"လက်နက်ကိုင်ဆောင်ခွင့်သည် တရားမျှတမှု"

 "လက်နက်ကိုင်ဆောင်ခွင့်သည် တရားမျှတမှု"
ရဲကျော်သူရ (တပ်မတော်သားဟောင်းတဦး ) ( 19 April 2019)

ကျွန်တော်ဟာ လက်နက်ကိုင်ဆောင်ခွင့်ကို အမြဲထောက်ခံသူဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ။ လူဖြစ်လာတာနဲ့ နိုင်ငံသားတစ်ယောက် ဖြစ် လာတာနဲ့ လူတိုင်း မိမိကိုယ်မိမိ ကာကွယ်ပိုင် ခွင့်ရှိရမယ်။ အဲဒီလိုမိမိကိုယ်မိမိကာကွယ်ပိုင် ခွင့်ရှိဖို့ဆိုတာ လက်နက်ကိုင်ဆောင်ခွင့်ပါရှိဖို့ လိုအပ်တယ်။

လက်နက်တစ်ခုခုနဲ့ ရန်ပြုဖို့လာတဲ့သူကိုဖြစ် စေ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ဖို့လာတဲ့သူ ကိုဖြစ်စေ ပြန်လည်ခုခံဖို့ဆိုတာ မိမိမှာလက် နက်ရှိဖို့လိုပါတယ်။ သေနတ်နဲ့လာတဲ့သူကိုဖြစ်စေ ဓားနဲ့လာတဲ့ သူကိုဖြစ်စေ ကျွန်တော်တို့က လက်နက်နဲ့ မခုခံလို့ နှီးနဲ့ထိုးရမှာလား။





အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၂ နဲ့ လက်နက် ကိုင်ဆောင်ခွင့်ပြုထားပါတယ်။ ကမ္ဘာပေါ်မှာ အခြေခံဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့် ပြုထားတဲ့နိုင်ငံကတော့ ၃ နိုင်ငံပဲရှိတယ်လို့ ဆိုတယ်။ အဲဒီနိုင်ငံတွေကတော့ အမေရိကန် ပြည်ထောင်စု၊ ဂွာတီမာလာနဲ့ မက္ကစီကိုတို့ပဲ

ဖြစ်တယ်။

အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထား တာမရှိပေမဲ့လည်း လက်နက်ကိုင်ဆောင်ခွင့် ပြုတဲ့နိုင်ငံတွေအများအပြားရှိတယ်လို့ဆိုပါတယ်။ ဥပမာ ဆားဗီးယား၊ ယီမင်၊ ဆွစ်ဇာလန်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံ မှာလည်း အခြေခံဥပဒေထဲမှာပြဌာန်းထားခြင်းမရှိပေမဲ့ လက်နက်ကိုင်ဆောင်ခွင့်ရှိပါတယ်။

အမေရိကန်တွေကတော့ နိုင်ငံသားထက်ဝက်နီးပါး လက်နက်ကိုင်ဆောင်ကြတယ် လို့ဆိုတယ်။ 

ကျွန်တော်တို့တိုင်းပြည်မှာ ဘာ့ကြောင့် လက်နက်မကိုင်ရတာလဲ။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်

မပြုတာဟာ အာဏာရှင်စနစ်နဲ့ဆက်စပ် နေတယ်လို့ပြောနိုင်ပါတယ်။

အင်္ဂလိပ်ခေတ်မှာ နယ်ချဲ့အစိုးရက သူ့ကို ပြန်လည်တိုက်ခိုက်မှာစိုးလို့ လက်နက်ကိုင်ဆောင်ခွင့်ပိတ်ပင်ခဲ့သလို သိုင်းသင်ကြား တာကအစ တားမြစ်ခဲ့တယ်လို့ဆိုတယ်။

လွတ်လပ်ရေးရပြီးတော့ ပါလီမန်ဒီမိုကရေစီခေတ်မှာ လက်နက်ကိုင်ဆောင်ခွင့် ခွင့်ပြုခဲ့တယ်လို့သိရတယ်။ အဲဒီအချိန်က လိုင်စင် နဲ့လက်နက်ကိုင်ဆောင်သူတွေရှိပါတယ်။ အများအားဖြင့် ငွေကြေးချမ်းသာသူတွေနဲ့ အစိုးရအရာထမ်းဟောင်းတွေပေါ့။

၁၉၆၂ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့အချိန်မှာတော့ လက်နက်ကိုင်ဆောင်ခွင့်ကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။

ဒီတော့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ မိမိ ကိုယ်ကိုယ် ဘယ်လိုခုခံကာကွယ်ကြမလဲ။ မြန်မာနိုင်ငံလို ရဲအင်အားအလွန်နည်းပါးတဲ့ နိုင်ငံမဆိုထားနဲ့ အမေရိကန်လို အကောင်းစား လက်နက်တွေတပ်ဆင်ပေးထားပြီး ထိုက်သင့်တဲ့အင်အားနဲ့ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ဝင် တွေရှိတာတောင် ရဲတပ်ဖွဲ့ဝင်ဆိုတာ ပြည်သူ တစ်ယောက်ချင်းစီကို မကာကွယ်နိုင်ပါဘူး။

အမေရိကန်တွေကို လက်နက်ကိုင်ဆောင်ခွင့် ရုတ်သိမ်းဖို့ပြောရင် အမေရိကန်တွေက အဲဒီ အချက်ကိုအမြဲထောက်ပြတယ်။ အိမ်တစ်အိမ် ချင်းစီမှာ ရဲတစ်ယောက်စီချထားပေးနိုင်မလား။ ချထားမပေးနိုင်ဘူးဆိုရင် မပြောနဲ့။ ကိုင်မယ်။

သေနတ်နဲ့သွားဝိုင်းတာတောင် လက်နှေးလို့ တင်မြင့်က ဓားနှစ်ချောင်းလက်ယှက်ထိုးကိုင် ပြီးထိုးသွားတော့ ရဲနှစ်ယောက်ကျဆုံးခဲ့ရသေး တယ်မဟုတ်လား။ လက်နက်မပါလို့ကတော့ ရာဇဝတ်သားက သနားတယ်တောင်ပြောဦးမယ်။ အင်းစိန်က လက်ဖက်ရည်ဆိုင်ထဲမှာ နယ်ထိန်းရဲကို ဓားနဲ့ ဝင်ခုတ်သတ်သွားတာ ဟာ သေနတ်မပါလို့ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က ရဲအရာရှိဟောင်းနဲ့ မိသားစု အသတ်ခံရတာလည်း ပြည်သူအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့်မရှိလို့ဖြစ်တယ်။ ရဲတပ်ဖွဲ့ ကတော့အဲဒီ case ကို ဂမ္ဘီရလိုလိုဘာလိုလို ထုတ်ပြန်တယ်ပြောတာပဲ။ ထားတော့။

ပြောချင်တာ နိုင်ငံသားမှန်ရင် semi auto လောက်တော့ ကိုင်ဆောင်ခွင့်ပြုသင့်တယ်။ ဒီနေရာမှာလည်း အရာထမ်းဖြစ်မှ ငွေကြေး ဘယ်လောက်ချမ်းသာမှဆိုပြီး ကန့်သတ်ရင် လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို နိုင်ငံသားချင်း ခွဲခြားဆက်ဆံတာလည်းဖြစ်တယ်။

ဥပဒေနဲ့အညီ နိုင်ငံသားတိုင်း လက်နက်ကိုင် ဆောင်ခွင့်ရှိကို ရှိသင့်တယ်။

ရဲဆိုတာ အမေရိကန်မှာတောင် မကာကွယ် နိုင်တာ မြန်မာနိုင်ငံမှာက အလောင်းကောက် ဓာတ်ပုံရိုက်လောက်ပဲလုပ်ပြီး report တင် တာလောက်သာ လုပ်နိုင်တယ်။ ရဲကိုအပြစ် ပြောနေတာမဟုတ်ဘူး။ သူလည်း အိမ်တိုင်း လူတိုင်းကို လိုက်မကြည့်နိုင်ဘူးမဟုတ်လား။

