ရှေးဟောင်းကမ္ပည်းကျောက်စာ ခေါင်းလောင်းစာများမှပြောသော မြန်မာပြည်
ရှေးဟောင်းကမ္ပည်းကျောက်စာ ခေါင်းလောင်းစာများမှပြောသော မြန်မာပြည်
ခင်ညိုညို (ရှေးဟောင်းသုတေသန)
(ဆောင်းပါးမှာ သတိပြု ဖတ်ရှုဖို့က "တိုင်း" ဟူသော ဝေါဟာရများ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ပြည်နယ်အစား "တိုင်း" များ သတ်မှတ်သင့်ပါတယ်။ "တိုင်း" တွေကို နေဝင်းက ဖွဲ့တယ် ဆိုသော အဆံချောင်ကျပ်မပြည့်တွေ တဖက်ပိတ်တွေ ဖတ်စေချင်တယ်။ )
ပြည်ထောင်စုမြန်မာနိုင်ငံဟုခေါ်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကပင် စတင်ပေါက်ဖွားရှင်သန်လာခဲ့သော လူသား မျိုးနွယ်တစ်ရပ်မှသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းစသည်ဖြင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော် ပွားစည်း လာခဲ့ပြီး တိုင်းတစ်ပါးသားတို့ ခန့်ညားလေးစားရသော မြို့ပြနိုင်ငံများကို | တည်ထောင်နေထိုင်ခဲ့ကြရာတွင် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘူမိ မိုင်းမော၊ တကောင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ဓညဝတီ၊ ဝေသာလီ၊ ကုန်းဘောင်စသော မြို့ပြနိုင်ငံများကို တည်ထောင်နေထိုင်ခဲ့ကြပါသည်။ ထိုမြို့ပြနိုင်ငံများကို စုစည်း၍လည်း ပဒေသရာဇ်မြို့ပြနိုင်ငံများအဖြစ် အနော်ရထာမင်းတရားကြီး၏ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်း တရားကြီး၏ ဒုတိယမြန်မာနိုင်ငံတော်၊ အလောင်းမင်းတရားကြီး၏ တတိယ မြန်မာနိုင်ငံတော်အဖြစ် မြန်မာနိုင်ငံကိုစည်းရုံးတည်ထောင်ကာ “ပြည်ထောင် စုမြန်မာနိုင်ငံတော်" တည်း ဟူသော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ အဖြစ် တင့်တယ်ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။
“မြန်မာပြည်” ဟုခေါ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ရှေးဟောင်းစာပေများဖြစ်သော ကမ္ပည်းကျောက်စာများ၊ ခေါင်းလောင်းစာများမှနေ၍ တိုင်းနိုင်ငံတစ်ခု၏ အမည်နာမအဖြစ်သော် လည်းကောင်။ တိုင်းနိုင်ငံဖွဲ့စည်းပုံအရ ပါဝင်သော နယ်မြေများနှင့် လေ့လာတင်ပြလိုပါသည်။ တိုင်းနိုင်ငံတို့၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ အနက်အဓိပ္ပာယ်ကိုကြည့်မည် ဆိုလျှင် မြန်မာစကားအဖွင့်ကျမ်းအရ အိမ်၊ နေရာ၊ အရပ်၊ ရွာ၊ မြို့၊ နယ် စသည်တို့ ပေါင်းစည်းထားသည်ကို “ခရိုင်”ဟုခေါ်၍ ခရိုင်များစုပေါင်း ထားရာ နယ်ကို “တိုက်”ဟုဆိုပါသည်။ မင်းနေမြို့ကြီး မြို့ရိုး၊ ကျုံးမြောင်း၊ ခံတပ်နှင့်တကွရှိသော နေရပ်ကို “ပြည်” ဟုခေါ်ပြီး နိုင်ငံဆိုသည်မှာ “နေငံ” ဟူသောစကားမှလာ၍ “နိုင်ငံ” ၏အနက်ကား “ဘုရင်မင်းမြတ် ပိုင်နိုင်၊ သိမ်းပိုက်၊ စိုးစံ ၊ အုပ်ချုပ်လျက်ရှိသော နယ်တိုင်း” ဟူ၍ အနက် အဓိပ္ပာယ်ရသည်။
ပုဂံခေတ်မှစတင်၍ "မြန်မာ" "မြန်မာပြည်”ဟူသောအသုံးကို ပုဂံခေတ် ကျန်စစ်သားမင်းကြီး ရေးထိုးသော ကျန်စစ်သား နန်းတည်ကျောက်စာ၌ “မိရ်မာ” ဟူသော ဝေါဟာရကို စတင်တွေ့ရှိရပြီ။ အေဒီ ၁၃၆၃ ခုနှစ် ရေးထိုးသော သက်တော်ရှည်ဘုရားကျောက်စာတွင် “က္လင်ထ ကြေညာမြံမာ ရွာတိ” ဟူသောအခေါ်ကို ရွာအနေအထားအနေနှင့် လည်းကောင်း၊ ခရိုင်ဟူသော အသုံးကိုကား သက္ကရာဇ် ၁၁၉၆ ခု ထိုး ပုဂံမြို့ ဓမ္မရာဇက ကျောက်စာ "မြင်ခုန္တိုင် ခရိုန်အနက် တော်ပိလူမ္လိယ်တံ ၁၅၀" ဟူ၍ လည်းကောင်း “တိုက်”သုံးကိုကား ယင်းကျောက်စာ၌ပင် “မုဆိုဝ်ဖိုင် တိုက်တွင် ဓမ္မရာဇကဖုရာဝတ် ၅ဝဝ” ဟူ၍လည်းကောင်း၊ မြန်မာပြည် ဟူသော တိုင်းနိုင်ငံတစ်ခု၏ အမည်အသုံးအနှုန်းကိုကာ။ “အရိမဒ္ဒရပူရ မည်သော ပြည်ကိုဝ်လေ အစိုင်ရထသော နိုင်ငံက္လယ်ခြင် အထုကာ” ဟူ၍ သုံးခဲ့သည်ကို တွေ့ နိုင်ပါသည်။ ထိုကျောက်စာ တစ်ချပ်တည်းတွင်ပင် ခရိုင်၊ တိုက်၊ နိုင်ငံဟူသော ဝေါဟာရများကို သုံးနှုန်းထားသည်ကို ကြည့်ခြင်း အားဖြင့် ပုဂံခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ အနေအထားပေါ်လွင်နေပြီ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။
အင်းဝခေတ်ရောက်သောအခါတွင် နိုင်ငံအစား "မြန်မာပြည်” ဟု တွင်ကျယ်စွာ သုံးနှုန်းလာသည်ကို အေဒီ ၁၅ဝ၉ ခုနှစ်ထိုး ရတနာဗိမာန် ကျောင်းတော် ကျောက်စာ၌ “မြောက်တလွှားက သုနပရန္တ၊ တောင်ဘက်က တမ္ပဒီပမည်သော တိုင်းနှစ်တိုင်းကို ကြပ်တိုင်ဖုံးအုပ်၊ အာဏာချုပ်လျက်ပိုက် ထုတ်ရိုက်ရာ သာသနာလတည် မြံမာပြည်” ဟူ၍ လည်းကောင်း၊ သက္ကရာဇ် ၁၃၉၈ မင်းကြီးစွာစော်ကဲ ကျောက်စာ၌ “တရိဘဝနာ ဒိတ္ထုာပဝရ ဓမ္မရာဇာ တျာ မင်းကြီးသည် တည်ဟူသော အဝပြည်၌ မင်းမူရွေမြံမာပြည် အလုံမ်းစုံကို အစိုဝ်ရသော” ဟူ၍ “မြန်မာပြည်” ဟူ၍သာ သုံးစွဲခဲ့ကြပါသည်။ ပုဂံခေတ်၌ ခရိုင်၊ တိုက်၊ နိုင်ငံဟူသော အခေါ် အဝေါ်ကို သုံးနှုန်းခဲ့ပြီး အင်းဝခေတ်သို့ ရောက်သောအခါ “ပြည်” အသုံးဖြင့် ပြောင်းလဲသုံးစွဲလာ၍ “မြန်မာပြည်” ဟု တွင်ကျယ်စွာ သုံးစွဲ လာခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။
ဘုရင်မင်းမြတ် ပိုင်ဆိုင်ရာ အုပ်ချုပ်ခံနယ်မြေအဖြစ် တိုင်းများ စွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံကို တင်ပြရလျှင် “မြန်မာပြည်” ဟု ခေါ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ယခုမျက်မှောက်ခေတ်၌ ၁၉၄၇ ခုနှစ် ရေးထိုး သောဖွဲ့စည်းအုပ်ချုပ်ပုံ အခန်း(၁)၊ ပုဒ်မ(၂)အရ ယခင်က မြန်မာပြည် ဘုရင်ခံမှ တစ်ဆင့် ဗြိတိသျှဘုရင်မင်းမြတ် အုပ်ချုပ်တော်မူခဲ့သော နယ်မြေ အားလုံးနှင့် ကရင်နီပြည်နယ်များတို့ဖြင့် ဖွဲ့စည်းထားခဲ့သည်။
ရှေးယခင်က ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပိုင်ဆိုင်ရာ နယ်မြေဖွဲ့ စည်းပုံကို လေ့လာကြည့်မည်ဆိုလျှင် ပုဂံခေတ်တွင် နိုင်ငံ၏ ပိုင်ဆိုင်ရာ ဒေသကို တောင်၊ မြောက်အရပ်မျက်နှာနှင့်သာ နိုင်ငံအကျယ်အဝန်းကို ဖော်ပြသည်ကို အေဒီ ၁၁၉၆ ခုနှစ်ရေးထိုးသော ဓမ္မရာဇက ကျောက်စာ၌ မြို့တော် သည် (အရိမဒ္ဒနပူရ)ခေါ် ပုဂံမြို့ဖြစ်ပြီး တိုင်းနိုင်ငံအကျယ်အဝန်းကိုကား “အရှေ့သို့လာသောနိုင်ငံကာ သလွင်မ္လစ် အရှေ့ဘက်အတိုင်။ တောင်ကာ (ထဝယ်။)... မ္လေပစ်ဩက္ကာတကောင်း။ ငဆောင်ချံ။" ဟူ၍ နယ်မြေများကို ပိုင်းခြားသတ်မှတ်ထားပုံကို တွေ့ရှိရသည်။
အင်းဝခေတ်ရောက်သောအခါ တိုင်းနိုင်ငံတစ်ခုအဖြစ် ဖွဲ့စည်းတည်ဆောက် လာပုံကိုကြည့်လျှင် မြို့တော်သည် အဝမြို့ဖြစ်ပြီး တန်ခိုးအာဏာပြန့်ပွားရာ နယ်မြေများမှာ အေဒီ ၁၄၀၈ ခုနှစ် ရေးထိုးသော မိဖုရားစောကျောက်စာ၌ “ ရွှေလက်ရုံမ်တော် အာဖ္လင် မြံမာပြည် တန်လိုင်ပြည် သျှံပြည် ကုလာပြည် အလုံမ်စုံကို အစိုင်ရသော" ဟူ၍လည်းကောင်း၊ အေဒီ ၁၃၆၃ ခုနှစ်တွင် မင်းအမတ်ကြီး ပိတ္တရာဇ်မောင်နှံ ရေးထိုးသော ကျောက်စာ၌ " ဧကရာဇ် တျာဖျား မင်းကြီးအထံနှိုက် ယွန်း ၊ ပဲကူ၊ ရောင်မြ၊ ရခိုင်၊ ကာလေ၊ မိုဝ်ညင် ဆွေများရောက်၍ လက်ဆောင်ဆက်သသောအခါ”ဟူ၍ မိမိတို့၏ ပိုင်ဆိုင်ရ သော ရသောနယ်မြေများကို ကျောက်စာများ၌ ရေးထိုးဖော်ပြခဲ့သည်ကို တွေ့နိုင်သည်။
တောင်ငူခေတ်တွင် မြို့တော်သည် ဟံသာဝတီမြို့ဖြစ်ပြီး တန်ခိုးအာဏာ ပြန့်ပွားရာနယ်မြေများနှင့် တိုင်းနိုင်ငံ၏အမည်မှာ မြန်မာပြည်ဟူသော အသုံး အနှုန်းနှင့် ပါဝင်သည့် အေဒီ ၁၅၅၃ ခုနှစ် ဘုရင့်နောင်မင်းတရားကြီး ရေးထိုး သော ရွှေစည်ခုံဘုရားခေါင်းလောင်းစာ၌ “ မြံမာပြည် တိုင် နိုင်ငံ ထိဖြူ ဆောင်ဟူသမျှ လက်နက်တော်ဖြစ်ရုယ်၊ ကေတုမတီ၊ ဟင်သာဝတီ၊ သရေ ခေတ္တရာ၊ ဘဝ၊ မိုင်မိတ်၊ သီပေါ၊ မိုင်ကောင်၊ မိုင်ညှင်၊ ကလေ မင်းဧကရာဇ် ထီးဖြူ အစင်များကို အုပ်စိုဝ်နိုင်ရတော်မူသော”ဟူ၍ မြန်မာပြည်အတွင်း ပါဝင်သော ခရိုင်၊ မြို့ပြကျေးရွာ နေရာဒေသများကိုပါ ထည့်သွင်းဖော်ပြခြင်း အားဖြင့် မြန်မာပြည်ဟူသော တိုင်းနိုင်ငံတွင် နယ်မြေများစွာပါဝင်သည်ကို လေ့လာသိရှိနိုင်ပါသည်။
ကုန်းဘောင်ခေတ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတော်၏ဖွဲ့စည်း တည်ဆောက်ပုံကို မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းအရ မဇ္ဈိမဒေသ ခွဲပုံစံကို စံပြအတုယူကာ တိုင်း ၈ တိုင်း၊ တိုင်း ၉ တိုင်း ၊ တိုင်း ၁၀ တိုင်း၊ တိုင်း ၁၅ တိုင်း ၊ တိုင်း ၁၆ တိုင်း ၊ တိုင်း ၂၁ တိုင်းစသည်ဖြင့် တိုင်းဒေသများကို အတိအကျ အမည်ပေး ဖွဲ့စည်းထားခြင်းကို တွေ့ရှိရပါသည်။ အေဒီ ၁၇၆၅ အင်းဝ ဆင်ဖြူရှင်မင်းရေးထိုးသော ဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် ပါဝင်သော တိုင်း ၁၆ တိုင်းကို ဖော်ပြရလျှင် (၁) ဟံသာဝတီ၊ ပုသိမ်၊ မုတ္တမ ဟူသော ၃၃ မြို့၊ အရံ ၉၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော တလိုင်းသုံးရပ်တို့၏နေရာ ဥဿပဲခူးဟူသော ရာမညတိုင်း။ (၂) တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက်ကတဲစသော ၇၉ မြို့တို ့ဖြင့် တန်ဆာ ဆင်အပ်သော ဂျွန်း၊ ယိုးဒယားတို ့နေရာ ဒွာရာဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (၃) ဗြည်း၊ အနန်းပရော၊ ကျိုင်းငသည်၊ လပုံ စသော ၅၇ မြို့တို့ဖြင့် တန်ဆာ ဆင်အပ်သော ယွန်းလူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရိဘုဉ္ဇတိုင်း၊ (၄) မိုင်းမည်၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင် အပ်သော ဂုံလူမျိုးတို့နေရာ ကျိုင်းတုံဟူသော ခေမာဝရတိုင်။ (၅) မိုင်းစဲ့၊ ကျိုင်းဟွန်း၊ မိုင်းယတ်စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူမျိုးတို့နေရာ ကျိုင်းရုံဟူသော မဟာနဂရတိုင်း၊ (၆) မိုင်းလုံး၊ မိုင်းကွန်၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံ ငယ်စသော တစ်ရာသောမြို့တို့ဖြင့် တန်ဆာဆင်အပ်သော လင်းဇင်းလူမျိုးတို့နေရာ စန္ဒပူရိဟူသော လဝရဋ္ဌတိုင်း၊ (၇) မိုးနဲ ညောင်ရွှေ၊ ယောက်စောက်၊ မိုးဗြဲ၊ သိန္ဒီ၊ ကိုင်းမာ၊ သီပေါ၊ မိုးမိတ်၊ မိုင်းလုံ၊ သုံးဆယ်ဟူသော မြို့ကြီးအပေါင်း တို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့ နေရာဖြစ်သော ကမ္ဗောဇတိုင်း၊ (၈) မိုးတာ၊ မိုးစစ်၊ မိုးညင်း၊ မိုးကောင်း၊ ခန္တီ၊ တက်ခေါင်၊ မိုင်းလုံ ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သုံးဆယ် သော ရှမ်းစော်ဘွားနေရာဖြစ်သော အဠဝီတိုင်း။ (၉) မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန်းတာ။ မိုးဝန်းစသော မြို့ကြီး (၉)မြို့ဖြင့် တန်ဆာဆင်အပ်သော ရှမ်းတရုတ်လူမျိုးတို့နေရာ ပေး ၉ ခွင်ဟူသော မောရိယတိုင်း၊ (၁၀) ကကို၊ စိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဗန်းမော် ရှမ်းစော်ဘွားတို့နေရာဖြစ်သော စိန့်တိုင်း။ (၁၁) မိုးကုတ်၊ ကျတ်ပြင်၊ ရေလျှံစသော မြို့လတ် ရွာငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စို့သူကြီးတို့နေရာဖြစ်သော မဟိံသကတိုင်း၊ (၁၂) မွေးရည်၊ မည်ကယ်၊ ငစင်ကျယ်စသော မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ကသည်း ကုလား ဟုန်းစော်ဘွားတို့ နေရာဖြစ်သော မဏိပုရတိုင်။ (၁၃) ကလေး သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ ငဖဲ၊ မင်းတုန်းစသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်း၊ (၁၄) သာယာဝတီ၊ ကျွန်းဆုံ၊ ပေါင်းတည်၊ တလီစီ၊ ပန်းတောင်းစသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာ ဆင်အပ်သော သီရိခေတ္တရာမတိုင်း၊ (၁၅)ဗာရာဏသီ၊ ကယ်လင်း၊ တောင်ညို၊ ကမ်းပါးနီ၊ တောင်ငူငယ်၊ ဇေယျဝတီ၊ ကေတုမတီစသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဇေယဝဎုနတိုင်။ (၁၆) ဤသို့စသော တိုင်းကြီး တစ်ဆယ့်ငါးတိုင်းတို့ဖြင့် ခြံရံတင့်တယ်စွာ တန်ဆာ ဆင်အပ်သော တမ္ဗဒီပတိုင်းထိပ်ဝန်း ဦးစွန်း ခေါင်းချာ၊ ရတနာပူရဟူသော ရွှေပြည်တော်ကြီး။ ဟူ၍ တိုင်း(၁၆)တိုင်း ခွဲခြားထားသည်ကို တွေ့ ရသည်။ ကုန်းဘောင်ခေတ်လယ်တွင် တိုင်း ၂၁ တိုင်းအဖြစ် ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားသည်ကို အေဒီ ၁၈၁၁ ခု ရေးထိုးသော ဘိုးတော်ဗဒုံမင်းတရားကြီး၏ သားတော်အိမ်ရှေ့မင်းလှူဒါန်းသော မဟာမြတ်မုနိခေါင်းလောင်း စာ၌ (၁) သျှမ်းထုံ၊ သျှမ်သီ၊ သျှပ်ရှိ၊ သီဆင်စသော တရုတ်ပြည်အပါအဝင် ရှမ်းမြို့ရွာများကို ဂန္တာရတိုင်း၊ (၂) ဓညဝတီစသော ရခိုင်ပြည်ကို မဟာ ဝိဟိကတိုင်း။ (၃) ချင်းလူမျိုးတို့နေရာကို ခိရာဋတိုင်း။ (၄) ကချင်သိမ်းပေါ လူမျိုးတို့နေရာကို ကိင်္ခရာဋတိုင်း၊ (၅) ကရင်လူမျိုးတို့နေရာကို ကိရာဋတိုင်း ဟူ၍ အထက် (၁၆)တိုင်းနှင့် ပေါင်းသော် တိုင်း ၂၁ တိုင်းဖြင့် ဖွဲ့စည်းထား သည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုဒေသများတွင် ပါဝင်သော လူမျိုးများ နှင့် လူမျိုးစုများတို့၏ နေထိုင်ရာဒေသများကို နယ်မြေဒေသအားဖြင့် လည်းကောင်း၊ တိုင်းဒေသအခေါ် အဝေါ် အနေဖြင့်လည်းကောင်း နယ်မြေ အပိုင်းအခြားကို တိကျပြည့်စုံစွာ ဖော်ပြနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းနိုင်ငံဖွဲ့စည်းပုံမှာ ကျယ်ဝန်းပြီး နယ်မြေ ကုန်းဘောင်ခေတ်လယ်၏ အုပ်ချုပ်ပုံ စနစ်တကျရှိကြောင်းကို လေ့လာသိရှိနိုင်ပါသည်။ ထို့ကြောင့် အေဒီ (၁၁)ရာစုခန့်လောက်မှစတင်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လူမျိုးစုများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံတော်တစ်ခုဖြစ်ပြီး ဖွဲ့စည်းပုံတွင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသော လူမျိုးများ၏ ပြည်နယ်ဒေသများသည်လည်း တစ်စုတစ်ဝေးတည်း ပါဝင်နေပြီဖြစ်ကြောင်း သိရှိရသည်။ လူမျိုးစုအားလုံးသည် နေထိုင်ရာ ဒေသ ကွဲပြားခြားနားသည့်အတွက် ဒေသိယစကားအသံထွက် မတူညီသည့် အတွက်လည်းကောင်း၊ ဘာသာစကား အရေးအသားရေးထုံး ပြောင်းလဲမှု ကြောင့်သော် လည်းကောင်း နယ်မြေများ၏ အမည်နာမများသည် ရှေးခေတ် နှင့်မတူ ကွဲပြားခြားနားသွားရပါသည်။ သို့သော်လည်း နေထိုင်သော လူမျိုး များမှာ ပြောင်းလဲ သွားခြင်းမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုတည်းတွင် တစ်စု တစ်ဝေးတည်း စုစည်းပါဝင်နေပြီဖြစ်ကြောင်းကို ရှေးဟောင်းစာပေများ ဖြစ်သော ကမ္ပည်းကျောက်စာ၊ ခေါင်းလောင်းစာများမှနေ၍ လေ့လာတင်ပြ လိုက်ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတော်နှင့် တိုင်း, အကျယ်အဝန်း ရှေးစာတချို့
စမ္ဗူ့ဒီပဥဆောင်းကျမ်း
စမ္ဗူ့ဒီပဥဆောင်းကျမ်း
(၁) သုနာပရန္တတိုင်း- ဧရာဝတီမြစ် အနောက်ဘက်နှင့် မြောက်ဘက်။
(၂) တမ္ပဒီပတိုင်း- ဧရာဝတီမြစ် အရှေ့ဘက်နှင့် တောင်ဘက်။
(၃) သီရိခေတ္တရာမတိုင်း- သရေခေတ္တရာ။
(၄) ဇေယျဝဍ္ဎနတိုင်း - ကေတုမဒီ/တောင်ငူ။
(၅) ရာမညတိုင်း- ပုသိန်၊ ဥပါယ်ခို၊ မုတ္တမ။
(၆) သုဝဏ္ဏဘုမ္မိတိုင်း- ရွှေမြေရှိရာ ရှမ်း ၅၇-မြို့။
(၇) ကမ္ဗောစတိုင်း - မိုးနဲ၊ ညောင်ရွှေ။
(၈) စိန့်တိုင်း - မိုးမိတ်၊ မံမော်။
၎င်းအတွင်း ကျိုင်းကိုးကျိုင်း၊ မှိုင်းကိုးမှိုင်း၊ ထားကိုးထား၊ ပတ္တမြား ကျောက်စိမ်း မြ ရတနာကိုးပါး။
ရွှေခွန် ငွေခွန် ပုလဲ သန္တာတို့ ပေါများရာ သာသနာတော် ၅၀၀၀- တည်ရာ နယ်ကား ဤသို့တည်း။ သာသနာတော်တည်ရာကား-
အရှေ့လားသော်_ နားတဘက်ဖောက် ခါးတဖက်တို့ မျှည့်တလုံး မျက်နှာနဖူးမည်းကျော်ကသည်းပြည် အစပ်။ (ဗီယက်နာမ်)
အရှေ့တောင်သို့လားသော်_ ဂျွမ်းပြည်အကုန် (ဒ)ဂုံပြည်မြေ (အ)ဆုံး သမုဒ္ဒရာထိ။
တောင်သို့လားသော်_ သမုဒ္ဒရာ အနားနှိုက်ရှိသော ပိဿုပြည်။
အနောက်တောင်သို့လားသော်_ သမုဒ္ဒရာ အလယ်နှိုက် တည်သော နဝိပလိလာကျွန်း။
အနောက်သို့လားသော်_ သရနဂေါင် စိတ္တရဂေါင် ပထွာအပြား ပဋိက္ကရာ ကုလားမြေစပ်။
အနောက်မြောက်သို့လားသော်_ ခန္တု ငနာကြီး ရေပေါ်မီးထက် စိမ့်ထက်ခေါင် အက္ကပတ် ကုလားမြေစပ်။
မြောက်သို့လားသော်_ ကမ္မောစ သင်းတွဲမြေစပ်။
အရှေ့မြောက်သို့လားသော်_ သံတောင် သံတင် သံတံခါး သံဘုရား ငါ့တိငါ့ယည် ငှက်ညီနောင်နေသော အင်းပြင်အကြား။
၎င်းနယ်ရှစ်ပါးရပ် သတ်မှတ်သည်အတွင်း သာသနာပွင့်လင်းစွာ တည်လိမ့်မည်။ ဤနယ်ရှစ်ရပ်ကို ပိုင်းခြားသောမင်းသာ သာသနာ့ဒါယကာ တွင်မည်။
~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၉၅၂- ရွှေသာလျောင်းဘုရား ကျောက်စာ
(၁) မဟာနာဂရတိုင်း
(၂) ခေမာဝရတိုင်း
(၃) ဇင်းရုံးတိုင်း
(၄) တာမလိတ္တိတိုင်း
(၅) အယုဒ္ဓယတိုင်း
(၆) သုနာပရန္တတိုင်း
(၇) တမ္ဗဒီပတိုင်း
(၈) စိန့်တိုင်း (အရှေ့အနောက်ရှမ်း။ ကလေး။)
~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၀၁၁- ရာဇမဏိစူဠာ ကျောက်စာ
ဒေါက်တာသန်းထွန်း - မြန်မာသမိုင်းမြေပုံစာအုပ်မှာ နေရာပြထားပါတယ်
(၁) သုနာပရန္တတိုင်း- စကု၊ စလင်း၊ လယ်ကိုင်း၊ ဖောင်းလင်း၊ ကလေး၊ သောင်သွပ်။
(၂) တမ္ဗဒီပတိုင်း- ပုဂံ၊ အဝ၊ ပင်းယ၊ မြင်စိုင်း။
(၃) ကမ္ဗောဇတိုင်း- သီပေါ၊ ညောင်ရွှေ၊ မိုးနဲး။
(၄) ဇိန့်တိုင်း- မံမော်/ဗန်းမော်၊ ခွေးလုံ။
(၅) သီရိခေတ္တရာမတိုင်း- သရေခေတ္တရာ၊ ဥဒ္ဒေတရစ်၊ ပန်းတောင်း။
(၆) ဇယဝဍ္ဎနတိုင်း/ဇယဝဒ္ဒနတိုင်း- ကေတုမတီ၊ ဇယဝတီ။
(၇) ရာမညတိုင်း- ဟံသာဝတီ၊ ဒိဂုမ္ဘ၊ ဒလ၊ ကုသိမ်၊ မြောင်းမြ၊ မုတ္တမ။
(၈) ခေမာဝရတိုင်း- ကျိုင်းတုံ။
(၉) ဟရိဘုဉ္ဇတိုင်း- ဇင်းမယ်၊ ကျိုင်းသဉ်။
(၁၀) မဟာနဂရတိုင်း- ကျိုင်းရုံ၊ မိုင်းစည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၁၂၇- ရွှေဘို ဘုံစံတုလွတ်ကျောင်း ကျောက်စာ
(၁) ဥဿာပဲခူး~ရာမညတိုင်း- ဟံသာဝတီ၊ ကုသိံ၊ မုတ္တမ၊ ၃၃-မြို့ အရံ ၉၉-မြို့။ (တလိုင်းသုံးရပ်)
(၂) ဒွါရဝတီ~ အာရုဇ္ဈပုံရတိုင်း (အယုဇ္ဈပူရ)- တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက်ကတဲး။ (ဂျွမ်းယိုးဒယားတို့နေရာ)
(၃) ဇင်းမယ်~ ဟရီဘုဉ္ဇတိုင်း- ဗြည်၊ အနန်း၊ ပရော၊ ကျိုင်းငသည် လပုံ။ (ယွန်းလူမျိုးနေရာ)
(၄) ကျိုင်းတုံ~ခေမာဝရတိုင်း- မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်။ (ဂုံလူမျိုးနေရာ)
(၅) ကျိုင်းရုံ~မဟာနာဂရတိုင်း- မိုင်းစဲ့၊ ကျိုင်းဟွန်း၊ မိုင်းယတ်။ (လူးလူမျိုးနေရာ)
(၆) စန္ဒပူရိ~လဝရဋ္ဌတိုင်း- မိုင်းလုံ၊ မိုင်းကွန်၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံငယ်။ (လင်းဇင်းလူမျိုးတို့နေရာ)
(၇) ကမ္ဗောဇ- မိုးနဲးညောင်ရွှေ၊ ယောက်စောက်၊ မိုးပြယ်း၊ ကိုင်းမာ၊ သီပေါ၊ မိုးမိတ်၊ မိုင်းလုံး၊ သုံးဆယ်။ (စော်ဘွားတို့နေရာ)
(၈) အာဠဝီတိုင်း- မိုးတား၊ မိုးစစ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီ၊ တက်ခေါင်၊ မိုင်းလုံ။ (ရှမ်းစော်ဘွားသုံးဆယ်တို့နေရာ)
(၉) မောကိုးခွင်~မောရိယတိုင်း- မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ မိုးနား၊ စန်းတား၊ မိုးဝန်း။ (ရှမ်းတရုတ်လူမျိုးနေရာ)
(၁၀) ဗန်းမော်~စိန့်တိုင်း- ကကို၊ စိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်။ (ဗန်းမော်ရှမ်းစော်ဘွားတို့နေရာ)
(၁၁) မဟိံသကတိုင်း- မိုးကုတ်၊ ကျတ်ပြင်း၊ ရေလျှံ။ (စို့သူကြီးတို့နေရာ)
(၁၂) မဏိပုရတိုင်း- မွေးရည်၊ မည်ကယ်၊ ငစင်ကျယ်။ (ကသည်းကုလား ဟုန်းစော်ဘွားတို့နေရာ)
(၁၃) သုနာပရန္တတိုင်း- ကလေး၊ သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲး၊ မင်းတုန်း။
(၁၄) သီရိခေတ္တရာမတိုင်း- သာယာဝတီ၊ ကျွန်းဆုံ၊ ပေါင်းတယ်၊ တလီစီ၊ ပန်းတောင်း။
(၁၅) ဇေယဝဍ္ဎနတိုင်း- ဗာရာဏသီ၊ ကယ်လင်း၊ တောင်ညို၊ ကမ်းပါးနီ၊ တောင်ငူငယ်၊ ဇေယဝတီ၊ ကေတုမတီ။
(၁၆) တမ္ဗဒီပတိုင်း-
ဤသို့စသော တိုင်းကြီး တဆဲ့ငါးတိုင်းတို့ဖြင့် ခြံရံတင့်တယ်စွာ တန်းဆာဆင်အပ်သော တမ္ဗဒီပ တိုင်းမထိပ်ဝန်း ဦးစွန်းခေါင်းချာ။ ရတနာပုရဟူသော ရွှေပြည်တော်ကြီး။ ။ ဟူ၍့ ၁၆- တိုင်းခွဲးခြားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၁၃၀- ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာ
(၁) သုနာပရန္တတိုင်း
(၂) တမfဒီပတိုင်း
(၃) ကမ္ဗောဇတိုင်း
(၄) ယောနကတိုင်း
(၅) ဟရိပုဉ္ဇတိုင်း
(၆) ခေမာဝရတိုင်း
(၇) ခေမာရဋ္ဌတိုင်း
(၈) မဟာနဂရတိုင်း
(၉) ဇေယဝဍ္ဎနတိုင်း
(၁၀) သီရိခေတ္တတိုင်း
(၁၁) မဟိံသကတိုင်း
(၁၂) အာဠဝီတိုင်း
(၁၃) အယုဒ္ဓယတိုင်း
(၁၄) တာမလိတ္တိတိုင်း
(၁၅) စိန့်တိုင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၁၃၉-၁၁၄၀- ငစဉ့်ကူးမင်းလက်ထက် ကျောက်စာများ
(၁) ဇေယဝဍ္ဎနတိုင်း
(၂) သီရိခေတ္တရာမတိုင်း
(၃) သုနာပရန္တတိုင်း
(၄) ရာမညတိုင်း
(၅) အယုဒ္ဒယတိုင်း
(၆) လဝရဋ္ဌတိုင်း
(၇) ဟရိပုဉ္ဇတိုင်း
(၈) ခေမာဝရတိုင်း
(၉) ဇောတိနာဂရတိုင်း
(၁၀) ကမ္ဗောဇတိုင်း
(၁၁) မဟိံသကတိုင်း
(၁၂) အာဠဝီတိုင်း
(၁၃) မောရိယတိုင်း
(၁၄) ဇိန့်တိုင်း
(၁၅) မဏိပုရတိုင်း
(၁၆) တမ္ဗဒီပတိုင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၁၇၉- အမရပုရနန်းတည်မင်းလက်ထက် ကျောက်စာ
(၁၇) ဂန္ဓာရတိုင်း- သျှမ်တုံ၊ သျှမ်သီ၊ သျှမ်ရှီ၊ သီဆင် စသော တရုတ်ပြည်အပါ ရှမ်းြ၎င်းမို့ရွာများ။
(၁၈) မဟာဝိဟိကတိုင်း- ဓညဝတီ စသော ရခိုင်ပြည်။
(၁၉) ခီရာဋတိုင်း- ချင်းလူမျိုးတို့နေရာ။
(၂၀) ကိခီရဋတိုင်း- ကချင်သိမ်းပေါလူမျိုးတို့နေရာ။
(၂၁) ကိရာဋတိုင်း- ကရင်လူမျိုးတို့နေရာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောဇာ ၁၂၀၉- ပုဂံမင်း- အိမ်တော်ရာဘုရားကျောက်စာ
(၁) သုနာပရန္တတိုင်း- စကု၊ စလင်း၊ ထီးလင်း၊ ယောစော။
(၂) သီရိခေတ္တရာမတိုင်း- သရေခေတ္တရာ၊ ဥဒေနရာဇ်။
(၃) ဇေယာဝဍ္ဎနတိုင်း- ကေတုမတီ၊ ဒွါရဝတီ၊ ဇေယဝတီ။
(၄) အယုဒ္ဒရတိုင်း- သောက္ကတဲး၊ ပိတ်သလောက်။
(၅) ပါဝေရကတိုင်း- စန္ဒပုရိ၊ မိုင်းလုံ။
(၆) ဟရိဘုဉ္ဇတိုင်း- ဇင်းမယ်၊ လဘုံး၊ အနန်း၊ ဘယော။
(၇) ခေမာဝရတိုင်း- ကျိုင်းတုံ၊ ကျိုင်းတောင်း။
(၈) ဇောတိနဂရတိုင်း- ကျိုင်းရုံး၊ မိုင်းစယ်။
(၉) ကမ္ဗောဇတိုင်း- မိုးနဲး၊ ညောင်ရွှေ၊ အုန်းဘောင်။
(၁၀) မဟီသကတိုင်း- မိုးကုတ်၊ ကျတ်ပြင်။
(၁၁) မောရိယတိုင်း- မိုင်းမော၊ စည်ခွင်၊ ဟိုသာလာသာ။
(၁၂) စိန့်တိုင်း- ဗန်းမော်၊ ခွေးလုံး၊ ကပ်ကျိုး။
(၁၃) အာလဝီတိုင်း- မိုးညှင်း၊ မိုးစစ်၊ မိုးကောင်း။
(၁၄) မဏိပုရတိုင်း- ကသည်း၊ မွေရင်။
(၁၅) ရာမညတိုင်း- မုတ္တမ၊ ဟံသာဝတီ၊ ပုသိန်၊ မြောင်းမြ။
(၁၆) တမ္ဗဒီပတိုင်း- အရိမဒ္ဒနာ၊ ပုဂံ၊ မြင်းစိုင်း၊ ပင်းယ၊ အဝ။
Comments
Post a Comment