ကံရာဇာကြီး / ရာဇကုမာရ်မင်းသား

ကံရာဇာကြီးသည် မဇ္ဈိမဒေသ ကပိလဝတ် ပြည်၌ ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း အဘိရာဇာ၏သားကြီး ဖြစ်သည်။ အဘိရာဇာသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း ၃၀၀ခန့်က၊ မြန်မာနိုင်ငံ မြောက်ပိုင်း ရှေးအကျဆုံးမြို့တော်ဖြစ်သည့် သင်္ကဿဋ္ဌ တကောင်းပြည်ကို စတင်တည်ထောင်သည်။ သားတော် ကံရာဇာကြီးသည် ခမည်းတော် အဘိရာဇာ နတ်ရွာစံသောအခါ ညီတော် ကံရာဇာငယ်နှင့် ထီးမွေနန်းမွေ လု ကြရာ ရန်စစ်မထိုးဘဲ ကုသိုလ်စစ်ထိုးကြရာတွင် အရေးနိမ့် သဖြင့် ဗိုလ်ပါတို့ကို စုရုံးခေါ်ဆောင်ကာ သလ္လာဝတီမြစ်ကို ဆန်တက်၍ ကလေးတောင်ညိုအရပ်တွင် ရာဇဂြိုဟ်မြို့တော်ကို တည်ထောင်သည်။ (မှတ်ချက်။။ အချို့စာအုပ်များတွင် မင်းကြီး အဘိရာဇာက သားတော် နှစ်ပါးအနက် မည်သူသည် ထီးနန်းစည်းစိမ်နှင့် ထိုက်တန်လေသနည်းဟု စုံစမ်းလို၍ ညတွင်းချင်း စေတီတစ်ဆူစီ ပြီးအောင် တည်စေရာ သားတော်ငယ်က အလျှင်ပြီးသဖြင့် အိမ့်ရှေ့အရာ အပ်နှင်းတော်မူပြီး နောင်တွင် မင်းဖြစ်သည်ဟု သိရသည်။) ထိုမြို့တွင် ၆ လကြာမျှ ဗိုလ်ပါစုဆောင်း နေသည်။ ထိုမှတဖန် ကစ္ဆာပနဒီမြစ် အရှေ့ဘက်သို့ ရွှေ့ပြောင်း ပြန်ကာ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်ပြန်သည်။ ထို မြို့တွင် ၇၄ နှစ်တိုင် စံနေသည်။ ထိုမှတဖန် ရှေးမာလာယုမင်း တို့ တည်ထောင်ခဲ့သော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ ထီးနန်းမြို့ပြ ပြင်ဆင်စံနေသည်။ ကံရာဇာကြီးတွင် သုဘဒ္ဒါဒေဝီမိဖုရားမှ မုဒုစိတ္တမည်သော သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို သုနာပရန္တ တိုင်းမှ ပျူ၊ ကမ်းယံ၊ သက်လူမျိုးတို့က မင်းလျာတောင်းသော ကြောင့် ပျူတို့အရပ်တွင် မင်းပြုစေရန် စေလွှတ်အုပ်ချုပ်စေ သည်။

---
မြစေတီကျောက်စာ 

အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။  ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။


မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့်‌ စောလူးမင်းရဲ့သား‌ေတာ်‌ေစာယွန်းတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီ  တောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။  ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်

-----------------

ဓညဝတီရခိုင်မြို့

ရာဇဝင်များအရ ဤမြို့တော်သည် မာရယုမင်း စတင် တည်ထောင်ခဲ့သည်။ မာရယုမင်းဆက်များ ပျက်သုဉ်းပြီးနောက် တကောင်းမှ ရောက်လာသော ကံရာဇာကြီးသည် မြို့တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ကံရာဇာကြီး မှ ၂၈ ဆက်မြောက် စန္ဒသူရိယဘုရင်သည် မြို့တော်ကို ပြန်လည်ပြုပြင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် ဘုရားရှင် ကြွရောက်လာပြီး မဟာမုနိဘုရားအား သွန်းလုပ်ကိုးကွယ်ခဲ့သည်။ ၆ ဆက်မြောက် သူရိယစက္ကမင်း လက်ထက်တွင် အာသောကမင်းကြီး၏ ဆန္ဒတော်အရ မဟာရေဝတမထေရ်သည် ဓာတ်တော်များဖြင့် ရခိုင်ပြည်သို့ ကြွချီလာခဲ့သည်။ ရခိုင်ပြည်အနှံ့ စေတီများ ကိုးကွယ်ခဲ့သည်။ စန္ဒသူရိယမင်းမှစ၍ ဆက်လက်စိုးစံသောမင်းများသည် သူရိယ အမည်ကိုဆက်လက်ယူကြသောကြောင့် သူရိယ မင်းဆက်ဟု ခေါ်သည်။ ထိုမင်းဆက်မှ ၁၄ ဆက်မြောက် သူရိယကုလမင်း လှူသော စကြာမုနိဘုရားမှာ စစ်တွေမြို့ လောကာနန္ဒာဘုရားတွင် ရှိလေသည်။

---------

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား