၂၀၀၈ ခြေဥကို စုံကိုင်ပြီး မအလ လိမ်လည်မှုများ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ဖျက်သိမ်းထားသော ၂၀၀၈ ခြေဥကို စုံကိုင်ပြီး မအလ လိမ်လည်မှုများ

၂၀၂၃ ဇန် ၃၁ - ကာလုံအစည်းအဝေး မှတ်တမ်းကို သတင်းစာတွေက ထုတ်ပြန်တဲ့ မအလ မိန့်ခွန်းပါ ပုဒ်မ တွေကို တချက်ချင်း ပြပါမယ်။

▪️  ပုဒ်မ ၄ - အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝန်းတွင်တည်သည် လို့  ရေးထားတယ်။ ဒါပေမယ့် လွှတ်တော်ထဲ နိုင်ငံသားတွေ ရွေးကောက်တင်မြှောက်ခြင်း မရှိပဲ (၁) ကာချုပ်ကိုယ်စားလှယ် ၂၅ % အချောင် ဝင်ထိုင်နေတယ်။ (၂) ဗိုလ်ချုပ် မြင့်ဆွေက ဒုသမ္မတ လုပ်တယ်။ (၃) အုပ်ချုပ်စိုးမိုးရေး ဝန်ကြီးဌာ ၃ ခုကို ညွန်ကြားရေးမှုးချုပ် အဆင့်ရှိတဲ့ မအလ က ခန့်တယ်။ 

▪️ ပုဒ်မ ၇ - စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး  လို့ စစ်တပ်က ရေးထားတယ်။ ဒီမိုကရေစီ မစစ်မှန်သော စစ်အာဏာတွေ ခြေဥတခုလုံး ဒင်းကြမ်း ပြည့်နေတယ်။ နောက်ဆုံး သမ္မတနဲ့ အစိုးရတဖွဲ့လုံးကို ဖမ်းဆီးပြီး အာဏာလုတယ်။ 

▪️ ပုဒ်မ ၆(စ) - အမျိုးသားနိုင်ငံရေး ဦးဆောင်မှု တွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး လို့ ရေးထားတယ်။  အဲဒီ ပုဒ်မဟာ စစ်တပ်က ထင်ရာစိုင်းမယ် ။ ဥပဒေအထက်မှာ စစ်တပ်ရှိတယ် ဆိုတာ ပြသခဲ့ပြီ။ အိမ်ရှင် အထက် အိမ်ဦးခန်းမှာ ခြံစောင့် ဒရဝမ် တက်ထိုင်တာပဲ။

▪️ ပုဒ်မ ၆၂ -  သမ္မတသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်ရ ... ။ မအလက " ဦးဝင်းမြင့်ဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေလို့ သမ္မတ မဟုတ်ဘူး။ ဒါကြောင့် ဖမ်းတယ်" လို့ စွပ်စွဲတယ်။ 

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးဝင်းမြင့်ဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ သုံးဦးကို လွှတ်တော်ကိုယ်စားလှယ် (သို့) သာမန်အရပ်သားထဲ ရွေးတယ် ၊ ဒုသမ္မတ ၃ ဦးထဲက သမ္မတ ကို ရွေးတယ် ပုဒ်မ ၆၀ ။

ပုဒ်မ ၆၃ - ဒုသမ္မတ၊ သမ္မတ အဖြစ် တင်မြှောက်သည့် နေ့တွင် လွှတ်တော်ကိုယ်စားလှယ် / နိုင်ငံ့ဝန်ထမ်း အဖြစ်က ( နုတ်ထွက်ပြီး ဖြစ်သည်) ဟု မှတ်ယူရမည် ဟု ပြဒန်းထားတာ ဖြစ်လို့ .. ဦးဝင်းမြင့်ဟာ သမ္မတ ရာထူးယူထားသရွေ့ .... လွှတ်တော်ကိုယ်စားလှယ်  မဟုတ်ဟု ... မှတ်ယူရမည်။

ပုဒ်မ ၆၃  - ဒုသမ္မတ၊ သမ္မတ ရာထူး နှင့်  လွှတ်တော်ကိုယ်စားလှယ် / နိုင်ငံ့ဝန်ထမ်း ရာထူး တပြိုင်နက် မရှိစေရ၊ လွှတ်တော်ကိုယ်စားလှယ် / နိုင်ငံ့ဝန်ထမ်း ရာထူး အလိုအလျောက် ပျက်ပြယ်သည် ဖြစ်သညိ့အတွက် .... မအလဟာ သမ္မတ လုပ်ရင် ကာချုပ် ပြုတ်မည်။

မအလက " ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲက တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေလို့ သမ္မတ မဟုတ်ဘူး။ "  လို့ စွပ်စွဲတဲ့အတွက် .......... မအလဟာ " ၂၀၂၀ ရွေးကော်ပွဲ ရလာဒ်ဟာ စစ်မှန်တယ်လို့  စစ်တပ်က  ဝန်ခံပါတယ် ၊  ဦးဝင်းမြင့်ဟာ ၂၀၂၀ လွှတ်တော်အမတ် ဖြစ်တယ်။ " လို့  ပြောတာနဲ့ အတူတူပဲ။

မအလဟာ ၂၀၂၀ ရွေးကော်ပွဲ ရလာဒ်  - ၂၀၂၀  လွှတ်တော်ကိုယ်စားလှယ်  ဟာ ချိတ်ဆက်ထားတဲ့ အချက် ။ ဒီအချက်ကို လက်ခံသူဟာ စွပ်စွဲခွင့်ရှိတယ်။ စွပ်စွဲချင်လျှင်လည်း ..  သမ္မတကို ပြည်ထောင်စု လွှတ်တော်ကပဲ စွပ်စွဲ ဖြုတ်ချခွင့် ရှိတယ် - ပုဒ်မ ၇၁။   ဖမ်ဆီးခွင့်မရှိဘူး - ပုဒ်မ ၂၁၅ ။ 

ဒါကြောင့် စစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ) အရ နိုင်ငံတော် ပုန်ကန်ပြီး ဦးဝင်းမြင့် ကို ဥပဒေမဲ့ အကျဉ်းချတာ ဖြစ်တယ်။

▪️ ပုဒ်မ ၆၄ - သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရ။ ဦးဝင်းမြင့် ဟာ သမ္မတ ဖြစ်ပြီးနောက် ပါတီ ရုံးတက်ပြီး ပါတီ လုပ်ငန်း မလုပ်ခဲ့ပါ။ ရွေးကောက်ပွဲ မဲဆွယ်တာ ပါတီလုပ်ငန်း မဟုတ်။  ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်း ဖြစ်တယ်။ ရွေးကောက်ပွဲဟူသည် ပါတီမဟုတ်သော တသီးပုဂ္ဂလတွေ လည်း ပါဝင်သော လုပ်ငန်းတခု ဖြစ်တယ်။

အကယ်၍ စွပ်စွဲသူရှိရင်လည်း သမ္မတကို ပြည်ထောင်စု လွှတ်တော်ကပဲ စွပ်စွဲ ဖြုတ်ချခွင့် ရှိတယ် - ပုဒ်မ ၇၁။   ဖမ်ဆီးခွင့်မရှိဘူး - ပုဒ်မ ၂၁၅ ။ 

▪️ ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ ၄၁၇ - နိုင်ငံတော် အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း ။ စင်စစ် ဒီပုဒ်မကို မအလစစ်တပ်က ကျူးလွန်တာ ဖြစ်တယ်။ 

ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ က ဖြစ်လာတဲ့ သမ္မတ မဟုတ်။ ၂၀၁၅ ရွေးကောက်ပွဲ က တင်မြှောက်ထားတဲ့ သမ္မတ ဖြစ်တယ်။ သမ္မတသက်တမ်းဟာ ၂၀၂၁ ဧပြီ ၁ ရက်အထိ တည်ရှိဆဲ ဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်က သမ္မတ တာဝန်မှ ပျက်ကွက်တယ် လို့ စွပ်စွဲ ဖြုတ်ချခြင်းလည်း မရှိပေ။ ဒါကြောင့် ၂၀၁၅ -၂၀၂၁ နိုင်ငံတော် အစိုးရကို လက်နက်ကိုင် အကြမ်းဖက် ဖမ်းဆီးခြင်းသည် နိုင်ငံတော် အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူ ခြင်း ဖြစ်တယ်။

ဦးဝင်းမြင့် အစိုးရ ကို ဦးဝင်းမြင့်က အာဏာလုသည်ဟု စွပ်စွဲသူဟာ သူရူးသာဖြစ်တယ်။ 

၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် အခြေခံသော  ပြည်ထောင်စု လွှတ်တော် ခေါ်ပြီး ဦးဝင်းမြင့်က အမတ်အဖြစ် ကျမ်းကျိန်၊ စစ်တပ်နဲ့  လွှတ်တော်အမတ်ထဲက ဒုသမ္မတ / သမ္မတ ရွေးကောက်ပွဲတွင် ... သမ္မတနေရာကို ဦးဝင်းမြင့် ပြန်ယူမည်လား ဦးဖြိုးမင်းသိန်းကို ရွေးမည်လားဟု မည်သည့် နတ်ဘုရားမှ ဗျာဒိတ်မရှိ။  ထိုသူက ဖွဲ့စည်းသော ၂၀၂၀  - ၂၀၂၅ အစိုးရလည်း  မရှိသေး။   မအလရဲ့ စွပ်စွဲချက်ဟာ မရှိသော အရာကို စိတ်ကူးယဉ် စွပ်စွဲခြင်းသာ ဖြစ်တယ်။

▪️  ရွေးကောက်ပွဲ ကျင်းပ၊ ကြီးကြပ်၊ မဲစာရင်း ပြုစု၊ ပြင်ဆင်၊ အငြင်းပွါးမှု စစ်ဆေး ခြင်း ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်  ဖြစ်တယ် - ပုဒ်မ ၃၉၉ (ဆ) ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများ၊ ဆုံးဖြတ်ချက်များ ၊ ဆောင်ရွက်ချက်များသည် ( အပြီးအပြတ် အတည်ဖြစ်ရမည်) ဟု ပြဒါန်းထားတယ် - ပုဒ်မ ၄၀၂။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု များကို ခုံအဖွဲ့များ ဖွဲ့ပြီး စစ်ဆေးနေခြင်း ကို  မအလ စစ်တပ်က ပိတ်ပင်တားစီးရန်၊ ( ပုဒ်မ၃၉၈ (က) - နိုင်ငံတော် သမ္မတကသာ ခန့်အပ်ခွင့်ရှိသော ) UEC ဥက္ကဌ နဲ့ အဖွဲ့ဝင်များ ကို ဖမ်းဆီး ပြီး မအလ က တရားမဝင်ခန့်အပ်သော  သိန်းစိုးအဖွဲ့နဲ့ အစားထိုးရန် ...  

မအလက ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးတာဖြစ်တယ်။ ဒါဟာ ရာဇသတ်ကြီး ပုဒ် ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်။

▪️မအလဟာ တတိယအကြိမ် လွှတ်တော် ခေါ်ခြင်းကို နိုင်ငံတော် အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း ဟု စွပ်စွဲတယ်။ ဒုတိယအကြိမ် လွှတ်တော် ပြီးဆုံးပြီလို့ ဆုံးဖြတ်တာကို မကျေနပ်ဘူး။ 

ဒီ ကိစ္စ နှစ်ခု စလုံးကို လက်မှတ်ရေးထိုး ဆောင်ရွက်တာ  " ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် " မှာ တာဝန် ရှိ တယ်။ မအလဟာ ဦးတီခွန်မြတ်ကို မည်သည့်အရေးယူမှုမှ မပြုတဲ့အတွက် ဒီကိစ္စ နှစ်ရပ်လုံးဟာ မအလ စွပ်စွဲသည့် အကြောင်းရင်း မှန် မဟုတ်၊   မအလ ဟာ လွှတ်တော်ကို ဖျက်ဆီးခြင်းသာ ထင်ရှားတယ်။

▪️ ပုဒ်မ ၄၀၂ အရ အလုံးစုံ တာဝန်ခံရမည့်   UEC ... UEC ရဲ့ လုပ်ဆောင်ချက် နဲ့ ဆုံးဖြတ်ချက်ကို သမ္မတ က တာဝန်ခံရမည်ဟု သမ္မတကို ထောင်ဒဏ်နှစ်ပေါင်းများစွာ ချထားသော်လည်း၊ ၂ နှစ်အကြာတွင် UEC ဥက္ကဌ လှသိန်းကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်။ UEC ဦးလှသိန်း နဲ့ မအလ အကြား ဘာတွေ ရှိနေပြီလဲ မည်သူမျှ မသိနိုင်။

▪️ သမ္မတ တဦးထဲ ဖမ်းဆီးရုံသာမက မဆီမဆိုင် နိုင်ငံတော် အတိုင်ပင်ခံ နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖမ်းတယ်။ ရွေးကောက်ပွဲနဲ့  လုံးဝ မသက်ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီး တွေကို ဖမ်းတယ်။ 

ပိုဆိုးတာက NLD ပါတီဝင်တွေကို ဖမ်းတယ်။ ဒါထက် ပိုဆိုးတာက အခြားပါတီက ကိုမြအေးကို ဖမ်းတယ်။လူမှုရေး အသင်းက ဆရာမ သန်းမြင့်အောငကို ဖမ်းတယ်။ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်ဆောင်တွေကို တညထဲ တပြိုင်နက် ဖမ်းတယ်။ ဒါတွေဟာ ရွေးကောက်ပွဲ နဲ့ မဆိုင်ပဲ ၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်တာကို ပြသနေတယ်။

ကာလုံခေါ်တဲ့ ကိစ္စ မှာ မအလ ချိုးဖောက်တဲ့ အချက်တွေက- 

▪️ မြင့်ဆွေဟာ ယာယီ သမ္မတ ဖြစ်တယ်။ ယာယီ သမ္မတ သက်တမ်းဟာ (၂၁) ရက်ပဲရှိတယ် - ပုဒ်မ ၇၃(င) ။ အခု (၂) နှစ် ဖြစ်နေပြီ။  သက်တမ်းလွန်သွားတဲ့အတွက် မြင့်ဆွေဟာ ယာယီ သမ္မတ မဟုတ်တော့ဘူး။

▪️ မြင့်ဆွေဟာ ဒု-သမ္မတ ဖြစ်တယ်။ ဒု-သမ္မတဟာ အရေးပေါ်အခြေအနေ ကြေညာခွင့် မရှိဘူး ၊ ထပ်တိုးခွင့်လဲ မရှိဘူး - ပုဒ်မ ၄၁၇။

▪️ ကာ/ လုံကို နိုင်ငံတော် သမ္မတက ဦးဆောင်ပြီး ကျင်းပရမယ် - ပုဒ်မ ၂၀၁ ။ မြင့်ဆွေဟာ  ဒု-သမ္မတ ဖြစ်လို့ ကာ/လုံ ခေါ်ခွင့် မရှိဘူး။  မြင့်ဆွေ ကာ/လုံဟာ တရားမဝင်ဘူး။ 

▪️နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်ကပဲ ဖြုတ်ချခွင့် ရှိတယ် - ပုဒ်မ ၇၁။   ဖမ်ဆီးးခွင့်မရှိဘူး - ပုဒ်မ ၂၁၅ ။ ဒါကြောင့် အကျဉ်းချထားတဲ့ ဦးဝင်းမြင့် တဦးထဲပဲ ကာ/လုံ ခေါ်ခွင့်ရှိတယ်။ 

▪️ နိုင်ငံတော် သမ္မတက ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ရတယ် - ပုဒ်မ ၃၉၈(က) ။ မအလ ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် သိန်းစိုးကို ခန့်အပ်တာ တရားမဝင်ဘူး။ မအလ နဲ့ သိန်းစိုး ထုတ်ပြန်တဲ့ ဥပဒေ၊ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း တရားမဝင်ဘူး

▪️ UEC ဥက္ကဌ ဗခ ငြိမ်း တင်အေး ကျင်းပပြီး စစ်တပ်က လက်ခံခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်အရ တည်ထောင်ထားတဲ့ အစိုးရကို ဖြုတ်ချတဲ့အတွက်  နိုင်ငံတော်ပုန်ကန်မှု မြောက်တယ် - ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ) 

▪️ ပုဒ်မ ၄၂၅  - ကာ/လုံက အရေးပေါ်ကာလကို သာမန်အားဖြင့် ၆ လ x ၂ ကြိမ် ထပ်တိုးခွင့် ရှိတယ် ။ "သာမန်အားဖြင့်" ဆိုတဲ့ ဝေါဟာရရဲ့ ဖွင့်ဆိုချက်ကို ၂၀၁၄ ညောင်နှစ်ပင် ညီလာခံမှာလည်း ပြည်သူကို မဖော်ပြ။ တက်ရောက်တဲ့ တိုင်းရင်းသားပါတီတွေလည်း မသိရှိခဲ့ရ။ 

နှစ်ပေါင်း ၁၇ ကြာမှ စစ်ဗိုလ်ဟောင်း ကြံဖွတ် မောင်မြင့်၊ ပြည့်ပါတီ ကိုကိုကြီး၊ လယ်သမားအခြေခံ ပါတီ စိန်ဝင်း ၊ ရခိုင် ဦးဆောင် ပါတီ အေးမောင် ၊ ငါးမင်းဆွေ   စစ်အလံရှုူးတွေက စတင်ပြောလာတယ်။  မြုပ်ကွက် ပမာ ဂုဏ်ဆာကြတယ်။ အရှက်မဲ့ပေစွ။ 

