လူမိိျုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြိုကွဲမှုအန္တရာယ်

လူမိိျုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြိုကွဲမှုအန္တရာယ်

ဒီဗွီဘီ 16 September 2016 


ဖက်ဒရယ် ဆိုသော ဝေါဟာရကို မြန်မာ့နိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည် မှာ ၁၉၆၀-၆၁ ပတ်ဝန်းကျင်လောက်က ဖြစ်မည်ထင်ပါသည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်တွင် ပထမအကြိမ် ဖက်ဒရယ်မူ ဆွေးနွေးပွဲကြီးကို စတင်ခဲ့ပြီး မတ်လ (၁) ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို အဆိုပါအသံ လွှင့်ရုံမှာပင် ဆက်လက်ဆွေးနွေးခဲ့သည်။ ရည်ရွယ်ချက်မှာ ထိုစဉ်က တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြန်လည် အသစ်ရေးဆွဲရေး ဖြစ်ပါသည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက် သည့်အတွက် ဖက်ဒရယ်မူဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ပါတော့သည်။ ထို့နောက်ပိုင်းတွင်ကား ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ပြောဆိုဆွေးနွေးခွင့်များ ပိတ်ပင်တားမြစ် သည့် ခေတ်ကြီးကို ဖြတ်သန်းခဲ့ကြရသဖြင့် ဖက်ဒရယ်အကြောင်း ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေး သိမြင်ခွင့် မရခဲ့ကြတော့ချေ။

ယခုတဖန် ၂၁ ရာစု ပင်လုံညီလာခံတွင် ဖက်ဒရယ် အခြေခံဥပဒေအကြောင်းကို ကျယ်ကျယ် လောင်လောင် ပြောဆိုဆွေးနွေးခွင့် ရလာကြပြန်ပါသည်။ ဤသည်မှာ ကောင်းသောကိစ္စဖြစ်ပြီး၊ ဖက်ဒရယ်ဆွေးနွေးပွဲနှစ်ခု၏ အဓိကခြားနားချက်မှာ ၁၉၆၁ ခုနှစ် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ်စဉ်က တပ်မတော်သားကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းမရှိသဖြင့် မတက်ရောက်နိုင်ခဲ့ကြ ခြင်းနှင့် ယခု ၂၁ ရာစု ပင်လုံညီလာခံတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခွင့်ရသည့်အပြင် တည်ဆဲအခြေခံဥပဒေကို ပြင်ဆင် သို့မဟုတ် အသစ် ရေးဆွဲရေးမှာ တပ်မတော်၏ သဘောတူညီချက် မရလျှင်မဖြစ်သည့် အနေအထားအောက်တွင် ကျင်းပရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ယခု ကျင်းပနေသော ဆွေးနွေးပွဲကြောင့်တော့ တပ်မတော်က နိုင်ငံတော် အာဏာပြန်သိမ်းမည်ကို စိုးရိမ်ရန် အနေအထား မရှိပါချေ။

ဖက်ဒရယ် ပုံစံအမျိုးမျိုး

ဖက်ဒရယ်စနစ်ကို ၁၇၈၉ ခုနှစ်က အတည်ပြုခဲ့သော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစောဆုုံး တွေ့ရမည်ဖြစ်၍ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၂၀ ကျော် ရှိခဲ့လေပြီ။

ယခုအခါ ကမ္ဘာ့နိုင်ငံအတော်များများတွင် တနိုင်ငံချင်းစီ၏ မတူကွဲပြားသော သမိုင်းရေး အချက်အလက်များနှင့် ဖြတ်သန်းမှုများအလျောက် သင့်တော်ရာပုံစံများဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသည့် ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ သြတြေးလျ၊ အိန္ဒိယတို့အပြင် အသေးငယ်ဆုံးသောနိုင်ငံများ ဖြစ်ကြသည့် ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်နှင့် ကာရစ်ဗီယန်ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့် နိုင်ငံများအပါအဝင် ၂၇ နိုင်ငံ ( ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ) ရှိပြီဟု ဆိုပါသည်။ ကျင့်သုံးသည့် ပုံစံများမှာလည်း တနိုင်ငံနှင့် တနိုင်ငံ အပ်ကျမပ်ကျ တူညီကြသည် မဟုတ်ချေ။

ဖက်ဒရယ်ဆိုသော စကားမှာ လက်တင်စကား Fidere ‘ယုံကြည်ရန်’ က ဆင်းသက်လာခြင်း ဖြစ်ပြီး ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရခြင်းအကြောင်းရင်းများမှာ (၁) အုပ်ချုပ်မှု လွယ်ကူစေရန် (၂) ပြည်ပ ခြိမ်းခြောက်မှုရန်ကို ကာကွယ်ရန် (၃) ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန် (၄) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် (၅) တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိ အမှတ်ပြု ထိန်းသိမ်းရန် (၆) လူများစုနည်းတူ လူနည်းစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားစေ နိုင်ရန် စသည့်အကြောင်းများကြောင့် ဖြစ်လေ့ရှိကြသည်။

ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရတရပ်နှင့် အောက်အဆင့် ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်ထောင်စုနယ်မြေအစိုးရများ ပါဝင်ပြီး အာဏာကို ခွဲဝေကျင့်သုံးသည်။ သို့ဖြစ်ရာ နိုင်ငံသားတို့ လိုက်နာရန် ဥပဒေများကို ဗဟိုအဆင့်ကသော် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ကသော် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့် အတိုင်း ပြဋ္ဌာန်းအုပ်ချုပ်လေ့ရှိသည်။

ဖက်ဒရယ်ပြည်ထောင်စုတခု မည်သို့ဖြစ်တည်လာသလဲ ရှုထောင့်မှ အမြင်

နိုင်ငံတနိုင်ငံတွင် ဖက်ဒရယ်စနစ် စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများ မည်သို့ ခွဲဝေထားပုံကို ကြည့်၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ ၎င်းတို့မှာ (၁) Coming together federalism ‘အတူတကွ ယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်စနစ်’ နှင့် (၂) Holding together federalism ‘အတူပေါင်းစည်းရေးဖက်ဒရယ်စနစ်’ ဟူ၍ ဖြစ်သည်။

(၁) အတူယှဉ်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာ တည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူ ကိုယ်တူဖြင့် တနိုင်ငံတည်းအဖြစ် ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရတရပ်ကိုဖန်တီးခါ အာဏာမည်မျှ အပ်နှင်းမည်နည်း ဆိုသည့် သမိုင်းဆိုင်ရာ အခြေခံမှ ပေါ်ပေါက်လာသည့်ပုံစံ ဖြစ်ပါသည်။ အထင်ရှားဆုံး သာဓကမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်၊ သြစတြေးလျတို့လည်း ပါဝင်သည်။

မြောက်အမေရိကတိုက်ရှိ ဗြိတိန်နိုင်ငံ၏ ကိုလိုနီ ၁၃ ခုနှင့် ဗြိတိန်အစိုးရတို့အကြား ၁၇၆၅ ခုနှစ်မှစ၍ တံဆိပ်ခေါင်းဥပဒေ (Stamp Act) နှင့်ပတ်သက်၍ အချင်းများကြရာမှ ၁၇၇၅ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားပြီး ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ ဂရိတ်ဗြိတိန် လက်အောက်တွင် ကိုလိုနီအဖြစ် နေထိုင်လာခဲ့ကြသော အတွေ့အကြုံအရ အဆိုပါ ၁၃ နယ်သည် အားကောင်းသော ဗဟိုအစိုးရကို မလိုလားကြချေ။ သို့ဖြစ်၍ လွတ်လပ်ရေး ကြေညာပြီးနောက် ၁၇၈၁ ခုနှစ်တွင် လျော့ရဲရဲရှိသော ပြည်ထောင်စုတခုကို (Articles of Confederation) ဟု ခေါ်ဆိုသော အခြေခံဥပဒေဖြင့် ဖွဲ့စည်းကြသည်။ ဤအခြေခံဥပဒေဖြင့် ပြည်နယ်များအကြား ဗဟိုအစိုးရထက် ပိုမိုသောအာဏာများကို အညိီအမျှ ခွဲဝေယူခဲ့ကြသည်။ အကန့်အသတ်ရှိသော အာဏာကိုသာ ပေးအပ်ထားသဖြင့် အားနည်းချည့်နဲ့သော ဗဟိုအစိုးရတရပ်နှင့် လျော့တိလျော့ရဲနိုင်လှသော ကွန်ဖက်ဒရေးရှင်းတခုကိုသာ ပေါ်ထွန်းစေသည်။ ပြည်နယ်များချင်းချင်းအကြား ရှုပ်ထွေး၍ ခက်ခဲသော ပြဿနာများ ဖြေရှင်းရန်နှင့် ပြည်ပအန္တရာယ်ကို တွန်းလှန်ရန် အားကောင်းသော ဗဟိုအစိုးရတရပ် လိုအပ်ကြောင်း သဘောပေါက်လာသည့် ၁၇၈၉ ခုနှစ်ကျမှသာ ပိုမိုအားကောင်းသော ဗဟိုအစိုးရကို ဖွဲ့စည်းနိုင်မည့် အခြေခံဥပဒေ (Constitution of 1789) တရပ်ကို အတည်ပြုနိုင်ခဲ့ကြသည်။

(၂) အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ (Holding together) ဆိုသည်မှာ မူလဗဟိုက တစုတစည်းတည်း ချုပ်ကိုင်ထားသော တပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာ များကို ဗဟိုနှင့် အောက်အဆင့်များ ခွဲဝေကျင့်သုံးသည့်ပုံစံ ဖြစ်ပါသည်။

ဤသို့သောနိုင်ငံမျိုးမှာ နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရသည့်အချိန်တွင် ဖြစ်စေ၊ ပြည်တွင်းစစ်ကြောင့် ပြိုကွဲသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်စေ၊ မူလက တပြည်ထောင်စနစ်ကို ကျင့်သုံးခဲ့ရာမှ ဤဖက်ဒရယ်စနစ်ကို ပြောင်းလဲကျင့်သုံးခြင်း ဖြစ်သည်။ အထင်ရှားဆုံးသာဓကမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး၊ စပိန်နှင့် ဘယ်လ်ဂျီယမ်တို့တွင်လည်း ကျင့်သုံးသည်။ ဤစနစ်တွင် မူလကတည်းက ဗဟိုအစိုးရက ပိုမိုကြီးမားသော အာဏာကို ရယူထားလေ့ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာ လိုအပ်ချက်များအရ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်း လျှော့ချပေးသည့်စနစ်ကို ကျင့်သုံးသည်။ ခွဲဝေပေးထားခြင်း ခံရသော ယူနစ်များရရှိသည့် အာဏာမှာလည်း တခုနှင့်တခု အချိုးညီ ဖြစ်ချင်မှဖြစ်လေ့ရှိသည်။

ဖက်ဒရယ် ပြည်ထောင်စုတွင်ပေါင်းစပ်ပါဝင်သော ယူနစ်အမျိုးအစားရှုထောင့်မှ အမြင်

ဆိုခဲ့ပါအတိုင်း ဖက်ဒရယ်စနစ် ၂ မျိုးရှိသည်ဟု ပြောခြင်းမှာ မည်သို့ဖွဲ့တည်လာသနည်း ဆိုသည့် ရှုထောင့်မှ ကြည့်၍ပြောခြင်းသာဖြစ်ပြီး မည်သို ့ပေါင်းစပ်ဖွဲ့စည်းကြသနည်း ဆိုသည့် ရှုထောင့်မှကြည့်လျှင် တမျိူးတွေ့ရမည် ဖြစ်ပါသည်။

(က) နယ်မြေဒေသကို အခြေခံ၍ဖွဲ့စည်းသော Territorial federalism (အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီးလ် စသဖြင့်)

ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြသည့် နယ်မြေဒေသများကိုသာ အခြေခံသည်။ ထင်ရှားသည့် ဥပမာမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ လူဝီဇီးယားနားပြည်နယ်၊ တက္ကဆက် ပြည်နယ်၊ ဟာဝိုင်အီပြည်နယ် စသဖြင့် အရွယ်အစားအကြီးအသေး မျိုးစုံရှိသော ပြည်နယ် ၅၀ ပါဝင်ပြီး၊ ပြည်နယ်တခုချင်းစီ၏ အမည်သည် မည်သည့်လူမျိုးတမျိုးကိုမျှ ကိုယ်စားပြု မှည့်ခေါ် ထားခြင်း မဟုတ်ပေ။

အမေရိကန်ပြည်ထောင်စုမှာ ဒိီမိုကရေစီစနစ် ကျင့်သုံးပြီး (territorial federalism) နယ်မြေဒေသကို အခြေခံဖွဲ့စည်းသော အစောဆုံး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတနိုင်ငံ ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ဆုုံးသော ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံလည်း ဖြစ်ပါသည်။ သက်တမ်း ၂၂၀ ကျော်ကာလအတွင်း ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေးကိစ္စနှင့်ပတ်သက်ပြီး တောင်ပိုင်းနှင့် မြောက်ပိုင်း သဘောထားကွဲကာ ပြည်တွင်းစစ်ဖြစ်ခဲ့သည်မှလွဲ၍ လူမျိုးရေးအရ ပြိုကွဲမည့်အန္တရာယ် နှင့် မကြုံခဲ့ရဖူးချေ။

(ခ) လူမျိုးအခြေခံ ပြည်နယ်များဖြင့် ဖွဲ့စည်းသော ဖက်ဒရယ်ပြည်ထောင်စု Ethnofederalism (ယခုအခါ.. ပြိုကွဲသွားပြီဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကိုဆလိုဗက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသဖြင့်)

ဤဖက်ဒရယ်စနစ်ကို ဆိုဗီယက်ပြည်ထောင်စုတွင် ၁၉၂၂ ခုနှစ်နှင့် ချက်နှင့်ယူဂိုဆလပ်တို့တွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း စတင်ကျင့်သုံးခဲ့သည်။ ဤပြည်ထောင်စုနိုင်ငံများ တွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးကို အခြေခံသည်။

ဥပမာ ဆိုရှယ်လစ် ဖက်ဒရယ်ရီပတ်ဘလစ် ယူဂိုဆလပ်ဗီးယားတွင် ပါဝင်ခဲ့သော ပြည်နယ်များမှာ .. ဘော့စနီးယား- ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီးဂရိုး၊ ဆာဗီးယား၊ ဆလိုဗင်းနီးယား စသဖြင့် လူမျိုးကို အခြေခံ၍ ဖွဲ့စည်းထားသည်။

ယူဂိုဆလပ်ဗီးယားတွင် ခေါင်းဆောင် ဂျိူးဇက် တီတိုးကွယ်လွန်သော ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ထောင်စုအဖွဲ့ဝင် ရီပတ်ဘလစ်များမှ ခေါင်းဆောင်များက တနှစ် တကြိမ် အလှည့်ကျ သမ္မတတာဝန်ယူသော စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း ပြိုကွဲခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ၁၉၉၁ မှစ၍ ပြည်တွင်းစစ် ဖြစ်ပွားပြီး စတင်ပြိုကွဲခဲ့ရာ ၁၉၉၂ ခုနှစ်၊ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တို့ အတွင်း စစ်ပွဲလေးကြိမ် ဖြစ်ပွားပြီး နိုင်ငံ ၆ ခုအဖြစ် ပြိုကွဲသွားလေသည်။

ထို့နည်းတူ သမ္မတနိုင်ငံ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ဆိုဗီယက်ယူနီယံသည် ၁၉၉၁ ခုနှစ်တွင် လည်းကောင်း၊ ချက်နှင့် ဆလိုဗက် ယူနစ်နှစ်ခုဖြင့် ဖွဲ့စည်းထားသော ချက်ကိုဆလိုဗက်ကီးယား သည် ၁၉၉၃ ခုနှစ်တွင် လည်းကောင်း ပြိုကွဲသွားခဲ့သည်။ အဆိုပါ နိုင်ငံ ၃ ခုလုံးမှာ တပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ်နိုင်ငံများ ဖြစ်ကြခဲ့ကြပြီး ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးသည့် ကာလတွင် ပြိုကွဲသွားကြခြင်း ဖြစ်လေရာ ကျနော်တို့ မြန်မာနိုင်ငံအနေဖြင့် သတိကြီးစွာ ထားသင့်လှပေသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဥရောပတိုက်ရှိ အသေးငယ်ဆုံး နိုင်ငံငယ်တခုဖြစ်ပြီး ဒတ်ချ်စကားပြောသော (Flemings) ဖလန်းမင်းများနှင့် ပြင်သစ်စကားပြော သော ဝလွန်း (walloons) ဘယ်လ်ဂျီယမ်များ နေထိုင်ကြသည်။ ဘယ်လ်ဂျီယမ်ကို Flanders ဖလန်းဒါး၊ wallonia ဝလွန်းနီးယားနှင့် (ပြင်သစ်ဘာသာစကား ပြောသူများရော ဒတ်ချ်ဘာသာ စကား ပြောသူများပါ နေထိုင်သည့်) Brussels ဘရပ်ဆဲ ဒေသသုံးခုအဖြစ် ပိုင်းခြားထားပြီး ဒေသသုံးခုလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ သို့သော်လည်း ဖလန်းမင်းများနှင့် ဝလွန်းတို့အကြား ပွတ်တိုက်မှုများမှာ ယနေ့ထက်တိုင်အောင် ရှိနေကာ မတည့်အတူနေဘဝက ရုန်းမထွက်နိုင်ကြ သေးချေ။

(ဂ) မိိျုးစပ် ဖွဲ့စည်းထားသော Hybrid federalism (သို့မဟုတ်) Territorial-ethnic federalism ( ကနေဒါ၊ အိန္ဒိယ၊ စပိန်၊ ဆွစ်ဇာလန် )

ဤပြည်ထောင်စုအမျိုးအစားတွင် ပါဝင်ဖွဲ့စည်းထားသော ယူနစ်များမှာ လူမျိုးကို အခြေခံသည်ရှိသလို၊ နယ်မြေဒေသကိုသာ အခြေခံသည့် ပြည်နယ်များလည်း ရှိသည်။ ဥပမာ အိန္ဒိယနိုင်ငံတွင် တမီးနာဒူး၊ ပန်ဂျပ်၊ မဏိပူ၊ မီဇိုရမ်၊ နာဂလန်း စသည့် လူမိိျုးကို အစွဲပြုသည့် ပြည်နယ်များနှင့် အူတာပရာဒက်ရှ်၊ အရူနာချယ်ပရာဒက်ရှ်၊ မီဂါလာယာ စသဖြင့် ဒေသအမည်ကို သာ အစွဲပြု ခေါ်ဝေါ်သည့် ပြည်နယ်ပေါင်း ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခု အတူပေါင်းစပ်ဖွဲ့စည်းထားသည်။ ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုစာရင်း၊ ပြည်နယ်စာရင်းနှင့် ပူးတွဲဥပဒေပြုစာရင်းတို့အဖြစ် သုံးမျိုးခွဲခြားထားသည်။ အဆိုပါ စာရင်းများတွင် မပါဝင်သော ကြွင်းကျန်အာဏာ (Residual powers) များကိုမူ အမေရိကန်၊ သြစတြေးလျတို့နှင့်မတူဘဲ ကနေဒါနိုင်ငံမှာကဲ့သို့ ပြည်ထောင်စုသို့သာ အပ်နှင်းထားသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော ဥပဒေပြုခွင့်အာဏာများမှာလည်း အချိုးညီမဟုတ်ပေ။ ဂျမူးနှင့် ကက်ရှမီးယားပြည်နယ်သည် ပိုမိုမြင့်မားသောအာဏာ ရရှိသကဲ့သို့ ဒေလီနှင့် ပူဒူချာရီ ပြည်ထောင်စုနယ်မြေများသည် ပြည်နယ်ထက် ပိုမိုနည်းသော ဖက်ဒရယ်အခွင့်အာဏာကိုသာ ရရှိသည်။

အဆိုပါနိုင်ငံများရှိ ဖက်ဒရယ်စနစ်မှာလည်း ယနေ့ထိတော့ အလုပ်ဖြစ်လျက်ရှိသည်။

လူမျိုးအခြေပြု Ethnofederalism လော၊ နယ်မြေနှင့် လူမျိုး နှစ်မျိုးပေါင်းစပ် Hybrid federalism လော

၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသော စာတမ်းတချို့တွင် အဓိကအားဖြင့် ပြည်နယ်များကို လူမျိုးအလိုက် ဖွဲ့စည်းရန် အဆိုပြုထားသည့်အတွက် ၎င်းအမျိုးအစားကို Ethnofederalism လူမျိုးအခြေပြုဖက်ဒရယ်ဝါဒဟု သတ်မှတ်ရမည်ဖြစ်သည်။ ANP ရခိုင်အမျိုးသားပါတီ၏ စာတမ်းမှာ ပြိုကွဲသွားပြီဖြစ်သော ယူဂိုဆလပ်ဗီးယား၏ ပုံစံကို ယူထားခြင်းဖြစ်ပြီး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ၈ ပြည်နယ်မူ စာတမ်းမှာလည်း Ethnofederalism ပင် ဖြစ်သည်။

Ethnofederalism ခေါ် လူမျိုးအခြေပြုဖက်ဒရယ်ပုံစံမှာ အမေရိကန်ပြည်ထောင်စု၏ နယ်မြေဒေသအခြေပြု ဖက်ဒရယ်စနစ် (Territorial federalism)၏ အခြားရွေးချယ်စရာတခုအဖြစ် ဆိုဗီယက်ပြည်ထောင်စုက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် ၎င်း၏ မဟာမိတ်နိုင်ငံများဖြစ်ကြသော ယူဂိုဆလားဗီးယားနှင့် ချက်ကိုဆလိုဗက်ကီးယား နိုင်ငံများ တွင်လည်း ကျင့်သုံးခဲ့သည်။ ကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ တိုင်းပြည် တွင် သဘောတရားရေး (တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေး စသည်တို့) အခြေခံအရ အကျိုးအကြောင်းရှိပြီး သင့်တော်သော လက်တွေ့ဆောင်ရွက်မှုအဖြစ် ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။

သို့သော် လူမျိုုးအခြေပြုဖက်ဒရယ်ပုံစံကို ဝေဖန်ထောက်ပြသူများက အဆိုပါပုံစံမှာ မွေးရာပါ အားနဲချက်ရှိနေပြီး အမျိုးသားသွေးကွဲရေးနှင့် ခွဲထွက်ရေးတို့ကို အစဉ်အားပေးနေသည့်ပုံစံဟု ဆိုပါသည်။ ဆိုဗိီယက်ယူနီယံနှင့် အရှေ့ဥပရောပမှ လူမျိုးအခြေပြုဖက်ဒရယ်နိုင်ငံများ ပြိုကွဲသွားခြင်း ကို လေ့လာသောပညာရှင် Cornell ကော်နဲက လူမျိုးအခြေပြုဖက်ဒရယ် အင်စတီကျူးရှင်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးများက ဗဟိုအစိုးရ ဆန့်ကျင်ရေးစိတ်ဓာတ်များကို ပေါ်ပေါက်စေပြီး ခွဲထွက်ရေး ကို အားပေးသည်ဟု ဆိုသည်။ အဆိုပါ ဖက်ဒရယ်အင်စတီကျူးရှင်းများကိုယ်တိုင်က ပြိုကွဲမှုကို အားပေးသည့် မီဒီယာများ၊ အမျိုးသားရေး အမှတ်သရုပ်များ၊ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ ပြည်ပထောက်ခံမှုများကို မွေးထုတ်ပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ပြိုကွဲစဉ်က သက်ဆိုင်ရာ လူမျိုးခေါင်းဆောင်များက အတူတကွ ရေရှည်ထာဝရ ပူးပေါင်းရန် ဆန္ဒအမှန် မရှိကြခြင်းကလည်း အချက်အချာကျသည်ဟု ဆိုပါသည်။

နောက်ထပ်အရေးကြီးသည့် လေ့လာတွေ့ရှိချက်တရပ်မှာ အမျိုးသားပြည်နယ်တခုအတွင်း နေထိုင်သော လူနည်းစုများက လူ့အခွင့် အရေးများ ငြင်းပယ်ခြင်းခံရသည့်အခါ သက်ဆိုင်ရာ ဒေသ၏ လူများစုလူမျိုးများနှင့် ပြဿနာတက်လေ့ရှိခြင်းဖြစ်သည်။ ဗဟိုက အဆိုပါလူနည်းစုကို ကာကွယ်ပေးရခြင်းမျိုးတွင် အခက်အခဲများ တွေ့ရတတ်သည်။ (မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် တွင်း နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများနှင့် KIA အကြား ပဋိပက္ခပုံစံမျိုး)

၂၁ရာစု ပင်လုံညီလာခံတွင် (ANP) ရခိုင်အမျိုးသားပါတီက တင်ပြသောပုံစံပါ အာဏာခွဲဝေပုံ၊ လက်နက်ကိုင်တပ်များ ဖွဲ့စည်းထားရှိနိုင်ပုံ၊ သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲပုံများအရ၊ ပြည်နယ်များက ပြည်ထောင်စုထက် ပိုမိုအာဏာရှိနေသဖြင့် federal ပုံစံကို ကျော်လွန်၍ Confederal ပုံစံ ဖြစ်နေပါသည်။

SNLD က တင်သွင်းသော (၈) ပြည်နယ်မူတွင်လည်း အဓိကလူမျိုးအလိုက် ပြည်နယ်များ ဖွဲ့စည်းမည်ဖြစ်ပြီး ပြည်ထောင်စုသို့ ကန့်သတ်အာဏာကိုသာ ပေးထားကာ ကြွင်းကျန်အာဏာကို ပြည်နယ်များက ယူထားမည်ဖြစ်သဖြင့် (Coming together federal) ပုံစံတွင် Ethnofederal အနှစ်သာရ ဖြည့်စွက်ထားခြင်းဖြစ်သည်ဟု ယူဆပါသည်။

သို့ဖြစ်လေရာ မြန်မာနိုင်ငံအနေဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ ပိုမိုသည်းသန်ပြင်းထန်စေကာ ပြိုကွဲမှုကို ပိုမိုတိမ်းညွတ်သည့် Ethnofederalism အစား Territorial federalism ဖြစ်စေ Hybrid federalism ဖြစ်စေ ရွေးချယ်ခြင်းက ပိုမိုသင့်တော်သည်ဟု ထင်မြင်မိပါသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေမှာ ပြည်ထောင်စုတွင် ပါဝင်ကြမည့် ပြည်နယ်များ (ယူနစ်များ) က ၁၇၈၁ ခုနှစ် အမေရိကား၏ ၁၃ ပြည်နယ်လို ဗဟိုအစိုးရကို မည်၍မည်မျှသာ အာဏာပေးမည်ဟု ကန့်သတ်ဆုံးဖြတ်ပေးနိုင်သော အခြေအနေ (အင်အား) မရှိပါချေ။ မျက်မှောက် ရင်ဆိုင်နေရသော အခြေအနေက Coming together ပုံစံထက် Holding together ပုံစံကိုသာ လက်ခံရမည့်အနေအထား ဖြစ်လေသည်။ ဗဟိုမှချုပ်ကိုင်မှု လွန်ကဲနေသော အာဏာအချို့ကိုသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနည်းစုတိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့အတွက် တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကြိုးစားသွားခြင်းသာလျှင် လက်တွေ့ကျလိမ့်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ရဲထွန်း(သီပေါ)

စာကိုး …စင်ကာပူနိုင်ငံ နန်ယန်တက္ကသိုလ် ပညာရှင်များ၏ Ethnofederalism and its Critics: Offering a Hybrid Federal 


http://burmese.dvb.no/archives/168545  

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း