မြန်မာနိုင်ငံ မရှိ၊ မြန်မာပြည်ထောင်စု (သို့မဟုတ်) ဗမာနိုင်ငံ ပဲရှိတယ်


မြန်မာနိုင်ငံ မရှိ၊ မြန်မာပြည်ထောင်စု (သို့မဟုတ်) ဗမာနိုင်ငံ ပဲရှိတယ်

▪️ လွတ်လပ်ရေး ရခါစ မြေပုံမှာ  တိုင်းရင်းသား လို့ မသုံးနှုန်းပါ ပြည်ထောင်စုသား လို့ ခေါ်ဝေါ်ပါတယ်

 


▪️ မြန်မာ ပြည်မ နဲ့ တောင်တန်းဒေသ ပေါင်းစည်းတာမို့ မြန်မာကို ပင်မ ထားပါတယ်။ ဒါကြောင့်  မြန်မာ + ပြည် များ + စုစည်းထေားသော + နိုင်ငံ =  ပြည်ထောင်စု မြန်မာ နိုင်ငံလို့ ရေးရပါတယ်။ ပြည်ထောင်စု ကို ဖြုတ်ပြီး "မြန်မာနိုင်ငံ"လို့ မရေးရပါ။  ပြည်များသည် ကိန်းသေ မဟုတ်၊ ကိန်းရှင် ဖြစ်ပါတယ်။ အာသံ၊ မဏိပူရ ၊ ယူနန် ပြည်တွေ အတွက်လည်း လမ်းဖွင့်ထားတာပါတယ်

▪️ ပြည်ထောင်စု မြန်မာ နိုင်ငံ လို့ အပြည့်အဝ မရေးရင် အတိုကောက် "ဗမာနိုင်ငံ" လို့ ရေးရပါတယ်။ တို့ဗမာအစည်းအရုံး က မြန်မာလူမျိုး၊ တရုပ်၊ ကူလားအပါအဝင် လူမျိုးစုံ နေထိုင်တဲ့ ဒေသကြီး နဲ့ ဒေသသားအားလုံးကို ဗမာ လို့ သတ်မှတ်လို့ပါ ...  နိုင်ငံရေး သတ်မှတ်ချက်ပါ။  မြန်မာစာပေသတ်ပုံနဲ့ မဆီလျော်ပါ။

▪️ အိန္ဒု မြစ် ကို စွဲလို့ အိန္ဒိယ ခေါ်ပါတယ်။ ဗြဟ္မပုတ္တရမြစ်ကို  စွဲလို့  ဗမာ ခေါ်ပါတယ်။  လူမျိုးအမည် မဟုတ်။ ပထဝီဒေသ အမည်ဖြစ်တယ်  အိန္ဒိယ အခေါ်အဝေါ်ပါ။ မြန်မာအခေါ်  အဝေါ် မဟုတ်ပါ။ ဗမာ ဆိုတာနဲ့ အာသံ မဏိပူရ  ယူနန် တရုပ် ကူလားတွေ ပါ ပါတယ်။ 

ဒီမှာ ဖတ်ကြည့်ပါ  https://bit.ly/3Rok91G

---

ပင်လုံစာချုပ် နောက်ပိုင်း  ပြည်ထောင်စုနဲ့ ဆိုင်သမျှ  ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုသမျှကို ပင်လုံကတိကဝတ်လို့ ယူဆမယ်ဆိုရင် ...  ဟိုတစ ဒီတစ ဖြတ်ညပ်ကပ် ပုံဖျက်ယူတာ မဟုတ်ပဲ၊ အပြည့်အစုံ ယူရပါမယ်။ ဘာကြောင့်လည်း ဆိုတော့  ဗိုလ်ချုပ်အောင်ဆန်း ဟာ ပဒေသရာဇ် စော်ဘွားတွေရော၊    ပြည်သူတွေကိုရော တပြိုင်နက် လမ်းညွန် ကတိကဝတ် ပြုခဲ့လို့ပါ .. ပင်လုံအစ၊ ဖက်ဒရယ် အစမှာပဲ စော်ဘွားတွေက တဖက်၊ ပဒေသရာဇ် စနစ်ကို ဖြိုချချင်တဲ့  ပြည်သူတွေက တဖက် ရှိခဲ့တာပါ၊ နောက်ပိုင်းမှာ ရှမ်းပြည်မှာ ပဒေသရာဇ် ဆန့်ကျင်ရေး လက်နက်ကိုင်တဲ့ အထိဖြစ်ခဲ့တယ် ... ဖက်ဒရယ် ဒီမိုကရေစီ မှာ စထဲက ယဉ်သကို ဆိုသလို ဖက်ဒရယ်နဲ့ ဒီမိုကရေစီက တဇောင်းစေးနဲ့ မျက်ချေးဖြစ်ခဲ့တာပါ၊ ဒီနေ့အထိ အကယ်ဒမစ် ဆန်ဆန် အရေးအသားတွေ စာလုံးတွေသာ ပြောင်းသွားတယ်။ အတွင်းအနှစ်က ဒီအတိုင်းပဲ။ စော်ဘွားတွေနေရာမှာ Warlord စစ်ဘုရင်တွေ အစားထိုးလာတယ်။ ဒီမိုကရေစီကို လူများစုက အနိုင်ကျင့်တယ်လို့ စွပ်စွဲလာတယ်။

 NUCC အနေနဲ့ ဘယ်လောက် ပညာရှိသလဲ ၊ စေ့စပ်ညှိနှိုင်းနိုင်မလဲ၊ အဖွဲ့ဝင်တွေ သဘောထားကြီးမလဲ၊ နည်းစနစ် ကောင်းသလဲ အပေါ်မှာ မူတည်တယ်။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦးထောင် မဖြစ်အောင် လုပ်ဖို့က မလွယ်ဘူး။ ပင်လုံစာချုပ်အကြောင်း ဖက်ဒရယ်အကြောင်း ပြောရင် " ပုဒ်မ ၇ နယ်ခြားဒေသများရှိ နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံအဖြစ် သတ်မှတ်ခံထားရသည့် အခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို ခံစားရမည်ဖြစ်သည်။ 7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries. "  ကို ဘယ်သူမှ အကျယ်ချဲ့ပြီး ဖွင့်ဆိုခြင်း မရှိဘူး၊ တချို့ဆိုရင် ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်၊ ကျီးထိုးထိုး လောက်ကိုက်ကိုက် ဆိုတဲ့ သဘောတောင် ပြောနေတယ်

---

ဗိုလ်ချုပ် အောင်ဆန်း  [ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ တိုင်းပြုပြည်ပြု လွှတ်တော်၌ လုံးဝလွတ်လပ်ရေး အဆိုကို တင်သွင်းစဉ်ပြောကြားသည့်မိန့်ခွန်း။ ]

  " ဒီနိုင်ငံတော်မှာ ဘယ်နယ်တွေ ပါမည်ဆိုတာ ကျကျနန သတ်မှတ်ချက် မဖြစ်နိုင်သေးဘူး။ ကိုယ်စားလှယ်တွေ စုဝေး တိုင်ပင်ရုံသာ ရှိသေးတယ်။ "   ကျွန်တော်တို့ တင်သွင်းတဲ့ အဆို (၁) အချက်နှင့် ပတ်သက်လို့ ကျွန်တော်တို့ ရေးဆွဲအပ်တဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေက ဘယ်လိုဖြစ်သင့်သလဲ ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် သမ္မတနိုင်ငံ ဖြစ်သင့်တယ်ဆိုတဲ့ အချက်နှင့် ကျွန်တော် ပဌမရှေးဦးစွာ ဗမာနိုင်ငံရဲ့ ပေါ်ဆဲ ပေါ်လတ္တံ့သော အခြေခံဥပဒေ သဘောများကို ဖော်ပြထားပါတယ်။   ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာက အထူးရှင်းပြစရာ မလိုပါဘူး။ နိုင်ငံတော် အတွင်းမှာ ပြည်ထောင်စုသဘောမျိုးအားဖြင့် ဖြစ်တယ်။ ပြည်ထောင်စုနိုင်ငံ သဘောမျိုး အဖြစ် ဖွဲ့စည်းမည်ဆိုတာ ရည်ရွယ်ရင်း ဖြစ်ပါတယ်။  အဲဒီတော့ ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ်နယ်တွေ ပါရမယ် မသိသေးဘူး။ ပါချင်တဲ့နယ် ပါကြ။ နယ်ကို သတ်မှတ်မထားဘဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ "သာမည " ထည့်ထားခြင်းမျှသာ ဖြစ်သေးတယ်

x x x 

ကျွန်တော်တို့ဟာ တောင်တန်းနယ်ဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ စေတနာ အင်မတန် သန့်သန့်ရှင်း ရှင်းထားတယ်။ ကျွန်တော် တင်သွင်းတဲ့အဆို ပြီးသည့်နောက် ဆက်လက်၍ ပြည်ထောင်စု ဖွဲ့စည်းတဲ့ နေရာမှာ ဘယ်နယ်ပါလို့ ဘယ်အချက်အလက် ဘယ်အခွင့်အရေး အခြေခံတွေ ဘယ်လိုစုပေါင်းသင့်တယ် ဆိုတဲ့ကိစ္စကို ဆွေးနွေးတဲ့အခါ ကျွန်တော် တင်သွင်းတဲ့ အဆိုကို သဘောမကျလျှင် တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေက သဘောရှိ၊ ဗမာပြည်နှင့် မပေါင်းနိုင်လျှင် နေနိုင်တယ်။ ကျွန်တော်တို့ ယနေ့ ဒီ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဒီစကားပြောခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်စေတနာကို ရှင်းရှင်း ပြတ်ပြတ် သားသား ထားတယ်ဆိုတာကို သိစေလို၍ ဖြစ်တယ်။

x x x 

ကျွန်တော့်အဖို့မှာ ကျွန်တော်တို့နှင့် အတူတူ ပေါင်းပြီး မလုပ်ချင်လျှင် ကျွန်တော်တို့ကလဲ (ဗမာ စကားတော့ မဟုတ်ပါဘူး။ ကရင် စကားဘဲ) ခင်ဗျားတို့ကို အတင်း နသားဘာယားနည်းမျိုး မသုံးပါဘူး။ တောင်တန်းက မိတ်ဆွေများ တိတိလင်းလင်း နားလည်စေချင်တယ်။ မိတ်ဆွေတယောက် ပြောသလို ခင်ဗျားက ရှင်းရှင်းပြောမှ သူတို့ ပိုရှုပ်သွားပြီလို့ ဆိုသလို မဖြစ်စေချင်ဘူး။  

အဲဒီတော့ ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ်နယ်တွေ ပါရမယ် မသိသေးဘူး။ ပါချင်တဲ့နယ် ပါကြ။ နယ်ကို သတ်မှတ်မထားဘဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ "သာမည" ထည့်ထားခြင်းမျှသာ ဖြစ်သေးတယ်။ 

----

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည၊ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင်ပြောကြားသော မိန့်ခွန်း။ ]

နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။

တရုပ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။ အမေရိကန်ပြည်မှာလဲ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတမျိုးဖြစ်အောင် ထူထောင်ပြီး၊ သူတို့ ကိုယ်ကို "အမေရိကန် " လို့ ဆိုကြတာဘဲ။ 

ဒါကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် လူမျိုးတမျိုးတည်းကို လိပ်ခဲတင်းလင်း စွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။ ဘာသာစကားပင် တူသော်လဲ၊ လူမျိုး ခြားနားမှုလဲ ရှိပါတယ်။ ဘာသာပင် မတူသော်လဲ လူမျိုး သီးခြား ဖြစ်နေတာလဲ ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူအမျိုးမျိုး ဖြစ်သော်လဲ ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာဆိုလျှင် ဘာသာစကားအမျိုးပေါင်းများစွာ ကွဲသော်လဲ လူမျိုးကတော့ တမျိုးတည်း ဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့၊ ခရစ်ယန် ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာဘဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။
---
ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]

ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်း ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလဲ။ လူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေး တန်းတူ ကျပ်ပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။

အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး တပဲလောက်ဘဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စံနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စံနစ် အုပ်ချုပ်ရေး၊ ဒီမိုကရေစီ ဆိုတဲ့ ဗန်းပြထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဗမာပြည် လွတ်လပ်ရေး ရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည် ထူထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စံနစ်အရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီ စစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။

---

ဗိုလ်ချုပ် အောင်ဆန်း [ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။ ]


ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လို ဖြစ်ရမလဲ ဆိုယင် တိုင်းသူပြည်သား လူအများစုတွေ အာဏာပိုင် အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည် အုပ်ချုပ်ရေး ၊တိုင်းပြည် အစိုးရ အာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိယင် ပြန်ခေါ်နိုင်ရမယ်။

ဒီတော့ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည်သစ္စာ မဖောက်တဲ့ တိုင်းကြီး ပြည်ကြီးသားတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်တွေကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။ ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်း အခြေအနေ၊ ရာထူးအခြေအနေကို အကြောင်းပြုပြီးသာ လူများစု၊ လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေး ခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာတွေမျိုး တွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။

-----








Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း