စု ရွေး လွှတ် ဆိုတာ ဘယ်နေရာ မှားနေသလဲ။



NLD   ၀၂ ဖေဖော်ဝါရီ ၂၀၂၁ က ကြေညာချက် အဟောင်းကို ကိုင်ပြီး  " စုရွေးလွှတ် " ကို ခေါင်းစဉ်တင်ကာ ဟိုဘက် ဒီဘက် ( နှစ်ဘက်စလုံး ဒလန်တောင် ဖြစ်နေနိုင်)တွေက ဆန်းဆန်းတင့် ဖြစ်နေကြတယ်။ NUCC မှာ KIO အစည်းအဝေး မတက်တာရောက NLD အစည်းအဝေး မတက်တာရော၊ ပေါက်ကြားလာတာ NUCC ထဲ နုတ်မစောင့်သူတွေ၊ စည်းကမ်းဖောက်သူတွေပါဝင်နေတာ ထင်ရှားတယ်။  

စု ရွေး လွှတ် ဆိုတာ ဘယ်နေရာ မှားနေသလဲ။

စု =  ဒေါ်စု လွှတ်ဖို့ တောင်းဆိုတာ မှားနေလို့လား။ ဒေါ်စုဟာ အရာရာကို ပြောင်းလဲနိုင်သူ မဟုတ်ဘူး။ သူ့စကား  EAOမှလည်း မလိုက်နာဘူး။ သူ့ကို ဝန်းရံတယ်ဆိုတာ ထက် အသုံးချချင်တာ ပိုတယ်။ NLD မတက်ဖို့ ပြောတဲ့ ညောင်နှစ်ပင် ညီလာခံကို ပျော်ပျော်ကြီး တက်ပြီး စစ်ကျွန် ခြေဥ ရေးကြတယ်။ EAO အဖွဲ့မစုံလို့NLD က လက်မှတ်မထိုးဖို့ ပြောတာကို ပျော်ပျော်ကြီး လက်မှတ်ထိုးကြတယ်။ ဒီကနေ့အထိ ဘရုတ်ဘယက် အခင်းအကျင်းတွေဟာ သံဃာ့အား ဘုရား မလွန်ဆန်နိုင် ဆိုသလို၊ ဒေါ်စုဟာ ဘယ်လောက်ပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး စံနှုန်းတွေနဲ့  နည်းလမ်းတကျ လမ်းညွန်ပေမယ့် အခြေအနေက သူ့ကို ထိန်းချုပ်သွားတာပဲ။ အဲဒီတော့ ဒေါ်စု လွတ်လာမှာကို မကြောက်ဘူး။ EAO တွေ ပါတီတွေ CSO တွေ မညီညွတ်မှာ ကြောက်တယ်။  အိမ်သာသုံး ရေခွက်ထဲ ရေကျန်ရစ်လို့ သံဃာအချင်းချင်း ရန်ဖြစ်တာကို ၊ မဟာဂရုဏာရှင် ဘုရားရှင်သော်မှ ဖြန်ဖြေဖို့ မတတ်နိုင်လို့ ဖယ်ခွါပြီး တပလဲတောထဲ တပါးတည်း သီတင်းသုံးခဲ့ရတယ်။

 ဒေါ်စုဟာ တဘက်ကလည်း ဘုရားအဆူဆူ ချွတ်တောင် မကျွတ်မဲ့ မိစ္စာ၊ တဘက်ကလည်း သူတလူ ငါတမင်း ဗိုလ်လုပ်ချင်နေသူတွေအကြား ဖန်တီးထားတာ ဖရိုဖရဲ တီးလုံး၊ ကယိမ်းကပါး ဇာတ်ခုံပေါ်မှာ ခဲနဲ့ အပေါက်ခံဖို့ တက်ကပေးရတဲ့ မင်းသမီးပဲ။ စု လွှတ်တာ ပြသနာမဟုတ်၊ မညီညွတ်ပဲ တနပ်စား ကြံကြရင်၊ ဒေါ်စုမှ မဟုတ်၊ သိကြားမင်း ဆင်းကယ်လို့တောင် မရဘူး။

ရွေး =  ကိုလိုနီ ၁၉၃၅ မြန်မာပြည် အစိုးရအက်ဥပဒေ ( ၁၉၃၅ ခြေ/ဥ)  အောက်မှာ ကျင်းပတဲ့၊ ၁၉၄၆ ရွေးကောက်ပွဲ ရဲ့  ပြည်သူလူထုက အာဏာအပ်နှင်းတဲ့ တရားဝင်မှုကို ကိုင်စွဲပြီး  ကြားကာလ အစိုးရဖွဲ့တယ်။ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်တယ်။ ၁၉၄၇ အခြေခံဥပဒေကို ရေးတယ်။ လွတ်လပ်ရေးရတယ်။ သမိုင်းမှာ ဒီလောက် ထင်ရှားရှိနေပါလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ကြောင်ပျောက်နေကြတာ မရိုးသားဘူး။ သူ့ကျွန် ခြေဥအောက်က ရွေးကောက်ပွဲ ရလာဒ်မို့ ပယ်ဖျက်ရမယ်၊ အသုံးမဝင်ဘူး လို့   ဗကပတောင် မပြောခဲ့ဘူး၊ ဘယ်တိုင်းရင်းသားမှလည်း ဖောင်းမထုဘူး။ နိုင်ငံတကာမှာ တရားဝင်လို့ လွတ်လပ်ရေးတောင် ရခဲ့ပြီး ကုလသမဂမှာ  ဦးသန့်တောင် အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တယ်။ ခုခေတ်ကျမှ ( မအလ ပါးစပ်ငှါး ပြောနေသလို " ရွေး" ရွေးကောက်ပွဲရလာဒ်ကို အတွင်း ဖျတ် ဖျက်ဖို့၊ မဖျက်နိုင်တောင် သေးသိမ်ဖို့၊ တိုင်းရင်းသားတွေ အထင်မှားမို့၊ အနည်းဆုံး အားပျော့သွားအောင် dilution လုပ်ဖို့ ဆိုတဲ့ အကောက်ညဏ်ကို မြင်နေရတယ်။

လွှတ် = တိုင်းပြုပြည်ပြု လွှတ်တော်က ၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲတယ်။ ပြည်ထောင်စုလွှတ်တော် ( ကိုယ်စားပြု CRPH ) က ဖက်ဒရယ် ဒီမိုကရေစိစီ ချာတာနဲ့  အခြေခံဥပဒေကို ရေးဆွဲတယ်။ အဲဒီ "လွှတ်ကို"  မကိုင်စွဲလို့ ဘာကို ကိုင်ရမလဲ။ ၂၀၀၈ ခြေဥအောက်က လွှတ်တော်ပါလို့ စွပ်စွဲရအောင်  ပြည်ထောင်စုလွှတ်တော် ( ကိုယ်စားပြု CRPH )  ထဲ ၂၅% မြန်မာစစ်တပ်က ပါနေသေးလို့လား။ ဥပဒေပြုတာလည်း  ပုဒ်မ ၄၃၆ လိုမျိုး မြန်မာစစ်တပ်က သဘောတူစရာလိုလို့လား။ အင်မတန် ရှင်းလင်းတာကို ဘာတွေ ဇယားကပ်နေသလဲ။  လှေနံဓားထစ် အသိဉာဏ်လား?  စစ်ဂဏန်းတမတ်သား မရှိလို့ အဲဒီနေရာ  နောက်တမျိုး ဂဏန်းတမတ်သားဝင်လာချင်တာလား မပြောတတ်ဘူး။

 " စုရွေးလွှတ် " ဟာ ကိုင်စွဲထားရမှာ မှန်ပေမယ့် သူချည်းသက်သက် ဆိုရင် "တရားဝင်မှု" အဆင့်မှာပဲ တန့်နေလိမ့်မယ်။ နောက်ထပ် တိုးတက်လာတဲ့ " စိုးတိုင်တပ်" လို့ ခေါ်ရမယ့် NUG အစိုးရ၊ အတိုင်ပင်ခံကောင်စီ၊  ဖက်ဒရယ်တပ်ကို ထည့်ပေါင်းမှ "မြေပြင်စိုးမိုး"မှု တည်ဆောက်နိုင်မယ်။

 ဦးနင်း ပဲ့တောင်၊ ပဲ့နင်း ဦးထောင် ကစားကွက်တွေနဲ့ လှေမှောက်အောင် မလုပ်ကြပါနဲ့။

 ၈ ဧပြိ ၂၀၂၁မှာ NLD ဟာ ပါတီတခုအနေနဲ့ NUG CRPH ကို ဟထောက်ခံကြောင်း ကြေညာပြီးပြီ။ မြေပြင်မှာ အဖမ်းခံ၊ အသေခံ၊ တိုက်ပွဲဝင်နေတာလဲ NLD ပဲ။ အာဏာ ၃ ရပ်နဲ့ ပက်သက်ရင်  NLD မှာ ဘာတာဝန်မှ မရှိလို၊ ဘယ်တုံးကမှလည်း မရှိခဲ့ဘူး။ NLD ပါတီကို NLD အစိုးရနဲ့ ရောပြီး ပြောဆိုနေတာ လူပိန်းကပြောရင် မသိလို့၊ နိုင်ငံရေးသမားက ပြောရင် ချောက်ချတာပဲ။

ပြောရစတမ်းဆိုရင် နွေဦးအောင်မြင်တဲ့ အခါ ပြည်နယ်တွေမှာ NLD မလာဖို့၊ အခု ဘေးထိုင်နေတဲ့ တရသ ပါတီတွေက တရသ အခွင့်အရေးကို အော်ဟစ်ပြီး မိုးဦးကျဖားတွေကို ခုန်စွ ခုန်စွ အသံပေးကြပါလိမ့်ဦးမယ်။ တရသ ပါတီတွေထဲမှာ ရွေးကောက်ပွဲနိုင်ရ တွေရှိတယ်။ သူတို့ကို ဘယ်သူမှ ဖောင်းမထုကြဘူး။ တော်တော် တရားကျစရာပါပဲ။ 

NUCC မှာ NLD ပါတီ ပါတော့လည်း ဗမာတွေချည်း လွှမ်းမိုးတယ်လို့ ဖောင်းထုတယ်။ NUCC မှာ NLD ပါတီ မပါတော့လည်း ဖောင်းထုတယ်။ မြည်းတကောင်နဲ့ သားအဖ ၂ ယောက်လိုပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ ဒါကြောင့် ဒေါ်စုက " ညီညွတ်ကြပါ" လို့ ပြောတာ။ စကားက သုံးလုံးထဲ၊ ဒီလေ ဒီမိုး ဒီလူတွေနဲ့ သုံးကမ္ဘာတောင် ညီညွတ်စရာ မမြင်ဘူး။ ဒေါ်စုတို့ သားအဖလည်း ဖောင်းထုခံဖို့ လူဖြစ်လာကြတဲ့ ခေတ်မှားပြီး (ဒါမှ မဟုတ်) နိုင်ငံမှားပြီး လူဖြစ်ကြသူတွေပဲ။

==============

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) ဖွဲ့စည်းခြင်းအားကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်။


April 8, 2021




February 02, 2021 

 





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား