NLD ရဲ့ အကြမ်းမဖက်ဝါဒ



စစ်မော်ဆိုတဲ့ အကောင့်က ရေးသားချက်တွေဟာ တလွဲတွေ

မိုးသွေးတို့ ကလည်း ဖွပေး ဆွပေးတယ်


အဓိက ဆိုလိုရင်းက " NLDက NUCC မှာ မပါသင့်တာ NLD ရဲ့  ၁၉၉၀ မူဝါဒက လက်နက်ကိုင် လမ်းစဉ် မဟုတ်ပဲ အကြမ်းမဖက်လမ်းစဉ် " ဆိုတဲ့ နှပ်ကြောင်းတခုကို ထိုးသွင်းလာတာပဲ


ဒါဟာ မအလ ဘက်ယိမ်းနေတဲံ တဒါဇင် မပြည့်တဲ့ မျိုးချစ်ရဲဘော်ဟောင်းမျိုးဆက် အုပ်စုက ထောက်ပြီး တခုခု လှုပ်ရှားနေလို့ NLD သုတေသနက တွေးဆပုံရတယ်။


ဒီစာရေးတာ လူမှုကွန်ယက်ပေါ်က သတင်းရော, အတင်းရော အခြေခံရေးတာမို့ တချို့ စွပ်စွဲချက်က မှန်ချင်မှ မှန်မယ်။ ဒါပေမယ့် သဘောတရားက အတူတူပဲ


() NLD ရဲ့ အကြမ်းမဖက်ဝါဒ


  ၁၉၉၀ ထဲက နဝတရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ငြိမှာစိုးလို့၊ နဝတ စွပ်စွဲသလို လှိုင်းကြီးလေထန် လက်သည် စွပ်စွဲခံရမှာ စိုးလို့၊ဗကပနဲ့ ဆက်နွယ်တယ်ဆိုပြီး အနောက်အုပ်စု ညိုညင်မှာ စိုးလို့ လို့ ဒီ မူဝါဒကို ချမှတ်တာလို့ ထင်တာပဲ။  


 မူဝါဒနဲ့ ပက်သက်ရင် ပြင်သင့်တာ အမှန်ပဲ၊ အနှစ် ၃၀ ကျော် ကျင့်သုံးပြီး ပြည်သူတွေ သွေးမြေအခါခါကျ ရင်းနှီးပြီး မအောင်မြင်တာ စစ်အုပ်စု တော်လွန်းလို့ မဟုတ်ပဲ NLD  ညံ့ကွက်တွေ ကြောင့်လည်း ပါတယ်။


၁၉၈၈က ဗီဒီယိုဖိုင် တခု https://www.facebook.com/ThePeopleLibrary/videos/756752438667266/  မှာ ပင်နီဝတ်ကျောင်းသား လူငယ်တွေနဲ့ ဦးတင်ဦး၊ ဦးအောင်ကြီးက ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒပြတယ်။ ဂျပန်သတင်းဌာနကမှတ်တမ်းယူနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က  လက်မြောက်တာတောင် မလုပ်ဘူး။  နောက်ပြီး ကျောင်းသားတွေ တောခိုတာကို အပြစ်တင် တယ်။ "မြှောက်ပေးလို့ တောခိုတယ်။ မနူးမနပ်လေးတွေ" လို့ ပြောတယ်။ အဲဒီထဲက  ဒေါ်အောင်ဆန်းစုကြည်ဟာ  1. ဆန္ဒပြတာလည်း မကြိုက်ဘူး။ 2. လက်နက်ကိုင်တာလည်း မကြိုက်ဘူး။ 


ဆန္ဒမပြတာသာ မကြိုက်တာ ရွှေတိဂုံမှာ ဆန္ဒပြ လူပင်လယ်ကြီး အလယ်မှာ တရားဟောတာတော့ လုပ်တယ်။ လူထုက လမ်းဘေးဝဲယာမှာ ကြိုဆိုတာ၊ လူထုကို စည်းဝေးပြီး သူ တရားဟောတာ နားထောင်တာကိုတော့ သိပ်ကြိုက်တယ်။ 


အနောက်အုပ်စုကတော့ လူထုနဲ့ စစ်တပ်အကြား ကြားဝင် ဖြန်ဖြေပေးနိုင်တယ်လို့   ယူဆပြီး   နိုဗယ်ဆု ရခဲ့သလို၊ ဒါကြောင့်လည်း  စစ်အုပ်စုက နင်းချေတာ ခံရတယ်။ ၂၀၀၈ ခြေဥအောက်ဝင်ခိုင်းပြီး စစ်အုပ်စုက ဆင်ဖြူတော်မှီ ကြံစုပ်တော့ အာဏာတကယ်ရတယ် ထင်ပြီး ၂၀၁၇ မှာ ပင်လုံကျောက်တိုင် ရှေ့  ငြိမ်းချမ်းရေးစကားဝိုင်းမှာ ရခိုင်လူငယ်က မေးလို့ " ကျမတို့ဟာဆန္ဒတခါ မပြဘူး။ အပ်တချောင်း မကိုင်ဘူး။ လူထုအားနဲ့ အာဏာရ အစိုးရဖြစ်လာတယ်" လို့ ထပ်ပြောတယ်။   


၁၉၈၈ ဆန္ဒပြပွဲတွေက ဖြစ်လာတဲ့ NLD ဟာ ဆီးသီးသည် မဗျိုင်းလိုပဲ လာရာကို မေ့တယ်။ ၂၀၂၁မှာ ဆန္ဒတွေ ထပ်ပြရပြန်တယ်။  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် ထပ်ပြီး " ကျမတို့ဟာ ဆန္ဒတခါ မပြဘူး။ အပ်တချောင်း မကိုင်ဘူး။" လို့ပြောဦးမှာ ကြောက်ကြတာ စိုးရိမ်သူတွေဘက်က မလွန်ဘူး။ 


 သူ့ရဲ့  Freedom from Fear ဟာ ကျော်ကြားတယ်။ အနှစ်ချုပ်က " စစ်ဗိုလ်ချုပ်တွေဟာ ကြောက်လို့ အာဏာ  မစွန့်ရဲတာ" ဆိုတယ် ..  စာရှည်မှာ စိုးလို့ မရေးတော့ဘူး။ သေနတ်ကိုင်မှ လူထင်တဲ့ စစ်ဗိုလ်ချုပ်တွေ ကြောက်မှာ စိုးသတဲ့။  အနောက်အုပ်စုကလည်း အဲဒီအတွေးအခေါ်ကို အားပေးသတဲ့။ (သူတို့ကျတော့ တောင်တရုပ်ပင်လယ်မှာ လေယဉ်တင်သင်္ဘောတွေ လွှတ်ပြီးမှဝမ်ရိနဲ့ စားပွဲဝိုင်းထိုင်တာ။ ) ကြောက်မှာစိုးလို့ လူရာသွင်းပြီး ဆန်ရှင်တွေ ရုတ်ဖို့ ပြောပေး။ ပြည်သူကို thတ်တဲ့ ပြစ်မှုတွေကိုနောက်ကြောင်းမပြန်ရေး၊ ICJ မှာ ကာကွယ်ပေး၊ သင်ပုန်းချေလိုက်တာ၊ ဘီလူးက သားငယ်ကို စောင့်ဆွဲ ပြီး အစားခံလိုက်ရတယ်။ ဇာတ်တော်ထဲက မဟော်သဓာဟာ အပြင်မှာ မရှိမှန်း မင်းကိုနိုင်လည်း ၂၀၂၁မှ သိသွားတယ်။


 NLD အားကိုးတဲ့ လူထုအင်အား  ဆိုပေမယ့် .. သေနတ်ထောက်လိုက်ရင် သိန်းချီတဲ့ ကြံ့ဖွတ်ထောက်ခံပွဲတွေ ဖြစ်သွားတာပဲ။၂၀၀၈ မှာ မမြင်ချင်အဆုံး။  အခုလည်း သေနတ်နဲ့ထောက်ပြီး တဖြည်းဖြည်းနဲ့ မောင်းသွင်းနေတာ၊  ငြိမ်ပိလမ်းစဉ်ထဲ ရောက်သူတွေ ရောက်ကုန်ပြီ။


 လက်နက်ကိုင်လမ်းစဉ်မှန်မမှန်ကို မျိုးချစ်ရဲဘော်ဟောင်းမျိုးဆက် ကို မေးရင်တော့ " နိုးပါ" လို့ ဖြေလိမ့်မယ်။ ဒါပေမယ့် NLD ဟာ အနှစ် ၃၀ ကြာတဲ့အခါ UWSA ကို အလေးထားရပြီ။ ၁၀ နှစ်သား AA ကို သွားလေးဖြီးပြရပြီ။ မိုးထဲလေထဲမှာ " ပြည်သူရေ ကယ်ပါ" လို့ ငိုပြရပြီ။ "လာခေါ်ရင် လိုက်သွား" ဂျင်းနဲ့ အထုပ်ပြင် စောင့်နေသူတွေ အဖမ်းခံရပြီ။  ၇၂ နာရီဂျင်းစားနေလို့ဦးဝင်းထိန်က " အမေစု ပြောတာပါဆိုပြီး စာလေးရေးပြီးဆန္ဒပြခိုင်းပြီ။ ဒီနေ့အထိ ဖြစ်တည်နေတာ NLD   ဦးဆောင်မှုကောင်းလို့ မဟုတ်ဘူး။ စစ်အာဏာရှင်အောက်က လွတ်ဖို့ ရွေးစရာမရှိ ( မဲထည့်သလိုပဲ) ရွေးစရာမရှိလို့။ 


ဒါတွေ ရေးပြနေတာ စော်ကားချင်လို့ မဟုတ်ဘူး။ အောင်ပွဲနားကပ်လာရင် စိတ်ကြီးဝင်ပြီး လမ်းခုလတ်မှာ မတော်မရော်တွေစတွေးတတ်တဲ့ လူ့သဘာဝကို သိလို့ ရေးနေတာ။


 ချုပ်ပြောရရင်  မျိုးချစ်ရဲဘော်ဟောင်း တစုပါဝင်နေတုံး၊ ဂျင်းရှပ် ရဲ့ အကြမ်းမဖက် အာဏာဖိဆန်ရေး။  မဟတ္တမ ဂန္ဓိ ရဲ့ အဟိံသ ဝါဒ၊ နယ်လဆင် မန်ဒရဲလားကို ကြည်ညိုတဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည် ကြောင့်  NLD ရဲ့ အကြမ်းမဖက်ဝါဒဟာဖြစ်လာတာ။ အနှစ် ၃၀ မှတ်ကျောက်တင်ကြည့်ရင် လွဲနေတာ ထင်ရှားစွာ  မြင်ရမယ်။


  ဗိုလ်ချုပ်အောင်ဆန်းက အရပ်သား ဦးအောင်ဆန်းအဖြစ် နိုင်ငံရေးသမား ဘဝနဲ့ လွတ်လပ်ရေးယူပေးပေမယ့်၊ ဦးအောင်ဆန်းဟာ အင်အား သောင်းရှိ လက်နက်ကိုင် ပြည်သူ့ရဲဘော်အဖွဲ့ရဲ့ ဥက္ကဌရာထူး ကိုင်ထားတာ သတိရပါ။ အောင်ဆန်းရုပ်ရှငမှာဒေါ်ခင်ကြည်က စစ်ဝတ်စုံလေး ခေါက်သိမ်းပြီး လော့မောင့်ဘက်တန်ဆီ PBF တပ်က ထွက်ကြောင်း စာရေးတဲ့ အခန်း" က သမိုင်းမပြည့်စုံဘူး။  


   












() မူဝါဒ အကြပ်အတည်း 


  ကဲ သမိုင်းထဲက ထွက်ရအောင်။ လက်နက်ကိုင်တာကို အလာ့ဂျစ် ဖြစ်နေရင်တော့ NLD ဟာ  ခေတ်နဲ့ မညီတော့ဘူး။ လူတိုင်း လက်နက်ကိုင်ခွင့် အထိ စဉ်းစားဖို့ လိုတယ်။ ဒီနိုင်ငံမှာလက်နက်ကိုင်တွေက လက်နက်မဲ့ကို အနိုင်ကျင့်တာ များလှပြီ။ အနိုင်မကျင့်တောင်မှ   ဂါရဝပြုနေရတယ်။ 


မေတ္တာဓာတ်နဲ့ ဗုဒ္ဓာမြတ်စွာ အောင်ခြင်း ဆိုသဟာ လေးသင်္ချေနဲ့ ကမ႓ာသသိန်း ပါရမီရှိမှ ဖြစ်တာ။ မဟုတ်ရင် ခန္ဓီရသေ့ကြီးလို ခြေဖြတ် လက်ဖြတ် အသတ်ခံရတာပဲ။   ဗုဒ္ဓာမြတ်စွာ မေတ္တနဲ့အောင်မြင်တာ တဘက်ကို ကြည့်ရင် ရင့်မာတကျိပ်ဝင်တွေ၊ဒီဘဝတရားထူးရမယ့်သူတွေ၊တိဟိတ်ပုဂ္ဂိုလ်တွေပဲ။ 


ဂန္ဓီရဲ့ "အဟိံသ" ကလည်း အင်္ဂလိပ်လူမျိုးကြီနဲ့ပဲ နည်းနည်း အလုပ်ဖြစ်တာ၊ သူ့လူမျိုးအချင်းချင်းချတော့ သူလည်း ဘာမှ မတတ်နိုင်ပဲ အိန္ဒိယနဲ့ ပါကစ္စတန် ကွဲရတာပဲ။ သူလည်း တနိုင်ငံလုံးသပိတ်တိုက်ပွဲ၊ ဆန္ဒပြပွဲတွေလုပ်တာပဲ။ နယ်လဆင်မင်ဒရဲလား က အစကတော့ အကြမ်းမဖက်ရးပဲ။ နောက်တော့ ကွန်မြူနစ်နဲ့ ပေါင်းပြီး  uMkhonto we Sizwe  ဆိုတဲ့ လက်နက်ကိုင်တပ် ထူထောင်တာပဲ။ နိုင်ငံရေးမှာ ဆန္ဒတခါ မပြ၊ အပ်တိုတချောင်း မကိုင်လို့အောင်မြင်တာ တခုမှ မရှိဘူး။ အမေရိကန်မှာလည်း လင်ကွန်းက   ကျွန်စနစ် တိုက်ဖျက်တာ ဒိုင်ယာလော့ အပွင့်ဆိုင်ခဲ့သလားစစ်တိုက်ခဲ့ရသလား

 အနောက်အုပ်စုက စံတော်ဝင် ငြိမ်းချမ်းရေးသမားတွေကို တွေ့တဲ့အခါ သူတော်စင် စိန့်ကြီးတွေလို အလေးဂရုပြုလိမ့်မယ်။ လေနဲ့အားပေးလိမ့်မယ့်။ အနုအရွ နိုင်ငံရေး  သမိုင်းမှာ စာရင်းဝင်မယ်။ ဒါပေမယ့် ပြည်သူသာ အဓိက ဆိုပြီး သရဲဘောကြောင်နေတဲ့ လူတွေပဲလို့ မြန်မာ့သမိုင်းမှာ ကျန်ရစ်မယ်။ ခေတ်ပြောင်းသွားပြီ။ ကိုက်နေတဲ့ ခွေးကို ဒုတ်မပါပဲ ပရိတ်ရွတ်နေတာ တလွဲဆံပင်ကောင်းတာပဲလို့  ပြည်သူ သိ သွားပြီ။  

  


 NLD က  မေတ္တာ ခန္ဓီ နိုင်ငံရေး လမ်းစဉ်ကို ကျင့်ရမယ်လို့ ဘယ်သူက သတ်မှတ်တာလဲ။ ၁၉၉၀ ရွေးကောက်ပွဲ ဥပဒေလား? ပြည်သူလား? ဒေါ်အောင်ဆန်းစုကြည်လား? အနောက်အုပ်စုလား? ဒါကို အရင် ဖြေကြည့်ပါ။  


ရွေးကောက်ပွဲ ဥပဒေ ကြောင့် ဆိုရင် လက်တဖက်က တော်လှန်ရေးလုပ်ပြီး ခြေတဖက်က တည်ဆဲဥပဒေကို အလေးပြုရာ ရောက်တယ်။ ပြည်သူက "အဟိံသ" ကို သိလည်း မသိ၊ ခိုင်းလည်း မခိုင်းဘူး။  နွေဦးတော်လှန်ရေး အောင်ရင် ဖက်ဒရယ်ပြည်ထောင်စုကြားကာလမှာ NLD နဲ့ အတူယှဉ်ထိုင်နေသူတွေကို ကြည့်ရင် KIO, KNU, ULA , စတဲ့ အဖွဲတွေက ဘာတွေလဲ။ နွေဦးတော်လှန်ရေး ရှုံးရင်NLD ဟာ မြောင်းထဲရောက်ပြီ။ ၂၀၁၀ - ၂၀၂၀ ကို စိတ်ကူးမယဉ်နဲ့။ မအလ က ကျူပင်ခုတ် ကျူငုတ်မကျန် လုပ်မှာ။ နွေဦးကြောင့်  တရုပ်က အသက်ရှူပေါက်ဖွင့်ထားတာ။  


 ဒေါ်အောင်ဆန်းစုကြည်ကြောင့်လား? လူထုက သူ့ကို သခင်ကိုယ်တော်မှိုင်း နေရာမှာ ထားလိုက်ပြီ။ ဒါကို သတိပြုဖို့လိုတယ်။ သခင်ကိုယ်တော်မှိုင်းဟာ စံတော်ဝင် ငြိမ်းချမ်းရေး သမားကြီး ဒါပေမယ့် နည်းဗျူဟာ အကောင်အထည်ဖော်သူတွေက ဦးအောင်ဆန်း၊ ဦးနုပဲ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနိုင်ငံရေးဆိုတာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီး ၁၀ နှစ်အလွန် ကျင့်သုံးရမှာမို့ နိဗ္ဗန်ရောက်ကြောင်း တရားလိုပဲ   နောက်မှ ကျင့်ဖို့  


 မျိုးချစ်ရဲဘော်ဟောင်းမျိုးဆက် အနည်းစုက တပ်မတော်နဲ့ ရင်ကြားစေ့ရေး အားသန်တာ မဆန်းဘူး။ သူတို့က တရုတ်၊အနောက်အုပ်စု ရဲ့ Restore / Return To Democracy ( ?? 2008 ??) မူကို အားပြုပြီး စကစ ကို လက်မှတ်ထိုးပေးမိတဲ့ NLD တချို့နဲ့သူတို့သာလျှင် NLD ပါတီအစစ်ဖြစ်သည်ဆိုပြီး ကြေညာမယ်။ သိန်းစိုး UECကလည်း မြေပြင်မှာ လှုပ်ရှားခွင့်ပေးမယ်ဆိုရင်တော်လှန်ရေးထဲက NLD တွေအတွက် အကြပ်ရိုက်မယ်။ လူထုလည်း နဝေတိမ်တောင် ဖြစ်မယ်။


 ဒါကြောင့် NLD CWC ဗဟိုအလုပ်အဖွဲ့က " ပါတီလူကြီးတွေ မရှိလို့ ပါတီရုံးရော ပါတီလုပ်ငန်းရော ပိတ်ထားတယ်ဆိုတဲ့. ကြိုတင် ကာကွယ်ထားတဲ့ ကြေညာချက်ကို ထုတ်ပြန်တာလို မြင်တယ်။  ပါတီရဲ့ ကြေညာချက်ကို ကြည့်ရင် ပါတီကို "ဆောင်းတွင်းအိပ်စက်" ခိုင်းထားပါပဲ။ မြောက်ဝန်ရိုးစွန်းက ဝက်ဝံကြီးတွေ ဆောင်းတွင်းတခုလုံး ဘာမှ မလုပ်ပဲ၊ ဘာမှ မစားပဲ အိပ်နေကြတယ်။ hibernation time လို့ ခေါ်တယ်။ အဲဒီကြေညာချက်က ဘေးထွက်ဆိုးကျိုးရှိတယ်။ မူဝါဒသစ်ချလို့လည်း မရတော့ဘူး။ မူဝါဒအသစ် ချမရတော့အဲဒီလို မူလလက်ဟောင်း ပါတီမူဝါဒကို ကိုင်စွဲပြန်တော့လည်း NLD သုတေသီတွေ ဝါးတားတားဖြစ်ကုန်တယ်   


ဒီနေရာမှာ  ဒေါ်အောင်ဆန်းစုကြည် ကို လျှော့မတွက်စေချင်ဘူး။ မူဝါဒ ဆိုတာ လူက လုပ်တာ။ အကြမ်းမဖက်နည်းလမ်း ဆိုတာ သူကအဓိပ္ပာယ် ဖွင့်ပေးလိမ့်မယ်။ " ပြည်သူကို ကာကွယ်တာ အကြမ်းဖက်တယ်လို့  မဆိုလိုဘူး" လို့ Define လုပ်လို့ ရတယ်။ 


၁၉၉၀ မှာ နဝတဟာ နေဝင်းဆီက အာဏာလွှဲယူထားတဲ့ စစ်အစိုးရ။ ၂၀၂၁မှာ စကစဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ ()ကို ချိုးဖောက်ထားတဲ့ သူပုန်။ အစိုးရတရပ်ကို တော်လှန်တာ အကြမ်းဖက်တယ်လို့ ပြောလို့ ရပေမယ့် သူပုန်သူကန်ကို နှိမ်နှင်းတာ အကြမ်းဖက်တာမဟုတ်ဘူး။


 နောက်ပြီး အစိုးရ တရပ်အောက်မှာ စစ်တပ်တခုရှိတာ စစ်တပ်တာဝန်ထမ်းဆောင်တာ အကြမ်းဖက်တာ မဟုတ်ဘူး။ ၂၀၁၆-၂၀၂၀NLD အစိုးရအောက်မှာ တပ်မတော်ရှိတယ်။ အဲဒီတပ်မတော်က တလျှောက်လုံး သေနာတဖောင်းဖောင်းဖောက်၊ တဝုန်းဝုန်း ဗုံးကြဲပြီးလက်နက်ကိုင်လမ်းစဉ် လုပ်နေတာပဲ။ အရှိန်လွန်ပြီး ICJ တောင် ရောက်သွားတယ်။ အဲဒီတော့ NLD အစိုးရ တာဝန်ခံရတယ်။   (  NLD ပါတီက  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" .. )


၂၀၂၀ NUG အစိုးရ အောက်မှာ PDF ရှိတယ်။ အဲဒီတပ်မတော်က  လက်နက်ကိုင်လမ်းစဉ် လုပ်နေတာပဲ။  NUG အစိုးရ တာဝန်ခံရတယ်။  (  NLD ပါတီက  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" ..)


အလားတူ ၂၀၁၆-၂၀၂၀ ပြည်ထောင်စု လွှတ်တော်နဲ့ ၂၀၂၁  ပြည်ထောင်စု လွှတ်တော် ဘာကွာခြားလို့လဲ။ ၂၀၂၁  ပြည်ထောင်စုလွှတ်တော် နဲ့ CRPH က ပိုပြီးတောင် သန့်စင်တယ်။ လက်နက်ကိုင်အ ကြမ်းဖက် စစ်တပ် ၂၅% မပါတဲ့ Pure Civilian , Pure Democracy , Pure De Jure လွှတ်တော်ဖြစ်နေလို့ပဲ။ ( CRPH က  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" ..  NLD ပါတီက  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" .. )


ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကာကွယ်ရေးဝန်ကြီး နဲ့၊ စစ်သေနာပတိ ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်။


 NUCC အကြောင်း ပြောစရာ ရှိပြီ။ အဲဒီမှာ CDM တွေ၊  EAO တွေ၊ သပိတ်အဖွဲ့တွေ၊ CSO တွေ သပနပေါင်းပါနေတယ်။ ဒီ သပနပေါင်းကပဲ De Facto ကို ပေးနေတာ မဟုတ်ဘူးလား


ဒီနေရာမှာ EAO ကို မျိုး မြင်ရမယ်။  ( KNU ဆိုတာ ပါတီ၊ KNLA ဆိုတာ စစ်တပ် KIO ဆိုတာ ပါတီ၊ KIA ဆိုတာ စစ်တပ် ULA ဆိုတာ ပါတီ၊ AA ဆိုတာ စစ်တပ် KNPP ဆိုတာ ပါတီ၊ KA ဆိုတာ စစ်တပ် )  NUCC ထဲက EAO တွေဟာ ပါတီသဘောပဲ။ သူတို့ရဲ့ Armed Wing ဟာ NUCC မှာ မပါရင်  ...   NUCC မှာ အရပ်ဘက် ပါတီတွေ အဖွဲ့အစည်းတွေပါဝင်နေတယ်လို့ ပြောရမယ်။ NUCC ကလည်း စစ်ရေး ဆုံးဖြတ်ချက် ချတာမဟုတ်။ နိုင်ငံရေး ဆွေးနွေး အကြံပေးတာပဲ။ ၂၁ ပင်လုံညီလာခံလိုပဲ။ NUCC ရဲ့ ဆုံးဖြတ်ချက်ကလည်း  CRPH က ပြဒါန်းပြီး NUG က ကျင့်သုံးတာ ဖြစ်လို့ NLD ပါတီအနေနဲ့ စစ်ရေးစစ်ရာနဲ့ ဘာမှ မပက်သက်ဘူး။ (  NLD ပါတီက  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" ..)


 တချို့ NLD တွေက PDF ဖြစ်နေတဲ့ ကိစ္စ။ ဒါလည်း လွယ်လွယ်လေး။  ဒေါ်အောင်ဆန်းစုကြည်ပြောသလို " တဦးတယောက်ခြင်း အနေနဲ့ ဆန္ဒပြတာရှိမယ်။ ပါတီနဲ့ မဆိုင်ဘူး။ " ဆိုသလိုပေါ့။ (  NLD ပါတီက  လက်နက်ကိုင်လမ်းစဉ်  မှာ တာဝန်ရှိသလား။ "မရှိဘူး" ..)


 ဒေါ်အောင်ဆန်းစုကြည်ဆီက ဒါမျိုးလေးတွေ သင်ယူလို့ရတယ်။ တချို့စိုးရိမ်သလို  ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်principle သမားမို့ စိုးရိမ်တယ်။ ဒါပေမယ့် သူရဲ့  definition စွမ်းရည်ကို လျှော့မတွက်ပါနဲ့။


နောက်ပြီး အခြေအနေလိုက် အံဝင်ဂွင်ကျနေတတ်သေးတယ်။ Democracy စံ ကို ကိုင်စွဲပြီး ၂၀၀၈ အောက်မဝင်ပေမယ့်  အခြေအနေအရ ဝင်ခဲ့တာပဲ။" ပြင်မယ် ပြောပြီး " ဝင်တော့ အခြေအနေလိုက် အံဝင်ဂွင်ကျသွားတာပဲ။ ၁၉၉၀ ရရွေးကောက်ပွဲရလာဒ်ကို ၂၀၁၂အထိ ကိုင်စွဲပေမယ့် အခြေအနေအရ လွှတ်ချခဲ့တာပဲ။ 


ဒီတော့  ဒေါ်အောင်ဆန်းစုကြည်ဟာ အံဝင်ဂွင်ကျနေတတ်တယ်။ NLD , EAO, CSO, CDM တွေက အခြေအနေကို ဖန်တီးပေးဖို့ပဲလိုတယ်။ NLD , EAO, CSO, CDM တွေက အခြေအနေကို မဖန်တီးပေးနိုင်ရင်  မအလက ဖန်တီးသွားလိမ့်မယ်။


ပါတီက ပါတီမှတ်ပုံတင် ဥပဒေအတိုင်း ပါတီနိုင်ငံရေးလုပ်ပြီး၊ တပ်မတော်က အမျိုးသားနိုင်ငံရေးလုပ်ရမယ် ဆိုတဲ့ ဂျင်းထဲ ပိတ်မိမနေဖို့ လိုတယ်။ လက်ဝဲပါတီတွေမှာ EAOတွေလိုပဲ ပါတီတပ်ရှိတယ်။ PLA, BPLA တွေဟာ ပါတီတပ်တွေပဲ။ ပါတီတွေ လက်နက်ကိုင်သင့် မသင့်က ဖက်ဒရယ်ဥပဒေပါ လူတိုင်း လက်နက်ငယ်ကိုင်ခွင့် ရှိမရှိအပေါ်မှာ ပြဒါန်းရမယ့် ကိစ္စပဲ။ ကွန်မြူနစ်ပါတီ ရွေးကောက်ပွဲဝင်ခွင့် ရှိမရှိ လည်း ဆုံးဖြတ်ရဦးမယ်။ 

လောလောဆယ် စစ်အာဏာရှင် အမြစ်ပြတ်ဖို့က ပဓာန၊ အလှမ်းကျယ် အလယ်မလတ်ဖို့ လိုတယ်။


အနာဂတ်ကို ပြပြီး ပစ္စုပ္ပန်မှာ ကွဲပြဲမနေဖို့ လိုတယ်။ ၁၉၆၂ တုံးကလည်း ရှမ်းတွေ ပြည်ထောင်မူတွေ ခွဲထွက်ရေးတွေ စတန့်ထွင်မိုလို့ ခြုံထဲမှာ ချောင်းနေတဲ့ မြေခွေးနေဝင်းက ငါးကြင်းသား အချီခံရပြီးပြီ။  သမိုင်းကို အလျှားလိုက် မဖတ်ပဲ ဒေါင်လိုက်လည်း ရှုထောင့်ပြောင်း ကြည့်တတ်ဖို့ လိုတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား