လူမျိုးကြီးဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)

ဒီမိန့်ခွန်းကို ပြန်ဖတ်ကြည့်မှ ယနေ့ လက်ရှိကာလ ယှဉ်ထိုးပြီး ထူးခြားချက် ၂ ချက်ကို မြင်ရတယ်

(၁) " လူမျိုးကြီး " ဆိုတဲ့ ဝေါဟာရဟာ လွတ်လပ်ရေးရပြီး၊ ပြည်ထောင်စုကြီး ဖြစ်ပေါ်ပြီးမှ အခြားတိုင်းရင်းသားများက မြန်မာ (ဗမာ) လူမျိုးရဲ့ လက်ဝါးကြီးအုပ်မှုကို နာကျည်းလို့ ပေါ်ပေါက်လာတဲ့ ဝေါဟာရ မဟုတ်ပဲ၊ ဒီလို ဒုက္ခ သုက္ခတွေ မရှိခင်ကတည်းက ရှိနှင့်ပြီးတဲ့ ဝေါဟာရ တရပ် ဖြစ်တယ်။ ဒါဆိုရင် သိသိနဲ့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ကြတယ်၊ " ၁.  ဝေါဟာရနဲ့ ဆက်စပ် အကြောင်းအရာရော  ၊ ၂. ဗမာပြည်နှယ် မဟုတ်ပဲ တိုင်း ၈ တိုင်း ရှိနေတာရော"  ထိုအချိန်က အားလုံး သိရှိပြီး ဖြစ်တယ်။ လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်ရှိပါလျက် ဘယ်တိုင်းရင်းသားကမှ မပြော မဆို မရေးသားခဲ့တာ ထူးခြားချက်တခုပါ။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ " လူမျိုးကြီး " အကြောင်းခြင်းရာဟာ လူမျိုးပေါင်းစု ဖြစ်တယ်၊ သူက ထပ်၍ ရှင်းထားပါသေးတယ်။ "တနိုင်ငံလုံးမှာ မြန်မာအပါအဝင် အားလုံး စုပေါင်းပါမှ လူမျိုးကြီး တမျိုးပဲ ရှိမယ်၊ ဥပမာ အမေရိကန်လူမျိုး" လို့ တိတိကျကျ ပြောထားပါရက်နဲ့  နောက်လူတွေက " လူမျိုးကြီး "  ကို အဆိုးမြင် ပုံဖျက် အပုပ်ချနေတာ ထူးခြားချက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းစကားမှာ " လူမျိုးကြီး " ဆိုတာ "လူပေါင်းစုံ လူမျိုးကြီး" ဖြစ်တယ်။ ယနေ့ စွပ်စွဲခံနေရသလို   မဟုတ်ဘူး။ 

နောက်ထပ် သူပြောတဲ့ မိန့်ခွန်းတွေနဲ့ ဆက်စပ်ကြည့်ရင် ပိုပြီး နားလည်သွားမှာပါ

ခံစား နဲ့  မှန်မှား တထပ်တည်း မကျဘူး။ ခံစားရလို့ နာကျည်းတိုင်း အတွေးအမြင် အမှန်အမှား ကွဲတယ်လို့ မဆိုနိုင်ဘူး။ ဝေဒနာ ရှိတိုင်း ဉာဏ် ရှိရင် သတ္တဝါ အားလုံး အရိယာဖြစ်ကုန်မှာပေါ့

====================
 
လူမျိုးကြီးဆိုတာ ဘာလဲ 
(ဗိုလ်ချုပ်အောင်ဆန်း)


ဒီနေရာမှာ လူမျိုးရေးကိစ္စကို ကျွန်တော်ဆွေးနွေးလိုတယ်။ အင်္ဂလိပ်လိုမှာ Nation or Nationality , Race, Tribe  အစရှိသည် အားဖြင့် လူမှုရေးးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။

Nation or Nationality ဆိုတာမျိုးကတော့ ဗမာလို တိတိကျကျ ဘယ်လိုပြန်ရမယ် ဆိုတာ ဗမာ့ အဘိဓါန် ကျကျနန ထွက်မှဘဲ ဖြစ်နိုင်မှာဘဲ။ အဓိပ္ပာယ်ကတော့ ဥပမာ ဗြိတိသျှ လူမျိုးဆိုယင် အင်္ဂလိပ်၊စကော့၊ဝေလ၊အိုင်းရစ်လူမျိုးတွေ "ပေါင်းထားတာ" ကို ခေါ်တာပဲ။ 

အမေရိကန်လူမျိုး ဆိုယင် ဥရောပ လူမျိုစုံ၊အမေရိကန်မှာ လာနေပြီး အမေရိကန် လူမျိုးလိုနေတဲ့ လူအားလုံးကို ခေါ်တာပဲ။ ဒီတော့ Nation သို့မဟုတ် Nationality ခေါ်တဲ့ လူမျိုးကြီးကို ဆိုကြပါစို့၊ အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လို အချင်းအရာတွေနဲ့ ပြည့်စုံမှ လူမျိုးကြီးလို့ ခေါ်မလဲ။ 

အဲဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး အခု ကမ္ဘာကျော် ဆိုဗီယက် ယူနီယံ ခေါင်းဆောင်ကြီး ဖြစ်တဲ့ စတာလင်က ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုယင် -
A nation is a historically evolved stable community of language,territory , economic life, and psychologicsl make - up manifested in a community culture;

လူမျိုးကြီး ဆိုတာ ရာဇ၀င်အရ ဖြစ်ပွားပြီး တည်တည်တံ့တံ့ နေလာတဲ့ သူ့ဘာသာ 
စကားနဲ့၊ သူ့နယ်မြေနဲ့၊သူ့စီးပွားရေးနဲ့၊ သူ့ယဉ်ကျေးမှု ပညာထုံးစံဓလေ့တွေနဲ့ ညီညွတ်စည်းရုံးထားတဲ့ "လူပေါင်းစု" ဘဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ  A nation is not a racial or trible community of people  လို့ အတိအလင်း ဖော်ပြထားတယ်။ အဓိပ္ပာယ်ကတော့ လူမျိုးကြီးဆိုတာ အသွေးအဆင်းတူတဲ့ Race တို့ Tribe တို့ ခေါ်တဲ့ လူမျိုးစုမျိုး မဟုတ်ဘူး။ အဲဒီ Race တို့ Tribe  တို့  "ပေါင်းစပ်ထားခြင်း"  ဖြစ်တယ်လို့ ရှင်းလင်းပြန်တယ်။

အဲဒီမှာ စကားတူရှိရုံနဲ့  လူမျိုးကြီး မဖြစ်နိုင်ဘူးတဲ့။  စကားတမျိုးထဲ ပြောကြတဲ့ အင်္ဂလိပ် အမေရိကန်ဟာ လူမျိုးကြီးနှစ်မျိုးဖြစ်နေတာ အထင်အရှားဘဲ မဟုတ်လားတဲ့။ လူမျိုးခြားတိုင်း စကားမခြားဘူး။ စကားတူတိုင်း လူတမျိုးတည်း မဟုတ်ဘူး။ အကြောင်းအားလျော်စွာံ ဆုံစည်းခွင့် မရှိလို့ရှိယင် တမျိုးစီဖြစ်တယ်။ အဲဒီလို ဆုံစည်းတဲ့ နေရာမှာ တမြေတည်းနေ တရေတည်းသောက်တဲ့ လူတွေမှ လူတမျိုးတည်း ဖြစ်လာနိုင်သတဲ့။ 

နောက်စီးပွားရေးမှာလဲ တဦးနှင့်တဦး ကျောထောက်နောက်ခံ သဘောမျိုး မှီခိုပြီး ပေါင်းစည်းထားမှ ဖြစ်သတဲ့။

 ပြီးတော့ လူတမျိုးရဲ့ စိတ်ဓါတ် National Character လို့ ဆိုတဲ့ လူယဉ်ကျေးမှုထုံးစံ ဓလေ့ဆိုတာကို မထားလို့ မဖြစ်ဘူးတဲ့။ ဒီအချက်တွေထဲက တခုလောက်မရရုံနဲ့ဘဲ လူမျိုးကြီးဆိုတဲ့ ဂုဏ်အင်္ဂါကို မထိုက်တန်ဘဲ ဖြစ်သွားနိုင်သတဲ့။ အဲဒီတော့ ဒီအချင်းအရာတွေ အားလုံးပြည့်စုံမှ လူမျိုးကြီး တမျိုး ဖြစ်တယ်ဆိုဘဲ။ 

ဒီနေရာမှာ Common Language ဆိုတဲ့ စကားတူလို့ ဆိုတာမှာလဲ ဥပမာ ဗြိတိသျှ လူမျိုးကြီးများ အင်္ဂလိပ်စကား အားလုံး ပြောကြတယ်။ နားလည်ကြတယ်။ ဒါပေမယ့် အိုင်းရစ်တို့ ဘာတို့မှာ သူတို့စကား သတ်သတ်ရှိတယ်။ အဲဒါကိုလဲ သတိပြုဖို့ လိုတယ်။

နောက်ပြီး  State  ... ဒီနေရာမှာတော့ လက်နက်နိုင်ငံတော်လို့ဘဲ ဆိုကြပါစို့ ။ အဲဒီ လက်နက်နိုင်ငံတော်ဆိုတဲ့ Political Community နိုင်ငံရေး လူပေါင်း
စု နဲ့ လူမျိုးကြီး ပေါင်းစုံ National Community ကို နားမရှုပ်စေလိုဘူးလို့ စတာလင်က ရှင်းထားတယ်။ ဘယ်လိုလဲ ဆိုယင် တူတာတွေထဲမှာ စကားတူမှ လူမျိုးကြီး တမျိုးဆိုတာ ဖြစ်နိုင်မယ်။ သို့သော်လည်း State လက်နက်နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေး လူပေါင်းစုထဲမှာတော့ စကားမတူပေမဲ့ တနိုင်ငံတည်း ဖြစ်နိုင်တယ်ဆိုတာ ဖော်ပြထားတယ်။

ကောင်းပြီ။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားယင် ကျွန်တော်တို့ ဗမာပြည်မှာ Nation or Nationnality လူမျိုးကြီး အဖြစ်နဲ့ ဘယ်နှစ်မျိုး ရှိသလဲ ဆိုယင် စင်စစ် ပြောရယင်တော့ "အားလုံးတမျိုးတည်း" ပဲ ရှိနိုင်မယ်။

Race, Tribe  ဆိုတဲ့ ဟာမျိုးတော့ ရှိသပေါ့။  ဒါမျိုးတွေကော  Nation or Nationality  ထဲမှာ မရှိဘူးလား ဆိုတော့ ရှိသတဲ့။ သူတို့ကို "National Minority"  လို့ ခေါ်တယ်။ လူမျိုးရေး လူနည်းစုတွေလို့ ခေါ်တယ်တဲ့။
အဲအခုန ကျွန်တော်တို့ ဗမာပြည်မှာ လူမျိုးကြီး စစ်စစ် ခေါ်နိုင်တာ "အားလုံးပေါင်း" ခေါ်မှ ဖြစ်နိုင်တယ်


(ဂျူဗလီဟောပဏာမ ပြင်ဆင်မှု ညီလာခံတွင်မိန့်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း  မိန့်ခွန်းမှ ဖြစ်သည်။ မိန့်ခွန်းပြော သောနေ့မှာ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ဖြစ်သည်။








Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား