံးကြဲချခြင်းများကို ပြုလုပ်လေ့မရှိကြပေ။ ထိုသို့ ပျံသန်းရုံ ပျံသန်းနေခြင်းမှာ ပစ်မှတ်ထားသည့် လူ့အဖွဲ့အစည်းအတွက် သို့လောသို့လောနှင့် ထိတ်လန့်တုန်လှုပ်စေအောင် ရည်ရွယ်ခြင်း ဖြစ်နိုင်သော်လည်း စစ်ကောင်စီလေတပ်တွင် လက်နက်ပစ္စည်း အကန့်အသတ်ရှိနေသဖြင့် ချွေတာသုံးစွဲနေရသည့် အနေအထားလည်း ဖြစ်နိုင်သည်။ 

၎င်းလက္ခဏာများကို ပေါင်းစပ်စဉ်းစားကြည့်သည့်အခါ စစ်ကောင်စီသည် မိမိစစ်တပ်အတွက် လိုအပ်သော လက်နက်ပစ္စည်းထောက်ပံ့ရေးတွင် အခက်အခဲများ တွေ့ကြုံနေရသည်ဟု EAO နှင့်PDF များက ရှုမြင် သုံးသပ်လျက်ရှိသည်။

တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF ကိုယ်စားလှယ်များ၏ အဆိုအရ စစ်ကောင်စီသည် ၎င်း၏တပ်ဖွဲ့ဝင် အင်အားကို ထိန်းသိမ်းနိုင်ရေး အတွက်လည်း အခက်ကြုံနေရသည်ဟု သိရှိရသည်။ ပုံမှန်အားဖြင့် တပ်သား ၁၂၀ ရှိရမည့် တပ်ခွဲတစ်ခုသည် လက်တွေ့စစ်မြေပြင်၌ အင်အား ၆၀ မှ ၈၀ ခန့်ဖြင့်သာ တိုက်ပွဲဝင်နေရသည်။ 

တိုက်ပွဲအတွင်း အကျအဆုံးများနှင့် ရေရှည်တွေ့ကြုံနေရသော တပ်စုများကို တပ်သားသစ်များဖြင့် အင်အားပြန်လည် ဖြည့်တင်းပေးခြင်းမရှိဘဲ လျော့နည်းအင်အားဖြင့်ပင် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ချထားလျက် ရှိသည်။

အချို့ဖြစ်ရပ်များ၌ စစ်သားများအား ဆန်အိတ်များအစား ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရိက္ခာအဖြစ်ပေးဝေနေကြသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် စစ်တပ်ရိက္ခာ ထောက်ပံ့ရေးအတွက်လည်း အခက်အခဲ ဖြစ်နေရသည်ဟု EAO နှင့်PDF များက ရှုမြင်သုံးသပ်ကာ ယင်းအချက်ကြောင့်ပင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်ပြား လျက်ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီ တပ်ရင်းတစ်ခုသည် EAO တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ရန်စေခိုင်းခြင်းကို ငြင်းဆန်ကြောင်း သတင်းရရှိရာ ၎င်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေခြင်း၏ နောက်ထပ်သက်သေတစ်ခုပင် ဖြစ်သည်။

EAO နှင့် PDF တို့၏ ထိုးစစ်ဆင်မှုများ

============

EAO နှင့် PDF များသည် မူလက ခုခံကာကွယ်ရေးဗျူဟာကို ကျင့်သုံးနေရာမှ ယခုအခါ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဝင်ရောက်ထိုးစစ်ဆင် လာကြသည်ဟု စာရေးသူနှင့် တွေ့ဆုံခဲ့သူများက ဆိုကြသည်။ 

အနောက်မြောက်ပိုင်းဒေသတွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းပြည်နယ်ကာကွယ်ရေး တပ်ဖွဲ့(CDF) မှအဖွဲ့များသည် မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ  ဒေသခံ PDF များနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြသည်။

ဟားခါးနှင့် တွန်းဇန်မြို့နယ်များ၏ အချို့အစိတ်အပိုင်းများမှအပ ကျန် ချင်းပြည်နယ် ဒေသအားလုံးကို CNF နှင့်CDF တို့က ထိန်းချုပ်ထားသလို မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက်ထားသည်ဟု ၎င်းတို့ကဆိုသည်။ 

အရှေ့မြောက်ပိုင်းဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံ PDF များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ထုတ်ကာ နယ်မြေအသစ်များ ထိန်းချုပ်ရယူလာကြသည်။

အရှေ့တောင်ပိုင်းဒေသ၌ အများအားဖြင့် မိမိနယ်မြေကို ခုခံကာကွယ်နေရဆဲ ဖြစ်သော်လည်း လက်ရှိ ကရင်ပြည်နယ်နယ်နိမိတ်၏ အပြင်ဖက်ရှိ အစဉ်အလာအားဖြင့် ကရင်ဒေသဟု ယူဆထားသော နယ်မြေများကို ၎င်းတို့ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဆိုသည်။ 

သတင်းရရှိသော ထိုကဲ့သို့ ရှေ့တိုးချီတက်မှုများအပြင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အခြားတိုက်ပွဲများကြောင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများမှာ လျော့နည်း ကျဆင်းလာလျက် ရှိသည်။

ယေဘုယျအားဖြင့် တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF များ၏ ရုပ်လုံးဖော်မှုသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ၏ အစီရင်ခံစာပါအချက်များနှင့် ကိုက်ညီလျက်ရှိပြီး သိသာသည့် ကွဲလွဲမှုတစ်ချက်သာ တွေ့ရှိရသည်။

၎င်းမှာတော်လှန်ရေးစစ်ပွဲ၏ အရေးပါသော အဖွဲ့တစ်ခုအဖြစ် NUG ကို SAC-M အစီရင်ခံစာက ပုံဖော်ထားသော်ငြား NUG သည် တော်လှန်ရေးလှုပ်ရှားမှု၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု EAO နှင့်PDF များက ရှုမြင်ကြပုံ မရဘဲ ၎င်းတို့၏စစ်ရေးမဟာဗျူဟာ ရေးဆွဲရေးနှင့် လက်နက်အထောက်အပံ့ ရရှိရေးတို့အတွက် NUG အပေါ် မှီခို အားထားမှု တစ်စုံတစ်ရာ ရှိနေကြောင်းလည်း ပြသနေခြင်းမရှိသည့် အချက်ဖြစ်သည်။

စစ်ကောင်စီတပ်များကို အနိုင်ယူပြီးနောက် NUG နှင့် ပူးပေါင်းလုပ်ကိုင်မည်/ မလုပ်ကိုင်မည်ဆိုသည်နှင့် ပူးပေါင်းမည်ဆိုပါက မည်သို့လက်တွဲမည်ဆိုသည် တို့မှာ မသေချာ မရေရာသေးကြောင်း EAO နှင့် PDF များက ပြောဆိုသည်။

ကြားဖြတ်အစိုးရအဖွဲ့များ တည်ထောင်ခြင်း

==============

လက်ရှိပဋိပက္ခများ ဖြစ်ပွားနေဆဲအချိန်မှာပင် EAO နှင့်PDF အဖွဲ့များသည် ၎င်းတို့သက်ဆိုင်ရာ ပြည်နယ်ရှိ လွတ်မြောက်ဒေသများ၌ ကြားဖြတ်အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းမည်ကို တစ်လှည့်တစ်ပြောင်း စဉ်းစားနေကြသည်။ 

စာရေးသူကို CNF နှင့်CDF တို့က အိုက်ဇောမြို့သို့ သီးသန့် ဖိတ်ကြားပြီး ချင်းပြည်နယ်အစိုးရတစ်ခုအား မည်သို့ဖွဲ့စည်းမည်ဟူသော ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်ပြောကြားခဲ့သည်။