ပိုက်ဆံချမ်းသာတဲ့သူတွေမပြောနဲ့ ဆိုင်ကယ် ငှားပြီးသတ်ပစ်တာတွေ၊ ကားငှားသွားပြီးသတ်ပစ်တာတွေ မြန်မာပြည်မှာ အများကြီး။ လူမသိ သူမသိသေသွားတဲ့သူတွေလည်းရှိသေးတယ်။

အများစုကပြောကြတယ်။ မြန်မာတွေစရိုက်နဲ့ လက်နက်ကိုင်လို့မရပါဘူးတဲ့။ အာဏာရှင်အကြိုက်စကားလုံးတွေပါပဲ။ မြန်မာလူမျိုးကသွေးဆူလွယ်တယ်။ လက်ထဲသေနတ်ရောက်တာနဲ့ ပစ်ကြ ခတ်ကြ လုပ်ကြတာနဲ့ ဘယ်လိုမှထိန်း နိုင်မှာမဟုတ်ဘူးပေါ့။

ကျွန်တော့်အထင်ပြောရရင် လွန်ရောကျွံရော လေးငါးနှစ်ပေါ့။ အဲဒီလေးငါးနှစ်မှာတော့ အနည်းအကျဉ်းသေကောင်း သေကြလိမ့်မယ်။ သို့သော် နောက်ပိုင်းမှာ တော်တန်ရုံ ကိစ္စနဲ့ ပစ်ရဲမှာ မဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲ။ ဆိုပါစို့ ကျွန်တော်က ဦးဖြူကိုပစ်သတ်လိုက်မယ်ဆိုပါစို့။ ကျွန်တော်ထောင်ကလွတ်တာ နဲ့ ဦးဖြူ သား/ သမီးက ကျွန်တော့်ကို ဘူးဝ ကလာစောင့်ပြီး ပစ်သတ်လို့ရတယ်လေ။

ဆိုလိုတာ လူတိုင်းလက်နက်ကိုင်ဆောင်ခွင့် ရှိရင် လူတိုင်းနီးပါး သေနတ်ရှိနိုင်တယ်။ ဒီတော့ ကိုယ်တစ်ယောက်တည်းသေနတ်ရှိ တယ်မထင်နဲ့။ တခြားသူကလည်း ကိုယ့်ကို အချိန်မရွေးပစ်သတ်သွားနိုင်တယ်။ သေနတ် ရှိတယ်ဆိုပြီး ထင်ရာစိုင်းလို့မရတော့ဘူး။

နျူလက်နက်ပိုင်တဲ့နိုင်ငံတွေ အင်အားချိန်ခွင် လျှာညှိသလိုပေါ့။ လူတိုင်းလက်နက်ကိုင်ခွင့် ရှိမယ်ဆိုရင် ကနဦးမှာသာ ပစ်ခတ်မှုတွေဖြစ် နိုင်ပြီး ရေရှည်မှာ အလိုလိုထိန်းသိမ်းထားပြီး သားဖြစ်သွားမှာပါ။

ဒါဖြင့်ရင် လက်နက်ကိုင်ဆောင်ခွင့်ကို ဘာလို့ပိတ်ခဲ့သလဲ။ အထက်ကလို မြန်မာတွေဟာ သွေးဆူလွယ်တယ် ဘာညာဆိုတဲ့ မရေရာတဲ့အကြောင်းပြချက်တွေနဲ့ အာဏာရှင်တွေက သူတို့လုံခြုံရေးအတွက် စိတ်ချရ

အောင်၊ အန္တရာယ်မရှိအောင် တစ်ဖက်လှည့် ကာကွယ်ထားတာသာဖြစ်တယ်။

ဆိုလိုတာ ခင်ဗျားမှာလက်နက်တစ်လက်ရှိ နေမယ်ဆိုရင်လက်နက်ကိုင်ထားတဲ့ဝန်ထမ်း တွေကလည်းခင်ဗျားကို မတော်မတရားအနိုင် ကျင့်လို့မရတော့ဘူး။ လက်နက်မရှိရင်တော့ နားကားသွားမှာပေါ့။

ကလင်တန်လက်ထက်က ရထားပေါ်မှာဖြစ် ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်နက်ကိုင်တာမကြိုက်တဲ့အမေရိကန်တွေက ဆန္ဒပြတယ်။ အဲဒီဆန္ဒပြ ပြည်သူတွေကို အမေရိကန်ရိုင်ဖယ်အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူ က စကားတစ်ခွန်းပဲပြောပါတယ်။ "အလွန်ကို ကံဆိုးစွာနဲ့ အဲဒီရထားတွဲပေါ်မှာ လိုင်စင် နဲ့သေနတ်ကိုင်ထားသူ တစ်ယောက်တလေမှ ပါမလာလို့ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံလိုက်ရတာပါ။ တကယ်လို့ လိုင်စင်နဲ့ သေနတ်ကိုင်ထားသူ တစ်ယောက်ယောက်သာ ပါလာခဲ့ရင် အခုလောက် လူတွေအများကြီးမသေပါဘူး" တဲ့။

သူပြောတာ အမှန်ပဲလေ။ မဟုတ်တာလုပ်မယ့်သူကတော့ လိုင်စင်လည်းမလိုဘူး ဘာမှမလိုဘူး သူ့ပစ်မှတ်ကိုတိုက်ခိုက်ဖို့ လက်နက်တစ်ခုခုကို သိုဝှက်ယူဆောင်လာမှာပဲ ဖြစ်တယ်။ ဘာ ဥပဒေနဲ့တားမြစ်ထားတယ် ပဲပြောပြော ခိုးဝှက်ဆောင်ထားတဲ့သူမျိုးကတော့ ဆောင်ထားမှာပဲမဟုတ်လား။

အဲဒီလို ရာဇဝတ်ကောင်တွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ပြည်သူ တွေ လက်နက်ကိုင်ဆောင်ခွင့်ရှိဖို့လိုပါတယ်။

ကျွန်တော့်ပို့စ်လေးမှာ ဆရာမဂျူးရဲ့ဆောင်း ပါးတစ်ပုဒ် (အမည်မမှတ်မိတော့) ထဲကစာသားလေးတစ်ခုကို ကိုးကားဖော်ပြချင်တယ်။

"လက်နက်ကို တရားဝင်ကိုင်ဆောင်ခွင့်ရရှိထားတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ တည်ကြည်ဖြောင့်မတ်မှုကိုရော ကျွန်မတို့အသက်တွေ ကိုထပ်ပြီး ဘယ်လောက်အထိ ယုံကြည်ရမှာ တဲ့လဲ" တဲ့။ ၏ သည် မရွေ့မဟုတ်ပေမဲ့လည်း ဒီအဓိပာယ်ပါပဲ။

၁၉၈၈ ခုနှစ်အရေးအခင်းကာလမှာတောင် ရန်ကုန်မြို့ကြီးမှာ  ရဲက အပြစ်မဲ့ပြည်သူလင်မယားကို အိမ်ကိစ္စနဲ့ သတ်ပစ်ခဲ့ကြသေးတယ်မဟုတ် လား။ အဲဒီကိစ္စကတော့ ပြစ်မှုကျူးလွန်သူတွေ အားလုံး အရေးယူခံရတယ်လို့ ကြားရပါတယ်။

ကျွန်တော်ဆိုလိုတာက အရေးယူတာမယူတာ ကိုပြောချင်တာ မဟုတ်။ ကျွန်တော်တို့ပြည်သူတွေ အသက်အဆုံးရှုံးခံပြီး အရေးယူတာ မယူတာထက် အဲဒီလို အဖြစ်မရောက်ခင်မှာ ကိုယ့် ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိရမယ်လို့ဆို လိုတာဖြစ်တယ်။

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း