ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၂)

ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၂) မှာ ဦးအောင်ထူးက ဒီလိုပြောတယ်။ ကိုမင်းကိုနိုင်က CRPH နဲ့  NUCC ဟာ ဥပဒေပြု အဖွဲ့တွေလို့ ဝေဝေဝါးဝါး ရောချ ပြောတယ်။ CRPH ဟာ  ဥပဒေပြု  အာဏာမရှိဘူး။ NUCC ဟာ အကြံပေးအဖွဲ့သာ ဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ် လွှတ်တော်လိုအပ်တယ်။ ဖက်ဒရယ် လွှတ်တော်ဖြစ်ဖို့ အခြေခံဥပဒေ ရှိရမယ်လို့ သိုင်းဝိုင်းပြီး ပြောလိုက်တာ၊ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်စိုက်သွားတယ်။ 

ဦးအောင်ထူးပြောတဲ့အထဲမှာ ပြည်သူ့ညီလာခံ People Assembly ကျန်ရစ်သေးတယ်။ ကျနော်လည်း အဲဒီလောက် ရှုပ်ထွေးနေတာ သဘောမကျဘူး။ ဖြစ်ရပုံက အဖွဲ့တွေများတယ်၊ နေရာများများ ဖန်တီးပေးရတယ်။ NUCC နဲ့ People Assembly ဟာ ပုလင်းပြောင်းထည့်တာပဲ ရှိတယ်။ အဖွဲ့တွေ က အတူတူပဲ၊ လူများတာနဲ့ လူနည်းတာပဲ ကွာတယ်။ တကယ့် သဘောတရားက ပြည်သူက ရွေးကောက်ပွဲက တဆင့် ကျနော် ကျမတို့ကိုယ်စား ဤနေရာ ဤဒေသက လူတွေကို စီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့် ကို လွှဲအပ်ပါတယ်လို့ ဆိုလိုတာပဲ၊ ဝမ်းစာရှာဖွေရတာ မအားဘူး၊ ကိုယ်စားလှယ်တွေက သင့်ရာကို စီမံစေလို့ အာဏာဆင့်လွှဲတာပဲ။ အခု NUCC ထဲပါနေသူတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD SNLD ANP စတဲ့ ကိုယ်စားလှယ်တွေကို အာဏာဆင့်လွှဲလိုက်ပြီးသားပါ။ အခုတော့ သပိတ်ကော်မတီ၊ CSO, CDM အမည်နဲ့ ဝင်ထိုင်နေကြပြန်တယ်။ အဲဒါ တော်တော် ပရီးပတားနိုင်တယ်။  

NUCC ကို ထူထောင်ရတဲ့ ရည်ရွယ်ချက်က  ၂၀၂၀ ရွေးကောက်ပွဲက အာဏာဆင့်လွှဲ ကိုယ်စားလှယ်တွေရဲ့ De Jure နဲ့ ERO တွေရဲ့ De fato နယ်မြေစိုးမိုးမှု ပေါင်းစပ်ဖို့ပဲ။   အဲဒီမှာ အာဏာဆင့်လွှဲ ပြီးသားလူတွေက ထပ်ပါလာတယ်။ ဒီလိုကြေးဆိုရင် မဲပေးသူတိုင်း NUCC ထဲပါသင့်တာပေါ့။ ထားပါတော့၊ အဲဒီလို နေရာယူပြီးတော့ မိမိကိုယ်ကို လိပ်ပြာမလုံလို့ ထင်တယ်။" စုရွေးလွှတ်ကို ပယ်ပါ၊  ၂၀၂၀ ရွေးကောက်ပွဲ ဆင့်လွှဲအာဏာကိ စွန့်လွှတ်ပါ" ဆိုတဲ့  NUCC အတွင်းက ဒေဝဒတ်အသံဟာ၊ "NLD အမတ်တချို့က စကစ နဲ့ ပေါင်းနေတယ်ဆိုတဲ့ သတင်းနဲ့ အတူ"၊ ဟိုဘက် ဒီဘက် ၂ ဘက်ညှပ် တိုက်ခိုက်ကြပါလေရော။ တိုက်ဆိုင်တာလား မသိပါ၊  ကချင် KPICT ရော NLD ပါတီပါ NUCC ကထွက်သွားကြတယ်။ နဂို မူလ ရည်ရွယ်ချက်ဟာ CRPH + ERO သက်သက်ပဲ။ NUCC ဟာ ဘာနဲ့ တူနေသလဲ ဆိုတော့ နဝတ-နအဖရဲ့ အမျိုးသားညီလာခံနဲ့ တူနေတယ်။ ရွေးကောက်ခံက နည်းနည်း လက်နက်ကိုင်တွေ၊ ဆွဲထည့်တွေက များများ။

 တခု အားသာတာက CRPH ရှိနေလို့ပဲ၊ ဒီမိုကရေစီစံနှုံး အရ ကိုယ်စားပြု အာဏာရသူ ၅၀% ကျော်ရင် Majority Vote ရပြီ။ ပြည်ထောင်စုလွှတ်တော် ဖွဲ့လို့ရပြီ။ ၂၀၀၈ အခြေခံဥပဒေအောက်က လုပ်လို့ ဘာပြု ညာပြု ပုတ်ခတ်နေကြသူတွေဟာ ၁၉၄၆ ရွေးကောက်ပွဲဟာ ကိုလိုနီ ဥပဒေ ၁၉၃၅ ဘားမားအက်ဥပဒေအောက်မှာ ကျင်းပပြီး၊ တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့ကာ၊ ၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲ၊ ပြဒါန်းခဲ့တာကို သတိရသင့်တယ်။ CRPH ကို ဖောင်းထုသူတွေသာ အဲဒီခေတ်မှာ  လူဖြစ်ရင်  ကိုလိုနီဥပဒေ ၁၉၃၅ ဘားမားအက်ဥပဒေအောက်က ပြည်သူ့ဆင့်လွှဲအာဏာမို့ အခြေခံဥပဒေသစ် မရေးရ၊ မပြဒါန်းရ၊ လွတ်လပ်ရေးအစိုးရဖွဲမရ ဆိုဦးမလား? 

ပြည်ထာင်စုလွှတ်တော်က တဆင့်  Majority Vote နဲ့ ဒီမိုကရေစီစံအရ ပြည်ထာင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ  CRPH ကို ထပ်မံဆင့်လွှဲအာဏာ ပေးလိုက်တယ်။  ပြည်ထာင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ  CRPH က အုပ်ချုပ်ရေးအာဏာကို NUG အစိုးရကို ထပ်ပြီး ခွဲဝေပေးတယ်။ ပြည်ထောင်စုတရားရုံးကိုတော့ တရားစီရင်ရေးအာဏာ  မလွှဲရသေးဘူး။  ပြည်ထာင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ  CRPH ဟာ ဥပဒေပြုအာဏာရှိတယ်။ ဥပဒေတွေ အသစ် ဖန်တီးတယ်။ ဖျက်သိမ်းတယ်။ ပြင်ဆင်တယ်။ Rule of Law ဥပဒေစိုးမိုးရေး အရ စီမံခန့်ခွဲနေတဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တယ်။"  ဒေါ်စု ကြောင့် မဲရတာ၊ပြည်သူတွေက  မအလကို မုန်းလို့ မဲရတာ၊ အရည်အချင်းမရှိဘူး " ဒါကြောင့် ဘာပြု ညာပြု CRPH ကို ချောင်ထိုးပစ် ဆိုတာတွေဟာ မလုပ်သင့်၊ မလုပ်အပ်တာပဲ ။ Rule of Law ကို ချိုးဖောက်နေတာ ဖြစ်တယ်။

ဦးအောင်ထူးက "  (NLD အမတ် တချို့နဲ့ ဖွဲ့တာဖြစ်လို့)  CRPH ဟာ ဥပဒေပြုအာဏာမရှိဘူး" လို့ ပိုးစိုးပက်စက် ပြောတယ်။ ဘုရားစူး ကျိန်တွယ်ရမယ့် ဥပဒေပညာရှင်စကားပဲ။ သူ့စေတနာက အခြေခံဥပဒေသစ် မြန်မြန်ဖြစ်လာဖို့ CRPH ကို တန်းဖိုးမဲ့အောင် ဆန္ဒဂတိနဲ့ ပြောနေတာ သိပါတယ်။  အဲဒီစကားကို နင်းပြီး တန်ပြန်မေးခွန်း ထုတ်ရရင် " CRPH ဟာ ဥပဒေပြုအာဏာမရှိဘူး ဆိုရင် ၂၀၀၈ ခြေ/ဥကို ဖျက်သိမ်းတဲ့ ဥပဒေဖျက်အာဏာလည်းမရှိဘူး၊ ဖက်ဒရယ်ဒီမိုကရေစီချာတာကို ပြဒါန်းပေးနိုင်တဲ့ ဥပဒေပြူအာဏာလည်း မရှိဘူး" လို့ ဆိုလိုတယ်။ မိမိစကားဟာ မိမိကို ပြန်သတ်နေတာပဲမလား

ပြင်ပလေ့လာသူ တယောက်အနေနဲ့ အာရုံသိ သိနေတာက CRPH ဟာ ဥပဒေပြုအာဏာ ရှိပင် ရှိငြားသော်လည်း၊ ယနေ့အခါမှာ  ERO မျက်နှာကြည့်ရ၊ သပိတ်ကော်မတီ၊ CSO, CDM တွေက ဘဲအုပ်က တရာ နှစ်ရာ ဝိုင်းတွတ်ခံရလို့၊ NUCC ထဲမှာ အာဏာရှိပုံ မရပါဘူး။ NUCC ထဲက ဘဲအုပ်တွေ စိတ်ကူးရတိုင်း ဟိုပြင် ဒီပြင်လုပ်ရင်း ဖက်ဒရယ်ဒီမိုကရေစီချာတာဟာ Wikipedia ဘဝ ရောက်နေပြီ ထင်တယ်။  ပြည်သူ့ဆင့်လွှဲအာဏာ အားနည်းတော့ ပြည်သူ့ညီလာခံ People Assembly   ဖွဲ့ပြီး အတည်ပြုရပြန်တယ်။ အရောင်ကွဲပုလင်းပြောင်းပြီး တရားမဝင် ဝင်အောင်လုပ်နေတာပါ။ အတည်ပြုပြီးသားကို CRPH က ရာဘာတံဆိပ်တုံး နှိပ်ပေးနေပုံရတယ်။ အဲဒီတော့ နောက်ထပ် ERO တွေ ထပ်ဝင်လာရင် ဖက်ဒရယ်ဒီမိုကရေစီချာတာဟာ Wikipedia လိုပဲ  ပြင်လိုက် ရေးလိုက် ဖြစ်နေဦးမှာပဲ။    


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား