ဗမာလူမျိုးကိုယ်စားပြုစစ်တပ် လိုအပ်သလား??

ဗမာလူမျိုးကိုယ်စားပြုစစ်တပ် လိုအပ်သလား??
( 2021 က myanmar society ရေးတာကို အတိုချုံ့ ပြင်ဆင်ထားတယ်)
ဗမာလူမျိုးကိုယ်စားပြုစစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး စကားသံပစ်နေကြတာတွေ့တယ်။အဲ့သည်လို ရည်မှန်းချက်နဲ့သွားနေတဲ့အဖွဲ့တချို့လည်း တွေ့ရတယ်။ ဗမာလူမျိုးစုတွေကို ကာကွယ်မည့်တပ်မရှိလို့ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို ခံနေရတာလို့ တချို့လည်း ပြောကြတယ်။ ယေဘုယသဘောအားဖြင့် မှန်သလိုလိုရှိပေမဲ့ အဲ့ဒါဟာ မမှန်ပါဘူး။
အဓိကအားဖြင့်ကတော့ ပြည်သူတွေကို လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်မပေးတာရယ် ၊ ပြည်သူတွေကို စစ်ပညာသင်ခွင့်မပြုတာတွေကြောင့် ခုလိုအနိုင်ကျင့်ခံနေရတာသာ ဖြစ်ပါတယ်။
စစ်တပ်မရှိတဲ့နိုင်ငံတွေ ကမ္ဘာမှာလည်း ရှိပါတယ်။အိမ်နီးချင်းဘေးရန်ကြောင့် လိုအပ်လို့ စစ်တပ်ဖွဲ့ရမည်ဆိုရင် ၎င်းစစ်တပ်ဟာ နိုင်ငံတဝန်းလုံးက ပြည်သူတွေကို သစ္စာခံနေဖို့လိုပါတယ်။ပြည်နယ်တွေမှာ သူတို့ကိုယ်တိုင် တပ်တွေအသီးသီးရှိကြပေမဲ့ တပြည်လုံးကို သိမ်းပိုက်လို့ရလောက်သည်အထိ အင်အားမရှိကြပါဘူး။ အဆုံးစွန်ဆုံးပြောရရင် သိမ်းပိုက်လို ရခဲ့သည်တိုင် အစိုးရယန္တရားကြီးကို မောင်းနှင်ဖို့ဆိုတာ( ၃၇ ) သန်းသော ဗမာလူထုဆန္ဒမပါဘဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
သို့ပေမယ့် ဗမာလူမျိုးကိုယ်စားပြုစစ်တပ်ဖွဲ့ခြင်းကတော့ တနိုင်ငံလုံးကို ကောင်းကောင်းဒုက္ခပေးလို့ရတဲ့ အင်အားရှိလာမှာ ဖြစ်ပါတယ်။
မြန်မာ့လူဦးရေ ( ၅၄ )သန်း ရှိရာမှာ ဗမာလူဦးရေက ( ၃၇ ) သန်းကျော်ရှိပါတယ်။
အကယ်၍များ ဗမာနယ်တွေကိုစောင့်ရှောက်ဖို့ ( ပြည်ထောင်စုကို စောင့်ရှောက်ဖို့ ) ဗမာကိုယ်စားပြု စစ်တပ်ဖွဲ့မည်ဆိုရင် စစ်အင်အား အနည်းဆုံး( ၃ ) သိန်းလောက်တော့ လိုပါတယ်။၎င်းစစ်သည်အင်အားဟာ အချိန်မရွေး ပြည်နယ်တွေကို တိုက်ခိုက်နိုင်တဲ့ အင်အားဖြစ်ပါတယ် ။
ဗမာကိုယ်စားပြုတပ်အား စစ်သည်အင်အားနည်းနည်းနဲ့ပဲ ဖွဲ့ခဲ့ရင်လည်း ဗမာနယ်တွေ ရော (ပြည်ထောင်စုကိုရော လုံခြုံအောင် ) လုံးဝစောင့်ရှောက်နိုင်မှာ မဟုတ်ပါဘူး။
စဥ်းစားစရာရှိတာက
ဗမာနယ်ဖက်က ခေါင်းဆောင်တစ်ယောက်ယောက်ကများ ဗမာကိုယ်စားပြုတပ်ကို လက်ကိုင်ဒုတ်လိုသဘောထားပြီး မြန်မာပြည်ကို အာဏာသိမ်းတာမျိုးတွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။
မူတွေ ဘယ်လောက်ကောင်းအောင်ဆွဲထား..ဆွဲထား လူမကောင်းလျှင် ၎င်းမူတွေဟာ မြောင်းထဲ ရောက်ကုန်နိုင်တဲ့အရေးကို ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
ဗမာလူမျိုးကိုယ်စားပြုစစ်တပ်ဖွဲ့စည်းခြင်းဟာ အနာဂတ်မှာ ဖြစ်တည်လာမည့်ဖက်ဒရယ်ပြည်ထောင်စု၏မူဘောင်လမ်းစဥ်တွေအား အချိန်မရွေး ရိုက်ချိုးနိုင်တဲ့ အင်အားဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်(သို့မဟုတ်) ဖက်ဒရယ်တပ်တွေကသာ ဗမာနယ်တွေကို စောင့်ရှောက်သင့်တယ်လို့ မြင်မိတယ်။
မျိုးနွယ်စုပေါင်းစုံကနေ အမှုထမ်းဆောင်ရွက်မှာဖြစ်လို့ စောက်ရူးခေါင်းဆောင်တစ်ယောက်တက်လာလည်း သူ့ဆန္ဒသဘောတစ်ခုတည်းနဲ့ လက်ကိုင်ဒုတ်အဖြစ် အသုံးချခြင်းမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
နိုင်ငံရေးအရကြည့်မယ်ဆိုရင်လည်း
ဗမာကိုယ်စားပြုစစ်တပ်ရယ်လို့ ဗမာမှုပြုလိုက်တာနဲ့ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရပျောက်ဆုံးသွားဖို့ လမ်းစပျိုးတာ ဖြစ်ပါတယ်။ပြည်ထောင်စုဆိုတဲ့အနှစ်သာရမရှိတော့ရင် မြန်မာပြည်ရဲ့အနာဂတ်ဟာ မကောင်းဘူး ရှိပါတယ်။
မှန်ကွဲစလို ကြေမွသွားပြီး လုံးဝလိုက်ကောက်ဆက်လို့မရနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားနိုင်ပါတယ်။
အခြေတည်မှန်ဖို့လိုပါတယ်။မဟုတ်ရင် မြန်မာ့တပ်မတော် ဖြစ်စဥ်အတိုင်း တကျော့ပြန်ဖြစ်လာပြီး ညှိမရ ၊ နှိုင်းမရ သမိုင်းတပတ်ပြန်လည်သွားမှာ ဖြစ်ပါတယ်
ကန္ဒီစာချုပ်အရ မျိုးချစ် ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး တပ်သား ၅၂၀၀ ၊ ဗိုလ် ၂၀၀ နဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း တွေ ဖွဲ့စည်းပြီး အင်္ဂလိပ်တည်ထောင်ခဲ့သော မြန်မာပြည်တပ်မတော်အောက်မှာ - ကရင်သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင်တပ်ရင်း စသည်ဖြင့် အတူတကွ ရှိခဲ့ဖူးပါတယ်။
နေဝင်းရဲ့ တပ်ရင်းက အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်း ( ရင်း ၄ ) ဖြစ်တယ်။
နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ပြန်ပြောပြဖို့ လိုသေးသလား။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား