ကျောမွဲများအတွက် ဖိနှိပ်ခံဥပဒေ


ကျောမွဲများအတွက် ဖိနှိပ်ခံဥပဒေ
By ရဲနိုင်ဦး 16 February 2020

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းရွာနေ ပန်းပဲဆရာ ဦးနိုင်ဝင်းတစ်ယောက် အသင့်လုပ်ပြီးသား ဓားခုနှစ်ချောင်းကို မွေရေခွံအိတ်ဖြင့် ကျနစွာထုပ်ပြီးနောက် ဆိုင်ကယ်နောက်ခုံတွင် ကြိုးဖြင့်စည်း၍ ထုံးကြီးရွာသို့ ထွက်လာခဲ့သည်။

ထို့နေ့မှာ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်ဖြစ်သည်။

ဦးနိုင်ဝင်း၏ဖခင် ဆရာမြိုင်သည်လည်း ဤနယ်တစ်ဝိုက်တွင်ပင် ပန်းပဲလုပ်ငန်းဖြင့်အသက်မွေးခဲ့ပြီး ဦးနိုင်ဝင်းသည်လည်း ပန်းပဲလုပ်ငန်းဖြင့်ပင် အသက်မွေးသည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်သည်။ ရွာနီးချုပ်စပ်ရှိ တောင်သူများကအပ်နှံသည့် ဓားများကို ပြန်လည်ပြင်ဆင်ပေးခြင်း၊ ဓားအသစ်များပြုလုပ်ကာရောင်းချခြင်းတို့ဖြင့် အသက်မွေး၍ မိသားစုတာဝန်ယူကို ရယူခဲ့သည်။ ဓားများကို ဖောက်သည်များထံသို့ သွားရောက်ပို့ဆောင်ခြင်း၊ ဖောက်သည်များထံမှ ပြန်ပြင်ရန်ရှိသည့်ဓားများကို သွားရောက်ယူငင်ခြင်းတို့သည် ဦးနိုင်ဝင်း၏ ပြုမြဲဓမ္မတာအလုပ်ပင်ဖြစ်သည်။

ဦးနိုင်ဝင်းတစ်ယောက် ထုံးကြီး ရွာသို့အရောက်တွင် ယူလာသောဓားများကို ရွာသားများထံသို့ ပေးခဲ့သည်။ ထို့နောက် ရွာသားများက ပြန်ပြင်ရန်ပေးလိုက်သော ဓားအပဲ့အရွဲ့ ငါးချောင်းကို ယူဆောင်ကာ ညောင်ဝန်းရွာသို့ အပြန်ခရီးနှင်ခဲ့သည်။

ညောင်ဝန်းနှင့် ထုံးကြီးရွာမှာ သုံးမိုင်ခန့်ဝေးသည်။ ဤဒေသမှ ဒေသခံများကမူ ဆိုင်ကယ်အားကိုးဖြင့် နိစ္စဓူဝသွားနေကြပင်ဖြစ်သောကြောင့် ဦးနိုင်ဝင်းလည်း အေးအေးသက်သာစွာပင် အပူအပင်မရှိ ထွက်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တောင်အင်းရွာအထွက်တွင် ရဲက သူ့ဆိုင်ကယ်ကိုစစ်ရာ ဓားငါးချောင်းတွေ့ရှိခဲ့သည်။ ဓားငါးချောင်းအနက် သုံးချောင်းမှာ ဓားနှောင့်မတပ်ရသေးသော ကိုင်းခုတ်ဓားမလေးချောင်းဖြစ်ပြီး တစ်ချောင်းမှာမူ မှုံးယက်ရာတွင်သုံးသော ငါးလက်မခန့် ရှိ ဓားဦးခွန်ဖြစ်သည်။

ရဲက ငါးလက်မခန့်ရှိ ဓားဦးခွန်ကို တရားရုံးသို့ သက်သေခံပစ္စည်းအဖြစ်တင်ပို့ကာ ဦးနိုင်ဝင်းကို လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် တရားစွဲဆိုခဲ့သည်။ အချုပ်ထဲတွင် နှစ်လနှင့် သုံးရက်နေထိုင်ခဲ့ရပြီးနောက် အပြစ်မရှိဟုဆိုကာ တရား ရုံးက သူ့ကို လှတ်ပေးခဲ့သည်။

“ဆရာ ကွန်တော်အပြစ်မရှိဘဲ အဖမ်းခံရတာဆရာ။ စိတ်ရောကိုယ်ရော တော်တော်လေးခံစားရပါတယ်။ စားဝတ်နေရေးမပြေလည်လို့ ပန်းပဲလုပ်ရတာပါဆရာ” ဟု ဦးနိုင်ဝင်းက ဖြစ်စဥ်ကို ပြန်လည်ပြောပြသည်။

ကချင်ပြည်နယ်ရှိ တောင်ယာဝင် အခြေခံလုပ်သား မိသားတစ်စု

လက်နက်မှုဖြင့် ဖမ်းဆီးခံရသည့် သက်သေပြစရာ ထူးခြားသော နောက်တစ်မှုလည်း ရှိပါသေးသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားထံမှ ပစ္စတိုနှစ်လက်ဖမ်းမိခဲ့သည်။

ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ၎င်း၏ ရုံးအဖွဲ့မှ ဝန်ထမ်း ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့နှင့်အတူ ရန်ကုန်မြို့သို့သွားရောက်ရန် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာချိန်တွင် ယင်းသို့ ဖမ်းမိခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတည်းခိုခဲ့သည့် ACE ဟိုတယ်တွင် ထပ်မံရှာဖွေရာ ပစ္စတိုခုနှစ်လက်နှင့် လက်နက်ခဲယမ်းများ ထပ်မံဖမ်းမိခဲ့ရာ စုစုပေါင်း ပစ္စတို ကိုးလက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ M 16 လက်ကိုင်ကွင်းတစ်ခု၊ ပစ္စတိုအိတ် အနက်ရောင် ခုနစ်လုံး၊ ကျည်ကာအကျႌ တစ်ထည်၊ စနိုက်ပါမှန်ပြောင်း တစ်လက်၊ WY စိတ်ကွဆေး ၁၂ ပြား၊ ICE ၁ ဒသမ ၅ ဂရမ်တို့ကို ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။

ဤအမှုသည်လည်း လက်ရှိတွင် စစ်ဆေးနေဆဲအမှုလည်းဖြစ်ပြီး အများက စိတ်ဝင်းစားလှက်ရှိသည့် လက်နက်မှုတစ်ခုလည်းဖြစ်သည်။

တစ်မိုးအောက်က ကွာခြားချက်

လက်နက်ဥပဒေ (၁၈၇၈) ၏ တစ်မိုးအောက်တည်းတွင် အားကစားဝန်ကြီးဟောင်းဦးတင့်ဆန်းသား ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပန်းပဲဆရာဦးနိုင်ဝင်းတို့ အဖမ်းခံရခြင်းတွင် ခြားနားမှုများကား ရှိနေသည်။

ဦးဖြိုးကိုကိုတင့်ဆန်းကို သေနတ်များနှင့်အတူ အစိုးရရုံးစိုက်ရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဦးနိုင်ဝင်းကမူ ပန်းပဲဖိုမှ ဓားများကို မွေရေခွံအိတ်ဖြင့်ထည့်၍ ဆိုင်ကယ်ဖြင့် ပို့ဆောင်စဥ်အဖမ်းခံခဲ့ရခြင်းပင်ဖြစ်သည်။

ထိုထက်ပို၍ဆိုရလှင် ဦးဖြိုးကိုကိုတင့်ဆန်းကို လက်နက်များနှင့်အတူတကွ ဖမ်းမိခဲ့ခြင်းဖြစ်သော်လည်း အမှုမှာ ယနေ့တိုင် ပြီးပြတ်ခြင်းမရှိသေးချေ။

ပန်းပဲဆရာ ဦးနိုင်ဝင်းကိုမူ ငါးလက်မခန့်ရှိသော ဓားဦးခွန်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ တောအရပ်၌ ပန်းပဲဆရာလက်တွင် ဓားတွေ့၍ ဖမ်းဆီးခံရခြင်းမှာ ဖြစ်သင့်ပါ၏လော။

မည်သို့ပင်ဆိုစေ စဥ့်ကူးမြို့နယ် ညောင်ဝန်းရွာ ကျေးလက်ဘက်တွင် ဖြစ်ပွားခဲ့သည့် ဦးနိုင်ဝင်းကိုမူ ရဲက လက်နက်အက်ဥပဒေ ၁၉(င)ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး အရပ်က ဝိုင်းဝန်းကူညီသက်သေခံခဲ့ခြင်းကြောင့်သာ ပြန်လည်လွတ်မြောက်လာခဲ့ရခြင်းဖြစ်ကြောင်း စဥ့်ကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က ဆိုသည်။

“ကွန်တော်တို့က ရဲကိုအပြစ်တင်နေတာတော့ မဟုတ်ပါဘူး။ ဥပဒေက ဆွမ်းခံရင် အချိန်မရွေးငှက်သင့်နိုင်တယ်ဆိုတာ ကွန်တော်တို့ အရပ်ဒေသမှာ ဓားပါလာရင် အရေးယူခံရနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။


လက်ရှိကျင့်သုံးနေသည့် ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ပုဒ်မ (၄) လက်နက်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဓားဦးခွန်၍ ဓားသွားသုံးလက်မထက်ပိုသော မောင်းချဓားများ၊ အိမ်တွင်းမှု၊ လယ်ယာ သို့မဟုတ် စက်မှုလုပ်ငန်းများတွင် သုံးရန်မရည်ရွယ်သော အရိုးအသွား ငါးလက်မထက်ပိုရှည်သောဓားများ ပါဝင်လျက်ရှိသောကြောင့် တောင်ပေါ်ဒေသများနှင့် ဧရာဝတီ၊ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများအတွက် စိုးရိမ်ဖွယ်ရာ ပြဋ္ဌာန်းချက်ဖြစ်လျက်ရှိသည်။

လက်နက်များ ကိုင်ဆောင်သွားလာခြင်းသည် ယေဘုယျအမြင်အရကြည့်လှင် အန္တရာယ်ရှိသည်ကား အမှန်ပင်ဖြစ်သော်လည်း နေရာဒေသပေါ် မူတည်၍ ကွာခြားမှုရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း၊ စဥ့်ကူးနယ်တစ်ဝိုက်တွင် ရှေတူးလုပ်ငန်းများ၊ ကိုင်းခုတ်ခြင်း၊ တောင်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းအစရှိသည်တို့ဖြင့် အသက်မွေးသည့် တောသူတောင်သားများအတွက်မူ ၎င်းတို့လုပ်ငန်းခွင်သို့ ဓားတစ်လက်ယူဆောင်သွားခြင်းမှာ အခြေအနေအရ လုပ်ငန်းခွင်လိုအပ်ချက်အရ ယူဆောင်သွားခြင်းသာဖြစ်ပြီး မည်သည့်အကြမ်းဖက်မှုမှ ကျူးလွန်ရန် မဟုတ်ချေ။

“ဖားကန့်-မန္တလေးကြား မိုးတွင်းမှာ သစ်ပင်လဲတာရှိတယ်။ တချို့လမ်းတွေက ရှင်းလင်းပြီးမှ လာရတာရှိတယ်။ စပယ်ယာတွေက အဲဒီမှာ ဓားတွေပါလာတာရှိတယ်။ မြစ်ကြီးနားလမ်းအတိုင်းလာ ရတနာသိင်္ခတံတားကိုဖြတ် စဥ့်ကူးနယ်ထဲကိုရောက်တော့ လုံခြုံရေးနယ်ထဲရောက်ပြီး ရှာဖွေတဲ့အခါ ဒီဓားတွေတွေ့တယ်။ သူတို့ချင်းပြောတာဆိုတာ အဆင်မပြေတာကနေ ဒီဥပဒေရှိတော့ ခံရတော့မှာလေ။ လုပ်တာ မလုပ်တာ အပထား။ ကိုင်ဆောင်သွားရင်ကို ဒီဥပဒေအရ ပုဒ်မ ၁၉(င)နဲ့ အဖမ်းခံရနိုင်တယ်” ဟု လက်နက်ဥပဒေဖြင့် ထောင်သုံးနှစ်ကျခံခဲ့ရသည့် ယာဥ်နောက်လိုက်တစ်ဦးအကြောင်း စဥ့်ကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က ပြန်လည်ပြောပြသည်။

“အဓိပ္ပာယ်သတ်မှတ်ချက်အရလည်း ငြိစွန်းတယ်။ ကိုင်ဆောင်လာရင်လည်း ဒါနဲ့ငြိစွန်းတယ်။ ထောင်ဒဏ်ကလည်း သုံးနှစ်လောက်ရှိတယ်။ အာမခံလည်း မပေးဘူး။ သိရလို့ ဆက်သွယ်ကြည့်တော့ ထောင်ကျသွားပြီ။ သုံးနှစ်တဲ့” ဟု ၎င်းကရှင်းပြသည်။

ထို့ကြောင့်ပင် လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် တောသူတောင်သားများ တရားစွဲခံရမှုသည် ထင်ထားသည်ထက် ပိုမိုများပြားလျက်ရှိကြောင်း အချက်အလက်များက သက်သေခံလျက်ရှိသည်။

လက်နက်ငယ်ကျည်တောက်တစ်ခုကို မိုဘိုင်းလ်ဖုန်းဖြင့် မှတ်တမ်းတင်နေသည်ကို တွေရစဥ်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၌ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေဖြင့်တရားစွဲဆိုခံရမှု ၁၇၁ မှုရှိသည်။ အဆိုပါတရားစွဲခံထားရသူများတွင် ထန်းတက်သမားများ၊ မှစ်ချိုး၊ ဝါးခုတ် တောင်သူများ၊ အိမ်သုံး၊ လယ်ယာသုံးနှင့် ပန်းပဲဖိုမှ ဓားကို ဝယ်ယူကိုင်ဆောင်သူများ တရားစွဲခံရမှုသည် ၁၆၄ မှုအထိ ရှိနေခြင်းဖြစ်သည်။

“ဘယ်လောက်အထိဆိုးလဲဆိုရင် ပွဲဈေးကနေဝယ်လာတဲ့ဓား။ ပန်းဘဲဖိုက ယူလာတဲ့ဓား လမ်းတွေ့တာနဲ့ဖမ်းတာမျိုး ၁၆၄ မှုရှိတယ်။ တကယ်အရေးမယူထိုက်တဲ့ အမှုတွေပါဘဲ။ အဲဒါမျိုးတွေ တစ်ယောက်မှ မလွတ်ဘဲ အကုန်ထောင်ကျသွားတယ်ဆိုတဲ့အခါကျတော့ စိတ်မကောင်းစရာတွေပဲ” ဟု ဒေါက်တာဇော်ဝင်းမြင့်က ဆိုသည်။

အခြားသော ခုနစ်မှုမှာမူ ပွဲခင်းထဲ ဓားကိုင်၍ ရမ်းကားခြင်းကဲ့သို့အမှုများ ဖြစ်သည်။

ဤသို့ဆိုလှင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၄ဝ ကျော်က ပြဋ္ဌာန်းခဲ့သော လက်နက်ဥပဒေသည် ဥပဒေ၏ မူလရည်ရွယ်ချက်ကို ပေါက်မြောက်အောင်မြင်ခြင်းရှိ၊ မရှိ ပြန်လည်သုံးသပ်သင့်ပြီဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ယခုကဲ့သို့ ထောက်ပြသည်။

“ကွန်တော်တို့ လက်နက်ဥပဒေမှာပြင်ဆင်သင့်တာက မိရိုးဖလာနည်းနဲ့ ဓားတွေကိုင်ဆောင်ပြီးတော့ ဝါးခုတ်ထင်းခုတ်သွားတယ်။ သစ်ခုတ်တဲ့အတွက် ပါသွားတဲ့လက်နက်တွေကို လက်နက်ဥပဒေအရ အရေးယူတယ်ဆိုတာမျိုးကမဖြစ်သင့်တဲ့အတွက် ဒါကိုပြင်ဖို့လိုတယ်”

ကိုလိုနီဆိုးမွေ လက်နက်ဥပဒေ

လက်နက်များအက်ဥပဒေ (၁၈၇၈) ကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၄ဝ ကျော် ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကိုလိုနီနယ်ချဲ့တို့က ပြဋ္ဌာန်းခဲ့သည်။

ထို့အချိန်၌ မြန်မာနိုင်ငံအထက်ပိုင်းသည် ကုန်းဘောင်မင်းဆက်၏ ပိုင်နက်အတွင်းတည်ရှိနေချိန်လည်းဖြစ်ပြီး ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံမှာမူ ၁၉၅၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ဒုတိယကျူးကျော်စစ်ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်နေချိန်လည်းဖြစ်သည်။

သို့သော်လည်း အဆိုပါဥပဒေ India Act XI(1878) သည် မြန်မာနိုင်ငံအတွက် ပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံအတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

၁၈၅၇ ခုနှစ် မေလမှစ၍ တစ်နှစ်ခြောက်လကြာဖြစ်ပွားခဲ့ပြီး ဗြိတိသှအရှေ့အိန္ဒိယကုမ္ပဏီကို တော်လှန်သော ဟင်ဒူစတန်နီလှုပ်ရှားမှုအပြီးတွင် Lord Lytton သည် အိန္ဒိယဘုရင်ခံချုပ်ဖြစ်လာခဲ့သည်။ အိန္ဒိယဘုရင်ခံချုပ် Lord Lytton လက်ထက် ၁၈၇၈ ခုနှစ်တွင် အဆိုပါလက်နက်များအက်ဥပဒေ India Act XI(1878) ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘုရင်ခံချုပ်သည် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး အဆိုပါဥပဒေ ပြဋ္ဌာန်းရန် သင့်၊ မသင့် စိစစ်ခိုင်းခဲ့ကာ ဗြိတိသှတို့ဖွဲ့သော အဆိုပါကော်မတီကပင် လက်နက်ထိန်းချုပ်ရေးဥပဒေပြဋ္ဌာန်းရန် တင်ပြခဲ့ခြင်းဖြင့် အိန္ဒိယတွင် လက်နက်ထိန်းချုပ်ရေးမျိုးစေ့ကို စတင်ကြဲချခဲ့သည်။

အဆိုပါဥပဒေအရ အိန္ဒိယနိုင်ငံသားတို့သည် ဓားတိုကဲ့သို့ လက်နက်များ ကိုင်သွားလာခြင်းကိုပင် ထောင်ဒဏ်သုံးနှစ် အပြစ်ပေးခဲ့ကြသည်။

ပန်းဘဲဖိုတစ်ခုတွင် ရောင်းချနေသော ဓားများကို ကြည့်ရှုနေသည့် လူငယ်တစ်ဦး

လူသန်းပေါင်း ၂၅ဝ ခန့်ရှိသော အိန္ဒိယပြည်ကိုအုပ်ချုပ်ရန်နှင့် အိန္ဒိယနိုင်ငံသားများ လက်နက်ကိုင်ဆောင်ခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်း အစရှိသည်တို့ကို တားမြစ်ရန်၊ အိန္ဒိယမျိုးချစ်တော်လှန်ပုန်ကုန်မှုများကို ကန့်သတ်ရန်နှင့် ဗြိတိသှတို့၏ အုပ်ချုပ်ရေးကို ပိုမိုချောမွေ့လွယ်ကူစေရန် ပြဋ္ဌာန်းခဲ့ကြခြင်းဖြစ်ပြီး ဗြိတိသှနယ်ချဲ့အရာရှိကြီးများ၊ ဗြိတိသှ-အိန္ဒိယသွေးနှောများမှာမူ အထူးအခွင့်အရေးအဖြစ် လက်နက်ကိုင်ဆောင်ခွင့်ရရှိခဲ့သည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် အိန္ဒိယပြည်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာချိန်၊ မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲများစတင်ချိန်တွင်မူ အဆိုပါဥပဒေသည် မြန်မာနိုင်ငံသားတို့အတွက် ဖြစ်လာခဲ့သည်။

“နယ်ချဲ့ကတော့ဗျာ လက်နက်ဆိုရင် ဘရိတ်ဓားတောင် ကိုင်ခိုင်းချင်တာမဟုတ်ဘူး။ ဥပဒေထဲ ထည့်လို့မကောင်းလို့သာ ချန်ထားခဲ့တာ” ဟု မြန်မာ့လွတ်လပ်ရေးကြိုးပမ်းချိန်တွင် လက်နက်ကိုင်မှုများနှင့်ပတ်သက်၍ ဗြိတိသှတို့၏ လုပ် ရပ်များအကြောင်း တရားလှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် လက်နက်အက် ဥပဒေ (၁၈၇၈) တစ်ခုတည်းရှိသည် မဟုတ်ချေ။ ဤဥပဒေသည် မြန်မာနိုင်ငံအောက်ပိုင်းအတွက်သာ အင်္ဂလိပ်များက အသုံးပြုခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်ဒေသများအတွက်မူ အခြားသော လက်နက်ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည်။

ဥပမာအားဖြင့် ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဥ်းဥပဒေ၊ ၁၉၂၄ ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ်လက်နက်ဆိုင်ရာပြဋ္ဌာန်းချက်များဥပဒေတို့ဖြစ်သည်။

သို့သော်လည်း ယနေ့အချိန်တွင်မူ လက်နက်အက်ဥပဒေ (၁၈၇၈) ကို တစ်နိုင်ငံလုံးတွင် အသုံးချလျက်ရှိပြီး ပန်းပဲဆရာ ဦးနိုင်ဝင်းတို့ကဲ့သို့ ကျောမွဲများကို ဖိနှိပ်သည် ယန္တရားတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

“တောသွားရင်တော့ တောင်သူရဲ့ထုံးစံ ဓားတော့ဆောင်သွားတာလေ။ တောင်ယာလုပ်ငန်းဆိုတာ ဓားနဲ့ပတ်သက်နေရတာကိုး။ ကိုင်းခုတ်၊ ခြုံရှင်းတို့ဘာတို့ကြတော့ ပါသွားတော့ ဒီဥပဒေနဲ့ ငြိနေတာ။ နစ်နာတာပေါ့။ တောင်သူတွေ ဒေသခံတွေ နစ်နာတာပေါ့။ ပြင်ဆင်မယ့်ပုံစံတော့ရှိနေပါပြီ” ဟု သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကဆိုသည်။

ဝိရောဓိဖြစ်ဖွယ်ရာ လက်နက်ကိုင်ဆောင်ခွင့်

မြန်မာနိုင်ငံတွင် နယ်ချဲ့ကိုလိုနီလက်ထက်မှစ၍ အနည်းစုသောလူများ၌သာ လက်နက်ကိုင်ဆောင်ခွင့်ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်တွင်လည်း ယခုပန်းဆိုးတန်းလမ်းအောက်ဘလောက်တွင် YE Modan Bros Gun House ရှိခဲ့သည်။ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ရောင်းချပြီး လိုင်စင်ရှိသူမည်သူမဆို ဝယ်ယူနိုင်ခဲ့သည်။

ဆိုရလှင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ၁ဝ စုနှစ်အတွင်း တက်လာသောအစိုးရများက လက်နက်ကိုင်ဆောင်ခွင့်ပေးရာ၌ မည်သည့်အတွက်ကြောင့် လက်နက်ကိုင်ဆောင်လိုသည်ကို ရှင်းလင်းပြတ်သားစွာ တင်ပြနိုင်မှုအပေါ်မူတည်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တရားလှတ်တော်ရှေ့နေများက ဆိုကြသည်။

၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်းလက်ထက်တွင်မူ တရားဝင်လိုင်စင်ဖြင့်ကိုင်တွယ်ခဲ့သော လက်နက်များကို သိမ်းဆည်းခဲ့သည်။ ထို့နောက်တွင် အများစုသော လက်နက်များကို မူလပိုင်ရှင်များထံ မပေးအပ်ခဲ့ပေ။

ယနေ့အချိန် လက်နက်ကိုင်ဆောင်ခွင့်သည် ပြည်သူအားလုံးကို လှမ်းခြုံခြင်းမရှိဘဲ အခွင့်ထူးခံလူတန်းစားတစ်ရပ်အတွက်သာဖြစ်နေသေးသည်ဟု ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြကြသည်။ လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ရသည့် ပုဂ္ဂိုလ်များအနက် စစ်ဘက်နှင့်နှီးနှယ်သောပုဂ္ဂိုလ်များသည်ကား အများစုဖြစ်သည်။

ဥပမာအားဖြင့် သူရဦးရှေမန်းတွင် ပစ္စတိုသေနတ်ရှိကြောင်း ၎င်းရေးသားထုတ်ဝေသော ‘သူ၊ ကွန်တော်နှင့် မြန်မာ့နိုင်ငံရေး’ စာအုပ် စာမျက်နှာ ၄၂ တွင် ‘အိပ်ရာဝင်သည့်အခါ ဇနီးကခုတင်ပေါ်ရောက်နှင့်သည်။ ကွန်တော်က သေနတ်ကို ယူသည်။ ယခင်အတိုင်းခေါင်းအုံးအောက်တွင်ချသည်ကို ဇနီးကသိသောအခါ…’ ဟု ဖော်ပြထားသည်။

အဆိုပါသေနတ်မှာ လိုင်စင်ဖြင့်ကိုင်ဆောင်ခြင်းဖြစ်ကြောင်း နေပြည်တော်တွင် ၂၀၁၈ ဇွန်လ ၁၄ ရက်က ပြုလုပ်သည့် အထူးကော်မရှင်စာအုပ်မိတ်ဆက်ပွဲတွင် သူရဦးရှေမန်းက ပြောကြားခဲ့သည်။

NLD အစိုးရလက်ထက်တွင်မူ ရှမ်းပြည်အတွင်း တရားဝင်လက်နက်ကိုင်ဆောင်ခွင့် ထပ်မံခွင့်မပြုထားဟု ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက် ပြုလုပ်ထားသော ရှမ်းပြည်နယ်လှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ်တွင် ယခင်အစိုးရ ခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ရှိသူ လေးဦးရှိပြီး ၎င်းတို့မှာ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးအောင်သန်းထွဋ်၊ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၊ ဒေါက်တာစိုင်းခမ်းလှိုင်နှင့် ဦးရဲရင့်တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သေနတ်ကိုင်ဆောင်ခွင့်က ပြည်ထဲရေးကို တင်ရတယ်ဗျ။ အဲဒီမှာ The whole Burma လိုင်စင်ရထားတယ် ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ သေနတ်ကိုင်ခွင့်ရတယ်ပေါ့။ တပ်မတော်သားမို့ ကိုင်ခွင့်ရတာ မဟုတ်ပါဘူး။ တရားဝင်ခွင့်ပြုချက်နဲ့ ကိုင်တာပါ” ဟု အရပ်သားများ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ရဲချုပ်ဟောင်း ဦးခင်ရီက The Voice Journal သို့ ပြောကြားသည်။

ထို့အပြင် ၎င်းတာဝန်ယူစဥ်ကာလအထိ လိုင်စင်ဖြင့်လက်နက်ကိုင်ဆောင်ခွင့်ရသူမှာ ဦးရေတစ်ထောင်မပြည့်ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ၌ပင် လက်နက်များကို မကြာခဏ ဖမ်းဆီးရမိလျက်ရှိသည်။ တရားလှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံခံရခြင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရဲအရာရှိ ကိုစိုးနောင်အပါအဝင် မိသားစုဝင်လေးဦး သတ်ဖြတ်ခံရမှုကဲ့သို့ အကြမ်းဖက်ဖြစ်စဥ်များကလည်း ပြည်သူတို့၏ဘဝကို ခြိမ်းခြောက်လျက်ရှိသည်။

ထို့အတူ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိမှုကဲ့သို့ အမှုများကလည်း ပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသည်။

မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်များပေါများသော၊ လက်နက်များကိုပင် မြို့ကြီးများတွင် မကြာခဏဖမ်းဆီးရမိသော၊ လုပ်ကြံသတ်ဖြတ်မှုများကို ခပ်လွယ်လွယ်ကျူးလွန်နေကြသော ယနေ့အချိန်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဟုဆိုကြသည့် ပြည်သူများကမူ လက်တစ်ထွာခန့်ရှိသော ဓားဦးခွန်ကိုင်ဆောင်လှင်ပင် ထောင်သုံးနှစ်ချမှတ်နိုင်သည့် လက်နက်ဥပဒေ ပုဒ်မ ၁၉(င) ဖြင့် ထောင်ဒဏ်သုံးနှစ်အပြစ်ပေးခံရသည်မှာ မှတပါ၏လောဟု မေးခွန်း ထုတ်ဖွယ်ရာပင်ဖြစ်သည်။

တိုင်းရင်းသားဒေသတစ်ခုတွင် အမဲလိုက်မုဆိုးတစ်ဦးကို တူမီးသေနတ်ဖြင့် တွေ့ရစဥ်။

ဤသို့သော အခြေအနေကြောင့်ပင် ပြည်သူများ လက်နက်ကို တရားဝင်လိုင်စင်ဖြင့် ဥပဒေအရ ကိုင်ဆောင်ရေးကို ထောက်ခံကြောင်း လူ့အခွင့်အရေးဆိုင်ရာ တရားလှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုကဲ့သို့ဆိုသည်။

“ပြည်သူတွေကို ဥပဒေနဲ့အညီ လိုင်စင်နဲ့လက်နက်ပေးကိုင်လိုက်ပါ။ ဒီလောက်မလုံခြုံတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်လှင် လက်နက်ဥပဒေ ၁၈၇၈ ကို အသစ်ပြန်လည်ရေးဆွဲရာတွင် ထည့်သွင်းစဥ်းစားသင့်ကြောင်း တရားလှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကဆိုသည်။

သို့သော်လည်း လက်နက်တရားဝင်ကိုင်ဆောင်ရေးကိစ္စသည် မြန်မာတွင်မက နိုင်ငံတကာတွင်လည်း အငြင်းပွားရသောကိစ္စဖြစ်သည်ကို သတိချပ်သင့်ပေသည်။

ပစ္စက္ခအခြေအနေ

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံရှိ လက်နက်ဥပဒေများကို စုစည်း၍ အားလုံးကို ခြုံငုံမိစေသော လက်နက်ဥပဒေသစ်တစ်ခု ရေးဆွဲလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပသော ပြည်သူ့လှတ်တော်တွင် ပြောကြားသည်။

တစ်နိုင်ငံလုံးကို တပြေးညီအာဏာသက်ရောက်စေမည့် လက်နက်ဥပဒေသစ်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ညှန်းဆိုသည်။

သို့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်နက်ဥပဒေအသစ် ရေးဆွဲနေသည်ဆိုသော်ငြားလည်း မည်သည့်အချက်အလက်ကိုမှ ထုတ်ပြန်နိုင်ခြင်းမရှိချေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ The Voice Journal က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဉာဏ်လင်းထွေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်သီဟထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ထိုသို့ လက်နက်အက်ဥပဒေကို အသစ်ရေးဆွဲရာတွင်လည်း သာမန်လက်လုပ်လက်စားများအတွက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပြီး အကြမ်းဖက်ကိစ္စများတွင် လက်နက်များမသုံးစွဲနိုင်ရေး စဥ်းစားရမည်ဖြစ်သည်ဟု သပိတ်ကျင်းမဲဆန္ဒနယ်မှ ပြည်သူ့လှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင် က ဆိုသည်။

“တင်းကျပ်လိုက်ပြန်တော့လည်း။ သာမန်လက်လုပ်လက်စားတွေ ထိခိုက်တာက တစ်ပိုင်းပေါ့။ ဖြေလှော့လိုက်ပြန်တော့လည်း တကယ့်ကို အကြမ်းဖက်တဲ့အဖွဲ့အစည်းတို့ လက်နက်နဲ့ပတ်သက်ပြီး ဒုက္ခပြုနိုင်တဲ့ လူမျိုးတွေအတွက်တော့ လည်း နည်းနည်းလေး ဥပဒေကလစ်ဟာသွားတာမျိုးလည်း ရှိနိုင်တာပေါ့။ ပြင်တဲ့အချိန်ကျမှပဲ ဥပဒေကြမ်းကြည့်ပြီးမှ သုံးသပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

လက်နက်ဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲနေသည်ဟုဆိုသည်။ သို့သော်လည်း မည်သည့်အချိန်တွင် လှတ်တော်တင်မည်ကား ယတိပြတ်မပြောနိုင်သေး။ ဒုတိယအကြိမ်လှတ်တော်သက်တမ်းများသည်ကား တစ်နှစ်ဝန်းကျင်သာ ကျန်ရှိတော့သည်ဖြစ်သည်။

ပြည်သူကိုဖိနှိပ်လျက်ရှိသော ဥပဒေများသည်ကား မြန်မြန်ပြောင်းလဲနိုင်လေ ကောင်းလေပင်ဖြစ်သည်။ ထို့သို့မဟုတ်ပါက ပန်းပဲဆရာဦးနိုင်ဝင်းကဲ့သို့ ဥပဒေဖြင့်နှိပ်စက်မှုဒဏ်ကို ခံရသူများ တိုးပွားလာပေမည်ဟု စဥ့်ကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က ယခုကဲ့သို့ဆိုသည်။

“ကွန်တော်ကြားတာကတော့ ဒီဥပဒေက ရှေ့နေချုပ်အထိတောင် ရောက်နေပြီ။ ဥပဒေကြမ်းအနေနဲ့တော့ အလျင်အမြန်တင်ဖို့တော့ လိုနေပြီ။ ရောက်လာဖို့လည်း အချိန်တန်နေပြီဗျ။ ဒီကြားထဲမှာ ဆက်ဖြစ်နေရင် ဒီလူတွေ (ပန်းပဲဆရာ ဦးနိုင်ဝင်းလို)က ထပ်နစ်နာနေဦးမှာပဲ” 

ရဲနိုင်ဦး

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း