အခြေခံဥပဒေ ဆိုတာ  အုပ်စိုးသူနဲ့ အုပ်ချုပ်ခံ အကြား စာချုပ်ဖြစ်တယ်။ ၂၀၀၈ ခြေဥဟာ အုပ်ချုပ်ခံ မသိရှိပဲ ၊ ကလိမ်ကကျစ် ရေးခဲ့တာ ထင်ရှားတယ်။ ဥပဒေချုပ်  သီတာဦးက " ဥပဒေရဲ့ စာသားထက် ဝိဉာဉ် spirit of law က ပိုအရေးကြီးတယ် " ဆိုတယ်။ ဒီလိုသာ ၂၀၀၈ ခြေဥကို စစ်အာဏာရှင် ဝိဉာဉ်နဲ့ ရေးခဲ့တာ ၊ ဝိဉာဉ်ဆိုတဲ့ အကောင်အထည် မရှိ ဒြပ်မဲ့ကို လိုက်နာရမယ် ဆိုရင်  ......  ပုဒ်မ စာသားတွေဟာ လုံးဝ တိကျခိုင်မာမှု နဲ့ ကတိကဝတ် မရှိတော့ဘူး။  "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ" မယ် ဆိုပြီး ပုဒ်မ စာသားက ရေးသားထားပေမယ့်၊ ဝိဉာဉ်အရ "စစ်တပ်က ထင်ရာစိုင်းလို့ ရတယ်"  ... " ဖက်ဒရယ်" လို့ ပုဒ်မ စာသားက ရေးပေမယ့် ဝိဉာဉ်အရ "ဗဟိုဦးစီး"  ...  " အပစ်ရပ်" လို့ စာသားက ရေးပေမယ့် ဝိဉာဉ်အရ " ဗုံးကြဲနိုင်တယ် " ဆိုတာမျိုး ဖြစ်နေမယ်။ ဥပဒေက အုပ်ချုပ်ခြင်း rule of law မရှိ။ 

▪️ ပုဒ်မ ၄၂၅ အရ ၆ လ x ၂ ကြိမ် သာ ထပ်တိုးခွင့်  ရှိကြောင်း ( အကန့်အသတ် ) ကို  မအလ ကိုယ်တိုင် သိတယ်။ ၂၀၂၁ ဧပြီ ၁ ရက်မှာ စစ်အာဏာသိမ်း ၆ လ ပြည့် မိန့်ခွန်းမှာ  သူကိုယ်တိုင် ရုပ်သံထုတ်လွှင့်ပြီး ဒီကန့်သက်ချက်ကို နိုင်ငံနဲ့ ကမ္ဘာကို ပြောကြားခဲ့တယ်။ ၂၀၂၃ ဩဂုတ် ရွေးကောက်ပွဲကို ကတိပေးခဲ့တယ်။ https://www.facebook.com/100084337112852/videos/708518374088647/  ဒါပေမယ့်  ကတိ သစ္စာမရှိ၊ ကျင့်ဝတ် သိက္ခာမရှိ၊ ဗြောင်လိမ် ဗြောင်စား သမားတွေအဖို့ ၁၉၉၀ ရွေးကောက်ပွဲ က စပြီး ကတိတွေပေးလိုက်၊ ဖျက်လိုက်၊ ဥပဒေသမား ဇာတ်ပျက်တွေက ယုတ္တိမရှိတဲ့ ဆင်ခြေတွေ နဲ့  ဖာကျပေးလိုက် လုပ်ခဲ့တာပါ။ 


▪️ အခြေခံဥပဒေပါ ပုဒ်မ များနဲ့ ပက်သက်ရင် အခြေခံဥပဒေ ခုံရုံးက ဖြေရှင်းရတယ်။ ၂၀၂၃ ဇန်နဝါရီ ၃၁ " နံနက်ပိုင်း" ကာလုံအစည်းအဝေးမှာ - (၂၀၀၈ ခြေဥ ရေးဆွဲရေး ကော်မတီဝင် ဖြစ်ခဲ့ဖူးသူ) ဦးတီခွန်မြတ်က အခြေခံဥပဒေ ခုံရုံးကို မေးမြန်းရန် အကြံပေးတယ်။ မအလဥပဒေချုပ် သီတာဦးက "ဝိဉာဉ်" အရ " သာမန်အခြေအနေ မဟုတ်ရင် ၆ လ တကြိမ် သက်တမ်းတိုး" နိုင်တယ်လို့ ထိုင်ရာမထ ဆုံးဖြတ်တယ်။ ပြီးခဲ့သော ၂ နှစ်ကာလသည် သာမန် အရေးပေါ်အခြေအနေ မဟုတ်၊ အထူးစပယ်ရှယ် အရေးပေါ်အခြေအနေဟု သူမက ဖွင့်ဆိုတော်မူတယ်။   ကာလုံ အစည်းအဝေး က တထိုင်ထဲ နောက်ထပ် ၆ လ သက်တမ်းတိုးခွင့် ပြုလိုက်တယ်။

▪️ နံနက်ပိုင်းမှာ ကာလုံ အစည်းအဝေး ပြီးမှ မြင့်ဆွေက အခြေခံဥပဒေ ခုံရုံးကို စာပို့ မေးမြန်းဖို့ ပြင်ဆင်ရတယ်။ လုပ်ထုံးလုပ်နည်း ပြောင်းပြန် ဖြစ်နေတယ်။  မအလတို့အဖို့ မဆန်း။ သမ္မတနဲ့ အစိုးရတဖွဲ့လုံးကို ဥပဒေမဲ့ ဖမ်းပြီးမှ  ... လုပ်ကြံစွပ်စွဲ အမှုဆင်တာ သူတို့ စရိုက် ဖြစ်တယ်။

▪️ သမ္မတ ဦးထင်ကျော်ခန့်ခဲ့တဲ့ အခြေခံဥပဒေ ခုံရုံး ဥက္ကဌ ဦးမျိုးညွန့်နဲ့ အဖွဲ့ဝင်တွေကို  မအလက ဖြုတ်ပစ်ပြီး ၊  ခုံရုံး ဥက္ကဌ အသစ်နဲ့ အဖွဲ့ဝင်တွေကို အောင်လင်းဒွေး လက်မှတ်ထိုးပြီး ခန့်ထားတာ ဖြစ်တယ်။ ပုဒ်မ ၃၂၇-   အခြေခံဥပဒေ ခုံရုံး ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေကို ( ပြည်ထောင်စု လွှတ်တော် သဘောတူညီချက် ရယူပြီးမှ နိုင်ငံတော် သမ္မတက ) ခန့်အပ်ရမည် ဆိုသော ပြဒါန်းချက်ကို ချိုးဖောက် လို့ အခြေခံဥပဒေ ခုံရုံးဟာ တရားမဝင်ဘူး။

▪️  ( ဒီလို  မှန်းဆမိတယ်။ 👉 မြင့်ဆွေက ၆ လ တခါမှ အလုပ်ရှိတာ ၊  အခြေခံဥပဒေ ခုံရုံးကို ရုံးစာ ပို့ဖို့ ရုံးစာရေး ခေါ်၊ စာရိုက်ခိုင်း၊ ဘာအလုပ်မှ မရှိပဲ အိမ်မှာပဲ ဇိမ်ကျနေပုံရတဲ့  အခြေခံဥပဒေ ခုံရုံးက ဥက္ကဌတွေ ၊ အဖွဲ့ဝင်တွေ၊ စာရေးစာချီတွေကို ရုံးတက်ခိုင်း ၊ စာစီစာရိုက်လုပ်၊ မြင့်ဆွေဆီ ပြန်ပို့၊ သတင်းစာတိုက်ပို့ နဲ့  ...  ဇန်နဝါရီ ၃၁ ရက်မှာ မပြီး ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းမှ ... လုပ်ဇာတ်ကြီး ပြီးစီးပုံရတယ်။ )    အခြေခံဥပဒေ ခုံရုံးက " ကာလုံ ဆုံးဖြတ်ချက်ကိုာသဘောတူပါတယ် " ဆိုတဲ့မှတ်ချက်ကလွဲလို့ မည်သည့် ဥပဒေ ကျင့်ထုံး တမ်းစဉ်လာ အကိုးအကားမျှ မပြနိုင်ပဲ  ..  စစ်အာဏာရှင်က ဓားမိုး ခိုင်းသလို  ခေါင်းညှိတ် ခေါင်းခါ ဘဝနဲ့  သမိုင်းတရားခံ အဖြစ်ပူးတွဲခံယူကြတယ်။ 







Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား