တော်လှန်ရေး အမတ်တွေ နဲ့ သူပုန်လွှတ်တော်ကြီး (ဗိုလ်ချုပ် အောင်ဆန်း)

တော်လှန်ရေး အမတ်တွေ နဲ့ သူပုန်လွှတ်တော်ကြီး (ဗိုလ်ချုပ် အောင်ဆန်း)
( အခုတော့ ၂၀၂၁ ပြည်ထောင်စုလွှတ်တော် ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH  .. ဖဆပလ နေရာမှာ NLD အမတ်တွေ ကို ဖလှယ်ပြီး ဖတ်ကြည့်)
ဗိုလ်ချုပ်အောင်ဆန်း ကြိုက်သည်ဆိုသော တေးတစ်ပုဒ် - MP4 YoU

“ကျုပ်တို့ အတိအလင်း ကြေညာထားတဲ့ ရည်ရွယ်ချက်တွေကို တရားနည်းလမ်း စည်းကမ်းများအရ ရယူနိုင်မည့် အခွင့်အရေးများ ရှိယင်၊ အဲဒီ အခွင့်အရေးများကို ပဌမရှေးဦးစွာ ကုန်အောင် အသုံးပြုရမယ်။ ဒီလိုဆိုခြင်းဖြင့် ကျုပ်တို့ဟာ တခြားပြင်ဆင်မှု လုပ်ငန်းများကို မလုပ်ရဘူးလို့ မဆိုလိုဘူး။ ဘာပြုလို့လဲ ဆိုယင် ယခုတော့ ကျုပ်တို့ပြည်မှာ ဖြစ်ပျက်ခဲ့တာကို ကြည့်ပြီးတဲ့နောက်၊ ကျုပ်တို့ဟာ ကျုပ်တို့ မျှော်မှန်းရာ ပန်းတိုင်ကို တရားသဖြင့်နည်းနှင့် ရောက်ချင်မှ ရောက်မှာလို့ စိတ်ရောက်မိတယ်။ ဒါကြောင့် လိုယင် လိုသလို တရားဥပဒေပြင်ပ လွတ်လပ်ရေးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်စရာ ရှိတာ ပြင်ထားရမယ်။ ဒီလို ဆိုပြန်တာနှင့်လဲ ဒီလွတ်လပ်ရေးတိုက်ပွဲဟာ မလွှဲမရှောင် ဖြစ်မယ်လို့ မဆိုလိုဘူး။ အင်္ဂလိပ်အစိုးရဟာ ဗမာပြည်မှာ ဒီလို လွတ်လပ်ရေးတိုက်ပွဲမျိုး ထပ်မြင်ချင်သေးသလား၊ မမြင်ချင်ဘူးလားဆိုတဲ့ မေးခွန်း အပေါ်မှာ တည်တယ်။ လွတ်လပ်ရေး တိုက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးဟာ ကျပ်တို့ လက်ထဲမှာ မရှိဘဲနှင့် သူတို့လက်ထဲမှာ ရှိတယ်။

[ ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း။ ]

လူထု လွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့်အခါမှာ ကျွန်တော်၏ အသက်ကို စွန့်ရမှာ ကြောက်ပြီး၊ လူထုကို လမ်းလွဲ မပြခဲ့သလို၊ လူထု လွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါမှာလည်း ပါးစပ်တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှူးထိုးသမားများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ကြောက်လန့် တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။  လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း လူထုလွတ်လပ်ရေးအတွက် အတိအကျ သုံးရန် သင့်သည့်အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ် ရိုက်မနေဘဲ တော်ဖြောင့် မှန်ကန်စွာ အသုံးပြုသွားမည်ကို စိတ်ချယုံကြည်ကြပါ။ 

[ ၁၉၄၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ ည ၆နာရီ ၃၈ မိနစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တိုင်းပြည်သို့ မေတ္တာရပ်ခံချက်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား မြန်မာ့အသံက ဖတ်ကြား အသံလွှင့် ခဲ့သော စာတမ်း။ ]

သူပုန်လွှတ်တော်ကြီး

အင်္ဂလိပ်ဟာ အတွင်းကြေ ကြေနေပြီ၊ အဲဒါကြောင့်မို့ အခု သူဟာ လူလိမ္မာစကား ပြောနေရတယ်။ ကျုပ်တို့ကို လွတ်လပ်ရေး လိုချင်သလား၊ မင်းတို့ကိုယ်တိုင် ကြေညာပါလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ လွတ်လပ်ရေးမျိုးကို မကြိုက်ဘူး။ အခု ကျုပ်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက် ဆောင်ရွက်မဲ့သူတွေကို လိုချင်တယ်၊ အင်္ဂလိပ်နဲ့ စာချုပ် ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ယင် ကျေနပ်၊ မကျေနပ်ယင် ယခုအမတ်တွေဟာ သူပုန်အမတ်တွေ ဖြစ်ရမယ်။

လွှတ်တော်ဟာလဲ သူပုန်လွှတ်တော်ကြီး ဖြစ်ရမှာဘဲ။ ပြီးတော့ အခု လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို ခင်ဗျားတို့ စိတ်ထဲမှာ စွဲထားဖို့ လိုပါတယ်။ ကျုပ်တို့မှာ လုပ်ဖို့တာဝန်တွေ အများကြီး ရှိသေးတယ်။ အင်္ဂလိပ်ဟာ ကျုပ်တို့ကို လွတ်လပ်ရေး ပေးဖို့အတွက် ကျုပ်တို့မှာ စိတ်ချရမဲ့ အမတ်များများ လိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ ရွေးလိုက်တဲ့ လက်ရွေးစင် အမတ်တွေကို ခင်ဗျားတို့က မဲပေးဖို့ဘဲ ရှိတယ်။ အဲဒီလို ခင်ဗျားတို့က ဝိုင်းပြီး ကူညီကြမှ ကျုပ်ပြောတဲ့ တနှစ်အတွင်းမှာ လွတ်လပ်ရေး ကြေညာနိုင်မှာ။ အဲဒါမှ မဟုတ်ယင် ဇာတ် မျောအုံးမှာဘဲ။ ဒီတော့ ခင်ဗျားတို့သဘောဘဲ။ ပေးချင်ပေး၊ မပေးချင်နေ။  ယခု လွှတ်တော်အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး။ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုဘဲ လိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနှင့် စီမံရမှာဘဲ။ အခု စာတတ်တွေ ရွေးလိုက်ယင် စကားများနေကြမှာဘဲ၊ လွတ်လပ်ရေးစခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး။  

[ ၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ မုံရွာမြို့တွင် ဟောပြောချက်။ ]

တော်လှန်ရေး အမတ်တွေ

မြန်မာပြည်မှာ ဖ-ဆ-ပ-လ ကို ယနေ့အထိ တိုင်းပြည်လူထုက ကြည်ညိုခဲ့တယ်။ နယ်ချဲ့သမားတွေက ဖ-ဆ-ပ-လ ကို အမျိုးမျိုး ဖျက်ကြပေမဲ့ မပျက်ဘူး။ ရွက်လှေကြီးမှာ ရွက်ဘေး နည်းနည်းပါးပါး စုတ်ပြတ်တာလောက်ဟာ အရေးမကြီးပါဘူး။ ရှေ့အဖို့မှာ လူထုအင်အား ကောင်းသည်ထက် ကောင်းအောင် ကြိုးစားရမယ်။ လာမည့် တိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာလဲ တော်လှန်ရေး အမတ်တွေ များနိုင်သမျှ များအောင် ကြိုးစားကြရမယ်။ အတွင်းရော အပြင်ရော အင်အားကြီးကို စုပြီးတော့ တကယ့်လွတ်လပ်ရေး ရအောင် တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ပြီးလျှင် အင်္ဂလိပ်အစိုးရနဲ့ စကားဆိုရမယ်။  လွတ်လပ်ရေး တိုက်ပွဲ မပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ လွတ်လပ်ရေးရဲ့ အစသာ ဖြစ်တယ်။ အင်္ဂလိပ်နဲ့ စာချုပ်စရာတွေ ရှိသေးတယ်။ ဘယ်အထိ စကားများမယ် မသိဘူး။ ဒါကြောင့် တိုင်းပြည် လူထုက ယနေ့က စ၍ (အဇ္ဇတဂ္ဂေပါဏုပေတံ)ဆိုသလို လောကီနိဗ္ဗာန် ရောက်သည်အထိ အင်အားစုကို တောင့်တင်းအောင် လုပ်ပါမည်ဟု အဓိဌာန်ပြုကြပါ။ 

[ ၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက်၊ ရွေးကောက်ပွဲအတွက် လှည့်လည် ဟောပြောရင်း အောင်လံမြို့၌ ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း။ ]

တိုင်းပြုပြည်ပြု လွှတ်တော်က သဘောကျ ရေးဆွဲပြီးတဲ့ ဥပဒေကို စက်တင်ဘာ၊ အောက်တိုဘာမှာ ဘိလပ်မှာ လုပ်မဲ့ ပါလီမံအစည်းအဝေးကို တင်ပြမယ်။ အဲဒီအခါမှာ လွတ်လပ်ရေး ရက်ကို ကန့်သတ်ဖို့ မကြေညာယင် ကျုပ်တို့ကလဲ လူထုအင်အားနဲ့ တိုက်ပွဲ ဆင်ရမှာဘဲ။  အခု လာမယ့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်တဲ့လူ ၂,၀၀၀ ကျော်မှာ လက်ရွေးစင် ၁၈၂ ယောက် ရွေးခဲ့တယ်။ အဲဒီ ၁၈၂ ယောက်မှာ ၆၀ ကျော်ဟာ မလိမ် မညာတတ်သေးတဲ့ ပြည်သူ့ရဲဘော် လူငယ်တွေချည်းဘဲ၊ ကျန်တဲ့ လူတွေဟာလဲ တကယ် တနေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုယင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းဘဲလို့ ကျုပ် ယူဆတယ်။

[ ၁၉၄၇ ခု၊ မတ်လ ၁၇ ရက်နေ့၊ ညနေ ၄နာရီ၊ မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ ဟောပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း -  ပြည်သူ့ရဲဘော် ဂျာနယ်  အတွဲ ၁-အမှတ် ၄၇  ၂-၄-၄၇။ ]

တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီး လွတ်လပ်ရေးကို ကြေညာပြီး စစ်တိုက်တန် တိုက်ရလိမ့်မယ်။  အချို့က ဒီလူဟာ အချောင်သမား ပြောပြော၊ ဒူးထောက်သမား ပြောပြော၊ ကျုပ် (၁၀) ခါ ပြောမယ်။ ကျုပ်တို့ တိုက်လာခဲ့တယ်။ နောင်လဲ နှလုံးရည်နှင့် တိုက်လို့ မရလျှင် လက်ရုံးရည်နှင့် တိုက်ရမှာဘဲ။ 

[ ၁၉၄၇ ခုနှစ်၊ ဧပြီအတွင်း၊ နတ်မောက်မြို့၊ ဒီပင်္ကရာ ကျောင်းဝင်းအတွင်း ကျင်းပသော လူထုအစည်းအဝေးကြီးတွင် ပြောကြားသည့်မိန့်ခွန်း။ ]


" အကြမ်းပတမ်း ဖြစ်ယင်လဲ ဒီလောက်ဘဲ ..  ဒီအတိုင်းသွားလဲ ဒီလောက်ဘဲ" ဆိုတဲ့ အခြေအနေမျိုး ဆိုယင်တော့ ကျွန်တော်တို့ အဖို့မှာ ဘယ်သူ ဘာပြောပြော၊ အကြမ်းမကိုင်ဘဲနဲ့ လွတ်လပ်ရေး အာဏာ သိမ်းနိုင်အောင် လုပ်မှာဘဲ။ သို့ပေမဲ့ ဒီလို မဖြစ်နိုင်ဘူး ဆိုယင်တော့ ချရမှာဘဲ။ အဲဒီလို လုပ်ရမဲ့ ကိစ္စတွေမှာ ဖ၊ဆ၊ပ၊လ မှာ ရှိတဲ့ လက်ဝဲသမားတွေရဲ့ ညီညွတ်မှုဟာ အခြေခံ ပင်မ အချက်ကြီး ဖြစ်တယ်ဆိုတာ တုမှေ- သင် ပရိသတ် အပေါင်းတို့သည်၊ ဂဏှထ- မမေ့ မလျော့ မပေါ့သတိနှင့် မှတ်သား သွားကြကုန်လော့ဟူ၍ တိုက်တွန်းလိုက်ရပေသတည်း။ ။

[ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]

ကျွန်တော်တို့ ပဏာမ ညီလာခံမှာ ဆုံးဖြတ်တာကို ကျွန်တော်တို့အတည်ဖြစ်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေဟာ သတိနှင့် အမြဲနေပြီး ကျွန်တော်တို့ လုပ်တာတွေကို ကြည့်ပြီး အမြဲထောက်ခံသွားမှ ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဆွေးနွေးနေလို့ အေးရတော့မယ်ဆိုပြီး၊ အေးအေး ဆေးဆေးတော့ မနေကြပါနှင့်အုံး။ ကျွန်တော်တို့က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို တတိုင်းတပြည်လုံးက အုံကြွပြီး အမြဲတမ်း ဆန္ဒပြ ထောက်ခံကြမှ ဖြစ်မယ်။

[ ၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်၊ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ ၌ ပြောကြားခဲ့သော မိန့်ခွန်း။ ]

အကယ်၍ အထက်က ပြောဆိုခဲ့တဲ့အတိုင်း၊ အာဏာလွှဲပြောင်းမှုမှာ အေးအေးဆေးဆေး မဖြစ်ဘဲ အခက်အခဲများ ပေါ်ပေါက်လာမည်ဆိုလျှင် ဒီပြင် တနည်းကို စဉ်းစားရမှာဘဲ။ ဥပမာဆိုလျှင် တိုင်းပြု ပြည်ပြုလွှတ်တော်ဟာ အချုပ်အချာအာဏာပိုင် အဖွဲ့ဖြစ်တဲ့အတိုင်း အာဏာကို အတင်း ယူတဲ့နည်း ရှိတယ်။ သို့သော် ယခုအဆိုမှာ အတင်းယူတဲ့နည်းကို မတိုက်တွန်းဘဲ ကြည်ကြည်သာသာ မိတ်ဆွေသဘောမျိုးနှင့် ယူလိုတဲ့ သဘောမျိုးသာဖြစ်တယ်

[ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ တိုင်းပြုပြည်ပြု လွှတ်တော်၌ လုံးဝလွတ်လပ်ရေး အဆိုကို တင်သွင်းစဉ်ပြောကြားသည့်မိန့်ခွန်း ]

တဆင့်ထက် တဆင့် လုပ်တဲ့နေရာမှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့ နည်းကို ကျွန်တော်တို့က ပဌမ ရှေးဦးစွာ ကျွန်တော်တို့ ရှာပြီး လုပ်မှာဘဲ။ သို့သော်လဲဘဲ အဲဒီလို လုပ်လို့ မရဘူးဆိုယင် ကျွန်တော်တို့က ရှေးကလဲ ပြောလာခဲ့တာတွေ ရှိပါတယ်။ ခင်ဗျားတို့ ပြန်ပြီး စဉ်းစားကြည့်။ အေးအေးနဲ့ မရယင် ရနိုင်တဲ့ နည်းနဲ့ လုပ်ရမှာဘဲ။ ဒီတော့ တိုင်းပြုပြည်ပြု လွှတ်တော်ကို အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူးလို့ ကျွန်တော် ပြောတယ်ဆိုတာက အေးအေးချမ်းချမ်း အင်္ဂလိပ် အစိုးရနဲ့ ကျွန်တော်တို့  အာဏာလွှဲပြောင်း ယူနိုင်အောင် ကျွန်တော်တို့ ပဌမ ရှေးဦးစွာ ဒီသဘောကို ထားခြင်းသာ ဖြစ်ပါတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ ပိုင်းခြား သတ်မှတ်ထားတဲ့ အချိန်အခါရောက်လို့ အကြည်အသာဆိုတဲ့ ကိစ္စမျိုး မဖြစ်လို့ ရှိယင် ကျွန်တော်တို့က အတင်း လုပ်မှာဘဲ ဆိုတာတော့ ဒါ ပြောထားပြီးသား။ ဘာမှ ကျွန်တော်တို့ ထပ် ပြောနေစရာ မလိုပါဘူး။  ဒီတော့ အတင်း လုပ်တဲ့ အခါမှာလဲ ခင်ဗျားတို့ အဆင်သင့် ရှိနေရမယ်။ ဆယ်ရေး တရေး၊ ကိုးရေး တရာ ရှိနေရမယ်။ ယခု အခါမှာလဲဘဲ ကိစ္စ မပြီးသေးတော့ ကျွန်တော်တို့ သိပ် အားမလျှော့ရသေးဘူး။

[ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်း။ ဤ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း ဖြစ်သည်။ ]



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား