“ဘယ်လို ဖယ်ဒရယ် တပ်မတော်မျိုးလဲ”

“ဘယ်လို ဖယ်ဒရယ် တပ်မတော်မျိုးလဲ”
▪️UNFC ကာလတုန်းကရော၊ နောက် NCA ခေတ်အထိပါ ERO အများစု ရပ်ခံတင်ပြထားတဲ့ ဖယ်ဒရယ် တပ်မတော်ဖွဲ့စည်းရေးက ကန္ဒီမူနဲ့ အမေရိကန်မူ ပေါင်းစပ်ထားမှု ပုံစံဘက်များတယ်။ ကန္ဒီမူဆိုတာက လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှရေတပ်ဗိုလ်ချုပ် မောင့်ဘက်တန်ဆွေးနွေးပြီး သဘောတူထားတဲ့ တပ်ပေါင်းစည်းရေးမူပေါ့။ လူမျိုးစုအလိုက် ဖွဲ့စည်းထားတဲ့ တပ်တွေကို မူလ ပုံစံမပျက်စေပဲ ပေါင်းစည်းမှုပုံစံမျိုး၊ ဒါကြောင့်လည်း ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) ရင်း၊ ကရင်သေနတ်ကိုင်တပ်ရင်း (၂) ရင်း၊ ကချင် (၂) ရင်း နဲ့ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ရင်း၊ နောက် ကရင် အမြောက်တပ်ခွဲ တခု၊ ဗမာ တပ်ခွဲ တခု ဆိုပြီး တပ်ရင်းတွေနဲ့ တပ်ကို ပြန်ဖွဲ့စည်းခဲ့တယ်။ ဒါပေမယ့်လည်း လူမျိုးစု နိုင်ငံရေးအရရော၊ အယူဝါဒအရရော နိုင်ငံရေး မကျေလည်မှုတွေဖြစ်လာတဲ့အခါမှာတော့ ကရင်သေနတ်ကိုင် တပ်ရင်းတွေအားလုံးဟာ သက်ဆိုင်ရာ ကရင်တော်လှန်ရေး အင်အားစုနဲ့ ပူးပေါင်းခဲ့သလို ဗမာသေနတ်ကိုင်တပ်ရင်း အချို့လည်း ကွန်မြူနစ်တွေနဲ့ ပူးပေါင်းသွားခဲ့တယ်၊ ဗဟိုအစိုးရကို အာခံပြီး နိုင်ငံရေးအယူအဆအရ မိခင်တပ်တွေကို စွန့်ခွာသွားမှုကို “ယုံကြည်ချက်အပေါ် ရဲရဲဝံ့ဝံ့ရပ်တည်ချက်လား၊” “တပ်တွေရဲ့ professional ဖြစ်မှု ပျက်ယွင်းမှု၊ သစ္စာပျက်ယွင်းမှုလား” ဆိုတော့ အခုအချိန်အထိ သေချာပြောဖို့ ခက်တယ်။ အဲဒီအချိန်အထိ ၁၉၄၇ ခြေဥလည်း ရှိနေသးသလို ရွေးကောက်ပွဲနဲ့ ပါလီမန် ဒီမိုကရေစီစနစ်လည်း ရှိဆဲကာလလည်း ဖြစ်နေပြန်တယ်။
▪️နောက် အမေရိကန်မူဆိုတာက လက်နက်ကိုင်တပ် အချို့ကို ပြည်နယ်အစိုးရတွေရဲ့ လုံးဝ ထိန်းချုပ်မှုအောက်မှာ ထားဖို့၊ အဲဒီ တပ်တွေကို ပြည်နယ် ဖွဲ့စည်းပုံအရ စီမံကွပ်ကဲဖို့၊ နောက် အခြား ရဲ၊ ထောက်လှမ်းရေး၊ အကျဉ်းထောင် စတဲ့ ကိစ္စတွေကိုလည်း စစ်တပ်နဲ့ သီးခြားထားဖို့ အဆိုပြုချက်တွေရှိတယ်။ ( အသေးစိတ်ကိုတော့ သူတို့ထုတ်ပြန်ထားတဲ့ လုံခြုံရေး ကဏ္ဍ အဆိုပြုချက်တွေမှာ လေ့လာကြည့်လို့ရတယ်)။ ပြည်ထောင်စု တခုလုံးရဲ့ ကာကွယ်ရေးကဏ္ဍကိုတော့ ပြည်ထောင်စုအစိုးရကို ပေးဖို့တော့ မျှော်လင့်ရတာပဲ။ တခြား အဆိုပြုချက်တွေလည်းရှိတယ်။
▪️ပြန်ကောက်ရရင် ကန္ဒီမူအရ တပ်တွေကို လူမျိုးစု အခြေခံ ပုံစံမျိုးနဲ့ စုဖွဲ့ဖို့ဆိုတဲ့ သဘောထားကတော့ ERO တော်တော်များများမှာ အခြေခံ တူညီကြတယ်။ ဒါကြောင့်လည်း အခြားလူမျိုးစုတွေမှာ လူမျိုးစုအလိုက် တပ်တွေရှိပြီး ဗမာတွေမှာ မရှိလို့ ဗမာတော်လှန်ရေး တပ်တွေ ပေါ်လာဖို့ဆိုတဲ့ အဆိုပြုချက်နဲ့ ဗမာနာမည်နဲ့ တပ်တွေ ပေါ်လာဖို့အရေးက သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်တခုဖြစ်နေပြန်တယ်။ ဒါကြောင့်လည်း မောင်ဆောင်းခရဲ့ BPLA, နောက် ဗိုလ်နဂါးရဲ့ MDRA ( အခု Burmese National Revolutionary Army) ..နောက်ပြီး မုံရွာနယ်က Burmese Democratic Liberation Front စတာတွေကို အဓိက ချိတ်ဆက်ထောက်ပံ့လာတယ်။
▪️ဒါပေမယ့် လူမျိုးစုအလိုက် စစ်တပ်တွေကို ဖွဲ့စည်းတဲ့အခါ ဗိုလ်နေဝင်းရဲ့ ဂျင်းဖြစ်တဲ့ လူမျိုးကြီး ၈ မျိုးလား၊ ရှိသမျှ လူမျိုးတွေ အားလုံးလား၊ လူမျိုးစုတင်ပဲလား၊ မျိုးနွယ်စု‌တွေ အထိလားဆိုတဲ့ မေးခွန်းတွေအတွက်တော့ သူတို့ ဘယ်လို ပြင်ဆင်ထားကြလဲဆိုတာ မေးဖို့ လိုနေပြန်တယ်။ မျိုးနွယ်စုတွေ အထိ တပ်တွေ ထူထောင်မှုနဲ့ အကျိုးဆက်ကိုတော့ ချင်းပြည်က မိတ်ဆွေတွေ သတိထားမိနေလောက်ပြီ။ နောက် တပ်တွေ နဲ့ နယ်မြေ ထိန်းချုပ်မှု၊ အခြေခံဒေသ တည်ထောင်မှုနဲ့ စစ်ရေး လှုပ်ရှားနယ်မြေ ကိစ္စ ကလည်း ကြိုတင်စဉ်းစားကြရမယ့် ကိစ္စ ရှိနေတယ်။ ICG အစီရင်ခံစာအရတော့ ရှမ်းမြောက်မှာ TNLA ရဲ့ နယ်မြေချဲ့ထွင်လာမှုက အခြားလူမျိုးစုတွေနဲ့ စစ်ရေး လူမျိုးရေး တင်းမာမှုတွေ ဖြစ်လာစေတဲ့ ပြဿနာတွေ ရှိတယ်။ နောက်ပြီး လူမျိုးစုအလိုက် ဖွဲ့စည်းထားတဲ့ တပ်တွေဟာ လူမျိုးစုအချင်းချင်း နိုင်ငံရေး အရမကျေလည်မှုတွေ ဖြစ်လာတိုင်း သက်ဆိုင်ရာ လူမျိုးစုတွေကို သစ္စာခံပြီး ( နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာရင်) ဘယ်လို အစီအမံနဲ့ ထားမလဲဆိုတာကိုလည်း မေးစရာတွေ ရှိတယ်။ ဘယ်သူ့ကို သစ္စာခံမလဲဆိုတာကလည်း စဉ်းစားစရာ၊ နို့မို့ဆို သမိုင်းတပတ်ပြန်လည်မယ့် သဘောရှိတယ်။
▪️နောက်ပြီး ဖယ်ဒရယ်ယူနစ်တွေ ဖွဲ့စည်းတုန်းကလိုပဲ တပ်တွေကို လူမျိုးစုအရ ဖွဲ့စည်းတာမျိုးအပြင် လူမျိုးအရော ဖွဲ့စည်းမှု ( ယခု အမေရိကန်စစ်တပ်ပုံစံ) မျိုးပဲ ဖွဲ့စည်းပြီး တပ်အတွင်း လူမျိုးရေး ခွဲခြားမှုကို လုံး၀ တားမြစ်ကန့်သတ်တာတွေ၊ နောက် Equal Opportunities လိုမျိုးတွေအတွက် အာမခံချက်ရှိတဲ့ မူတွေရော ထားရှိရင် ဘယ်လို ဖြစ်နိုင်မလဲဆိုတဲ့ တွေးဆချက်တွေလည်းရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ERO တွေဘက်ကတော့ သူတို့ လက်ခံယူဆထားတဲ့ ကန္ဒီနဲ့ အမေရိကန်မှု တွဲစပ်ပြီး ပုံဖော်လာတာ အထင်အရှားမြင်နေရတယ်။
▪️ဒီလားရာအတွက် အညာဒေသကလူတွေနဲ့ NUG ကိုယ်တိုင် ဘယ်လို မူဝါဒတွေနဲ့ အမြင်ရှိတယ်ဆိုတာကို ပြင်ဆင်ထားကြဖို့ လိုမလားပဲ။ နိုမို့ဆို သူများ နှာခေါင်းပေါက်နဲ့ အသက်ရှူနေကြတဲ့ အဆင့်ထက် ဘာမှ ပိုလာဖို့ မရှိ။
▪️အနာဂတ်မှာ တခုတည်းသော ဖယ်ဒရယ် တပ်မတော် ပေါ်လာဖို့ အရေးကြီးပါတယ်၊ ဒါပေမယ့် ဘယ်လို စုစည်းတည်ဆောက်မှု မျိုးနဲ့ ဖွဲ့စည်းကြ၊ ကွပ်ကဲကြရင် လူသားလုံခြုံရေးကို အာမခံချက် ပေးနိုင်ပြီး ရေရှည်ခံမလဲ ဆိုတာတော့ သေချာ ဘက်စုံထောင့်စုံ စဉ်းစားကြမှ သင့်မယ်ထင်တယ်။

Comment

 လူမျိုးရေး ခွဲခြားမှုကို အလာဂျီရှိတဲ့ လစ်ဘရယ်တွေက လူမျိုးစုအလိုက် တပ်တွေဖွဲ့ဖို့ကိုကျ ​ေထာက်ခံသတဲ့လား။

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း