ကရင်နှင့် ရှမ်းဒေသရှိ EAO များနှင့်စကားပြောခဲ့ရာတွင်လည်း ဒီမိုကရေစီနည်းလမ်းကျပြီး ရှင်သန်နိုင်သော ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးဆွေးနွေးမှုမှာ အတော်ပင် အကျယ်တဝင့်ရှိပြီး ထူးခြားဆန်းသစ်မှုများလည်း ရှိသည်။ ၎င်းဆွေးနွေးမှုများတွင် ချင်းပြည်နယ် ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ လူမျိုးနွယ်စု၏ အခန်းကဏ္ဍ၊ လွှတ်တော်တစ်ခုအား ခရိုင်အခြေပြု ရွေးကောက်ပြီး၊ ကျန်တစ်ခုကို လူမျိုးနွယ်အခြေပြု ရွေးကောက်မည့် ဥပဒေပြုလွှတ်တော်နှစ်ရပ်စနစ်၏ အားသာချက်များကို ဆန်းစစ်ခြင်း၊ စသည်တို့ ပါဝင်သည်။

ထို့အပြင် EAO နှင့်PDF အဖွဲ့များသည် အိမ်နီးချင်း တိုင်းဒေသကြီးများ၌ အစဉ်အလာအားဖြင့် ၎င်းတို့နယ်မြေအဖြစ် ရှုမြင်ထားသော ဒေသအချို့အား ၎င်းတို့ပြည်နယ်အတွင်းသို့ သွတ်သွင်း၍ နယ်မြေချဲ့ထွင်ရန်ကိုလည်း စဉ်းစားလျက်ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုလား လွတ်လပ်သောနိုင်ငံလား

=============

ယေဘုယျအားဖြင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းခြင်းသည် အခြားတိုင်းရင်းသား ပြည်နယ်များနှင့် ပူးတွဲတည်ထောင်မည့် ဗမာလူမျိုးများပါ ပါဝင်နိုင်ချေရှိသော ဖက်ဒရယ်သမ္မတနိုင်ငံ သို့မဟုတ် ကွန်ဖက်ဒရေးရှင်း နိုင်ငံတစ်ခုသို့ ပေါင်းစပ်ပါဝင်မှု၏ ရှေ့ပြေးအစီအစဉ်ဖြစ်သည်ဟု EAO နှင့်PDF အဖွဲ့များက ရှုမြင်ကြသည်။ 

၎င်းတို့၏ဆွေးနွေးပွဲများ၌ အဓိကကျသော အချက်တစ်ချက်မှာ အဆိုပြုထားသော ဗဟိုအစိုးရနှင့် အသစ်ဖွဲ့စည်းထားသော ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေရေး ဖြစ်သည်။

EAO အများအပြား၏ အမြင်အရ ၁၉၄၈ ခုနှစ် ဥပဒေအပါအဝင် လွတ်လပ်ရေး ရပြီးကတည်းက ပေါ်ထွန်းခဲ့သမျှ မြန်မာ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလုံးသည် ဗမာလူမျိုးကြီးစိုး ထားသည့် ဗဟိုအစိုးရအား အာဏာအလွန်အမင်း ခွဲဝေပေးထားသည်ဟု ယူဆလျက်ရှိသည်။

လက်ရှိအချိန်၌ နည်းလမ်းသုံးခုကို ဆွေးနွေးနေကြသည်။ ပထမနည်းလမ်းမှာ ဗဟိုအစိုးရ၏ အာဏာကို ကန့်သတ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြောက်အများ ပေးအပ်မည့် ဖက်ဒရယ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ဖြစ်သည်။

ဤဖက်ဒရယ်သမ္မတနိုင်ငံတွင် လက်ရှိ တိုင်းရင်းသားပြည်နယ် ၇ ခုနှင့် အသစ်ဖွဲ့စည်းထားသော ဗမာလူမျိုးအတွက် ပြည်နယ်တစ်ခုတို့ ပါဝင်ဖွယ် ရှိပြီး ဝ လူမျိုးနှင့် ရှမ်းပြည်နယ်ရှိ အခြားတိုင်းရင်းသား အုပ်စုများအတွက် ပြည်နယ်အသစ်များလည်း ပါဝင်လာနိုင်သည်။ အဆိုပါ ဖက်ဒရယ်သမ္မတနိုင်ငံတွင် ပြည်နယ်အားလုံးသည် ဗဟိုအစိုးရအတွင်း တူညီသော အာဏာကိုယ်စီ အသီးသီး ရှိကြမည်ဖြစ်သည်။

ဒုတိယနည်းလမ်းမှာမူ ဗဟိုအစိုးရ၏ အာဏာကို နိုင်ငံ့ကာကွယ်ရေးကဲ့သို့ ကဏ္ဍအတွက်သာ အလွန်အမင်း ကန့်သတ်ထားမည့် ကွန်ဖက်ဒရေးရှင်းစနစ် ဖြစ်သည်။ ဤပုံစံကို ရခိုင်တပ်မတော်နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့က အဆိုပြုထားခြင်းဖြစ်သည် ဟုသိရှိရပြီး အချို့EAO နှင့် PDF များအတွင်း ၎င်းနည်းလမ်းကို ထောက်ခံသူများရှိနေသည်။

တတိယနည်းလမ်းမှာ သီးခြားလွတ်လပ်သော နိုင်ငံများအဖြစ် ရပ်တည်ရန် ဖြစ်သည်။ အချို့ချင်းနှင့် ကရင်အဖွဲ့များအတွက် သီးခြားလွတ်လပ်သော နိုင်ငံအယူအဆက ဆွဲဆောင်မှု ရှိနေသော်လည်း လွတ်လပ်ရေးကြောင့် ပေါ်ထွန်းလာမည့် ၎င်းတို့၏ နိုင်ငံတော်သစ်အတွက် စိန်ခေါ်မှုများ ရှိနေသည်ကို အသိအမှတ်ပြု လက်ခံကြသည်။

တွေ့ဆုံမေးမြန်းခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု ရရှိရေးအတွက် အထူးစိုးရိမ်ပူပန် လျက်ရှိကြောင်း ပြောဆိုကြသည်။

အမေရိကန်၏ အကူအညီ

=============

ယခုခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူများက အမေရိကန်ပြည်ထောင်စုထံမှ အကူအညီများ ပိုမိုရရှိရန် မည်သို့ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆီးရီးယားနှင့်ယူကရိန်းသို့ လက်နက်အကူအညီ အမြောက်အများ ပေးအပ်ရန် အမေရိကန်တို့က လိုလိုလားလား ရှိသော်လည်း လွတ်လပ်မှုနှင့် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက်မူ အကူအညီ လုံးဝမပေးအပ်သော ရှေ့နောက် မညီသည့် သဘောထားကို EAO နှင့်PDF အဖွဲ့များက နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ 

၎င်းတို့၏ အမြင်အရ အထက်ပါနိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများအနက် ပမာဏအနည်းငယ်ကိုသာ ၎င်းတို့ရရှိမည်ဆိုပါက စစ်ကောင်စီတပ်များကို အနိုင်တိုက်ခိုက်ရန် လုံလောက်သည်ဟု ပြောဆိုကြသည်။

စစ်ရေးအကူအညီအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များသာမက မြန်မာနိုင်ငံအတွင်းမှ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက်ပါ အကူအညီများ ပိုမိုပေးအပ်ရန် EAO နှင့် PDF အဖွဲ့များက မျှော်လင့်လျက် ရှိသည်။

နယ်စပ်ဒေသ တိုင်းရင်းသားပြည်နယ်များကို ၎င်းတို့က ထိရောက်စွာ ထိန်းချုပ်ထားနိုင်သည့် အချက်ကို ထောက်ဆ၍ အမေရိကန်လူသားချင်း စာနာမှုအကူအညီများကို NUG သို့မဟုတ် စစ်ကောင်စီမှ တစ်ဆင့်မပေးအပ်ဘဲ EAO နှင့်PDF အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဒေသခံလူသားချင်း စာနာမှု ကူညီရေးအဖွဲ့များ မှတစ်ဆင့် ပေးအပ်သင့်သည်ဟု ၎င်းတို့ကယူဆသည်။

NUG ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ၊ အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းတို့က ပြောဆိုသည်။

(Center for Strategic & International Studies (CSIS) စာစဥ်ပါ Michael Martin ၏ “News from the Front: Observations from Myanmar’s Revolutionary Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Michael Martin သည် ဝါရှင်တန်ဒီစီ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုများဗဟိုဌာန၊ အရှေ့တောင်အာရှ အစီအစဉ်မှ (ဌာနေမဟုတ်သော) အချိန်ပိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား