ယာလည်း ညက်စေ ကြက်လည်း ပန်းစေ ဆိုပြီး ကောက်စားမယ် ကြံတဲ့ အချောင်သမားတွေ သိဖို့

  ယာလည်း ညက်စေ ကြက်လည်း ပန်းစေ ဆိုပြီး ကောက်စားမယ် ကြံတဲ့ အချောင်သမားတွေ သိဖို့ 

▪️ မြန်မာ ( နေဝင်းဗမာ) လူမျိုးဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၆၈% ရှိတယ်။  မြန်မာ မပါပဲ ဘယ်အရွေ့မှ ဖြစ်လာစရာ မရှိဘူး။ 

▪️ မြန်မာစစ်တပ်ရဲ့ ရန်သူဟာ ၂ မျိုးရှိတယ်။ NLD ဟာ နိုင်ငံရေးရန်သူ ဖြစ်ပြီး EAO တွေဟာ စစ်ရေးရန်သူတွေ ဖြစ်တယ်။ NLD ကို အချိုပ်အခြာအာဏာကို ထိပါးသူလို့ စွပ်စွဲသလို EAO တွေကိုလည်း ပြည်ထောင်စု ဖြိုခွဲသူတွေလို့ စွပ်စွဲခဲ့တာ ၁၉၈၈ ထဲက ဖြစ်တယ်။ ပြောရရင် EAO တွေက မြန်မာစစ်တပ်ရဲ့ အဓိက ရန်သူဖြစ်တယ်။ လွတ်လပ်ရေးရပြီးထဲက (၁၉၉၀ NLD မရှိခင်ထဲက ) ကျောင်းတော်က ရန်စတွေ ရှိတယ်။ 

▪️ ၁၉၉၀ နောက်ပိုင်း မြန်မာစစ်တပ်ဟာ EAO တွေကို အထူးဒေသ တွေ စီးပွါးရေး လုပ်ကွက်တွေပေးပြီး အချိုသပ်ထားထားတာ ဘယ်သူ့ကြောင့်လို့ ထင်သလဲ။ NLD ကြောင့် ဖြစ်တယ်။ ၁၉၉၀ နောက်ပိုင်းမှာ NLD သာမရှိခဲ့ရင် မြန်မာစစ်တပ်ရဲ့ အဓိက ပြိုင်ဘက် ဗကပ ပြိုကွဲပြီးနောက် EAO တွေဟာ အဲဒီအခွင့်အရေး ရစရာမရှိဘူး

▪️ ၂၀၂၁ နောက်ပိုင်း NLD ကို မအလက ချေမှုန်းခဲ့ရင် ဘာဖြစ်မလဲ တွေးကြည့်ဖူးရဲ့လား။ NLD ကို မဲပေးတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို မအလက စာရင်းတောင်းတာ အလကား မဟုတ်ဘူး။ ပထမဆုံး တပ်ထဲက ဖရဲသီးတွေကို ရှင်းပစ်မယ်။ ခြေလျင်တပ် မဟုတ်ပေမယ့် ရှေ့တန်းပို့ပြီး မြေဩဇာလုပ်ခိုင်းမယ် ။ နောက် NLD ကို မဲပေးတဲ့ ရပ်ကွက်တွေကို မြို့ရွာတွေကို မီးဘေး မင်းဘေး သင့်ပြီး စီးပွါးပျက်အောင် လုပ်ထားမယ်။ စားဝတ်နေရေးနဲ့ လုံးပန်းနေရပြီး နိုင်ငံရေးအသံ မထွက်နိုင်အောင် လုပ်ပစ်မယ်။ NLD ပါတီဝင်တွေကတော့ ဆိုဖွယ်မရှိဘူး။ ထောင်နှစ်ရှည်နဲ့ ထောင်ထဲ မှာ သေကြမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ် လျော့လျော့ပေါ့ပေါ့ အနှစ် ၁၀ပဲကျဦး။ ပြန်လွတ်လာတောင် အိုနာဖြစ်နေပြီ

( ဆက်ရန် - ကောမန့်မှာ ဆက်ဖက်ပါ) 

( အပေါ်က ကောမန့် အဆက်)

▪️ EAO တွေဟာ စည်းရုံးမှု မရှိတဲ့ သူတလူ ငါတမင်း အချင်းချင်းတောင် ဗိုလ်လု နယ်လုနေကြတာပါ။ တပ်ပေါင်းစုတွေ ဖွဲ့ကြတာပဲ။ တခုမှ အလုပ်မဖြစ်ဘူး.. ၁၉၇၅ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ-NDF) စဖွဲ့ကြတာပဲ။ နောင် ၁၉၈၈  မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ-DAB) ကိုဖွဲ့တယ်။  ၂၀၀၈ မှာ FCDCC ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တောင် ရေးလိုက်သေးတယ်။ EAO နယ်မြေတွေမှာ တကယ်လည်း မကျင့်သုံးနိုင်ခဲ့ဘူး။ နောက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ (UNFC ) ဖွဲ့ကြပြန်တယ်။  UNFC ဆိုရင် ၂၀၁၀  မှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) တောင် ဖွဲ့ခဲ့သေးတယ်။  အချင်းချင်း ဗိုလ်လုပ်ချင်သူတွေများပြီး နုတ်ထွက်သွားကြတယ်။ NCA ထိုး PPST ဆိုတာလည်း ကြေညာချက်ထုတ်ရုံအဆင့်ပဲ ဘာမှ စစ်ရေးပူးပေါင်းလှုပ်ရှားနိုင်တာ မရှိဘူး။  


▪️ ဒီထက်အရေးကြီးတာက " အာဏာသည် (1) ပြည်သူပိုင်ပြီး (2) သေနတ်ပြောင်းက ထွက်သည်" ဆိုတဲ့ အချက်။ သေနတ်ကိုင်လို့ နယ်မြေစိုးမိုးထားတဲ့ De Facto ရှိပေမယ့် ဒီမိုကရေစီနည်းကျ ပြည်သူ့အာဏာ ကိုယ်စားပြုခြင်း De Jure မရှိတဲ့အခါ EAO တွေဟာ တရားဝင် အုပ်ချုပ်သူတွေ မဟုတ်ပဲ  မအလမိစ္ဆာတပ် ဘယ်နေ့ ငါ့ဘက်လှည့်လာမလဲ စောင့်ရင်း စစ်အင်အားဖြည့်ဖို့ နည်းလမ်းစုံနဲ့ ငွေရှာရင်း မူးယစ်လမ်းကြောင်းကို မလွဲသာပဲ ကိုင်မိတတ်တယ်။ ဝ ကိုပဲ နမူနာကြည့်ပါ။ ပြည်နယ်အဆင့် မရသေးဘူး။ ဦးပေါက်ယူချမ်းကလည်း တရားဝင် အုပ်ချုပ်သူမဟုတ်ဘူး။ ဒီလိုအခြေအနေဟာ တကယ့်အမျိုးသားတန်းတူရေး ဟုတ်ရဲ့လား။ စဉ်းစားကြပါ။

▪️ အဲဒီလို နိုင်ငံရေး ရန်သူကြီး ပွဲပြီး မီးသေ ဖြစ်နေတုံး၊ မအလတပ်ဟာ EAO တွေကို တကောင်ချင်းစားမယ်။ EAO (အများစု) ဟာ NLD အပေါ်မှာသာ အမျိုးစုံ ကြိုးခုန်ပြီး နွဲ့ဆိုးဆိုးနေကြတာ။ မအလ မိစ္ဆာတပ်နဲ့ ပက်သက်လာရင် ၂ လမ်းပဲ ရွေးစရာရှိတယ်။ တိုက်မလား ။ ရပ်မလား။  EAO တွေမှာ စစ်ရေးတကွက်ပဲရှိပေမယ့် မအလမစ္ဆာတပ်မှာ နိုင်ငံရေး၊ စီပွါးရေး၊ ဥပဒေရေး၊ နိုင်ငံတကာရေး လက်နက်တွေရှိသေးတယ်။ မအလတပ်ဟာ စစ်ရေးမှာ ချာတူးလန်ရင် လန်မယ်။ သွေးခွဲ သွေးထိုး အင်မတန်တော်တယ်။ EAO တွေမှာ နိုင်ငံရေး space မရှိဘူး။ ဝါဒဖြန်းယန္တရားမကောင်းဘူး။ မအလဟာ တရုပ်နဲ့ ရုရှကို EAO နယ်မြေတွေမှာ လုပ်ကွက်ချပေးပြီး တဖြည်းဖြည်း စီးပွါးရေးဘောင် ချဲ့ယူမယ်။ တရုပ်နဲ့ ရုရှက စစ်ပွဲကို လုပ်ကွက်နေရာတွေမှာ မလိုလားတော့ EAO တွေရဲ့ လက်နက်ကိုင်ထားတာ သင်္ကြန်ရေပြွတ်လို အလှပြဖို့ပဲ ဖြစ်သွားမှာပါ။ UWSA က စောစောစီးစီး ဝနယ်မြေတွေကို စိုးမိုးခွင့်ရသွားလို့ တရုပ်နဲ့ တိုက်ရိုက် deal လို့ရတာ။ AA လိုအဖွဲ့တွေအဖို့ deal လုပ်ပြီးသား လုပ်ကွက်တွေမှာ ဂိတ်စောင့်ဘဝပဲ ရလိမ့်မယ်။ ဘယ်မှာလဲ အမျိုးသားတန်းတူရေး၊ ဘယ်မှာလည်း ဖက်ဒရယ်။ 

▪️  NLD ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ အယူအဆ အားပျော့သွားပြီး မအလရဲ့ မဘသ ဖက်ဆစ်ဝါဒဟာ ( ကျောင်း၊ သတင်းစာ၊ ရုပ်သံ၊ လူမှုကွန်ယက်  ကို ထိန်းချုပ်ပြီး) အားကောင်းလာရင် ၁၀ နှစ်အကြာမှာ "ဖက်ဒရယ် ဒီမိုကရေစီရေး ဒို့အရေး " လို့ အော်ဟစ်ကြဦးမယ် ထင်သလား။ အဲဒီအချိန်ရောက်မှ မြန်မာတွေဟာ တကယ့် ဖက်ဆစ်တွေ ဖြစ်လာရင် ဒီလို ဖြစ်အောင် လုပ်ခဲ့တာ မအလစစ်တပ်သာမက EAO တွေရဲ့ တာဝန်မကင်းဘူး။ မြန်မာ လူမျိုးဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၆၈% ရှိတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဲ ဖြစ်ဖြစ်၊ ဖက်ဆစ်စနစ်ပဲ ဖြစ်ဖြစ်၊  မြန်မာကို ကောက်စားဖို့ ဆိုတဲ့ အိပ်မက်ဟာ သွေးလေပျက်လို့ မက်နေသလား ဆရာဝန်နဲ့ ပြကြည့် ပါလား

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား