တွေးမိသမျှ ဖက်ဒရယ် စီးပွါးရေး
တွေးမိသမျှ ဖက်ဒရယ် စီးပွါးရေး
===============
နိုင်ငံရေးဆိုတာ အာဏာ ၃ ရပ်၊ တရားဝင်မှု၊ နယ်မြေစိုးမိုးမှု၊ မဘသ အသုံးချမှုတွေ ပြောဆိုနေပေမယ့် တကယ့်အရင်းအမြစ်က အောက်ခြေ ပြည်သူလူထု နေ့တဒူဝ စားဝတ်ရေး ၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ လုံခြုံ အေးချမ်း ချမ်းသာ ကျန်းမာ ပျော်ရွှင်နေကြဖို့ပဲ။ ဒါတွေက စီးပွါးရေးနဲ့ ဆက်နွယ်တယ်။
လွတ်လပ်ရေးကြိုးပမ်းချိန်ထဲက မြန်မာတွေဟာ လွတ်လပ်ရေး ရပြီး စီးပွါးရေးကို တွေးခေါ်ကြတယ်။ ကိုလိုနီ စီးပွါးရေးက ဆန်စပါး၊ သစ်၊ ကုန်းတွင်း ရေနံ၊ သတ္ထု အပေါ်အခြေခံတယ်။ အင်္ဂလိပ်ကုမ္ပဏီ စာရင်းမှာ ဒါတွေချည်းပဲ။ ကုန်စည် သယ်ယူပို့ဆောင်ရေး လည်းပါတယ်။ မြန်မာပြည်မှာ လယ်လုပ်သား မလုံလောက်လို့ အိန္ဒိယက သွင်းရတယ်။ အခြား တိုင်းရင်းသား ဒေသတွေမှာ ကိုလိုနီခေတ်ထဲက သတ္ထုတွေ ထုတ်ယူနေတာ ရှိပေမယ့် စက်ကိရိယာ မတိုးတက်တာက တကြောင်း၊ အင်္ဂလိပ်က ထာဝရကိုလိုနီ လုပ်မှာမို့ အလွန်အမင်း အားမစိုက်တာက တကြောင်းကြောင့် သစ်တော သယံဇာ မတို့မထိရသေးတာတွေ တပုံကြီး ကျန်တယ်။
တို့ဗမာအစည်းအရုံးက တည်ထောင်ခါစက သခင်ဘသောင်း တို့ စတင်တာမို့လို့ လက်ယာဝါဒ ဖြစ်ပေမယ့် သခင်အောင်ဆန်းတို့ ဝင်လာပြီး လက်ဝဲဝါဒ ပြောင်းသွားတယ်။ တူတံစဉ်က သက်သေပဲ။ လက်ဝဲသမားတွေဟာ စက်မှုတော်လှန်ရေးကို အားကျ အထင်ကြီးတယ်။ စက်မှု လယ်ယာ၊ စက်မှု ကုန်ထုတ် ဆိုတာကို မျှော်မှန်းကြတယ်။ လွတ်လပ်ရေးရရင် အိန္ဒိယက သွင်းရတဲ့ လူတွေလည်း ပြန်သူက ပြန်မယ်။ ထပ်လည်း မသွင်းတော့၊ လူသားအရင်းအမြစ်ပေါ်စက်မှုနည်းပညာ ပေါင်းစပ်ဖို့ ကြံစည်တယ်။
အဲဒီခေတ်မှာ အင်္ဂလိပ်ရဲ့ ရင်းနှီးမြုပ်နှံမှု ရှိတယ်။ ကွန်မြူနစ်တွေက အင်္ဂလိပ်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ အရင်းရှင်စနစ်ပဲ၊ အမျိုးသားလုပ်ငန်းရှင်တွေ တိုးတက်ဖို့ လမ်းပိတ်တယ်လို့ ယူဆတယ်။ ဖြစ်နိုင်ရင် ပြည်သူပိုင် သိမ်းချင်တယ်။ ဆိုရှယ်လစ်အုပ်စုက ရင်းနှီးမြုပ်နှံမှု ကို ဆက်လက်ထားရှိမယ်။ ဒါပေမယ့် အလုပ်သမားဘက် "ပင်း" မယ့် မူဝါဒ နဲ့ စည်းမျဉ်း သတ်မှတ်ချင်တယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ သယံဇာတကို ကုန်ချောထုတ်ရောင်းဖို့ ကြိုးစားမယ်၊
အခြားတိုင်းရင်းသား နယ်မြေတွေဟာ မြန်မာပြည်မနဲ့ ပူးပေါင်းမှ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ်။ သစ်တော သယံဇာတ ကို စက်မှုကုန်ကြမ်း အဖြစ် လျာထားချက် ရှိတယ်။ အခြား တိုင်းရင်းသားတွေကလည်း (ထိုခတ်အခြေအနေက) ပင်လယ်ထွက်ပေါက်ဟာ အရေးကြီးတယ်လို့ လက်ခံကြတယ်။ လွတ်လပ်ရေးခေတ် စက်မှုလက်မှု အနေထားနဲ့ ဒီလိုပဲ ကြံစည်ကြတာ မှန်တယ်လို့ ဆိုရမှာပဲ
ဖဆပလ ဦးနု ခေတ်မှာ ပြည်မ စီးပွါးရေးဟာ အပေါ်ယံအားဖြင့် ကောင်းမွန်ဆိုရမှာပဲ။ ဒီမိုကရေစီစနစ် ဖြစ်ပြီး မြို့နေလူထုဟာ ကိုလိုနီခေတ် ပုံစံချပေးတဲ့ အတိုင်း သာသာယာယာပဲ။ အင်္ဂလိပ်ကုမ္ပဏီတွေကလည်း အနေအစား မပျက်ဘူး။ အရှေ့တောင်အာရှမှာ ကျားတကောင် ဖြစ်လာတယ်။ တိုင်းရင်းသားဒေသက သစ်တော သယံဇာတတွေကို ဒီလောက် စိတ်မဝင်စား၊ ကိုလိုနီအထိုင် အတိုင်း သာယာနေတာပဲ။
ပြသနာက လယ်သမားတွေ ၊ အလုပ်သမားတွေရဲ့ လူနေမှုဘဝ ဟာ ပြည်မမှာရော ပြည်နယ်မှာပါ မတိုးတက်လာဘူး။ ကွန်မြူနစ်တွေရဲ့ လူတန်းစားတိုက်ပွဲ ထကြွတယ်။ ကွန်မြူနစ်ကို ဓမ္မအန္တရယ် လို့ စွပ်စွဲပြီး ဦးနုက သာသနာ့ဒါယကာ ဘဝရှင်မင်းတရားကြီး ဂိုက်ဖမ်းပြီး ထိုးနှက်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမှာ တားမြစ် မဘသဝါဒကို သုံးတယ်။ အဲဒီတော့ တခြားဘာသာဝင်တွေက ဆန့်ကျင့်တယ်။
မဘသဝါဒဟာ ၂ ဘက်သွားဓားပဲ၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်ကုန်ရော၊ ပြည်နယ်တွေမှာ ပဒေသရာဇ် စော်ဘွားတွေက အုပ်ချုပ်တာ ရှမ်းပညာတတ်သူငယ်တွေက မကြိုက်ဘူး၊ စော်ဘွားတွေက ဒီမိုကရေစီ ပြည်နယ်ဘက် ကူးစက်မှာ ကြောက်တယ်။ ၁၀ နှစ် ပြည့်ခါနီးတော့ ခွဲထွက်ဖို့ ၈ ပြည်ထောင်မူကို စနက်ဖောက်တယ်။ ချုံထဲက ကျားချောင်း ချောင်းနေတဲ၌ နေဝင်း အာဏာသိမ်းတယ်။ ဘဝရှင်မင်းတရားကြီး ဦးနုရော ပဒေသရာဇ် စော်ဘွားတွေကို ရော မြောင်းထဲ ရောက်သွားတယ်။
မဆလက လယ်သမားတွေ ၊ အလုပ်သမားတွေ အကြိုက် ဆိုရှယ်လစ်လည်းလုပ်တယ်။ ကွန်မြူနစ်ကို တိုက်ဖို့ မဘသလည်း လုပ်တယ်။ ပဒေသရာဇ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ ဟန်ဆောင်တယ်။ ဆိုရှယ်လစ် ဒီမိုကရေစီလို့ နာမည်တပ်တယ်။ ၁၉၇၄ ရွေးကောက်ပွဲလုပ်တယ်။ တပါတီထဲက ပါတီခေါင်းဆောင် တွေကိုပဲ မဲ ၂ ပုံး ထားပြီး ဘယ်ထဲထည့်ထည့် မဆလပဲ။ မဆလ အထက်က ဥက္ကဌကြီး နေဝင်းပဲ။ ကုမ္ပဏီတွေကို ပြည်သူပိုင်သိမ်းတယ်။ တံခါးပိတ် စီးပွါးရေးလုပ်တယ်။ ဦးနုလက်ထက်က ကျန်ရစ်တဲ့ ဓနဥစ္စာပုံပေါ် ခွထိုင်ပြီး စားသောက်နေတာ။ သစ်တော, သယံဇာတကို မတို့မထိဘူး။ မဆလခေတ် ဗျူရိုကရက်တွေ လာဘ်စားတယ်ဆိုတာ နဝတ-နအဖခေတ် ဆေးရုံပေါက်စောင့်ကို ပေးရသလောက်ပဲရှိတယ်။ မြို့နယ် ပါတီယူနစ် ဥက္ကဌမှာ အချမ်းသာဆုံးက ၁၄ လက်မ အဖြူအမည်း တီဗီပဲ။ ဦးနေဝင်း တယောက်ပဲ သုံးဖြုန်းနေတာပါ။ လယ်သမား ၊ အလုပ်သမား အကျိုးဆိုတာ အလုပ်သမားဆေးရုံဆောက်ပေးတာပဲ ရှိတယ်။ တာဝန်ကျေစပါး မသွင်းလို့ ဖမ်း၊ အလုပ်သမားတွေ လစာမလောက်၊ သပိတ်မှောက်၊ ပစ်ခတ်နှိမ်နှင်း။ စက်မှုလယ်ယာ ဌာနတွေ ၊ နိုင်ငံပိုင် စက်ရုံတွေ ရှိနေပေမယ့် လူသားအရင်းအမြစ်ကို အသုံးမချတတ်၊ ပြည်ပလည်း ထွက်ခွင့်မပေး၊ ဓနဥစ္စာဟာ ခန်းခြောက်လာတော့ တနိုင်ငံလုံး အုံကြွလာတယ်။
ဗျူရိုကရက်ယန္တရားမှာလည်း အလုပ် မလုပ်ပဲ ဝတ္ထုဖတ်၊ နေကြာစေ့စား၊ လက်ဖက်သုပ်စား၊ လက်ဖက်ရည်ထိုင်ဆိုင်၊ ကျားထိုး၊ အတင်းပြေားရင်း လစာလိမ်ယူကြတယ်။ အလုပ်သမားဥပဒေက ဖြုတ်မရ၊ "မှီစား" တွေ ဖောင်းပွ ဝန်ပိလာတယ်။ နောက်ဆုံးတော့ ပြည်သူလက်ထဲက ငွေကို တရားမဝင်ကြေညာပြီး လုယူတာပဲ၊ ကရင်ဘက်မှာ ငွေတုတွေ ပေါ်နေလို့ ဆိုပြီး အကြောင်းပြတယ်။ နေဝင်းက ဆိုရှယ်လစ်ကို ယုံကြည်သူ မဟုတ်ဘူး။ သယံဇာတတွေ ထုတ်ရောင်းဖို့ စျေးကွက်စီးပွါးရေးကို မျက်စိကျတယ်။ ပါတီစုံ ဒီမိုကရေအတု ဖန်တီးပြီး ဝါဒ ခြံခုန်ဖို့ သူကိုယ်တိုင် ပါတီစုံ ကြိုက်သလား၊ တပါတီကြိုက်သလား ရေလာမြောင်းပေးခဲ့တာပဲ။ သူမွှေးတဲ့ မီးက သူ့ပြန်လောင်တာပါ၊ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဝင်မလာရင် "တစည" ဦးဆောင်သော ပါတီစုံ စနစ်တောင် ဖြစ်နေမလားပဲ၊ ဒါပေမယ့် ၈၈၈၈ အရေးတော်ပုံဟာ သူထင်သလို ၇ ဇူလိုင်လောက် နှိမ်ပြလို့ ငြိမ်မသွားပဲ စောမောင်ကို အာဏာလွှဲပြီး ကန်လန့်ကာအောက် ဝင်သွားတာပ။
"စျေးကွက်" စီးပွါးရေး နာမည်တပ်ပေမယ့် ၊ အမှန်က သမာအာဇီဝ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို လမ်းဖွင့်ပေးတာ မဟုတ်ပဲ စစ်အာဏာရှင်စနစ်ကို ဒေါက်တိုင်လုပ်ပေးမယ့် ကြောင်ခံတွင်းပျက် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းရင်းသား ပါတီ၊ လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အရိုးနူးအောင် ပေါင်းစားမယ့် "စားခွက်" စီးပွါးရေး ဖြစ်တယ်။
နေဝင်းလို တယောက်တည်း မစားတော့ဘူး။ စစ်မျိုးစစ်နွှယ်နဲ့ ကျေးကျွန်တွေ၊ အသင်းအပင်းတွေက အကုန်ဝိုင်းစားတယ်။ နေဝင်းလို သယံဇာတကို ချမ်းသာ မပေးဘူး၊ အကုန် အခွံခွါ အရေလှန်တယ်။ တိုင်းရင်းသား EAO တွေကို တဖက်က မုန်လာဥ ကြွေးပြီး တဖက်က ဒုတ်ကြီးကြီး ကိုင်ထားတယ်။ တိုင်းရင်းသား EAO တွေ ရှိသရွေ့ စစ်တပ် အာဏာရှိရမယ်လို့ မြန်မာပြည်သူကို ပြောပြန်တယ်။ စစ်သုံးစားရိတ်တွေ အဆမတန်ကြီးလာတယ်။ ဖြတ်စား ၊ လိမ်စား ၊ ကော်မရှင်စားရင်း ဂျင်းစစ်လက်နက်တွေဟာ ရွှေဖြစ်ငွေဖြစ် ဖိုထိုးသလို "ရှိ ထည့်၊ ရှိ ထည့်" နဲ့ ဇီးသီးဗန်းမှောက်တယ်။ ပြည်သူတွေ ငတ်လာတယ်၊ ၈၈လို ဖြစ်မှာကြောက်လို့ ထွက်ပေါက်ပေးတယ်။ မဆလ လက်ထက်မှာ ပြည်ပထွက်ခွင့် ပိတ်ထားတာကို ဖွင့်ပေးတယ်။ ရှိသမျှ အရွယ်ကောင်းတွေ၊ ပညာတတ်တွေ ရွေ့ပြောင်း အလုပ်သမားတွေဖြစ်ပြီး အဲဒီက ပို့ငွေနဲ့ မိသားစုတွေ ကျားကန်ထားရတယ်။
စစ်အုပ်စုဟာ နိုင်ငံကြီးထဲမှ နိုင်ငံငယ် ဆောက်ထားတယ် ။ အဲဒီ နိုင်ငံငယ်ဟာ မှီခို "မှီစား" တွေချည်းပဲ။
သူတို့ဟာ ကာယဉာဏ အလုပ် ကောင်းစွာ မလုပ်ပဲ ထိုင်စားနေကြတာ။ စာရင်းချကြည့်ရင် ... ဦးပိုင်၊ တပ်ပိုင်လုပ်ငန်းတွေ၊ စစ်အရာရှိတွေ၊ စစ်သားတွေ၊ ကြံ့ဖွတ်၊ မဘသဘုန်းကြီး၊ ရပ်ကျေး၊ လူမိုက်၊ ရဲ၊ ရုံးပေါင်းစုံ , ဖောက်ပြန်နေတဲ့ ပါတီ၊ EAO ခေါင်းဆောင်တွေ၊ ဘောမ၊ အနုပညာရှင် ...... တပုံကြီးပဲ၊ ကော်မရှင်ငွေ၊ ပုံမှန်ဝင်ငွေ၊ ဂါရဝကြေး၊ စုကြေး၊ ထမင်းထုတ်ဖို့ ...... တပုံကြီးပဲ။ ဒီလို လှေကြီးပေါ် လှေငယ်ဆင့်ထားပြီး .. အဲဒီ လှေငယ်က စားလုံးကြီးတဲ့ ပါးစပ်ပေါက် တပုံတမကြီးက အစွယ်အဖွေးသား နဲ့ .. လှေကြီးပေါ်က လူတွေဆီက ကုတ်ခြစ် ဖဲ့ယူ စားသောက်ဝါးမြိုနေကြတာပါ။
သူတို့ ဂုတ်သွေးစုပ် စားခွက် စီးပွါးရေးကို ကြည့်ရင် ... တယ်လီကွန်၊ ကား၊ အိမ်ခြံမြေ၊ ၊ သယံဇာတ၊ သစ်တော၊ ဓာတ်ငွေ့၊ မြေအငှါးချ၊ လယ်ယာထွက်၊ အခွန် .. တွေ ဖြစ်နေတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကို သူတို့ စက်ဝိုင်းထဲက သွင်းပြီး ကာပါမစ်ပေး၊ လုပ်စားကွတ်တွေပေးပြီး စိတ်ဓာတ်ကို ဖျက်ဆီးပစ်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း "အပစ်ရပ်၊ ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ် တင်ပြီး "အိတ်ကပ်ဖောင်း" လာတာ ပီတိဖြစ်နေကြတယ်။ ဒီလို "စစ်အာဏာရှင် ဖက်ဒရယ် စနစ်" ဟာ အသားကျနေတယ်။
အာဏာရှင် စနစ် မြင်သာ ထင်သာ ရှိတယ်၊ ဖက်ဒရယ် ဒီမိုကရေစီ သမားတွေရဲ့ အကြီးမားဆုံး ဝါဒရေးရာ ရန်သူဟာ ဘူလုံးနားမထွင်း ထွေးရောယှက်တင်ဖြစ်နေတဲ့ "စစ်အာဏာရှင် ဖက်ဒရယ် " စနစ်ဟာ အဓိက အတွင်းရန်သူပဲ။
စစ်အာဏာရှင် ဖက်ဒရယ် အောက်မှာ ... လူစွမ်းအား အခြေပြု စီးပွါးရေး တည်ဆောက်လို့ မရနိုင်ဘူး။ ဒါကြောင့် သယံဇာတကို မှီခိုရတယ်။ သူတို့ စားခွက်ထဲမှာ ဝင်ငွေအများဆုံးက သယံဇာတနဲ့ လုပ်ကွက်ရောင်းစားတာပဲ၊ လုပ်ကွက်ဆိုတာ မြစ်ဆုံဆည်၊ သံလွင်ဆည်၊ ရေနက်ဆိပ်ကမ်း၊ ကာစီနို၊ ရထားလမ်း၊ စတာတွေ ပါဝင်တယ်။ လူကို လူလို မထားတဲ့ စစ်အာဏာရှင် ဖက်ဒရယ် အောက်မှာ ကာယစွမ်းအား အရွယ်ကောင်းတွေ မရှိဘူး။ ဉာဏစွမ်းအား ပညာတတ်တွေ မရှိဘူး။ ပညာတတ်ရင် ပြန်ကန်မှာစိုးလို့ မွေးလည်း မထုတ်ဘူး၊ ကိုယ့်ဒူးကိုယ်ချွန် ပညာတတ်တွေကလည်း မနေဘူး။ ကာယစွမ်းအား လယ်သမားတွေကလည်း နိုင်ငံတကာ စျေးကွက်မရှိ၊ တရုပ်ပြုသမျှ နုရတာက တမျိုး ခရိုနီ ကုန်သည်တွေ ဈေးနှိမ်တာက တဖုံ၊ ကြာတော့ အရင်းရှုံးပြီး ရွေ့ပြောင်းလုပ်သားဖြစ်ကြရတယ်။ အလုပ်သမားတွေကလည်း ထမင်းနပ်မမှန်ပဲ ခြေတလှမ်းက ပတ်စပို့ရုံးကို ပြင်နေရတယ်။ အိမ်အကူဘဝ ရောက်သွားကြတယ်။ စွန့်ဦးတီထွင် တိုင်းရင်းသားလုပ်ငန်းရှင်တွေဟာလည်း စစ်ခရိုနီ တွေရဲ့ လက်ဝါးကြီးအုပ် စီးပွါးရေးအောက်မှာ လုံးပါးပါးရတယ်။
တိုင်းရင်းသားတွေမှာလည်း မုန်လာဥ စားရင်း ဒုတ်ကြောက်လို့ ဒုတ်လေးတွေ ကိုင်ထားရတယ်။ အမေ့ဝမ်းက ထွက်တာနဲ့ စစ်သားလုပ်ဖို့က ပထမဖြစ်လာတယ်။ ကမ႓ာ့အဆင့်မီ ပညာရေး မရှိ၊ လူ့ဘဝဟာ မြန်မာ(ဗမာ)ကို မုန်းရမလိုလို၊ စစ်တပ်ကို ချစ်ကြောက်ရမလိုလို ဘာဖြစ်နေမှန်းကို မသိတော့ဘူး။ အမျိုးသားလွတ်မြောက်ရေး အလံတော်ကြီးအောက်မှာ စစ်ခရိုနီတွေရဲ့ လုပ်ကွက်စီးပွါးရေး နဲ့ ဒေသခံ ပြည်သူတွေရဲ့ ထူးမခြားနား ဘဝမှာ ဖြစ်နိုးနိုးတွေနဲ့ ကျင်လည်ရင်း တဖြည်းဖြည်း ထုံးဗူးဝ ကြပ်သလို ကြပ်လာတာ ... သိသလိုလို မသိသလိုလို ဇဝေဇဝါ ဖြစ်နေကြတယ်။ အပေါ်ယံ လူပိန်းအမြင်နဲ့ ပြည်မဟာ ပြည်နယ်တွေကို ဂုတ်သွေးစုပ်တယ်လို့ ပြောရင်း .... အတွင်းမှာတော့ ကိုယ်တိုင်က အရိုးကိုက်ဘဝနဲ့ မူးကို မြစ်ထင်ရင်း၊ မရဖူးတဲ့ ဘဝအခြေအနေမှာ ကျေနပ်နေရတယ်။ ပြောင်းဆန်ကြမ်းစားရတဲ့ ဘဝက equipment အစုံနဲ့ ထမင်းဖြူစားရတာကို အဟုတ်မှတ်နေတယ်။ ဖက်ဒရယ် အစစ် နိုင်ငံတွေမှာ multinational MNC ကုမ္ပဏီကြီးတွေနဲ့ လူဘဝဟာ Smart Living ဖြစ်နေချိန်မှာ တနှစ်တခါ စစ်ရေးပြပွဲကြီးလုပ် လူအထင်ကြီးတာကို အနူတောမှာ လူချောဘဝနဲ့ ကျေနပ်နေကြတယ်။ အဲဒီလိုနဲ့ မိမိတို့ အမျိုးသားရေးလဲ မအောင်မြင် သယံဇာတလည်း ခမ်းပြီး နောက်ဆုံးမှာ မြန်မာ(ဗမာ)ကို အပြစ်တင်ရင်း အသစ် အသစ်သော ပြသနာပေါင်းစုံကို ဆေးမြီးတိုနဲ့ ကုနေရဦးမှာပဲ
သေချာတာ တခုက စစ်အာဏာရှင်၊ စစ်ခရိုနီ ၊ စစ်ဘောမ၊ စစ်ပေါင်းစား တွေရဲ့ " စစ်ဗျူရိုကရက် အာဏာရှင် ခရိုနီ" စနစ်ဆိုးမှာ .. ဖက်ဒရယ် စီးပွါးရေး ဆိုတာ ဘယ်လိုမှ တည်ဆောက်လို့ မရဘူး။
ဖက်ဒရယ် စီးပွါးရေးဆိုတာ
ပြည်မရဲ့ ကျယ်ဝန်းသော မြေနဲ့ အားကြိုး မာန်တက် ကြိုးစားသော တီထွင်သော ပေါများတဲ့ မြန်မာ (ဗမာ) လူ့ စွမ်းအား ကို အသုံးချကြရမယ်။ စက်မှုလယ်ယာ၊ စက်မှုကုန်ထုတ်၊ နည်းပညာ အခြေပြု ဝန်ဆောင်မှုတွေ လုပ်ရမယ်။ လက်ဝါးကြီးအုပ် ကင်းစင် တဲ့ စျေးကွက်မှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေက နိုင်ငံတကာမှာ လူရာဝင် ထိုးဖောက်လာမယ်။ ပြည်ပ ရင်းနှီးမြှုပ် - ပြည်တွင်း လုပ်ငန်း- အလုပ်သမားအခွင့် အရေး ကို ပညာသားပါပါ ဥပဒေစည်းမျဉ်းတွေနဲ့ ချိန်ညှိတဲ့ စနစ် ဖြစ်ပေါ်လာမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်မှာ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ပြည်ပ ရင်းနှီးမြှုပ် တွေ စိတ်ချလက်ချ ဝင်လာမယ်။
ပြည်မနေ ပြည်သူတွေဟာ ဝင်ငွေတိုးလာမယ်။ အစိုးရတွေဟာ သယံဇာတကို မမှီခိုပဲ အခွန်ကို မှီခိုလာမယ်။ ပြည်မမှာ ဝင်ငွေအခွန် ၄၀% ကောက်ပြီး အခြေခံ အဆောက်အအုံ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးမှာ ပြန်လည်အသုံးချမယ်။
ဖက်ဒရယ် တပ်မတော် ဖြစ်မယ်။ မုန်လာဥတွေ ဒုတ်တွေ မလိုအပ်တော့ဘူး။ ပြည်နယ်အစိုးရ ကပေးတဲ့ လစာစားပြီး ဆင်းဟက် ဝက်စ်ပွိုင့် ကျောင်းတွေ တက်ပြီး တကယ့် ပြည်ပရန် ကာကွယ်မယ့် တိုင်းရင်းသားတပ်တွေဟာ ပြည်မ ကို ဝန်းရံစောင့်ရှောက်လိမ့်မယ်။ ရာသီဥတု ဖောက်ပြန်မှု ဆိုးရွားလာတော့မှာ ကြိုမြင်လို့ ပြည်မ မိုးနည်းရေရှားဒေသမှာ လူတွေ အသက်ရှင်ဖို့ ဖက်ဒရယ် အစိုးရဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိက ပေါ်လစီဖြစ်လာမယ်။ ပြည်နယ်တွေမှာ သယံဇာတ ထုတ်ဖို့ ၊ ဖက်ဒရယ် လွှတ်တော်က အတည်ပြုဖို့တောင် မနည်းကြိုးစားရမယ်။ ပြည်နယ်တွေဟာ လူနေနည်းပါးတော့ တောင်ယာလုပ်ငန်း ထွက်ကုန်တွေကို ကုန်ချောလုပ်ပြီး နိုင်ငံတကာကို ဖြန့်တာ၊ သယံဇာတအနည်းငယ် ထုတ်ယူတာနဲ့ လုံလောက်တယ်။ ပြည်နယ်မှာ ဝင်ငွေအခွန် ၁၀% ကောက်ဖို့ ဖြစ်လာမယ်။ ပြည်နယ်မှာ အခွန်ကောက်နည်းတော့ အင်တာနက် နည်းပညာကြောင့် Virtual Office တွေ ပေါ်လာတဲ့ အခါ ပြည်မက စီမံခန့်ခွဲရေး စာရင်းအင်း ဒီဇိုင်း ဆိုင်ရာ ရုံးခွဲတွေဟာ ပြည်နယ်တွေမှာ ဖွင့်လာမယ်။ တိုင်းရင်းသားတွေ ပညာတတ်ဖို့ လိုသလို၊ ပညာတွေလည်း ရရှိတိုးတက်လာမယ်။ အဲဒီက တဆင့် ဒေသ အခြေစိုက် လုပ်ငန်းသစ်တွေ ပေါ်လာမယ်။ မြန်မာ(ဗမာ) တွေကလည်း မြေယာ နဲ့ ပက်သက်တဲ့ စီးပွါးရေးက လွဲလို့ ဖြစ်နိုင်ရင် ပြည်နယ်တွေဆီ လူနဲ့ စက်ရုံ ရွေ့မယ်။ အဲဒီအခါ ပြည်နယ်အစိုးရတွေက ချေး(ဂျီး) များလိမ့်မယ်။ ဒေသခံ ဦးရေး % ဘယ်လောက်ပါရမယ်တို့ ဘာတို့။ မြန်မာ (ဗမာ) ဆိုရင် လဲဗီးပေးရမယ်၊ ဒေသခံနဲ့ အိမ်ထောင်မပြုရလို့ အကြောတင်းရင်လည်း တင်းလိမ့်မယ်။
မြန်မာ (ဗမာ) လည်း စစ်အင်အားလျှော့ချရမယ်။ တိုင်းရင်းသားတပ်တွေ ရှိနေတာ ပြည်မမှာ ဘာလို့ အမြဲတမ်း လက်နက်ကိုင်မလဲ၊ အမြဲတမ်း စစ်သည် ၈၀%က တပ်ကထွက်၊ စက်ရုံတွေ စက်မှုလယ်ယာတွေ ကုမ္ပဏီတွေထဲ သွား။ ဗျူရိုကရက်ယန္တရား ရုံးအလုပ်မှာ "အပ် ဦးပဲ့ ထမ်း ညာစား ဟောက်စားနေတဲ့ လူများပြီး ပွဲမစည်တဲ့" ဝန်ထမ်းပျင်းတွေ စက်ရုံတွေ စက်မှုလယ်ယာတွေ ကုမ္ပဏီတွေထဲ သွား။ သာသနာတော်ထဲ ဗေဒင်လိုလို ပရဟိတလိုလို မဘသလိုလို လုပ်နေတဲ့ ရဟန်းတွေ ရပ်ကွက်က တိုင်စာရရင် ဝိနည်းဓိုရျ စစ်ဆေးပြီး ဘာညာလုပ်မယ် ( အကုသိုလ်မယူချင်လို့ မပြောတော့ဘူး)။ ပြည်ပရောက် ရွေ့ပြောင်းလုပ်သားတွေ၊ ပညာတတ်တွေဟာ ပြန်လာဖို့ ဖိတ်ခေါ်မယ်။ ဝန်ထမ်းဥပဒေကို ပြင်ဆင်ပြီး အရည်အချင်းအလိုက် ဌာနတွေမှာ ခန့်မယ်။ CDM ဝန်ထမ်းတွေက ပြည်သူ့ဝန်ထမ်းကောင်းတွေဖြစ်လို့ အရည်အချင်းမြင့် သန်တန်းတွေပေးမယ်။ မူလရာထူးပြန်ခန့်မယ်။ တော်ရင် ရာထူးတိုး မြန်မယ်။ မတော်ရင် ခေါက်ထားမယ်။ အဂတိလိုက်ရင် သူလည်း ဂျောင်းပဲ။
ဖက်ဒရယ် စစ်ဦးစီးချုပ်များ ပူးတွဲ ကာကွယ်ရေး ရုံးချုပ် ရှိမယ်။ သေနတ်တချက်ဖောက်ဖို့ အမိန့်ကို သမတ သို့မဟုတ် ဝန်ကြီးချုပ်က ကိုင်ထားမယ်။ လက်နက်ကိုင်တပ်များရဲ့ စစ်သေနာပတိချုပ်ဟာ အရပ်သား သမတ/ ဝန်ကြီးချုပ်ပဲ။ ဒါပေမယ့် ၁၉၄၇ ၊ ၂၀၀၈ အခြေခံဥပဒေကို သေနတ်နဲ့ ဖောက်ပစ်တဲ့ အစဉ်အလာရှိတဲ့ ဒီနိုင်ငံမှာ ဒီလောက်နဲ့ ဘယ်ဖြစ်မလဲ။
ရပ်ကွက်လူထု ထောက်ခံရင်၊ ဆိုးသွမ်းရာဇဝင် မရှိရင်၊ စိတ်မူမှန်ရန်၊ ဘုန်းကြီးမဟုတ်ရင်၊ ပညာအဆင့်တခု ရှိရင်၊ အသက် ၂၁ နှစ် ကျော်ရင်၊ လက်နက်ကိုင် ဥပဒေ စာမေးပွဲအောင်ရင် လူတိုင်း အမျိုးအစား ကန့်သတ်ထားတဲ့ လက်နက်ငယ် ကိုင်ခွင့်ရှိမယ်။ မြို့ရွာတွေမှာ PDF တွေအဖြစ် အလှည့်ကျ စစ်မှုထမ်းရမယ်။ လစာမပေးဘူး။ သင်တန်းပေးမယ်။ အမြဲတမ်း စစ်မှုထမ်းဟာ ဗိုလ်မှူးကြီးနဲ့ အထက် နဲ့ အသိပညာ နည်းပညာ ဆိုင်ရာ ဝန်ထမ်းပဲရှိမယ်။
လူတိုင်း ၂ နှစ် စစ်မှုထမ်းရပြီး စစ်ဆင်ရေး အသင့် မွမ်းမံ သင်တန်းတွေ ၊ စစ်ရေးလေ့ကျင့်မှုတွေကို ဒေသအခြေစိုက် ၁ နှစ် တခါ ၊ ၅ နှစ် တခါ အဝေးအခြေစိုက်စခန်းမှာ ပါဝင်ရမယ်။ အရည်အချင်းအလိုက် ဒု ဗိုလ်မှူးကြီး အဆင့်အထိ ကြိုတင် သတ်မှတ်ထားပြီး၊ ပြည်ပကျူးကျော် စစ်မရှိရင် သူလို ငါလို အရပ်သားတွေ ဖြစ်နေတဲ့ Operation Ready Warrior တွေဟာ နိုင်ငံအနှံ့ ရှိနေမယ်။
အဲဒီလို လုပ်ထားရင် ပြည်သူက ဘယ်လက်နက်ကိုင်မှ ကြောက်စရာ မလိုသလို၊ လူမျိုးအချင်းချင်း စစ်ဖြစ်စရာလည်း မရှိဘူး။ ပြည်သူတွေဟာ နဂိုဗီဇက အေးဆေးနေချင်တဲ့ လူတွေပါ။ မဘသ သွေးထိုးမှုကို အခြေခံဥပဒေမှာ တားမြစ်ထားရမယ်။ ( မဘသ = မဘသ အဖွဲ့ကို ပဲ ပြောတာ မဟုတ် ဦးနု - နိုင်ငံတော်ဘာသာ လုပ်တာ၊ ခင်ညွန့် - အမျိုးပျောက်မှာ စိုးကြောက်စရာ၊ သိန်းစိန် - မအလ - မဘသ အဖွဲ့၊ YMBA ကို ဝင်ပူးတာ ၊ dr. အေးမောင် - ရခိုင့် ဗားရှင်း မဘသ အပြင် အခြား တရသတွေရဲ့ မဘသ ဝါဒတွေကိုလည်း ဆိုလိုတယ်) ဖက်ဒရယ် အမြဲတမ်း စစ်အရာရှိတွေဟာ လက်နက်ကိုင်ပြီး အဆာ မကျယ်ရဲတော့ ဘူး။ အာဏာသိမ်းဖို့တော့ ဝေးရော။ ဥပမာ - အစောင့်တပ် စစ်ဦးစီချုပ်က အာဏာသိမ်းရင်း PDF တွေ ထွက် လာမယ်။ တိုင်းရင်းသားတပ်တွေ ဆင်းလာမယ်။ ပြည်သူတိုင်း လက်နက်ငယ်တွေ ကိုင်ပြီး လမ်းပေါ်ထွက်လာမယ်။ ဘယ်သူ အာဏာသိမ်းရဲမလဲ။
ဒီလို စနစ်မျိုး ပေါ်လာဖို့ မအလ က ၂၀၀၈ ခြေဥထဲက ပုဒ်မ တခု နှစ်ခု ပြင်ပေးရင် ရပြီ ထင်နေသူတွေဟာ အဆံချောင်နေလို့ပဲ။ ပြည်မမှာ ပြည်သူတွေက အားကြိုးမာန် တက် တိုင်းပြု ပြည်ပြု ဆောင်ရွက်မယ့် ပြည်သူ့ အခြေပြု စီးပွါးရေး စနစ် ရှိဖို့က စစ်အာဏာရှင်က ဘယ်တော့မှ လုပ်မရဘူး။
မြန်မာစစ်တပ်မှာ ဒီလို ပြောင်းလဲချင်တဲ့ အသက် ဗီဇ ဝိဉာဉ် sprit နဲ့ ရိုးဖြောင့်တဲ့ honesty မရှိဘူး။ DSA လျှောက်လွှာတင်သူတွေဟာ ငါတို့ အလှည့်မှာ ဒီလို စစ်အာဏာရှင်တွေ ဖြစ်ရမဟဲ့လို့ ပါးစပ်ဖြဲ ဝင်လာကြသူချည်းပဲ။ ကြီးနိုင် ငယ်ညှင်း ၊ ကျေးတော်မျိုး ကျွန်တော်မျိုး၊ စစ်ပဒေသရာဇ် ဖက်ဆစ် ဝါဒနဲ့ မောလ၊ လောဘ၊ ဒေါသ၊ မာန်မာန၊ အငြိုးအတေး၊ ကလိမ်ကကျစ် ၊ ဖော်လံဖား၊ ဗြောင်လိမ်ဗြောင်စား အကျင့်အကြံ တွေဟာ DSA မြေပေါ် ခြေချလိုက်တာနဲ့ စီနီယာတွေက ဝိုင်းပြီး နာဘန်ကျင်းပြီး brain wash လုပ်လိုက်တော့ ပြည်ဖျက်ဖို့ အစွယ်ရော ခြေသည်း လက်သည်းရော ထွက်လာ တော့ပဲ။ ကာချုပ်တယောက် ပြောင်းရင် နောက်ထပ် သူ့နောက်က သွားရည်တမြားမြားကျနေတဲ့ ဆွေမျိုးတသိုက်နဲ့ အာဏာ နောက်လိုက် အသိုက်အဝန်းအသစ်က ထပ်ပေါ်လာပြီး အဆိုးကျော့သံသရာလည်နေတာပဲ။
ဒီတော့ မြန်မာစစ်တပ်က ဖက်ဒရယ် ဒီမိုကရေစီ အစစ်အမှန် ဆောင်ကျဉ်းပေးမယ်လို့ စိတ်ကူး မယဉ်ကြပါနဲ့။
( ဆက်ရန် )
Comments
Post a Comment