“တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား”

“တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား” -ဟယ်ရီလွင်
ဒီဆောင်းပါးလေး ဖော်ပြရတဲ့ ရည်ရွယ်ချက်မှာ ဦးနေဝင်းသည် ပညာရှင်တွေအပေါ် ဓားမိုးပြီး မြန်မာစာပေဝေါဟာရတွေကို ဖျက်စီးခဲ့ပုံကို သိရှိနိုင်စေရန်ဖြစ်ပါသည်။ယနေ့တိုင် အမှားအယွင်းကို ဆက်ခံနေရဆဲဖြစ်ပါသည်။
“တစ် လား၊ တ လား၊ စသတ် မှာလား မသတ်ဘူးလား”

တစ် နဲ့ တ အသုံးအနှုန်းကို မပြောခင် စစချင်း စာလုံးပေါင်းကို စပြောစရာတွေ့နေတာက "ကျနော် နဲ့ ကျွန်တော်"။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအရကတော့ "ကျွန်တော်" လို့ ပေါင်းမှ မှန်ပါတယ်တဲ့။ ဒါပေမယ့် ကျနော်တဦးတည်း အနေနဲ့ကတော့ "ကျနော်" လို့ပဲ ဆက်ပြီး စာလုံးပေါင်းကို သုံးသွားမှာပါ။ ကျွန်တော် လို့ မပေါင်းရခြင်းကတော့ ကျွန်တော် ဆိုတာဟာ ကျွန်ခေတ်၊ ပဒေသရာဇ်ခေတ်က ကျေးတော်မျိုး၊ ကျွန်တော်မျိုး ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတဲ့ အသုံး အနှုန်းဖြစ်တဲ့အတွက် မသုံးချင်လို့ပါ။ ဒါကတော့ ကိုယ့်ဟာကိုယ် သုံးချင်လို့ သုံးတာသာဖြစ်ပါတယ်။ "မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလာ စကားလုံး အသုံးအနှုန်း တွေကို မလိုက်နာရအောင် မင်းက ဘာကောင်မို့လဲ" လို့ ပြောရင်လဲ ခံရမှာပါပဲ။ ဘာကောင်မှ မဟုတ်ပါဘူး။ အဲဒီလို သုံးချင်စိတ်ရှိလို့ သုံးတာပါ လို့ပဲ ဖြေရမှာပါ။ မှားတယ်လို့ အပြစ်တင်ရင်လဲ ခံလိုက်ရုံပေါ့လေ။
အဲ .. လေရှည်နေတာနဲ့ ဘေးချော်ပြီး လိုရင်းမရောက်တော့ဘူး။ ကဲ တစ် နဲ့ တ အသုံးအနှုန်းကို ကြည့်ကြရအောင်ပါ။
တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်း ဆိုပြီး မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း - ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် အမှာစာ အပိုဒ် (၁၅) မှ (၁၇) စာမျက်နှာ ဃ မှ စ အထိမှာ တရား၀င် သတ်မှတ် ထား တဲ့ အသုံးအနှုန်းက ဒီလိုပါတဲ့ .. (အပြည့်အစုံရိုက်ပေးလိုက်ပါတယ်။)
" ၁၅။ မြန်မာစာလုံးပေါင်းများ ပြန်လည်စိစစ်မွမ်းမံရာတွင် တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရေး ကိစ္စကိုလည်း တစ်ပါတည်း ပြေလည်အောင် ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။
၁၆။ တစ်အရေး တအရေး ခွဲခြားသတ်မှတ်မှုနှင့် စပ်လျဉ်း၍ မြန်မာစာအဖွဲ့သည် ပုဂံခေတ်မှ မျက်မှောက်ခေတ်အထိ မြန်မာစာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြပါသည်။ အကြိမ်ကြိမ် စည်းဝေးတိုင်ပင်၍ တစ်အရေး တအရေး ခွဲခြားရာ၌ အခြေပြုရန် အောက်ပါ ယေဘုယျမူ (၃)ရပ်ကို ချမှတ်ခဲ့ကြပါသည် -
(က) ရေးထုံးသည် အသံထွက်နှင့် ခြားနားနိုင်သည်ဖြစ်ရာ စာရေးသားကြရာတွင် ရေးထုံး အမှန်အတိုင်းရေးသားကြ၍ ရွတ်ဖတ်ရာတွင်မူ ချန်လှပ်၍လည်းကောင်း၊ ဖြည့်စွက်၍ လည်းကောင်း၊ သင့်လျော်ပြေပြစ်သည့် အသံသို့ ပြောင်းလဲ၍လည်းကောင်း ရွတ်ဖတ် နိုင်သဖြင့် ရေးတော့အမှန် ဖတ်တော့အသံဟူသည်ကို လိုက်နာမည်။
(ခ) အကြောင်းအကျိုးဆက်စပ်မှု မှန်ကန်ခြင်း၊ စနစ်တကျရှိခြင်းတို့ကို ဦးစားပေးသင့်သည် ဖြစ်၍ သဘာ၀ယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်။
(ဂ) ပုဒ်များကို အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရာ၌ ဝါစင်္ဂပြောင်းလဲသွားသည်ဖြစ်စေ၊ အသံထွက် ပြောင်းလဲသွားသည်ဖြစ်စေ၊ ဆင့်ပွားအနက်၊ တင်စားအနက်တို့ဖြင့် ဖြစ်စေ ထိုကိန်းဂဏန်း၏ရေးထုံးကို ပြောင်းလဲခြင်း မပြုသင့်သဖြင့် မူလအရေးကိုပင် ထိန်းသိမ်းမည်။
၁၇။ ထိုမူ (၃)ရပ်ကို အခြေခံပြီး တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရာ၌ မှန်မှန်ကန်ကန် ခိုင်ခိုင် မာမာ ဖြစ်စေရန် ပုဒ်၏အနက်သဘောကိုသာမက ဖွဲ့စည်းတည်ဆောက်ပုံသဘောကိုပါ မြန်မာသဒ္ဒါ အခြေခံပြုကျမ်းနှင့် ညှိနှိုင်းဆင်ခြင်၍ အောက်ပါနည်းလမ်း (၃)ရပ်ကို ချမှတ်ပါသည် -
(က) နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော တ သည် ကိန်းဂဏန်း တစ်ကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်၊
သာဓက။ ။ တစ်ခု၊ တစ်ဆင့်၊ တစ်ထောက်၊ တစ်ယောက် ....
(ခ) ဤသို့သော ပုဒ်များတွင် အခြားပုဒ် ထပ်ဆင့်ယှဉ်တွဲလာသည့်တိုင်အောင် သင်္ချာ ကိန်းဂဏန်း တစ်သည် သင်္ချာသဘောမှ ရွေ့လျောခြင်း မရှိသောကြောင့် စသတ်ဖြင့် ပင် ရေးရန်၊
သာဓက။ ။ တစ်ခုခု၊ တစ်ဆင့်ခံ၊ တစ်ထောက်တစ်နား၊ တစ်ယောက်တစ်လှည့် ....
(ဂ) ကြိယာ၊ နာမဝိသသေန၊ မြည်သံစွဲပုဒ်များနှင့် ယှဉ်သော အာဂုံပစ္စည်း တ ကိုမူ စမသတ်ဘဲ ရေးရန်။
သာဓက။ ။ တကျက်ကျက်၊ တခမ်းတနား၊ တစောင်း၊ တဖြူးဖြူး၊ တရိပ်ရိပ်၊ တလွဲ၊ တအံ့တသြ၊ မခို့တရို့၊ မဟုတ်တရုတ်၊ အတတ၊ အမှတ်တရ၊ အရောတ၀င် .... "
ဒီကျမ်းကိုပြုစုတဲ့ မြန်မာစာအဖွဲ့ရဲ့ အားထုတ်မှုနဲ့ အဖွဲ့၀င် ဆရာ၊ ဆရာမကြီးများရဲ့ ပညာ၊ သမ္ဘာ၊ ဂုဏ်သိက္ခာ၊ အတွေ့ အကြုံ၊ မြန်မာစာပေ နှံ့စပ်ကျွမ်းကျင်မှု စတာတွေကို ကျနော့်အနေနဲ့နည်းနည်းမှ သံသယမရှိသလို သူတို့ကို အလွန်ပဲ လေးစားပါတယ်။ ဒါပေမယ့် နည်းနည်းပြောစရာလေးရှိနေ တာက ဒီ တစ်အရေး တအရေး မှာ ပယောဂ ၀င်နေတာပါပဲ။
အဲဒီ ပယောဂကတော့ တခြားမဟုတ်ပါဘူး။ မြန်မာစာပေအရေးအသား ပိုင်းရော၊ တခြားကိစ္စတွေ မှာပါ စိတ်ရူးပေါက်ရင်ပေါက်သလို ၀င်၀င်ပြီး ထင်ရာမြင်ရာ သြဇာလျှောက်ပေးတတ်တဲ့ သွားလေသူ ဦးနေ၀င်းရဲ့လက်ချက် ပါပဲ။ သူက တယောက် တို့၊ တနေ့ တို့ကို "တစ်ယောက်"၊ "တစ်နေ့" ဆိုပြီး ရေးရမယ်လို့ ရွှေဥာဏ်တော် စူးရောက်စွာနဲ့ (ဘယ်ကနေဘယ်လို စိတ်ရူးပေါက်လာသလဲ မသိပါဘူး) အမိန့်ထပေးခဲ့တယ်လို့ အတွင်းစကား ပြောသံကြားဖူးပါတယ်။


ဆရာအောင်ဗလ (ကြေးမုံဦးသောင်း) ရဲ့ 'နင်လားဟဲ့ တ၀မ်းပူစသတ် တစ်' ဆိုတဲ့ဆောင်းပါးထဲမှာ ဦးနေ၀င်းက "ဟေ့ စာရေးရင် တငုံ၊ တမော့၊ တကျိုက်၊ တစက်၊ တခွက်၊ တဖလား၊ တပုလင်း လို့ရေးလေတိုင်း တ၀မ်းပူကို စသတ်ပြီး တစ် လို့ရေးရမယ်" လို့ အမိန့်ပေးခဲေ့ကြာင်း ရေးထားတာလည်း တွေ့ရပါတယ်။ အရက်မူးပြီး ထင်ရာစိုင်းခဲ့သလား မဆိုနိုင်ပါဘူး။ သုံးသွားတဲ့စကားလုံးတွေက ယမကာလုလင်တွေရဲ့ စကားတွေဗျ .. တငုံ၊ တမော့၊ တကျိုက်၊ တစက်၊ တခွက်၊ တဖလား၊ တပုလင်း တဲ့ .. ။ ဆရာအောင်ဗလဟာ ဦးနေ၀င်းအကြောင်း ကောင်းကောင်းကြီးသိတဲ့ပုဂ္ဂိုလ်မို့ သူရေးထားတာဟာ မမှားနိုင်ဘူးလို့ ထင်ပါတယ်။
(ဦးနေ၀င်းပါပဲ .. ရူးကြောင်ကြောင်နဲ့ မ်ိန့်ခွန်းတခု ထဲမှာ ထပြီး ထွင် လို့ အစဉ်အလာ ပြောနေကျ စကား "လူတော်လူကောင်း" ကနေလည်း "လူကောင်းလူတော်" ဆိုပြီး ဗောင်းတော်ညိတ်၊ စိတ်တော်သိ တွေက ဖါးဖါးယားယားနဲ့ မိနစ်မဆိုင်း လိုက်သုံးကြလို့ ရေးထုံးတခု ပျက်ရပြီးပါပြီ။ တော်သေးတာပေါ့၊ ကျနော် အင်မတန်ကြိုက်တဲ့ ဆရာကြီး မြို့မငြိမ်း ရေးခဲ့တဲ့ "လူချွန်လူကောင်း" သီချင်းကို "လူကောင်းလူချွန်" လို့ လိုက်မပြင်ကြပေလို့ပေါ့။ နို့မဟုတ်ရင်တော့ သီချင်းလေး ပစ်ရပါချေရဲ့။)
တကယ်တော့ ကျနော့်အနေနဲ့ သက်ကြီးဝါကြီးတွေဆီကရော၊ ဆရာ၊ ဆရာမကြီးတွေဆီကရော ဆည်းပူးခဲ့သမျှနဲ့ ရှေးတုန်းက (၁၉၆၂ ခုနှစ် မတိုင်မီက) ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာဖတ်ဖူးသမျှမှာ စသတ် နဲ့ တစ်ခု၊ တစ်ကောင် စသဖြင့် သုံးတာ မတွေ့ဖူးပါဘူး။ မြန်မာစာပေကျွမ်းကျင်သူ ပညာရှင် စာရေးဆရာ တချို့ကလည်း ဒီပြဿနာကို ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီမှာ အင်မတန်လှတဲ့ ဥပမာလေးကို မှတ်သားခဲ့ဖူးပါတယ် (ဆရာမောင်စွမ်းရည် ရဲ့ ဆောင်းပါးတပုဒ်ထဲမှာလို့ ထင်ပါတယ်၊ အင်တာနက်ပေါ်က ဖတ်လိုက်ရတာပါ။ အချိန်ရရင် ရှာကြည့် ပါ၊ ဘယ်သူပေးခဲ့တဲ့ ဥပမာ ဆိုတာ ကျနော်မမှတ်မိပါဘူး။ ညီလေး ညိမ်းညိုကတော့ ဆရာကိုလေး (အင်း၀ဂုဏ်ရည်) ပေးခဲ့တဲ့ ဥပမာဖြစ်ကြောင်း ပြောပါတယ်)။
ဥပမာလေးက အဲဒီလို စသတ်နဲ့သာ လိုက်ရေးကြစတမ်းဆိုရင် အသားတစ်တတစ် ကို ဘယ်လိုရေးမလဲ။ ဒီရေးထုံးအရဆိုရင် "အသားတစ်တစ်တစ်" လို့ ရေးရမှာပေါ့။ တစ်ဂဏန်းကို အရင်းခံတဲ့ အသားတစ် ဆိုတဲ့ နာမ်နဲ့ ယှဉ်တွဲ တဲ့ ပုဒ်ဖြစ်နေတယ်လေ။ ကဲ အသား တစ်-တစ်-တစ် လို့ မဖတ်မိနိုင်ပေဘူးလား။ အတော် ကိုးလို့ကန့်လန့်နဲ့ ခွကျတာပဲ။ ခွဲပြီးရေးရင်တောင် "အသားတစ် တစ်တစ်" ဆိုတာကြီးက ဘ၀င်ကျစရာ ရေးနည်းမျိုးလို့ကို စိတ်ထဲမှာ မထင်ဘူးဖြစ်နေတယ်။
အထောက်အထားတခုအနေနဲ့ ကဗျာကဝိဆရာကြီးတွေ ရေးပြီး မြန်မာစာ ပါမောက္ခကြီး ဆရာကြီး ဦးဖေမောင်တင် ကိုယ်တိုင် အမှာစာရေး၊ တည်းဖြတ် အုပ်ချုပ်ပြီး မြန်မာနိုင်ငံပညာပြန့်ပွါးရေးအသင်း၊ တက္ကသိုလ် ကျောင်းတိုက်၊ ရန်ကုန်မြို့ က ၁၉၃၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ခေတ်စမ်းစာပေ ကျမ်းစဉ် (၃)၊ ခေတ်စမ်းကဗျာများ - ပဌမတွဲ (တတိယအကြိမ်ပုံနှိပ်ခြင်း) ဆိုတဲ့ စာအုပ်ထဲမှာ စသတ်နဲ့ ရေးတဲ့ အသုံးအနှုန်း မတွေ့ရပါဘူး။ ရေးတဲ့ ကဗျာဆရာတွေက မောင်ဧမောင် (မြန်မာစာ ပါမောက္ခ ဦးဧမောင်)၊ မောင်သိန်းဟန် (ဆရာဇော်ဂျီ)၊ မောင်၀န် (ဆရာကြီးမင်းသု၀ဏ်)၊ အစရှိတဲ့ တကယ့် ကဗျာကဝိ မြန်မာစာပညာရှင် ဆရာကြီးတွေ ရေးခဲ့ကြတာပါ။ သူတို့ တွေဟာ ဒီသတ်ပုံရေးထုံးကို မှားရေးမယ် လို့ ဘယ်လိုမှ ထင်မြင် ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။ ဥပမာ နည်းနည်းလောက် ထုတ်နှုတ်ပြပါမယ်။
" သီချင်းသီကာ၊ စောင်းတဖြာနှင့်၊ ဖြေပါသော်လဲ ...."
(အခဏ်း-၁။ ၃-မှုံပြာရီ။ မောင်ဧမောင်။ စာမျက်နှာ ၄)
" တညဥ့်ခါတွင်၊ ဆန်းအင်သည်အိပ်မက်၊ စိတ်စက်ယူကြုံး၊ ရွှင်ပြုံးကြည်မျက်နှာ၊ ...
တနေ့ခါတွင်၊ ဆံရှင်ရွှေတိဂုံ၊ မွေတော်စုံ၀ယ်၊ ကြည်ယုံပန်းဆက်တင် ...."
(အခဏ်း-၁။ ၄-ယဉ်ပျိုဖြူ။ မောင်ဧမောင်။ စာမျက်နှာ ၅)
(ဒီကဗျာက ထောင့်တဲတွန့် ပိုဒ်စုံရတု လို့ခေါ်ပါတယ်။ ရေးနည်းဆန်းလို့ တမင် ရွေးထုတ်ပြ ထားတာပါ။ ဗဟုသုတအနေနဲ့ပါ)
" သြော် .. သည်တခါ မကြေနပ်သော်လဲ၊ နောက်ထပ် နောင်တခါဖြင့် ...."
(အခဏ်း-၂။ ၁၈-ခရုသင်းသံ။ မောင်သိန်းဟန်။ စာမျက်နှာ ၃၃)
" ချစ်စရာနောင်တနေ့တွင်ဖြင့်၊ တွေ့ဦးမည် ရည်ကာရော်မိပေါ့၊ ...."
(အခဏ်း-၂။ ၁၉-လပြည့်၀န်း။ မောင်သိန်းဟန်။ စာမျက်နှာ ၃၃)
" ကွေးကွေးကျစ်ကျစ်-ဖူးပုရစ်လည်း-ဖြေလှစ်စင်စင်၊ စုံတခွင်၀ယ်၊ မြရှင်ရွက်ဦး ...."
(အခဏ်း-၄။ ၁-ခါနွေဆန်းတော့-လွမ်းမိတယ်။ မောင်၀န်။ စာမျက်နှာ ၅၀)
" သနားစရာ-အမေပျောက်လို့၊ သူ့တယောက်ထဲ-ဖေါ်မပါ၊ သာသာယာယာ ...."
(အခဏ်း-၄။ ၄-မောင်ထွေးဘို့။ မောင်၀န်။ စာမျက်နှာ ၅၄)
ဒီလောက်ဆိုရင် မြင်သာလောက်ပြီထင်ပါတယ်။ ဒါတွေကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုခဲ့ ကြတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ မသိဘဲ မနေလောက်ပါဘူး။
ဒါပေမယ့် ပထမအကြိမ် ထုတ်ဝေ တာက မဆလခေတ်မှာဆိုတော့ ဦးနေ၀င်းရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲတာနဲ့ မျက်စိမှိတ်ပြီး တချို့ဟာတွေကို "တစ်" လိုက်ရတယ် ထင်ပါတယ်။ ဦးနေ၀င်း မျက်မာန်တော် တချက်ရှ လိုက်ရင် မလွယ်ဘူး မဟုတ်လား။ ဒါပေမယ့် တတ်နိုင်သလောက် ထိန်းတဲ့အနေနဲ့ ကြိယာ၊ နာမဝိသသေန၊ မြည်သံစွဲပုဒ်တွေနဲ့ ယှဉ်တဲ့ "တကျက်ကျက်၊ "တခမ်းတနား" စတဲ့ အာဂုံပစ္စည်း တ ကို စ မသတ်ဘဲ ရေးဘို့ ကြိုးပမ်းသတ်မှတ်ခဲ့ရတယ်ထင်တယ်။
အဲဒီကိစ္စကို ဆရာကြီး မင်းသု၀ဏ်က အတော်လေး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့လည်း ကြားရပါတယ်။ အဲဒီ အတွက် ဦးနေ၀င်းက မျက်မာန်တော်ရှပြီး ဆရာကြီးကို အတော်လေး ငြိုးခဲ့တဲ့အပြင် သူ့ မဟာ မိန့်ခွန်းတော်ထဲမှာ "မကျက်တကျက် ပေါင်မုန့်တွေ" ဆိုပြီး ဆရာကြီးကို စောင်းမြောင်းစော်ကားခဲ့ပါသေးတယ်။ ဆရာကြီး မင်းသု၀ဏ် အတော်လေး စိတ်ထိခိုက်ခံစားခဲ့ရတယ် လို့လည်း ကြားခဲ့ရပါတယ်။ ရလဒ် ကတော့ မြန်မာစာအဖွဲ့ကနေ ဆရာကြီး မင်းသု၀ဏ် နှုတ်ထွက်သွားခဲ့ရတာပါပဲ။ (ဆရာမောင်စွမ်းရည်ကတော့ ဦးနေဝင်းက အလုပ်ဖြုတ်ပစ်ခဲ့တာ လို့ မိုးမခမှာရေးတဲ့ 'မင်းသုဝဏ်ရဲ့ မြန်မာစာအုပ်ဝေဖန်ချက်များ' ဆောင်းပါးမှာရေးထားပါတယ်)
ဒါတွေကတော့ ကျနော်အတွင်းစကား ကြားခဲ့ဖူးတာကို သိအောင်ပြောပြတာပါ။ အတည်ပြုဖို့ ဆိုတာက တော့ မလွယ်ပါဘူး။ ဖြစ်နိုင်ချေများတယ်လို့တော့ ယူဆပါတယ် ("မကျက်တကျက် ပေါင်မုန့်တွေ" လို့ ဦးနေ၀င်း ပြောခဲ့တာကတော့ အမှန်ပါ၊ အထောက်အထားလည်းရှိပါတယ်။ ၁၉၇၁ ခု မဆလ ပါတီညီလာခံမိန့်ခွန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဆရာတင်မိုးရဲ့ မိုးမခမှာရေးတဲ့ 'မြန်မာစာပေခရီး ပင်မရေစီး (၄၅)' မှာ ကြည့်ပါ)။
ဒီကိစ္စမှာ ဦးနေဝင်းလက်ချက်မကင်းကြောင်း ဝါရင့် စာရေးဆရာကြီးတွေ အတော်များများ သိကြပါတယ်။ အင်တာနက်ပေါ်မှာ ရေးတာကိုလည်း ဖတ်ဖူးပါတယ်။ မြန်မာစာ တတ်ကျွမ်းနားလည်သူ အများစုကလည်း တ၀မ်းပူကို စ မသတ်ဘဲ 'တ' လို့သာသုံးရမှာဖြစ်ကြောင်း ပြောတာကိုလည်း မှတ်သားဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ကတော့ တစ် လို့ ရေးဖို့ အတော်၀န်လေးပါတယ်။ "တ" ကိုပဲ သုံးသွားဖို့ စဉ်းစားထားပါတယ်။ မှားတယ်လို့ အပြစ်တင်ရင်လဲ ခံဖို့ပဲ ရှိတာပေါ့။ အခု တရား၀င်ရေးထုံး က "တစ်" လို့ သုံးရမှာကိုး။
အားလုံးကိုလေးစားလျက်
ဟယ်ရီလွင်

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း