အောင်ဆန်း - အက်တလီစာချုပ် - ကြားဖြတ် ဥပဒေပြု အဖွဲ့ - နယ်ခြားဒေသများ
အောင်ဆန်း - အက်တလီစာချုပ်
၁။ တိုင်းပြုပြည်ပြုလွှတ်တော်
မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိတို့ နိုင်ငံ၏ အနာဂတ် အုပ်ချုပ်ရေးကို စောလျင်နိုင်သမျှ လျင်စွာ ဆုံးဖြတ်နိုင်စေသောငှာ ၁၉၃၅ - ခုနှစ် အက်ဥပဒေအရ ဥပဒေပြု အဖွဲ့အစား တိုင်းပြု ပြည်ပြု လွှတ်တော်ကို ရွေးကောက် တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ် အက်ဥပဒေ ရွေးကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည်။
၂။ ခေတ်ပြောင်းချိန် အစိုးရ အမျိုးအစား
ခေတ်ပြောင်းချိန် ကာလအတွင်း မြန်မာနိုင်ငံ အစိုးရသည် ယခုအတိုင်း ကဲ့သို့ပင် ၁၉၃၅ ခုနှစ် အက်ဥပဒေ အပိုဒ် ၁၃၉ အရ၊ အပ်နှင်းထားသော အထူး အာဏာများနှင့် ၁၉၄၅ ခုနှစ်၊ ယာယီ စီမံချက် အက်ဥပဒေ နှင့်တကွ ယင်းဥပဒေအရကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှ အတိုင်း ဆောင်ရွက်သွားလိမ့်မည်။ x x x
၃။ ကြားဖြတ် ဥပဒေပြု အဖွဲ့
ကြားဖြတ်ကာလအတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်သော ဥပဒေပြု ကောင်စီ တခု ရှိလိမ့်မည်။ အခွင့်ပြုထားသော ဦးရေကို ၅ဝ မှ ၁၀ဝ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ် အစိုးရက ကောင်စီတွင် ထုတ်ပြန်သော အမိန့်ဖြင့် ဖွေရှာလိမ့်မည်။ x x x
တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခြင်းများ ပြီးဆုံးသည်နှင့် တပြိုင်နက် ဘုရင်မင်းကြီးသည် ဦးရေ ၁၀ဝ ပါဝင်သော ဥပဒေပြု ကောင်စီတခုကို အမည်တပ် ခန့်အပ် လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်း မဟုတ်သော လူနည်းစုများ၏ ကိုယ်စား ဆောင်ရွက်ရန် လူဦးရေ အနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြု ပြည်ပြု လွှတ်တော်သို့ ရွေးကောက် တင်မြှောက် လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။
ဥပဒေပြု ကောင်စီ၏ အာဏာများမှာ မကြာသေးမီက ဖျက်သိမ်းလိုက်သော ဦးရေ ၅ဝ ပါဝင်သည့် ဥပဒေပြုကောင်စီ ရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။
၄။ ကြားဖြတ် အစိုးရ
ဘုရင်ခံမင်းကြီး၏ အမှုဆောင် ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါ အပိုဒ် ၂ တွင် ဖော်ပြခဲ့သော ဘောင်အတွင်းတွင် ဆက်လက် တည်ရမည် ဖြစ်သော အမှုဆောင်ကောင်စီ၊ သို့မဟုတ် ဘုရင်ခံမင်းကြီး၏ တရားဝင် အာဏာများကို မပြောင်းလဲစေရန် မဖြစ်နိုင်သော်ငြားလည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယ ကြားဖြတ် အစိုးရ နည်းတူ ယေဘုယျအားဖြင့် ဆောင်ရွက် သွားလိမ့်မည့်ပြင်၊ အထူးသဖြင့်
(က) အမှုဆောင် ကောင်စီကို ဒိုမီနီယန် အစိုးရ များအား ရင်းနှီးစွာ တိုင်ပင် နှီးနှော အလေးဂရု ပြုဘိ သကဲ့သို့ ပြုမူလိမ့်မည့်ပြင် အမှုဆောင် ကောင်စီ နိုင်ငံ အုပ်ချုပ်ရေး ဆောင်ရွက်မြဲ တာဝန်များကို ဆောင်ရွက်ရာ၌ အကြီးနိုင်ဆုံးသော လွတ်လပ်ခွင့်ကို ရရှိလိမ့်မည်။ ဝန်ကြီးအဖွဲ့ အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲ သဘောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှုဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင်ပင် ဆက်လက် ကျင့်သုံး လိမ့်မည်။
(ခ) မြန်မာနိုင်ငံတော် အစိုးရသည် ကိုယ်ပိုင် ဘဏ္ဍာရေး အုပ်ချုပ်မှု [နောက်ဆက်တွဲ (ခ) ကို ကြည့်ပါ] ကို ရရှိစေမည်ဟု မူအားဖြင့် ဘုရင်မင်းမြတ်၏ အစိုးရက သဘောတူညီကြသည်။
(ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စများကို အမှုဆောင် ကောင်စီတွင် တင်သွင်း လိမ့်မည်။ အမှုဆောင် ကောင်စီသည် ဤအရေး ကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံ တွဲဘက် ဆောင်ရွက်လိမ့်မည်။
(ဃ) ထိုကိစ္စများ ဆောင်ရွက်မြဲ တာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေး အတိုင်ပင်ခံ ဝန်ကြီးအား တာဝန် လွှဲအပ်လိမ့်မည်။
တရားဝင် အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှ အပ အမှုဆောင် ကောင်စီ အဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှု နယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စ ဟူသမျှကို အရေးဆိုရန်လည်းကောင်း၊ စဉ်းစားရန်လည်းကောင်း၊ ဆွေးနွေးရန်လည်းကောင်း၊ ဆုံးဖြတ်ရန်လည်းကောင်း လုံးဝ လွတ်လပ်ခွင့် ရှိလိမ့်မည်။
x x x
၈။ နယ်ခြားဒေသများ
နယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက်၏ သဘော တူပြီးသော ရည်ရွယ်ချက် ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော နည်းဖြင့် မြန်မာ နိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း တွဲဖက်ရာသည်။ ဤသည်တို့ကို မြှော်ကိုး၍ သဘော တူညီကြသည်မှာ
(က) နယ်ခြားဒေသ လူများနှင့် ဝန်ကြီးချုပ်များ အုပ်ချုပ်သော မြန်မာနိုင်ငံတော် လူများသည် အတားအဆီး မရှိဘဲ လွတ်လပ်စွာ ကူးလူး ဆက်ဆံခြင်း ရှိစေရမည်။
(ခ) (၁) နယ်ခြား ကိစ္စများပေါ်တွင် ဘုရင်ခံမင်းကြီးကို အကြံဉာဏ် ပေးရန်နှင့် အမှုဆောင် ကောင်စီနှင့် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြား ကိုယ်စားလှယ် ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်
(၂) နယ်ခြား ကိစ္စများကို အုပ်ချုပ်သော အမှုဆောင် ဝန်ကြီး အဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ် တဦး ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်
(၃) အခြားနည်းဖြင့် လည်းကောင်း၊ ခေတ်ပြောင်း ခေတ်လွှဲ ကာလအတွင်း လက်ခံနိုင်မည်ဟု မိမိတို့ ထင်မြင်သော မြန်မာနိုင်ငံတော် အစိုးရနှင့် ပူးတွဲ ပေါင်းဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ထုတ်ဖော် ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည် ဖြစ်သော ဝန်ကြီး ကွန်ဖရင့်တွင် လည်းကောင်း၊ သို့မဟုတ် ဤကိစ္စ အတွက် ကျင်းပသော အထူး ကွန်ဖရင့်တွင် လည်းကောင်း၊ နယ်ခြားဒေသရှိ လူများ၏ ခေါင်းဆောင်များ ကိုယ်စားလှယ်များကို မေးမြန်း ရမည်။
(ဂ) ပင်လုံ အစည်းအဝေး၊ သို့မဟုတ် အထူး ကွန်ဖရင့် အစည်းအဝေး ပြီးဆုံးသည့် အခါတွင် ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရ တို့သည် နယ်ခြားလူများ ထုတ်ဖော် ပြောဆိုသော ထင်မြင်ချက်များနှင့် လိုက်လျောညီစွာ အများ သဘောတူ လိုလားချက်များ ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ယူလိမ့်မည် ဖြစ်ကြောင်း။
(ဃ) မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး ဥပဒေသစ် အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများ ပေါင်းစည်း ဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစံနစ် ရှာဖွေရန်အတွက် စုံစမ်းရေး ကော်မတီ တခုကို ချက်ချင်း တည်ထောင်ရန် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် အမှုဆောင်ကောင်စီ အဖွဲ့က တင်မြှောက်သော အဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များကိုပင် နှီးနှောလျက် တင်မြှောက်သော အဖွဲ့ဝင်များ၊ ထိုကော်မတီတွင် ဦးရေ အညီအမျှ ပါဝင်လိမ့်မည့်ပြင်၊ သဘောတူ ရွေးချယ်သော မြန်မာနိုင်ငံတော် အပြင်အပမှ ကြားနေပုဂ္ဂိုလ် တဦးကို ဥက္ကဋ္ဌ ခန့်ထားမည် ဖြစ်ကြောင်း၊ ဤကော်မတီက တိုင်းပြု ပြည်ပြု လွှတ်တော် အစည်းအဝေး မစမီ အစီရင်ခံစာ တင်သွင်းရန် တောင်းဆိုမည်။
Comments
Post a Comment